ရောဘတ် ဖယ်လ်ကွန် စကော့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ရောဘတ် ဖယ်လ်ကွန် စကော့

ရောဘတ် ဖယ်လ်ကွန် စကော့(အင်္ဂလိပ်: Robert Falcon Scott)မှာ ဗြိတိသျှလူမျိုး ရေတပ်ဗိုလ်တစ်ဦးဖြစ်၍၊ သိပ္ပံပညာ သုတေသနလုပ်ငန်းအတွက်၊ တောင်ဝင်ရိုးစွန်းသို့ သွားရောက် စွန့်စားရှာဖွေသူ ဖြစ်၏။ ဒက်ဗွန်ပို့မြို့တွင် မွေးဖွား၍ ရေတပ်တွင် ဝင်ရောက်အမှုထမ်းရာ ၁၈၉၇ ခုနှစ်တွင် ရေတပ်ဗိုလ်ကြီး ဖြစ်လာလေသည်။ ၁၉ဝ၁ ခုနှစ်တွင် သူ၏ စွန့်စားမှုသတ္တိနှင့် ခေါင်းဆောင်နိုင်သော အရည်အခြင်းကြောင့် တောင်ဝင်ရိုးစွန်းသို့ သွားရောက်မည့်အဖွဲ့ကို ဦးစီးရန် တာဝန်လွှဲအပ်ခြင်းခံရသည်။ ထိုကြောင့် 'ဒစ်စကပ်ဗာရီ'အမည်ရှိ သင်္ဘောဖြင့် အဖွဲ့ကို အုပ်ချုပ်ကာ လိုက်ခဲ့လေသည်။ ထိုအကြိမ်မှာ တောင်ဝင်ရိုးစွန်းသို့ စကော့သွားရောက်သည့် ပထမအကြိမ် ဖြစ်၍ ၁၉ဝ၁ ခုနှစ်မှ ၁၉ဝ၄ ခုနှစ်အထိ သုံးနှစ်ခန့်မျှ ကြာလေသည်။

တောင်ဝင်ရိုးစွန်းမှ နေရပ်သို့ ချောမောစွာ ပြန်ရောက်လာသော် စကော့သည် ရေတပ်တွင် အမှုထမ်းပြန်၏။ ၁၉၁ဝ ပြည့်နှစ်တွင် ပထမအကြိမ်က မပြီးဆုံးခဲ့သောလုပ်ငန်းများကို ဆက်လက် စူးစမ်းလုပ်ကိုင်ရန်၊ တောင်ဝင်ရိုးစွန်းသို့ ခရီးထွက်ရပြန်သည်။စကော့တို့အဖွဲ့ကို ဗြိတိသျှနှင့်ဒိုမီနီယန်အစိုးရများက စရိတ်ထောက်ပံ့လေသည်။

၁၉၁ဝ ပြည့်နှစ် နိုဝင်ဘာလတွင်၊ စကော့တို့ လူစုသည် စွတ်ဖားများဖြင့် တောင်ဝင်ရိုးစွန်းသို့ ခရီးစထွက်ကြလေသည်။ ရာသီဥတုမှာ ဆိုးရွားလှသဖြင့် တောင်ဝင်ရိုးသို့ သွားကြရာဝယ် အလွန်တရာ ကြံ့ခိုင်သော စိတ်ဓာတ်၊ ဇွဲသတ္တိတို့ဖြင့် အားခဲ ကာ ခဲယဉ်း ပင်ပန်းစွာ သွားရောက် ကြရ၏။ ဤသို့ဖြင့် ၁၉၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် တောင်ဝင်ရိုးစွန်းသို့ ရောက်ရှိကြ၏။ သို့သော် နော်ဝေးနိုင်ငံသား အားမန်ဆင်အာ လူစုက တောင်ဝင်ရိုးစွန်းနေရာတွင် တစ်လခန့် စော၍ အလံစိုက်ခဲ့သည်ကို တွေ့ကြသဖြင့် စကော့တို့ထက် အရင်ဦးသွားကြောင်း သိကြရလေသည်။

