ဝေါ်လတာ ရော်လီ

ဝီကီပီးဒီးယား မှ
(ရော်လီ၊ ဆာ ဝေါ်လတာ မှ ပြန်ညွှန်းထားသည်)
ဆာ ဝေါ်လတာ ရော်လီ

ဆာ ဝေါ်လတာ ရော်လီသည် အင်္ဂလန်ပြည် ပထမ အယ်လစ်ဇဗက်ဘုရင်မလက်ထက် လူရည်ချွန်များ ထွက်ပေါ်သောခေတ်တွင် နိုင်ငံရေးသမားအဖြစ်နှင့်လည်းကောင်း၊ စစ်သားအဖြစ်နှင့်လည်းကောင်း၊ သင်္ဘောသားအဖြစ်နှင့်လည်းကောင်း၊ ရေသစ် မြေသစ် ရှာဖွေသူအဖြစ်နှင့်လည်းကောင်း၊ ကဗျာဆရာ၊ နိုင်ငံသမိုင်းဆရာအဖြစ်နှင့်လည်းကောင်း အဘက်ဘက်၌ ထူးချွန်သူ ဖြစ်ပေသည်။ ရော်လီသည် အထူးသဖြင့် သမုဒ္ဒရာရေပြင်တစ်ဖက်ရှိ အမေရိကတိုက်၌ အင်္ဂလန်ပြည်သစ်ကို တည်ထောင်ရန် ဆန္ဒပြင်းပြခဲ့၏။ ထိုဆန္ဒကို ပြည့်ဝအောင် ရော်လီသည် အဆီးအတားအမျိုးမျိုးကြားထဲမှ ကြိုးစားအားထုတ်ခဲ့သည်။ နောက်ဆုံး မင်းဒဏ်သင့်၍ အသတ်ခံရချိန်၌ပင် လူစွမ်းကောင်းတစ်ယောက်ပီပီ အသေခံခဲ့လေသည်။ ဝေါ်လတာ ရောလီသည် ၁၅၅၂ ခုနှစ်ခန့်တွင် အင်္ဂလန် ပြည် ဒက်ဗွန်ရှိုင်ယာနယ်၌ ဖွားမြင်၍ အောက်စဖို့တက္ကသိုလ်တွင် ပညာသင်ကြား၏။ တက္ကသိုလ်တွင် တစ်နှစ်မျှ နေပြီးနောက် ပြင်သစ်နိုင်ငံသို့သွား၍ အယူဝါဒရေးစစ်ပွဲ ဆင်နွဲနေသော ဟျူးဂျနိုးတို့ဘက်မှ ကူညီတိုက်ခိုက်လေသည်။ ၁၅၇၈ ခုနှစ်တွင် အင်္ဂလန် သို့ ပြန်လာပြီးလျှင် ညီအစ်ကိုတော်စပ်သူ ဆာဟမ်ဖရီဂီးလဗတ်နှင့်အတူ ရေသစ် မြေသစ် ရှာဖွေရန် အမေရိကတိုက်ဘက်သို့ ခရီးထွက်ခဲ့သည်။ ထိုသို့ ခရီးထွက်ခဲ့သည်မှာ စင်စစ်အားဖြင့် စပိန်ပိုင်သင်္ဘောများကို ပင်လယ်ပြင်၌ တိုက်ခိုက်လုယူရန် ဖြစ်၏။ သို့သော်လည်း အကျိုးမရှိဘဲ ပြန် လာခဲ့ကြရသည်။ ရော်လီသည် ၁၅၈ဝ ပြည့်နှစ်တွင် စစ်ထဲသို့ ဝင်ရောက်အမှုထမ်းသည်။ စစ်ဗိုလ်အဖြစ်နှင့် အိုင်းရစ်သူပုန် အရေးကို အောင်မြင်စွာ နှိမ်နင်းရာ၌ ပါဝင်ခဲ့သဖြင့် နာမည်ထင်ပေါ်လာသည်။ ထိုနောက် ရော်လီသည် နန်းတော်သို့ ရောက်ရှိရာ၌ အယ်လစ်ဇဗက် ဘုရင်မက မျက်နှာသာပေးကာ မြှောက်စားခြင်းခံရသည်။ တစ်ခါက ဘုရင်မထွက်တော်မူသောအခါ လမ်းတွင် ရွှံ့အိုင်ရှိနေသဖြင့် ရပ်တန့်နေခိုက် ရော်လီသည် အလိုက်သိစွာ မိမိ၏ အဖိုးတန်ဝတ်ရုံကိုခင်း၍ ဘုရင်မအား ထိုဝတ်ရုံပေါ်တွင် နင်းကာ လျှောက်သွားစေသည်ဟူ၍ ပြောစမှတ် ပြုကြသည်။ မည်သို့ဖြစ်စေ ရော်လီသည် ဥပဓိရုပ်ကောင်း၍ ထီးနန်းဆန်ဆန် ရည်မွန်စွာ ဆက်ဆံတတ်သဖြင့် အရှင်မွေးက နေ့ခြင်းကြီးဟူဘိသို့ ဘုရင်မက မြေယာအပိုင် ပေး၍လည်းကောင်း၊ ကုန်သွယ်ခွင့်ပေး၍ လည်းကောင်း၊ အခြားအခွင့်အရေးများ ပေး၍လည်းကောင်း ချီးမြှင့်မြှောက်စားထား လေသည်။ ထိုသို့ဖြင့် ၁၅၈၄ ခုနှစ်တွင် ဘုရင်မသည် ရော်လီအား ဆာဘွဲ့ အပ်နှင်း၍ သူကောင်းပြုသည်။ သို့ရာတွင် သူသည် မာနကြီး၍ မခန့်လေးစားနိုင်တတ်သဖြင့် သူ့အား မလိုမုန်းတီးသူများလည်း ရှိလေသည်။

