ရေသွယ်ပြွန်

ဝီကီပီးဒီးယား မှ

ရေသည် လူတို့အဖို့ မရှိလျှင် မဖြစ်သော ပစ္စည်းတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့သည် ရေကို သောက်သုံးရန်၊ ဆေးကြော ရန်၊ လျှော်ဖွပ်ရန်အတွက်သာမက စိုက်ပျိုးရန်အတွက်လည်း လို၏။ ထိုကြောင့် မြှို့ကြီးပြကြီးတိုင်း၌ ဆိုင်ရာအာဏာပိုင် တို့သည် ငွေကုန်ကြေးကျခံ၍ နည်းအမျိုးမျိုးဖြင့် တစ်မြို့လုံး ရေရရှိအောင် စီမံကြသည်။ များသောအားဖြင့်ကား သဘာဝ အလျောက် ရေရရာရကြောင်း ဖြစ်သည့် ရေကန်ကြီး၊ ရေကန် ကြီးများမှ ရေသွယ်ပြွန်ကြီးများဖြင့် သွယ်ယူသည့်နည်းကို အသုံးပြုကြသည်သာ များသည်။

သိပ္ပံပညာ မထွန်းကားမီ ရှေးခေတ်ဘုရင်များလက်ထက်က သစ်လုံးများကို ပိုက်လုံးကဲ့သို့ ထွင်းကာ မြင့်မားသည့်အရပ်ရှိ ရေအိုင်များမှ ရေကို ထိုသစ်သားပိုက်လုံးများဖြင့် သွယ်ယူအသုံး ပြုခဲ့ကြဘူးသည်။ အချို့နေရာတွင် ရေကို ပိုက်လုံးအစား ရေ မြောင်းဖြင့် သွယ်ယူသည်လည်း ရှိသည်။

ဘီစီ ၁၄ ရာစုနှစ်အတွင်းက ဗက်ဗီလုံးနီးယား၊ အဆီးရီး ယားနှင့် အီဂျစ်နိုင်ငံတို့တွင် ရေသွယ်ပြွန်များ ရှိခဲ့ဖူးကြောင်း မှတ်တမ်းများတွင် တွေ့ရ၍ ထိုရေသွယ်ပြွန်များကို ပြုလုပ်သူ များမှာ ဂရိလူမျိုးတို့ ဖြစ်သည်ဟု ဆိုသည်။ ရောမတို့သည် ရေသွယ်ပြွန်များပြုလုပ်ရာတွင် ထင်ရှားခဲ့သည့်လူမျိုးဖြစ်၍ ရောမတို့ ကောင်းစားစဉ်က ပြုလုပ်ဖောက်သွယ်ခဲ့သော ရေ သွယ်ပြွန်အချို့ကို ယခုထက်တိုင် မပျက်မစီးဘဲ အံ့ဖွယ်တစ်ရပ် အနေဖြင့် တွေ့မြင်နိုင်သေးသည်။ ရောမတို့၏ ရေသွယ်ပြွန်များ သည် နေရာအများတွင် မြေအောက်မှ ဖြတ်လာကြသော်လည်း မြစ်နှင့် မြစ်ဝှမ်းများကို ဖြတ်ကျော်ရမည့် နေရာမျိုး၌ တံတား ကဲ့သို့ ဆောက်လုပ်ထားသော အုတ်တံတိုင်းကြီးများပေါ်မှ ကျော်ဖြတ်ဆက်သွယ်ထားသည်ကို တွေ့ရသည်။ ယနေ့တိုင် ရေစီးလျက်ရှိသေးသော ရှေးရောမတို့၏ ရေသွယ်ပြွန်တစ်ခုမှာ ပြင်သစ်နိုင်ငံတောင်ပိုင်း၌ ဂါးမြစ်ကို ဖြတ်၍ နင်းမြို့ကို ရေ ပေးခဲ့သောပြွန် ဖြစ်၏။ ဘီစီ ၁၈ ခုနှစ်က တည်ဆောက်ခဲ့ သော ထိုရေသွယ်ပြွန်သည် ပေပေါင်း ၈ဝဝ ရှည်၍ ပေ ၁၆ဝ မြင့်သည်။ စပိန်နိုင်ငံ၌ ခရစ် ၁ဝဝ ပြည့်နှစ်လောက်က ဆီဂိုး ဗီးယားမြို့သို့ ၁ဝ မိုင်ခရီးမှ သွယ်ခဲ့သော ရေသွယ်ပြွန်သည် ကျောက်တံတိုင်းကြီးများပေါ်မှ ဖြတ်လာ၍ နေရာအလိုက် ၂၃ ပေမှ ၉၄ ပေအထိ မြင့်လေသည်။

