ရောဗင်ဟု

ဝီကီပီးဒီးယား မှ

အင်္ဂလိပ်တို့၏ ဗဲလက် ကဗျာများတွင် ရောဗင်ဟုကို ရဲရင့်သော တောပုန်းကြီးအဖြစ် ဖော်ပြထားသည်။ အင်္ဂလန်ပြည်တွင် ဒုတိယဟင်နရီဘုရင်မှ အစပြုသည့် ပလင်တက်ဂျနက် မင်းဆက်များ စိုးစံသောခေတ်က ရောဗင်ဟုနှင့် အပေါင်းပါ နောက်လိုက်တပည့်တို့သည် နော့တင်ဂမ်မြို့အနီး ရှားဝုတောတွင်း၌ လှည့်လည်ကာ နေထိုင်ကြ၏။ ရောဗင်ဟုသည် လေးမြားအတတ်၌ သူမတူအောင် ကျွမ်းကျင်လေသည်။ တောပုန်းကြီးဟု ဆိုရသော်လည်း ဆင်းရဲသားလူတန်းစားတို့၏ မိတ်ဆွေဖြစ်၍ အထက်တန်းစား လူကုံထံတို့၏ ရန်သူ ဖြစ်ပေ းသည်။ ထိုခေတ်အခါက မှူးမတ်မျိုးနှင့် ခရစ်ယန်ဘုန်းတော်ကြီးများသည် ဆင်းရဲသားများကို နိုင်ထက်စီးနင်း ပြုလုပ်လေ့ ရှိသဖြင့် ရောဗင်ဟုသည် ထိုသူများနှင့်တွေ့လျှင် ပါသမျှကို လုယက်တိုက်ခိုက်ယူလေသည်။ တိုက်ရာပါပစ္စည်းများကိုလည်း ဆင်းရဲနွမ်းပါးသူတို့အား ဝေငှပေးကမ်း၏။ ရန်သူကိုပင် မတရားနှိပ်စက်ခြင်း မပြုချေ။ အထူးသဖြင့် မိန်းမနှင့် ကလေး များကို ထောက်ထားညှာတာလေ့ရှိသည်။

မတရားမှုကို ရွံရှာစက်ဆုပ်သော ရောဗင်ဟုသည် ဘုရင့်သီးသန့် အမဲလိုက်တောထဲမှ ဒရယ်တစ်ကောင်ကို ပစ်မိ၍လည်းကောင်း၊ ဘုရင့်တောခေါင်းတစ်ယောက်ကို သတ်မိ၍လည်းကောင်း မင်းဒဏ်သင့် သဖြင့် တောပုန်းဘဝသို့ ရောက်ရသည်ဟု ဆိုလေသည်။ ထိုခေတ်က သစ်တောနှင့်ဆိုင်သော ဥပဒေများမှာ အလွန် ကျပ်တည်း၏။ ယင်းသို့အားဖြင့် မှူးမတ်တို့၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို မခံလိုသူများလည်း ရောဗင်ဟုထံ၌ တပည့်ခံ၍ တောပုန်းဂိုဏ်းဝင် ဖြစ်လာကြလေသည်။ ရောဗင်ဟု ပုံပြင်များတွင် လစ်တဲဂျွန်၊ ဝီစကားလတ်၊ ဖရိုင်းယားတပ်၊ မိတ်မယ်ရီယန်တို့သည် ထင်ရှားသော နောက်လိုက်တပည့်များ ဖြစ်ကြသည်။

ရောဗင်ဟုဆိုသူ တကယ်ပင် ရှိခဲ့ဖူးသည်ဟူ၍ တပ်အပ်သေချာစွာ မပြောနိုင်သော်ငြားလည်း ပညာရှင်အများက ထိုသူသည် နော်မန်ဘုရင်များ လက်ထက်တွင် ကျပ်တည်း ချုပ်ချယ် လွန်းသော သစ်တောဥပဒေကြောင့် မင်းပြစ်မင်းဒဏ်သင့်သူတစ်ဦး ဖြစ်ရမည်ဟု ယုံကြည်ကြလေသည်။ မည်သို့ပင်ဖြစ်စေ၊ အာသာဘုရင်သည် အထက်တန်းစား လူတို့အတွက် ကိုယ်စားပြုသူ ဖြစ်သည့်နည်းတူ ရောဗင်ဟုသည်လည်း သာမန်လူ တန်းစားတို့အတွက် ကိုယ်စားပြုသူ ဖြစ်ပေသည်။ လူထု၏ လွတ်လပ်ရေးနှင့် အခွင့်အရေးတို့ကို ထုတ်ဖော်သူလည်း ဖြစ်၏။

၁၇၉၅ ခုနှစ်သို့ ရောက်မှ ရောဗင်ဟုအကြောင်း စပ်ဆိုခဲ့သော ဗဲလက်ကဗျာများကို စာအုပ်အဖြစ် စုဆောင်းထုတ်ဝေခဲ့ကြသည်။ ထိုနောက် ဆာ ဝေါ်လတာစကော့က အိုင်ဗင်တို ဝတ္ထုတွင်လည်းကောင်း လော့တင်နီဆန်က သဖောရက်စတား(၁၈၉၁) ကဗျာတွင်၎င်း၊ အဲလဖရက်နွိုင်းက ရှားဝု(၁၉၁၁)စာအုပ်တွင် လည်းကောင်း ရောဗင်ဟုအကြောင်းကို ထည့်သွင်းဖော်ပြခဲ့ကြလေသည်။

