ရဲမြလွင်
| ရဲမြလွင် | |
|---|---|
| မွေးဖွား | ရဲလွင် ၁၉၄၉ |
| ကွယ်လွန် | ၂၅ ဩဂုတ် ၂၀၂၆ (အသက် ၇၇) ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
| အလုပ်အကိုင် | စာရေးဆရာ၊ ဘာသာပြန်ဆိုသူ၊ သံရုံးဝန်ထမ်းဟောင်း |
| နိုင်ငံသား | မြန်မာ |
| ရရှိသည့်ဆုများ | အမျိုးသားစာပေဆု (ဘာသာပြန်) (၁၉၉၅) |
| အိမ်ထောင်ဖက် | ဒေါ်အေးမြင့် |
| မိဘ | ဦးကံမြ နှင့် ဒေါ်စိန်လှ |
ရဲမြလွင် (၁၉၄၉ – ၂၅ ဩဂုတ် ၂၀၂၆) သည် မြန်မာနိုင်ငံသား စာရေးဆရာနှင့် ဘာသာပြန်ဆိုသူ တစ်ဦးဖြစ်သည်။ ရဲမြလွင်သည် ဂျပန်စာပေလက်ရာများကို ဂျပန်ဘာသာမှ မြန်မာဘာသာသို့ တိုက်ရိုက်ပြန်ဆိုခဲ့သူအဖြစ် ထင်ရှားပြီး မြန်မာစာဖတ်ပရိသတ်အားများ ဂျပန်ရသစာပေများနှင့် အများဆုံးမိတ်ဆက်ပေးခဲ့သူ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်သည်။ ဂျပန်စာရေးဆရာ နာစူမဲ့ဆောဆဲကီ ၏ ဘော့ကျန် ဝတ္ထုဖြင့် ၁၉၉၅ ခုနှစ်တွင် အမျိုးသားစာပေဆု (ဘာသာပြန်) ကို ရရှိခဲ့သည်။[၁][၂][၃]
ဘဝဖြတ်သန်းမှုများ
[ပြင်ဆင်ရန်]ဆရာရဲမြလွင်ကို ၁၉၄၉ ခုနှစ်တွင် ဖခင် ဦးကံမြ နှင့် မိခင် ဒေါ်စိန်လှ တို့မှ မွေးဖွားခဲ့ပြီး သူ၏ အမည်ရင်းမှာ ဦးရဲလွင် ဖြစ်သည်။ မူလက ကျောင်းဆရာတစ်ဦးဖြစ်ပြီး ရဲမြလွင်သည် ၁၉၈၁ ခုနှစ် ဆရာအတတ်သင်သိပ္ပံ တက်ရောက်နေစဉ်အတွင်း ဂျပန်နိုင်ငံ အိုကာယားမား တက္ကသိုလ်သို့ နိုင်ငံတော်ပညာတော်သင်အဖြစ် သိပ္ပံပညာသွားရောက်သင်ယူရန် စေလွှတ်ခြင်းခံခဲ့ရသည်။[၁]
၁၉၈၁ ခုနှစ် ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေစဉ် နာစူမဲ့ဆောဆဲကီ၏ ဘော့ကျန် (Botchan) စာအုပ်ကို စတင်ဖတ်ရှုခဲ့ပြီး၊ ၁၉၈၃ ခုနှစ် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နေအိမ်သို့ ပြန်ရောက်ချိန်တွင် ယင်းစာအုပ်ကို မြန်မာဘာသာသို့ စတင်ပြန်ဆိုခဲ့သည်။ ထို့နောက်ရန်ကုန်မြို့တွင် ထုတ်ဝေမည့်သူ ရှာမရခဲ့သဖြင့် ၁၉၈၅ ခုနှစ်တွင် ဇနီးဖြစ်သူ ဒေါ်အေးမြင့် ၏ ရွှေဆွဲကြိုးကိုရောင်းချကာ ကိုယ်ပိုင်စရိတ်ဖြင့် ကိုယ်တိုင်ထုတ်ဝေခဲ့ရပြီး အဆိုပါစာအုပ်ဖြင့်ပင် ၁၉၉၅ ခုနှစ်တွင် အမျိုးသားစာပေဆုကို ရရှိခဲ့သည်။[၁]
ဆရာရဲမြလွင်သည် ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် တွင် နေထိုင်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး စာကြည့်တိုက်တွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ သံရုံးတွင် တာဝန်ထမ်းဆောင်နေစဉ် ၂၀၀၁ ခုနှစ်၌ ဟာရုကိ မူရာကာမိ၏ လေပြည်ကလေး၏ တေးဆိုသံ ဝတ္ထုကို စတင်တွေ့ရှိရာမှ မူရာကာမိ၏ နာမည်ကျော်စာအုပ်များကို မြန်မာဘာသာသို့ အများဆုံး ဆက်တိုက်ပြန်ဆိုခဲ့သူ ဖြစ်လာခဲ့သည်။[၄]
