ရောမ ပန်းချီနှင့် ရုပ်လုံးထုအတတ်

ဝီကီပီးဒီးယား မှ

ဘီစီနှစ်ရာစုနှစ်အတွင်းက ရောမစစ်ဗိုလ်ချုပ်ကြီးတို့သည် ဂရိနိုင်ငံရှိ မြို့ကြီးများကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် အပြန် တွင် အောင်မြင်မှုအထိမ်းအမှတ်အဖြစ် ဂရိလက်ရာရုပ်တုရုပ်လုံး များကို အများအပြား ယူဆောင်ခဲ့ကြလေသည်။

ရောမတို့ထက်စော၍ အီတလီမြောက်ပိုင်းတွင် နေထိုင်ကြ သော အီထရပ်စကန်တို့ထံမှ ရရှိသော ရောမအနုပညာသည် ဂရိတို့၏အနုပညာ အဆင့်အတန်းကို မမီချေ။ ထို့ကြောင့် ရောမတို့သည် ဂရိတို့ထံမှ ယူဆောင်ခဲ့သော လက်ရာများကို အတုယူကြရလေသည်။ ထိုသို့ အတုယူကြရာ၌ မိမိတို့၏ ကိုယ်ပိုင်မူများကို ထည့်သွင်းအသုံးပြုထားကြ၏။ ယခုတိုင် ကျန်ရှိနေသော ရောမအနုပညာလက်ရာများ ဖြစ်သည့် အထိမ်း အမှတ် ကျောက်တိုင်၊ ကျောက်ရုပ်များသည် ရှေးနှစ်ပေါင်း များစွာက ဂရိဆရာတို့၏ နိဿယကင်းကြောင်းကို ဖော်ပြ လျက် ရှိသည်။

ရောမလူမျိုးများအဖို့ အနုပညာကို အဓိကအားဖြင့် အမြင် စူးရှသော စိတ်ကူးကြံဆချက်များ၊ လှုပ်ရှားမှုများကို ဖော်ပြရန် အတွက်မဟုတ်ဘဲ အိမ်တွင်းအိမ်ပြင် တန်ဆာဆင်ရန်အတွက် ၎င်း၊ အခင်းအကျင်းအတွက်၎င်း အသုံးပြုကြလေသည်။ သို့ ဖြစ်ရာ အနုပညာသည် ခေတ်အလျောက် အလှအပအတွက် အသုံးပြုကြသောအရာ ဖြစ်လာပေ၏။ ထိုကြောင့်ပင် အနု ပညာဂုဏ်အင်္ဂါတို့သည် ချွတ်ယွင်းလျက် ရှိလေသည်။ ကြွယ်ဝချမ်းသာသူတို့သည် မိမိတို့၏ တိုက်တာနေအိမ် တို့ကို အကြီးအကျယ်ဆောက်လုပ်၍ အနုပညာ လက်ရာများ ဖြင့် ငွေကြေးအမြောက်အမြား အကုန်ခံကာ တန်ဆာဆင်ကြ သည်။ ထိုသို့ တန်ဆာဆင်ရာတွင် ဂရိအနုပညာသည်၊ သို့ မဟုတ် ဂရိလက်ရာတို့ကို အတုခိုးတတ်သူများအား ခေါ်ယူကာ နံရံကို ဆေးရေးခြယ်၍ ရုပ်လုံး ရုပ်တုတို့ဖြင့် အလှအပ ဆင်ယင်စေကြ၏။ ရောမသူဋ္ဌေးကြီးများက ဤသို့ ငွေကို ရက်ရောစွာ သုံးစွဲနေကြသောအခါ ဂရိနိုင်ငံမှ အနုပညာသည် တို့သည် ရောမနိုင်ငံတွင်းသို့ စီးပွားရှာရန် စုရုံးလာရောက်ကြ လေသည်။ ထိုအခါ အနုပညာလက်ရာသည် မှေးမှိန်၍ မသွား သော်လည်း ကြေးစားတို့၏ လက်ရာများသာ အများအပြား ပေါ်ထွက်ခဲ့လေသည်။ ကြီးကျယ်သော စိတ်ကူးဉာဏ်မှ ထွက် ပေါ်လာသော လက်ရာများကား ခေါင်းပါးခဲ့၏။

ဂရိအနုပညာများနှင့် ယှဉ်လိုက်သောအခါတွင် ရောမ အနုပညာသည် အဆင့်အတန်းနိမ့်ကျသော်လည်း ခြီးမွမ်းထိုက် သော အချက်လည်း ရှိ၏။ ရောမလက်ရာဖြစ်သော ပုံတူရုပ်တု ရုပ်လုံးများသည် ခွန်အားဗလနှင့် ပြည့်စုံ၍ သက်ရှိနှင့် မခြား ချေ။ ရောမတို့သည် ဧကရာဇ်ဘုရင်းများ၏ ကိုယ်တပိုင်းပုံ၊ ရုပ်လုံးပြည့်ပုံများကို အမှတ်တရ ဖြစ်စေခြင်းငှာ ထွင်းထုခဲ့ကြ လေသည်။ ထိုရုပ်လုံးရုပ်တုများသည် နိုင်ငံသမိုင်းဆိုင်ရာတွင် အဖိုးထိုက်တန်သလောက် အနုပညာတွင်လည်း နှောင်းလူတို့ အဖို့ အကျိုးများပေသည်။ ထိုနည်းတူ အောင်မြင်ခြင်း အထိမ်း အမှတ် ခုံးကြီးများ၊ ဧကရာဇ်ထရေဂျန် လက်ထက်က အဖြစ် အပျက်များကို မှတ်တမ်းတင်သည့် မော်ကွန်းကျောက်တိုင်များ သည် ခြီးမွမ်းထိုက်သော ရောမအနု ပညာလက်ရာများ ဖြစ်ပေ သည်။