ဂျွန်လစ်တဲအား လစ်တဲဂျွန်ဟု ကင်ပွန်းတပ်ကြပုံ[ပြင်ဆင်ရန်]

တစ်နေ့သ၌ ရောဗင်ဟုသည် ရက်သတ္တစ်နှစ်ပတ်မျှ ငြိမ်းချမ်းစွာ နေရခြင်းကို ငြီးငွေ့လာသဖြင့် တစ်ယောက်တည်း တောလည်ထွက်ခဲ့လေသည်။ အရေးတစ်စုံတစ်ရာ ပေါ်ပေါက် လာသဖြင့် မိမိ၏ ဦးချိုတံပိုးကို သုံးကြိမ် သုံးခါ မှုတ်သံကြား လျှင် အမြန်လိုက်လာရန် နောက်လိုက်တပည့်တို့အား မှာကြား ခဲ့၏။ လူ တစ်ယောက်သွားသာရုံရှိသော ချောင်းကူးတံတား တစ်ခုသို့ ရောက်သောအခါ တစ်ဖက်ထိပ်တွင် အရပ်ခုနစ်ပေ မြင့်၍ လက်ထဲ၌ သစ်ပင်ငယ် ပင်စည်လုံးမျှကြီးသော တုတ်ရှည်တစ်ချောင်းကို ကိုင်ဆောင်လာသည့် လူစိမ်း တစ်ယောက်နှင့် တွေ့ဆုံမိလေ၏။ ထိုအခါ ရောဗင်ဟုက မိမိသာလျှင် အလျင်ဖြတ်ကူးမည်ဖြစ်ကြောင်း လှမ်း၍ ပြော၏။ ထိုသူကလည်း သူသာလျှင် အလျင်ဖြတ်ကူးမည်ဟု ဆို၏။ ရောဗင်ဟုလည်း ရှေ့သို့ ခြေတစ်လှမ်းတိုးလာလျှင် မြားနှင့် ပစ်ခွင်းမည်ဟု ခြိမ်းခြောက်လိုက်ရာ ထိုသူက သတ္တိရှိသည် ဆိုပါက တုတ်ချင်း ပြိုင်ရိုက်မည်ဟု စိန်ခေါ်လေသည်။ ယင်းသို့ဖြင့် နှစ်ဦးသား တံတားပေါ်တွင် အစွမ်းပြိုင်ကြ ရာ သူတစ်ပြန် ငါတစ်ပြန် သတ်ပုတ်နေကြသည့် အဆုံး၌ ရောဗင်ဟုသည် ချောင်းထဲသို့ ဦးစိုက်ကျလေ၏။ သို့ရာတွင် ရောဗင်ဟုသည် ထိုသူအား ရန်ငြိုးမထားဘဲ ပြုံးရွှင်လျက် အညံ့ ခံလေသည်။ ထိုနောက် ဦးချိုတံပိုးကို မှုတ်လိုက်သည်တွင် နောက်လိုက်တပည့်များ ချက်ချင်းရောက်လာ၍ ထိုသူအား လက်စားချေရန် ပြင်ကြ၏။ ရောဗင်ဟုက တပည့်တို့ကို ဟန့်တားပြီးလျှင် သူ၏သတ္တိကို ခြီးကျူးပြောဆို၍ မိမိ တို့၏အသင်းသားအဖြစ် ဝင်ရန် ဖိတ်ခေါ်လေသည်။ ဖိတ် ခေါ်ချက်ကို လက်ခံသဖြင့် အမည်နာမကို မေးရာ၊ ဂျွန် လစ်တဲဟု ပြန်ဖြေ၏။ ထိုအခါ ကိုယ်ခန္ဓာ ထွားကြိုင်းသူ ဖြစ်ပါလျက်နှင့် အမည်မှာ ဂျွန်ကလေးဟု အဓိပ္ပာယ်ပေါက် သောကြောင့် ရောဗင်ဟုတို့ လူစုက ဝိုင်း၍ ရယ်မောကြလေ သည်။ ထိုအခိုက် တစ်ယောက်က ကိုယ်ခန္ဓာအချိုးအစားနှင့် လိုက်အောင် လစ်တဲဂျွန်ဟူ၍ ကင်ပွန်းတပ်သင့်ကြောင်း အကြံပေး၏။

ရောဗင်ဟုသည် ယင်းအကြံကို သဘောကျသဖြင့် တော တွင်း စားသောက်ပွဲ တည်ခင်း၍ ဂျွန်လစ်တဲအား လစ်တဲဂျွန် ဟူ၍ ကင်ပွန်းတပ်သည့်အခမ်းအနားကို ဆင်ယင်ကျင်းပ လေသည်။ လစ်တဲဂျွန်ကိုလည်း မိမိ၏ လကျာ်ဘက်တွင် ထိုင်စေပြီးလျှင် ပျော်ရွှင်စွာစားသောက်ကြ၏။ နောင်အခါ၌ လစ်တဲဂျွန်သည် တောပုန်းကြီး ရောဗင်ဟုအဖွဲ့တွင် ဒုတိယ ခေါင်းဆောင်အဖြစ် နာမည်ထင်ရှားလာလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)