အယ်လစ်ဇဗက် ဘုရင်မသည် ဆာရော်လီကိုယ်တိုင် ခရီးထွက်စူးစမ်းခြင်းကို ခွင့်မပြုချေ။ ထိုကြောင့် ရော်လီသည် အမေရိကတိုက်တွင် နယ်သစ်တည်ရန် ခရီးထွက် စူးစမ်းသည့် အဖွဲ့များကို တစ်ဖွဲ့ပြီး တစ်ဖွဲ့ စေလွှတ်ခဲ့သည်။ အဖွဲ့တစ်ဖွဲ့သည် အမေရိကတိုက်၌ ကယ်ရိုလိုင်းနားပြည်နယ်မှ ဖလော်ရီဒါပြည်နယ်အထိ ဒေသကို ရှာဖွေတွေ့ရှိခဲ့သည်တွင် ရော်လီက အပျိုစင်ဘုရင်မ အယ်လစ်ဇဗက်ကို ဂုဏ်ပြုသည့်အနေဖြင့် ဗာဂျင်းနီးယားဟု အမည်မှည့်လေသည်။ ရော်လီစေလွတ်ခဲ့သော အခြားအဖွဲ့များမှာမူ မအောင်မြင်ခဲ့ကြချေ။

၁၅၈၈ ခုနှစ်တွင် အင်္ဂလန်ပြည်သို့ တိုက်ခိုက်ရန် ချီတက်လာသော စပိန်ရေတပ်ကြီးကို ဖြိုခွင်းရာ၌ ရော်လီလည်း ရေတပ်ဗိုလ်ချုပ်ကြီးအဖြစ် ပါဝင်ခဲ့သည်။ ထိုနောက် စပိန်နှင့် ဆင်နွဲခဲ့ရသော ရေကြောင်းတိုက်ပွဲများ၌ ဆက်လက်ပါဝင်ခဲ့လေသည်။ ၁၅၉၅ ခုနှစ်တွင် တောင်အမေရိကတိုက်ရှိ ဂီယားနားနယ်၌ အဲဒိုရားဒိုးခေါ် ရွှေ‌ပေါသည့်အရပ်ကို သွားရောက်ရှာဖွေရာ လက်ချည်း ပြန်ခဲ့ရလေသည်။ အင်္ဂလန်ပြည်သို့ ပြန်ရောက်သောအခါ ဂီယားနားခရီးအကြောင်း စာအုပ်ကို ရေးသည်။