ဒုတိယကမ္ဘာစစ်နောက်ခံဖြစ်သည့် မီချီအို တာကေးယားမား (Michio Takeyama) ၏ ဗမာ့စောင်း ဝတ္ထုကို ဘာသာပြန်ဆိုခဲ့ရာတွင် ရုပ်ရှင်ပြသခွင့်မရခဲ့သဖြင့် ရုပ်ပြစာအုပ်အဖြစ်ပါ ထုတ်ဝေခဲ့ပြီး ဤစာအုပ်သည်လည်း သူအားလူသိများထင်ရှားစေခဲ့သည်။
မြန်မာဘာသာပြန်စာပေလောကတွင် အင်္ဂလိပ်ဘာသာမှတစ်ဆင့် ပြန်ဆိုမှုများပြားချိန်၌ ဆရာရဲမြလွင်သည် ဂျပန်စာပေများကို မူရင်းဂျပန်ဘာသာမှ တိုက်ရိုက်ပြန်ဆိုခဲ့ခြင်းဖြင့် ထင်ရှားသည်။ သူသည် နိုဘယ်လ်စာပေဆုရ ယဆုနရိ ကဝဘတ၊ ဟာရုကိ မူရာကာမိ နှင့် နာဆုမဲ ဆောဆဲကီ တို့၏ လက်ရာများအပါအဝင် ထင်ရှားသော ဂျပန်စာအုပ်ပေါင်း ၇၀ ကျော်ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။
စာပေအမြင်နှင့် တိုက်တွန်းချက်
[ပြင်ဆင်ရန်]ဆရာရဲမြလွင်သည် နိုင်ငံ၏ စာပေနှင့် အနုပညာတန်ဖိုးများ မြင့်မားလာစေရန်အတွက် ဘာသာပြန်ဆိုခြင်း၏ အရေးပါမှုကို မကြာခဏ အလေးပေးပြောကြားလေ့ရှိသည်။ လူငယ်များအနေဖြင့် ဘာသာပြန်စာပေများကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုကြရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ အသိပညာများကို မျှဝေကြရန်လည်း တိုက်တွန်းခဲ့သည်။[၅]
ဘဝနိဂုံး
[ပြင်ဆင်ရန်]ဆရာရဲမြလွင်သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် (အင်္ဂါနေ့) နံနက် ၇:၀၀ နာရီအချိန်တွင် ရန်ကုန်မြို့၌ ၉၆ ပါးသောရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၇ နှစ် အရွယ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်အေးမြင့်နှင့် မိသားစုဝင်များ ကျန်ရစ်ခဲ့သည်။ သူ၏ ရုပ်အလောင်းကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက် မွန်းလွဲ ၃:၀၀ နာရီတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။[၂][၆]
ရေးသား/ဘာသာပြန်ဆိုခဲ့သော စာအုပ်များ
[ပြင်ဆင်ရန်]ဆရာရဲမြလွင်သည် ဂျပန်ရသစာပေများကို မြန်မာဘာသာသို့ တိုက်ရိုက်ပြန်ဆိုရာတွင် ထင်ရှားပြီး အောက်ပါစာအုပ်များကို ဘာသာပြန်ဆိုခဲ့သည် -
- နော်ဝေးပြည်မှ စုံတောမြိုင် (Norwegian Wood)
- သဲငွေသောင်မှ ကက်ဖ်ကာ (Kafka on the Shore)
- 1Q84 (အတွဲ ၁၊ ၂၊ ၃)
- စစ်သူကြီးကို သတ်ပစ်ခြင်း (Killing Commendatore)
- လေပြည်ကလေး၏ တေးဆိုသံ (Hear the Wind Sing)
- သိုးရိုင်းလိုက်ဖမ်း စွန့်စားခန်း (A Wild Sheep Chase)
- လေပြည်ကလေး၏ တေးဆိုသံနှင့် ပင်ဘောလုံး ၁၉၇၃ (Wind & Pinball, 1973)
- ထူးခြားလာသောနေရာနှင့် ပြီးဆုံးသွားသော ကမ္ဘာ (Hard-Boiled Wonderland and the End of the World)
- စပွတ်နစ်ချစ်သူ (Sputnik Sweetheart)
- မျက်ကန်းမိုးမခနှင့် အိပ်မောကျနေသော မိန်းမ (Blind Willow, Sleeping Woman)
- ပြေးခြင်းအကြောင်း ပြောတဲ့အခါ ကျွန်တော် ပြောဖြစ်တဲ့ အကြောင်းအရာများ (What I Talk About When I Talk About Running)
