မာတိကာသို့ ခုန်သွားရန်

ရေတွင်းကုန်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

ဝီကီပီးဒီးယား မှ
ရေတွင်းကုန်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း နှင့် ပြည်သူ့ခုခံတော်လှန်စစ်၏ တစ်စိတ်တစ်ပိုင်း
ရက်စွဲ၅–၈ မတ် ၂၀၂၆
နေရာရေတွင်းကုန်းရွာညောင်လေးပင်မြို့နယ်ပဲခူးတိုင်းဒေသကြီးမြန်မာနိုင်ငံ
18°03′54″N 96°43′30″E / 18.064920425415°N 96.7248764038085°E / 18.064920425415; 96.7248764038085ကိုဩဒိနိတ်: 18°03′54″N 96°43′30″E / 18.064920425415°N 96.7248764038085°E / 18.064920425415; 96.7248764038085
ရလဒ် အရပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ သေဆုံး
စစ်ရင်ဆိုင်သူများ
  • NUG
    (အမျိုးသားညီညွတ်ရေးအစိုးရ)

    • ပဲခူးတိုင်းစစ်ဌာန

  • (KNLA)
အသေအပျောက်
  • NUG – ပဲခူးတိုင်းစစ်ဌာန ၉ ဦး (သေဆုံး)
  • KNLA ၂ ဦး (သေဆုံး)
  • တော်လှန်ရေးတပ်ဖွဲ့ဝင် ၇ ဦး (ဒဏ်ရာရ)
  • ၁၀ ဦးကျော် သေဆုံး
  • ၂၀ ဦးထက်မနည်း ဒဏ်ရာရ
    (တော်လှန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်)

ဖြစ်စဉ် စတင်ခြင်း နှင့် နောက်ဆက်တွဲ ဖြစ်ရပ်များ

  • ညောင်လေးပင်မြို့နယ်ရှိ ပိန်းဇလုပ်မြို့နှင့် သုံးမိုင်ခန့်ဝေးသည့် ရေတွင်းကုန်း၊ ခရုကုန်းနှင့် ကျောင်းကုန်းကျေးရွာများကို စစ်တပ်က အင်အား ၁၀၀ ခန့်ပါဝင်သည့် စစ်ကြောင်းလေးကြောင်းဖြင့် စစ်ကြောင်းထိုးခဲ့ရာမှ ဖြစ်ရပ် စတင်ခဲ့သည်။
  • အရပ်သားပြည်သူ ၃၀၀ ကျော် ထိန်းသိမ်းခံခဲ့ရပြီး ပြည်သူ ၂၈ဦး သေဆုံးခဲ့သည်။
  • ထိန်းသိမ်းခံရသည့် အရပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက စစ်ဆင်ရေးဖြင့် ကယ်ထုတ်ခဲ့ရာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ရေတွင်းကုန်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်မှ ၈ ရက်အတွင်း ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ရေတွင်းကုန်းရွာမရွာ၊ ခရုကုန်းနှင့် ကျောင်းကုန်းကျေးရွာများတွင် ဖြစ်ပွားခဲ့ပြီး အရပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။[]

ဖြစ်စဉ်အကျဉ်း

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ် မတ်လ ၅ ရက် နံနက် ၅ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ရေတွင်းကုန်း၊ ခရုကုန်းနှင့် ကျောင်းကုန်းကျေးရွာများကို တပ်မ(၇၇)၊ ခမရ-၂၀၊ ခလရ-၂၆၄ နှင့် ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်းများမှ စစ်ကြောင်း လေးကြောင်းဖြင့် ဝင်ရောက် စီးနင်းခဲ့သည်။[]