ရောမတို့သည် ယဉ်ကျေးမှုနှင့် အနုပညာတွင် များသော အားဖြင့် ဂရိတို့ထံမှ နည်းယူကြရသည်သာမက အယူဝါဒရေး ဆိုင်ရာ အချက်အလက်များနှင့် ဂရိတို့ကိုးကွယ်သည့် နတ်ရုပ် တို့ကိုလည်း အတုယူ၍ ထုလုပ်ပူဇော်ကြသည်။ ထိုကြောင့် ရောမလက်ရာမှန်သမျှတွင် ဂရိလက်ရာ အရိပ်အယောင်များ မကင်းပေ။ ရောမ လက်ရာစစ်စစ်အဖြစ် စံတင်ထားကြသော အန်တီနိုအပ်၏ ရုပ်တုသည်ပင်လျှင် ဂရိတို့၏ လက်ရာအငွေ့ အသက်ပါကြောင်း သိသာပေသည်။

ရုပ်တုရုပ်လုံး အတတ်တွင် ရောမတို့သည် ဂရိမူကို အတု ယူသည့်နည်းတူ ပန်းချီပညာ၌လည်း ဂရိတို့ထံမှ နည်းယူကြ ၏။ သို့ရာတွင် ပန်းချီဆိုင်ရာ အနုပညာရပ်တွင် ရောမတို့သည် ကိုယ်ပိုင်မူကို အများဆုံး ထည့်သွင်းနိုင်ခဲ့ကြလေသည်။ နှောင်း ခေတ်လူတို့သည် ရှေးရောမပန်းချီကားများကို ကြည့်၍ နည်းယူ ကြ၏။ ရှေးအကျဆုံး ရောမပန်းချီကားများကို ယခု မတွေ့မြင် နိုင်သော်လည်း မြေ၌ မြုပ်သွားသော ပွန်ပီယိုင်မြို့နှင့် ဟာကျူ လေနီယံမြို့ကြီးများကို ပြန်လည်တူးဖော်သောအခါ ရောမပန်းချီ လက်ရာကို အကဲခတ်နိုင်ကြပေသည်။ အချို့လက်ရာများတွင် ဆေးရောင် သစ်လွင်လျက်ပင် ရှိသေး၏။ ပုံလည်း ပေါ်လွင် ထင်ရှားလျက် ရှိသေး၏။ ထိုကြောင့် ရောမနိုင်ငံတွင် ပန်းချီ ပညာ ထူးချွန်သူများ ရှိဘူးကြောင်း သိသာနိုင်သည်။ ထို့ပြင် ရောမနိုင်ငံသားတို့သည် သူတို့၏ နေအိမ်များကိုသာမဟုတ်ဘဲ အိမ်သုံးအိုးခွက် အိမ်ထောင်ပရိဘောဂ စသည်တို့ကိုပါ အလှ အပ ခြယ်လှယ်၍ သုံးစွဲခဲ့ကြကြောင်း တွေ့မြင်ရ၏။

အထူးသဖြင့် ပုံတူရေးဆွဲခြင်းသည် ရောမမြို့၌ ခေတ်စား ခဲ့ဟန် တူသည်။ ထိုခေတ်က လူများသည် မိမိတို့၏ ပုံတူ ပန်းချီကားများကို ဈေးနှုန်းသက်သာစွာဖြင့် ဆွဲနိုင်ရန် ရောမမြို့ လမ်းထောင့်များ၌ ပုံတူရေးဆရာ အများအပြား ပေါ်ပေါက်ခဲ့ လေသည်။ ထိုခေတ်က လက်ရာနမူနာများကို ကြည့်ရှုရခြင်း အားဖြင့် ပုံတူကားတို့သည် အနုပညာမြောက် ဂုဏ်အင်္ဂါထက် တကယ်တူအောင် ရေးဆွဲနိုင်လောက်သော လက်စွမ်းကို ပိုမို ပေါ်လွင် ထင်ရှားစေသည်။

စင်စစ်အားဖြင့် နှောင်းခေတ်လူတို့သည် ရောမတို့ထံ တစ်ဆင့်သာလျှင် ဂရိအနုပညာသည်များ၏ နည်းစံနစ်တို့ကို ၎င်း၊ လက်ရာများကို၎င်း ဆက်ခံရရှိလိုက်သည်ဟု ဆိုရမည် ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)