- နယ်စပ်တောင်ဘက်၊ နေမင်းအနောက်ဘက် (South of the Border, West of the Sun)
- မူရာကာမီဟာရုကီ၏ အကောင်းဆုံးဝတ္ထုတိုများနှင့် သူ၏သဘောထားမှတ်ချက်များ
- ဘော့ကျန် (Botchan)
- မဟူရာနှလုံးသား (သို့မဟုတ်) နှလုံးသားလေးကို (Kokoro)
- ကျွန်ုပ်သည် ကြောင်တစ်ကောင်ဖြစ်... (I Am a Cat)
- အလကားမတ်တင်းလူ နှင့် ပြေးလေဦးတော့ (No Longer Human)
- ဗမာ့စောင်း (Burmese Harp / Biruma no Tategoto) – မီချီအို တာကေးယားမား (Michio Takeyama)
- ကြိုးကြာတထောင် (Thousand Cranes) – ယဆုနရိ ကဝဘတ (Yasunari Kawabata)
- ကိုယ်ရေးကိုယ်တာကိစ္စ (A Personal Matter) – အိုအဲ ကန်ဇာဘူရို (Oe Kenzaburo)
- ဒို့မားအရွယ် ညောင်းခြုံကွယ် (Twilight Years) – အရီယိုရှီ ဆာဝါကို (Ariyoshi Sawako)
- ပြတင်းပေါက်နားက ကလေးငယ် တိုတိုကျန် (သို့မဟုတ်) ပြတင်းပေါက်က တော့တိုကျန် (Totto-chan) – တက်ဆူကို ကူရိုယာနာဂီ (Tetsuko Kuroyanagi)
- ဦးနှောက်ပျက်နေသောထိုစက်ရုပ်နှင့် သိပ္ပံဆန်းကြယ်ဝတ္ထုတိုများ (Science Fiction Stories) – (စာရေးဆရာအမျိုးမျိုး)
- ဟိုက်ကူကဗျာချစ်စရာ (Haiku)
- ဟိုက်ကူကဗျာ မိတ်ဆက် (Haiku Introduction)
- မှတ်တမ်းတင်ထားသော ဟိုက်ကူကဗျာ (Haiku Collection)
- ခွပ်ဒေါင်းဧကရီ ဒေါ်အောင်ဆန်းစုကြည် ၏ ဘဝခရီး (The Lady and the Peacock) – ပီတာ ပေါ့ဖ်ဟမ် (Peter Popham)
- မြန်မာပြည်မှ ပေးစာများ (Letters from Burma) – အောင်ဆန်းစုကြည်
- ဂျိုင်ရှား (Memoirs of a Geisha) – အာသာ ဂိုးလ်ဒန်း (Arthur Golden)
- မမျှော်လင့်သော (The Unforeseen)
- ပို့ဆောင်ပေးသူရယ် (Departure)
- ခိုးနားပျောက်နေသော ထိုရက်များ
- စုပုံချစ်နှင့်ကျွန်တော်
- ရက် ၂၀၀ စစ်ပွဲ
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 "ဂျပန်စာပေလက်ရာများကို မြန်မာစာဖတ်ပရိသတ်ထံ အများဆုံးမိတ်ဆက်ပေးခဲ့သူ အမျိုးသားစာပေ ဆုရ စာရေးဆရာ ရဲမြလွင် ကွယ်လွန်" (in my)၊ ဧရာဝတီတိုင်းမ်၊ ၂၅ ဩဂုတ် ၂၀၂၆။
- 1 2 "ဂျပန် သုတ၊ ရသ စာပေများကို မြန်မာဘာသာသို့ ပြန်ဆိုရေးသားခဲ့သည့် စာရေးဆရာ ရဲမြလွင် ကွယ်လွန်" (in my)၊ Eleven Media Group၊ ၂၆ ဩဂုတ် ၂၀၂၆။
- ↑ "ရဲမြလွင် (သို့မဟုတ်) ဂျပန်ရသစာပေကို မိတ်ဆက်ပေးသူ" (in my)၊ DVB Burmese၊ ၁၆ မတ် ၂၀၁၅။
- ↑ The Myanmar Times - အင်တာဗျူးဆောင်းပါး (၂၃ မတ် ၂၀၁၈)
- ↑ National Literary Award-winning translator Ye Mya Lwin passes away at 78 (in en) (26 August 2026)။ 27 August 2026 တွင် ပြန်စစ်ပြီး။
- ↑ National Literary Award-winning translator Ye Mya Lwin passes away at 78 (in en) (26 August 2026)။ 27 August 2026 တွင် ပြန်စစ်ပြီး။