ရှေးက လူတစ်မျိုးနှင့် တစ်မျိုး၊ တစ်မြို့နှင့် တစ်မြို့ စစ်မက်ဖြစ်ပွားစဉ် အဆိုပါ ရေသွယ်ပြွန်များကို သိမ်းပိုက်ထား ခြင်းဖြင့် စစ်ကို အောင်နိုင်ခဲ့သည့်ထုံးများလည်း ရှိခဲ့ဘူးသည်။ ၁၇ ရာစုနှစ် အစသို့ရောက်သောအခါ တဖြည်းဖြည်း တိုးတက် လာသော သိပ္ပံပညာ၏ကျေးဇူးကြောင့် ရေလှောင်ကန်နှင့် ရေစုပ်ဘုံဘိုင်များ စတင်ပေါ်ပေါက်လာသည်ကို တွေ့ရသည်။ ထိုအချိန်တွင် ပါရစ်မြို့သူမြို့သားများအတွက် စိန်းမြစ်မှ ရေကို စုတ်ဘုံဘိုင်ဖြင့် တင်ပြီး သုံးနိုင်ခဲ့ကြသည်။ လန်ဒန်မြို့တွင် လည်း ၁၆ဝ၉ ခုနှစ်၌ ပထမဦးစွာ ရေလှောင်ကန်များကို စတင်ဆောက်လုပ်ခဲ့ကြ၏။ ပထမနည်းမှာ ရှေးရောမလူမျိုးတို့ သုံးခဲ့သည့်အတိုင်း သဘာဝမြေဆွဲအားဖြင့် ရေကိုမြင့်ရာမှ နိမ့်ရာသို့ စီးဆင်းစေသည့်နည်း ဖြစ်သည်။ ဤနည်းတွင် မြို့နှင့် နီးနိုင်သမျှနီးသော တောင်ကုန်းဒေသ၌ တစ်နှစ်ပတ်လုံး သန့်ပြန့် ကြည်လင်စွာ စီးတတ်သည့် မြစ်ချောင်းများကို ရှာဖွေ ပြီးလျှင် ရေကာတာကို ကန့်လန်ဖြတ်ဆောက်လုပ်ပေးခြင်းဖြင့် ရေလှောင်ကန်ဟုခေါ်သော လူလုပ်ရေအိုင် ဖြစ်လာအောင် ရှေးဦးစွာ စီမံပေးရသည်။ ထိုရေလှောင်ကန်မှတစ်ဆင့် ရေသွယ် ပြွန်ကြီးများဖြင့် မြို့သို့အရောက် သွယ်ယူပြီးနောက် ပိုက်လုံး ကလေးများဖြင့် တစ်ဖန် လိုရာသို့ပို့ပေးကြရလေသည်။

မြို့အနီးအနား၌ တောင်များမရှိခဲ့သော် အနီးအနားရှိ မြစ်များ၊ ကန်များ၊ သို့မဟုတ် တွင်းများမှ ရေကို ရေစုပ်စက် ဖြင့် စုတ်တင်ယူရ၏။ ထိုသို့ စုတ်တင်သောရေကို တစ်ခါ တစ်ရံ ဗဟိုရေပေးပြွန်မကြီးများထဲသို့ တိုက်ရိုက်သွင်းပေး သည်လည်း ရှိ၏။ တစ်ခါတစ်ရံ မြင့်မားစွာ ဆောက်လုပ်ထား သော စင်ကြီးများပေါ်ရှိ ရေလှောင်စည်ကြီးများထဲသို့ ပထမ ဦးစွာ ရေသွင်းပေးပြီးနောက်မှ ရေပေးပြွန်များထဲသို့ စီးဆင်း စေသည်လည်း ရှိလေသည်။