ထိုနေရာမှ ရိက္ခာထောက် စခန်းသို့ ပြန်လှည့်ကြသည့်အပြန် ခရီးတွင် စကော့တို့လူစုသည် ဖျားနာခြင်း၊ ရိက္ခာမလုံလောက်ခြင်း၊ ရာသီဥတု၏ဆိုးရွားခြင်း ဘေးဒုက္ခတို့ကို တွေ့ကြုံကြရလေတော့၏။ စကော့နှင့် အဖော်လေးဦးတို့သည် ထိုဘေးဒုက္ခများကို အလျှော့မပေးဘဲ အစွမ်းကုန် ကြိုးစားတွန်းလှန်ကြပါသော်လည်း၊ အက်ဗန်းအမည်ရှိ စကော့၏လက်ထောက်မှာ ဖေဖော်ဝါရီလတွင် သေဆုံးရလေ၏။ နောက်တစ်လလောက်တွင် အုတ်အမည်ရှိ အဖွဲ့ဝင်တစ်ဦးမှာလည်း မိမိ၏ မဟန်နိုင်သော အခြေအနေကြောင့် အခြားအဖွဲ့ဝင်တို့အား ဝန်မလေးစေလိုသည်က တစ်ကြောင်း၊ မိမိအတွက် ဝန်ပေါ့သဖြင့်၊ ကျန်အဖော်များ သက်သာရာရစေရန်က တစ်ကြောင်းတို့ကို ထောက်ထား၍ နှင်းမုန်တိုင်းထဲသို့ အတင်းထွက်သွားကာ အသက်စွန့်လိုက် လေသည်။

သို့ဖြစ်လင့်ကစား စကော့နှင့် ကျန်အဖော်နှစ်ဦး ဖြစ်သော ဒေါက်တာဝီလဆန်နှင့် လက်ဖတင်နင်ဗောင်းဝါးတို့မှ အုတ်မျှော်လင့်သကဲ့သို့ သက်သာခွင့် မရရှာချေ။ ရိက္ခာပြတ်သည့်ပြင် ရာသီဥတုမှာ ပို၍ ဆိုးရွားလာရာ ထိုသူသုံးဦးမှာ ၁၉၁၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ လောက်တွင် သေဆုံးရှာကြလေ၏။စကော့၏ အဖွဲ့အား အရှာထွက်ခဲ့သော ကယ်ဆယ်ရေးအဖွဲ့သည် ၁၉၁၂ ခုနှစ် နိုဝင်ဘာလ တွင်မှ စကော့တို့၏ အလောင်းများကို တွေ့ရှိကြရလေသည်။ စကော့သည် မိမိတို့ စူးစမ်းရခဲ့သမျှ တွေ့ကြုံ ဆောင်ရွက်ခဲ့သမျှကို မှတ်တမ်းတင်ခဲ့ရာ၊သေခါနီးဆဲဆဲတွင် မရေးနိုင်ရေးနိုင်နှင့်ပင် မှတ်တမ်းတင်ခဲ့သေးသည်။ သူတို့၏မှတ်တမ်းများကို ဖတ်ရှုကြရာတွင် စကော့နှင့် အဖွဲ့သားများသည် ယောကျာ်းကောင်းပီသစွာ အာဇာနည်စိတ်ဖြင့် ဒုက္ခဆင်းရဲ အမျိုးမျိုးခံ၍ ရည်ရွယ်ချက် ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ပုံများကို အံ့ဩချီးမွမ်းစိတ်၊ သနားစိတ်တို့ဖြင့် ဖတ်ရှုကြရလေသည်။

စကော့၏ အဖွဲ့သားများမှာ အသက်ပင် ဆုံးကြသော်လည်း သူတို့၏စူးစမ်းလေ့လာထားခဲ့သည့်အချက်များမှာ သိပ္ပံပညာရပ်အတွက် အဖိုးမဖြတ်နိုင်အောင် အသုံးဝင်လှသည်။ ထိုကြောင့် ဗြိတိသျှလူမျိုးတို့၏ စွန့်စားမှုသမိုင်းတွင် စကော့၏ အမည်မှာ မော်ကွန်းဝင်ဖြစ်၍ လန်ဒန်မြို့ ဝါတာလူးရပ်ကွက်တွင် စကော့၏ ရုပ်ပုံကို ကြေးရုပ် ထုထားကြလေသည်။ ကျန်ရစ်သူ စကော့၏ဇနီးနှင့် သားအတွက် တိုင်းသားပြည်သူတို့က ရန်ပုံငွေများ ကောက်ခံပေး၍ ဘုရင်မင်းမြတ်ကမူ ကွယ်လွန်သူ စကော့အား ကေ၊ စီ၊ ဘီ၊ ဘွဲ့ထူးဖြင့် ချီးမြှင့်လေရာ ဇနီးသည်မှာလည်း လေဒီစကော့ဟူ၍ ဖြစ်လာလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)