ရွှန်း၊ ဦး

ဝီကီပီးဒီးယား မှ

ရွှန်း၊ ဦး(မြန်မာ ၁၁၄၄ ဖွား)[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ် ဒုတိယပိုင်းတွင် ပျို့ကဗျာရေးဖွဲ့မှု၌ အထူးပင်ကျော်ကြားသော ပုဂံဝန်ဆီမီးခုံရွာစား ဦးရွှန်းသည် ဗန့်ကျီတိုက် ဆားလင်းကြီးရွာ ဇာတိ၊ လေးထပ်ကျောင်းနှင့် တကွ ရွှေမုဋ္ဌောဘုရားကြီး ဒါယကာအမိန့်တော်ရ ဦးသူရမနု၏ သားဖြစ်သည်။ မိခင်မှာ ဆင်ဖြူရှင်ဘုရားလက်ထက် အနောက် ဘက်တိုက်ဝန် ပုခန်းကြီးမြို့စား ဆားလင်းကုန်းမင်းကြီး မဟာရာဇသင်္ကြန်၏ သမီး ဖြစ်သည်။

ဦးရွှန်းကို ၁၁၂၇ ခုနှစ်တွင် ဗန့်ကျီတိုက် ဆားလင်းကြီး ရွာ၌ ဖွားမြင်သည်ဟု အချို့က ဆိုကြသည်။ သို့ရာတွင် ဦးရွှန်း ကိုယ်တိုင်ရေးသားသည့် သုတသောမပျို့နိဂုံး၌ ဘုရား သာသနာ၊ နှစ်ထောင်သာ၍၊ သုံးရာလွန်ရောက်၊ နှစ်ဆယ့် ခြောက်ဝယ် ဖွားသည့်အကြောင်း ဖော်ပြထားရာ တွက်စစ် လိုက်သည့်အခါ ဘိုးတော်ဘုရား နန်းတက်၍ အမရပူရမြို့ကို တည်ထောင်သည့် ၁၁၄၄ ခုနှစ်တွင် ဖွားကြောင်း သိသာသည်။ ဦးရွှန်းသည် ငယ်စဉ်ကပင် ဗေဒင်ကျမ်းများကို ဆည်းပူး လေ့လာ၍ ဘကြီးတော်ဘုရား မင်းသားဘဝနှင့် ရှိစဉ် စန္ဒကျော် ခေါင်ဘွဲ့နှင့် ခစားထမ်းရွက်၍ ဗေဒင်များ သင်ကြားပြသရ သည်။ ဘကြီးတော်ဘုရား အထွတ်အထိပ်သို့ ရောက်တော်မူ သောအခါ အစု ၄ဝ တော် သူရရွှေတောင် သွေးသောက်မှာ ဖွဲ့တော်မူသည်။ ထိုနောက် ဆီမီးခုံရွာ၊ သာထွန်းရွာ၊ ငနန်ရွာ၊ မြစ်ကိုင်းရွာများကို ရာဇဝတ်ရေးနှင်တကွ ရွာစားသနားတော် မြတ် ခံရသည်။ ဗောင်းကတ္တီပါနီ၊ ရွှေသားဘွဲ့ သင်းကျစ်တပ် ဝတ်လုံဘဲရံ၊ စလွယ်သွယ်ပျောင်း အဆောင်အရွက်ကြီး ရွှေxD; သနားတော်မြတ် ခံရသည်။ ထိုနောက် ကသည်းစစ် ကုလားစစ် များမှာ အမှုတော်ကို ရဲရင့်မြဲမြံစွာ သက်စွန့်ကြိုးပမ်းထမ်းရွက် သောကြောင့် ပုဂံမြို့ကို အစည်းအကြပ်ဗိုလ်ဝန် ခန့်တော်မူ သည်။ မဟာမင်းလှ မင်းခေါင်ကျော်ဟူသော ဘွဲ့ကိုလည်း ပေးသနားတော်မူခြင်း ခံရသည်။ ညီတော် သာယာဝတီမင်း လက်ထက်တွင်လည်း ထိုဘွဲ့နှင့်ပင် ပညာရှိ စာဆိုအရာနှင့် တကွ သားမယား အခြွေအရံများပါ သူကောင်းပြုသည်ကို ခံရသည်။ သားတော် ပုဂံမင်း လက်ထက်တွင်လည်း ထိုနည်းတူ ချီးမြှင့် သူကောင်းပြုခြင်း ခံရသည်။

