မာတိကာသို့ ခုန်သွားရန်

ရွှေဂူရှင်ကျင့်ဝတ်

ဝီကီပီးဒီးယား မှ
ရွှေဂူရှင်ကျင့်ဝတ် (အကျယ်-ကျမ်းကြီး)
စာအုပ်မျက်နှာဖုံး
စာရေးသူအသျှင်ဉာဏလင်္ကာရ
နိုင်ငံမြန်မာနိုင်ငံ
အမျိုးအစားဘာသာရေး
မီဒီယာ အမျိုးအစားပုံနှိပ်

ရွှေဂူရှင့်ကျင့်ဝတ်သည် ဗုဒ္ဓဘာသာ သာသနာတော်တွင် အလွန်တန်ဖိုးရှိသော ကျမ်းတစ်စောင်ဖြစ်သည်။ ဤကျမ်းကို ရွှေဂူဆရာတော်ဘုရားကြီးက ရေးသားပြုစုခဲ့ပြီး သာမဏေများနှင့် ရဟန်းတော်များအတွက် အထူးအသုံးဝင်ပါသည်။[] []

ဖြစ်ပေါ်လာခြင်း

[ပြင်ဆင်ရန်]

ဤကျမ်းသည် ဗြိတိသျှခေတ်နှောင်းပိုင်းနှင့် ဂျပန်ခေတ်အတွင်း တောင်စွန်းမြို့ ဓမ္မိကာရာမ ရွှေဂူကျောင်းတိုက်၌ သီတင်းသုံးနေထိုင်ခဲ့သော ရွှေဂူဆရာတော်ဘုရားကြီးက ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုစဉ်အခါ ဆရာတော်သည် တိုက်နယ်တဝိုက်ရှိ ရဟန်းများနှင့် သာမဏေများအား ရှင့်ကျင့်ဝတ်နှင့် ဒွေမာတိကာ (ဝိနယစာမေးပွဲ) များကို ကျင်းပပေးခဲ့ပါသည်။ ထိုစာမေးပွဲများအတွက် သာမဏေများအတွက် လိုအပ်သော ပါဠိအနက် ရှင့်ကျင့်ဝတ်စာအုပ် ရှားပါးသောကြောင့် ဆရာတော်က ရွှေဂူရှင့်ကျင့်ဝတ်ကျမ်းကို ရေးသားခဲ့ခြင်းဖြစ်သည်။

ကျမ်းပြု မဟာထေရဂုဏ်ရည်

[ပြင်ဆင်ရန်]

ဤကျမ်းကို ရေးသားခဲ့သော ရွှေဂူဆရာတော်ဘုရားကြီးသည် သီလသိက္ခာကို အလွန်မြတ်နိုးသူဖြစ်သည်။ ဆရာတော်သည် သာသနာတော်အတွက် များစွာ အမှုပြုခဲ့ပြီး အဂတိတရားကို အရှင်းပယ်ရှားကာ စာမေးပွဲများတွင် ပုဂ္ဂိုလ်မှန် နေရာမှန်ကျအောင် အထူးစိစစ်ခဲ့ပါသည်။ ဆရာတော်သည် သက်တော် ၇၀ ရှိသည့်တိုင်အောင် စာမေးပွဲ၊ စာပြန်ပွဲ စသော ပရိယတ္တိသာသနာပြုလုပ်ငန်းတို့၌ မနားမနေ အမြဲ လှုပ်ရှားခဲ့ပါသည်။

ကျမ်း၏ အကျယ်ကျမ်းအဖြစ် ပြောင်းလဲခြင်း

[ပြင်ဆင်ရန်]

မူလ ရွှေဂူရှင့်ကျင့်ဝတ်ကျမ်းသည် စာသားကျဉ်းဖြစ်ပြီး သာမဏေများအတွက် ရည်ရွယ်ရေးသားထားခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဆရာတော်သည် ယင်းကျမ်းကို အကျယ်ဖွင့်ဆို ရေးသားခဲ့ပြီး ရွှေခြူးဝိနယပရိယတ္တိစာမေးပွဲအတွက် ပြဋ္ဌာန်းကျမ်းစာအဖြစ် အသုံးပြုခဲ့ပါသည်။ ထိုကျမ်းကို "ရွှေဂူရှင့်ကျင့်ဝတ် အကျယ်ကျမ်း" ဟု အမည်ပေးခဲ့ပြီး အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။

ကျမ်း၏ တန်ဖိုး

[ပြင်ဆင်ရန်]

ရွှေဂူရှင့်ကျင့်ဝတ် အကျယ်ကျမ်းသည် သာမဏေများအတွက်သာမက ရဟန်းတော်များအတွက်ပါ လေ့လာရန် အလွန်တန်ဖိုးရှိသော ကျမ်းဖြစ်သည်။ ယင်းကျမ်းတွင် ဝိနည်းဆိုင်ရာ ဆောင်ပုဒ်လင်္ကာများ၊ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာများ၊ ယောဇနာကျမ်းများ၊ သုတ္တန်ပိဋကတ်ဆိုင်ရာများ စသည်တို့ကို စုစည်းထားပါသည်။ ထို့အပြင် ထေရဝါဒ သရဏဂုံခန်း ဝိနိစ္ဆယတို့တွင် နိုင်ငံ၌ ထိတ်ထိတ်ကြဲ ဆရာတော်ဘုရားကြီး ၅ ပါးတို့၏ အယူအဆ အဆုံးအဖြတ်များကို တိတိကျကျ ထည့်သွင်းဖော်ပြထားပါသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ပဲခူးမြို့ ဓမ္မိကာရာမ ရွှေကျောင်းတိုက်ဆရာတော်။ ရွှေဂူရှင်ကျင့်ဝတ် အကျယ်ကျမ်း