ရောမအင်ပါယာကြီး ပျက်စီးသွားပြီးနောက် ရေသွယ်ပြွန် တည်ဆောက်သည့် လုပ်ငန်းသည်လည်း ကမ္ဘာ၌ ပြောပလောက် အောင် မရှိသလောက် ရပ်စဲသွားခဲ့ရာ၊ ၁၈ ရာစုအလယ် လောက်ရောက်မှ တစ်ဖန်ပြန်၍ ပေါ်ပေါက်လာလေသည်။ ထို အချိန်တွင် သိပ္ပံပညာသည် အထိုက်အလျောက် ထွန်းကားနေပြီ ဖြစ်သဖြင့် ခေတ်သစ်စက်ကိရိယာနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို အသုံးပြု၍ တည်ဆောက်သည့် ရေသွယ်ပြွန်များ မှာ ရှေးကလောက် အကုန်အကျလည်းမများ၊ အချိန်လည်း မကြာတော့ပေ။

နယူးယော့မြို့ တစ်မြို့တည်းအတွက်ပင် ယခုအခါ ရေ လှောင်ကန် အမြောက်အမြား ရှိ၏။ အကြီးဆုံး ရေလှောင်ကန် သည် မိုင်တစ်ရာဝေးသော ကက်စတီးတောင်ပေါ်တွင် ရှိ၍ ၁၂ စတုရန်းမိုင် ကျယ်ဝန်းလေသည်။ အချို့နေရာတွင် ကျောက် တောင်ကို ထွင်းဖောက်ထားသော ရေသွယ်လိုဏ်ခေါင်းသည် အချင်း ၁၅ ပေမျှရှိ၍ သံဖြင့် သွင်းလုပ်ထားသော ရေသွယ် ပိုက်လုံးအချို့သည် အချင်းခြောက်ပေမျှ ရှိသည်။ ကာလီဖိုးနီး ယားနယ် လော့စိန်းဂျလီးမြို့သို့ ရေပေးသော ရေသွယ်ပြွန်ကြီး များကား ကမ္ဘာတွင် အရှည်ဆုံးဖြစ်၏။ ရေသွယ်ပြွန်နှစ်ခု ရှိသည့်အနက် ပြွန်ဟောင်းသည် ၂၃၅ မိုင်ခန့် ရှည်၍၊ ပြွန်သစ်သည် ပေ ၁၅ဝဝ မြင့်သော တောင်တစ်တောင်ကို ကျော်ဖြတ်ကာ မိုင်ပေါင်း ၂၄၂ မိုင်မျှ ဝေးကွာသော ကော်လိုရားဒိုးမြစ်မှ ရေကို သွယ်ယူထားလေသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် ရေလှောင်ကန်များမှ ရေကို ထိုအတိုင်း သောက်သုံးကြသည်မဟုတ်ပေ။ လူတို့ကို ဥပါဒ် ပေးနိုင်သည့် ပိုးမွှားအညစ်အကြေးများမှ ကင်းစင်စေရန် ဆိုင်ရာဌာနများက ရေကို အမြဲဂရုစိုက်၍ စစ်ဆေးပြုပြင် ပေးနေရသည်။ ရေကို လိုအပ်သလို စစ်ပေးခြင်း၊ ဆေးခပ် ပေးခြင်း စသည်ဖြင့် အဆင့်ဆင့် သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ပေးပြီးမှသာ လူတို့သုံးစွဲရာ နေရာသို့ ပို့ပေးခြင်း ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)