ရော်လီသည် အိုင်ယာလန်ပြည်သို့ ရောက်ရှိနေစဉ် ကဗျာဆရာ အက်ဒမန် ဆပင်စာနှင့် သိကျွမ်းခဲ့၏။ ထိုကဗျာဆရာရေးသော လင်္ကာတစ်ပုဒ်ကို ပုံနှိပ်ထုတ်ဝေရန်အတွက်လည်းကောင်း၊ နန်းတော်မှ ရိက္ခာတော်ထောက်ပံ့ရန် အတွက်လည်းကောင်း ရော်လီသည် ကူညီခဲ့၏။


ထိုပြင် အိုင်ယာလန် ပြည်၌ အာလူးနှင့်ဆေးပင်ကို စတင်စိုက်ပျိုးရန်လည်း အားပေး ကူညီခဲ့သည်။ ရော်လီသည် ဘုရင်မ၏အပျိုတော်တစ်ဦးနှင့် လက်ထပ်သည့် အချိန်ကစ၍ နန်းတော်၌ ဩဇာမရှိတော့ချေ။ ၁၆ဝ၃ ခုနှစ်တွင် အယ်လစ်ဇဗက်ဘုရင်မ နတ်ရွာစံ၍ ပထမဂျိမ်းဘုရင် နန်းတက်လာသောအခါ ရော်လီသည် မိမိထီးနန်း မဆက်ခံနိုင်အောင် တစ်ဖက်မှ ကြံစည်သည်ဟူ၍ ဘုရင်က မသင်္ကာသဖြင့် အဆောင်အယောင်နှင့် အခွင့်အရေးများကို ရုပ်သိမ်းလေသည်။ ထိုနောက် ထီးနန်းကို လုပ်ကြံမှု စွပ်စွဲချက်ဖြင့် ရော်လီအား ဖမ်းဆီး၍ သေဒဏ်ချမှတ်၏။ သို့ရာတွင် သေဒဏ်မှ တစ်သက်တစ်ကျွန်းသို့ ပြောင်းလိုက်သောကြောင့် ရော်လီသည် လန်ဒန်မျှော်စင်၌ ၁၆၁၆ ခုနှစ်အထိ ၁၃ နှစ်တိုင်တိုင် အကျဉ်းချထားခြင်း ခံရလေသည်။ အကျဉ်းခံနေရချိန်တွင် ကမ္ဘာ့သမိုင်းကို စတင်ရေးခဲ့ရာ ပထမတွဲသာ ပြီးစီးသည်။

၁၆၁၆ ခုနှစ်၌ ဂျိမ်းဘုရင်သည် ရော်လီကို ထောင်မှလွှတ်၍ တောင်အမေရိကတိုက် အော်ရင်နိုးကိုးမြစ် တစ်လျှောက်၌ ရွှေတွင်းရှာဖွေရန် အဖွဲ့ကို ခေါင်းဆောင်စေသည်။ စပိန်လူမျိုးများနှင့် ပဋိပက္ခမဖြစ်စေရဟူ၍လည်း အမိန့်ပေးလိုက်၏။ ရော်လီသည် ရွှေတွင်းကိုမတွေ့ဘဲ ပြန်ခဲ့ရသည်။ စပိန်လူမျိုးများနှင့်မူကား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဂျိမ်းဘုရင်သည် ရော်လီကို တစ်ဖန် ဖမ်းဆီး၍ ၁၆၁၈ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် သေဒဏ်ပေးကာ အဆုံးစီရင်လေသည်။ ရော်လီသည် သေရအံ့ဆဲဆဲတွင် လူသတ်သမားလက်ထဲရှိ ပုဆိန်သွား ထက်သည် မထက်သည်ကိုပင် လက်ဖြင့် စမ်းကြည့်သွားသေးသည်ဟု ဆို၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)