ထိုကျေးရွာများသည် ပိန်းဇလုပ်မြို့နှင့် သုံးမိုင်ကျော် ကွာဝေးသည်။တစ်ဖက်တွင် ညောင်လေးပင်ခရိုင် (KNU အခေါ် ခလယ်လွီထူးခရိုင်) သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေအတွင်း ပါဝင်ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တပ်ဖွဲ့များနှင့် KNU ပူးပေါင်းတပ်များ အားကောင်းရာ ဒေသဖြစ်သည်။ စစ်တောင်းမြစ်ဝှမ်း အနောက်ခြမ်းတွင် တည်ရှိသော ထိုဒေသကို နယ်မြေစိုးမိုးနိုင်ရန် စစ်ကောင်စီတပ်က ၂၀၂၆ ခုနှစ် အစောပိုင်းမှစ၍ စစ်ဆင်ရေးများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။[]

စစ်တပ်စစ်ကြောင်းသည် စစ်ဆင်ရေးအတွင်း ကာမီကာဇေးဒရုန်းများ (Kamikaze Drones)၊ လက်နက်ကြီးများနှင့် လေကြောင်းပစ်ကူများကိုပါ အသုံးပြုခဲ့သည်။ ထို့ကြောင့် ကျေးရွာများရှိ ဒေသခံများ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရကြပြီး၊အချို့လည်း သေဆုံးခဲ့သည့်အပြင စစ်ဆင်ရေးအချိန်တွင်လည်း အရပ်သားများနှင့် တော်လှန်ရေးအဖွဲ့ဝင်အချို့တို့ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။[]

စစ်ရေးမစ်ရှင်ဖြင့်ကယ်ထုတ်ခြင်း

[ပြင်ဆင်ရန်]

တပ်မ(၇၇) ဦးဆောင်သော စစ်ကြောင်းကြောင့် ပိတ်မိနေခဲ့သည့် ရာနှင့်ချီသော ဒေသခံများကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်ရှိ ၃၇၀၂ တပ်ရင်း၊ Spring Warriors တပ်ရင်းနှင့် အထူးကွန်မန်ဒိုတပ်ရင်းများ၊ ဗျူဟာ ၂၆ ကွပ်ကဲမှုအောက်ရှိ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်းနှင့် ၃၇၀၃ တပ်ရင်းများ၊ ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း၊ KNLA ကွန်မန်ဒိုတပ်ဖွဲ့၊ KNLA တပ်ရင်း ၇ နှင့် ၉၊ ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းကာ စစ်ရေးမစ်ရှင်ဖြင့် ကယ်ထုတ်ခဲ့သည်။[]

အဆိုပါ စစ်ဆင်ရေးကို ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်နေ့ ည ၁၀ နာရီတွင် စတင်ခဲ့ပြီး မတ်လ ၈ ရက်နေ့ မနက် ၄ နာရီတွင် ပြီးဆုံးခဲ့ကာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အရပ်သားပြည်သူ ၃၀၀ကျော်ကို ကယ်ထုတ်နိုင်ခဲ့သည်။[]

ထိခိုက်သေဆုံးမှုများ

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ် မတ်လ ၉ ရက်နေ့ ကရင်အမျိုးသားအစည်းအရုံး (ဗဟို) မှ ထုတ်ပြန်ချက်အရ၊၂၀၂၆ ခုနှစ် မတ်လ ၇ ရက်နေ့တွင် စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ စစ်တပ်မှ ဒရုန်းနှင့် ဂျက်ဖိုက်တာများ အသုံးပြုပြီး ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ဖမ်းဆီးခံထားရသည့် အပြစ်မဲ့အရပ်သား ပြည်သူ ၂၅ ဦး နှင့် နောက်ထပ် သတ်ဖြတ်ခံရသည့် ၅ ဦး၊ စုစုပေါင်း ၃၀ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။[]

၂၀၂၆ ခုနှစ် မတ်လ ၉ရက်နေ့ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ၊၂၀၂၆ ခုနှစ်၊ မတ်လ (၅) ရက်နေ့၊ မနက် (၅) နာရီဝန်းကျင်တွင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်း နှင့် ကျောင်းကုန်း ကျေးရွာများသို့ စစ်တပ် တပ်မ (၇၇) ဦးဆောင်သော အင်အား (၁၀၀) ပါ စစ်ကြောင်း (၄) ကြောင်းဖြင့် ဝင်ရောက်ခဲ့သည်။ထိုစစ်ကြောင်းသည် ပြည်သူ (၃၀၀) ကျော်ကို ဖမ်းဆီးခဲ့ကာ ပြည်သူ (၄၀) ကျော်ကို သတ်ဖြတ်သွားခဲ့ပြီး၊ညှင်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုများကြောင့် သေဆုံးသူများထဲ ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦး နှင့် သက်ကြီးရွယ်အိုများပါဝင်ကြောင်း ဗီဒီယိုအထောက်အထားများနှင့်တကွ ထုတ်ပြန်ခဲ့သည်။[]

