ရေ​က​င်းဝန်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ရေကင်းဝန်[ပြင်ဆင်ရန်]

ရေကင်းဝန်သည် မြစ်ကြောင်းတစ်လျှောက်ရှိ ရေကင်းများအား ကြီးကြပ်ကွပ်ကဲရသူ ဖြစ်ဟန်ရှိပါသည်။ ရေကင်းဝန်ရာထူးကို ညောင်ရမ်းခေတ်နှောင်းကာလ ကပင်စတင်တွေ့ရှိရ၏ ။ ရေကင်းဝန်ရာထူးသည် ကုန်းဘောင်ခေတ်နှောင်းကာလ၌ ကင်းဝန်ရာထူးနှင့် ရောနှောပျောက်ကွယ်သွားပါသည်။

ညောင်ရမ်းခေတ် ရေကင်းဝန်[ပြင်ဆင်ရန်]

မဟာဓမ္မာရာဇာဓိပတိမင်း ( ၁၇၃၃- ၁၇၅၂ ) လက်ထက် ၁၇၄၀ ပြည့်နှစ်တွင် ဟံသာဝတီမြို့ဝန် ဦးသာအောင် မြန်မာဘုရင်းအား ပုန်ကန်ခြားနားစဉ် ရေကင်းဝန်သည် ပြည်မြို့ဝန်နှင့်အတူ သွားရောက်နှိမ်နင်းခဲ့ရပါသည်။ သို့သော် ရေကင်းဝန်၏ ဘွဲ့မည်ကိုမှု မသိရပေ။

မြေဒူးမင်းလက်ထက်[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ်ဦးကာလ မြေဒူးမင်း ( ဆင်ဖြူရှင် ) ( ၁၇၆၃ - ၁၇⁠၇၆ ) လက်ထက် ရေကင်းဝန်အဖြစ် ခန့်အပ်ခံခဲ့ရသူမှာ ဗာဟုဗလကျော်ထင်ဖြစ်ပါသည်။ ရေကင်းဝန် ဗာဟုဗလကျော်ထင်သည် ၁၅ စတင်ဘာ ၁၇၆၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် အဘယသင်္ကြန် ဦးစီးသော ၅၀ တော်သွေးသောက်အဖွဲ့၌ အဖွဲ့ဝင်တစ်ဦး အဖြစ်ပါဝင်ခဲ့ပါသည်။

ရေကင်းဝန် သီရိစည်သူ[ပြင်ဆင်ရန်]

ဗဒုံမင်းလက်ထက် ရေကင်းဝန်အဖြစ် အမှုထမ်းရွက်ခဲ့သူမှာ သီရိစည်သူ ဖြစ်သည်။ ဗဒုံမင်း၏ ၂၀ နိုဝင်ဘာ ၁၈၀၇ ခုနှစ် ရက်စွဲပါ အမိန့်တော်တွင် ရေကင်းဝန်သီရိစည်သူအား ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ ကနောင်၊ မြန်အောင်၊ ဟင်္သတ၊ ဇလွန်၊ ဓနုဖြူ၊ ခဲပေါင် စသည်မြို့များအား အုပ်ချုပ်စီရင်ရန် ညွှန့်ကြားထားကြောင်း တွေ့ရှိရပါသည်။

စစ်ရေးစစ်ရာ[ပြင်ဆင်ရန်]

ရေကင်းဝန်သည် စစ်မက်အရေးအရာများ ပေါ်ပေါက်လာလျှင် မိမိတာဝန်ယူအုပ်ချုပ်ရာ မြစ်ဝကျွန်းပေါ် ဒေသမြို့ကြီးများမှ လက်နက်ကိုင် ရဲမက်တို့ကို ဆင့်ဆိုခေါ်ယူ စုဆောင်းပေးရပါသည်။ ဗဒုံမင်းလက်ထက် ၂၇ စတင်ဘာ ၁၈၀၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်တော်၌ “ ရေကင်းဝန်က သိမ်းစု၊ သာယာဝတီမြို့၊ လိုင်မြို့ ၊ တရုတ်မော်မြို့၊ သာရဝေါ လက်နက်ကိုင် ( တို့ )မှာ ရွှေဖဝါးတော်အောက်ဆန်တက်စေ။ ကျန် မြန်အောင်မြို့၊ ကနောင်မြို့ ၊ ဟင်္သတမြို့ ၊ ဓနုဖြူမြို့ ၊ ဇလွန်မြို့ များမှ ရေကင်းဝန်က အမိန့်တော်ရင်းအတိုင်း သိမ်းရုံး၍ ပုသိနမ်မြို့ဝန်သို့ အပ်စေ ” ဟုဖော်ပြပါသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