ဦးရွှန်းသည် မည်သည့်ခုနှစ်တွင် ကွယ်လွန်ကြောင်း အတိအကျ မသိရသော်လည်း ၁၂၁၁ ခုနှစ်တွင် ရေးသားပြုစု ပြီးစီးသော ဓမ္မဓဇပျို့သည် ဦးရွှန်း၏ နောက်ဆုံးလက်ရာပင် ဖြစ်သောကြောင့် ၁၂၁၁ ခုနှစ် နောက်မှ ကွယ်လွန်သည်ဟု ယူသင့်သည်။

ပုဂံမင်းလက်ထက် စာဆိုပညာရှိများ စာရင်းတွင် ဦးရွှန်း အမည်ပါရှိသော်လည်း မင်းတုန်းမင်းတရားကြီး လက်ထက် စာရင်းတွင်မူ ဦးရွှန်းအမည် မပါတော့သည်ကို ထောက်၍ ပုဂံမင်းလက်ထက်တွင်ပင် လွန်သည်ဟု ကောက်ယူနိုင်သည်။ ဦးရွှန်းရေးသားပြုစုခဲ့သော စာများမှာ တောင်ငူဆိုရတုအဖြေ (၁၁၉၅ ခုနှစ်)၊ ဘကြီးတော်၏သားတော် နားတော်သွင်း (၁၁၉၆)၊ ဘကြီးတော်၏ သမီးတော် ဧချင်း (၁၁၉၆)၊ မဟာသုတသောမပျို့ (၁၂ဝ၁)၊ မဟော်ဥမင်ခန်းပျို့ (၁၂၁၂)၊ မဟော်ပြဿနာခန်းပျို့ (၁၂ဝ၃)၊ သရဘင်္ဂပျို့ (၁၂ဝ၄)၊ အာယုဒီဃ ဆေးကျမ်းလင်္ကာ (၁၂ဝ၆)၊ ဘုရားတိုင်အတွက် ရတု (၁၂ဝ၇)၊ ဂါမဏိစန္ဒပျို့ (၁၂ဝ၈)၊ မဟာဇနကပျို့ (၁၂ဝ၉)၊ ဥမ္မာ ဒန္တီပျို့ (၁၂၁ဝ)၊ ဓမ္မဓဇပျို့ (၁၂၁၁)တို့ ဖြစ် သည်။

ယင်းတို့အနက် မဟာသုတသောမပျို့နှင့် ဥမ္မာဒန္တီပျို့တို့ သည် ဦးရွှန်း၏ အကောင်းဆုံးလက်ရာများ ဖြစ်ကြသည်။ သူယုတ်မာတို့နှင့် ပေါင်းခြင်း၏အပြစ်၊ သူတော်ကောင်းတို့နှင့် ပေါင်းခြင်း၏အကျိုးတို့ကို ဖော်ထုတ်လို၍ မဟာသုတသောမ ပျို့ကို စပ်ဆိုပြီးလျှင် စိတ္တဇနာကို ပညာဖြင့် ကုစားမှသာ ချမ်းသာနိုင်ခြင်း၊ သူတစ်ပါးစကားကို မိမိကိုယ်ပိုင် ဉာာဏ်ဖြင့် အဖန်ဖန် စဉ်းစားချင့်ချိန်ပြီးမှသာ ယုံကြည်ထိုက် ခြင်းတို့ကို ပြလို၍ ဥမ္မာဒန္တီပျို့ကို စပ်ဆိုသည်။ ဦးရွှန်း၏ အစပ်အဆိုများ သည် ပြေပြစ်ချောမော၍ အဓိပ္ပာယ်ပေါ်လွင်သည်။ ခက်ခဲနက်နဲ သော စကားများကို မသုံးဘဲ လွယ်ကူ၍ အနက်မထောင့်သော စကားလုံးမျာကို ရွေးကောက်သုံးစွဲတတ်သူ ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)