ထိုအစုအလိုက် အပြုံလိုက်သတ်ဖြတ်မှုနှင့် ပတ်သက်၍ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (Karen Peace Support Network) ကလည်း ဗုံးကြဲမှုတွင် အမျိုးသမီး နှင့် ကလေးငယ် ၁၇ ဦးအပါအဝင် လူ ၂၅ ဦးသေဆုံးပြီး စစ်တပ် ဝင်ရောက်ခဲ့သည် ရွာတွင်လည်း နောက်ထပ် အမျိုးသား ၅ ဦး အသတ်ခံရသည့်အတွက် မတ်လ ၅ ရက်မှ ၇ ရက်အတွင်း လူ ၃၀ နီးပါးသေဆုံးကြောင်း ဒေသခံများကို ကိုးကားပြီးပြောကြားသည်။[] သေဆုံးသွားမှုတွင် အသက် ၁၀ နှစ်အောက် ကလေး ငါးဦးပါဝင်သည်ဟု ဖော်ပြထားသည်။[၁၀]

၂၀၂၆ ခုနှစ်၊မတ်လ ၁၄ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ညောင်လေးပင်မြို့နယ်၊ရေတွင်းကုန်းဖြစ်စဉ်အတွင်း အရပ်သားသေဆုံးမှုကို (၂၈)ဦးဟု နောက်ဆုံးစာရင်းထုတ်ပြန်ခဲ့သည်။

စစ်ဘေးရှောင်များ

[ပြင်ဆင်ရန်]

ရေတွင်းကုန်းနှင့် ကျောင်းကုန်း အပါအဝင် အနီးနားရှိ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံများသည် ပဲနွယ်ကုန်း၊ ပိန်းဇလုပ်နှင့် ကျောက်တံခါးဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။[၁၁]

တုံ့ပြန်မှုများ

[ပြင်ဆင်ရန်]

NUG: အမျိုးသားညီညွတ်ရေးအစိုးရက ဤဖြစ်စဉ်ကို သက်သေ ဗီဒီယိုအထောက်အထားများနှင့်တကွ မတ်လ ၉ ရက်နေ့တွင် စစ်ရာဇဝတ်မှု (War Crime) အဖြစ် ထုတ်ပြန် သတ်မှတ်ခဲ့သည်။[၁၂]

စစ်ကောင်စီ: စစ်တပ်ဘက်မှ မည်သည့်ထုတ်ပြန်ချက်မျှ မထုတ်ပြန်သေးသော်လည်း၊စစ်တပ်ဝါဒဖြန့် မီဒီယာများနှင့် စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်များတွင် အဆိုပါဒေသ၌ သတ်ဖြတ်မှုမရှိကြောင်းနှင့် သတင်းအမှားများသာဖြစ်ကြောင်း ငြင်းဆိုထားသည်။[၁၃]

ကိုးကား

[ပြင်ဆင်ရန်]
  1. ကျောက်ကြီးမြို့နယ်တွင် စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား ၃၀ သေဆုံး မွန်သတင်းအေဂျင်စီ (၉ မတ် ၂၀၂၆)။ ၁၃ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  2. ပဲခူးတိုင်း ညောင်လေးပင်တွင် ဒေသခံအများအပြား အသတ်ခံရ၊ စစ်ရေးဆက်လက်ပြင်းထန်နေ Myanmar Now (၁၀ မတ် ၂၀၂၆)။ ၁၃ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. ညောင်လေးပင်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွား Mizzima Burmese (၇ မတ် ၂၀၂၆)။ ၁၃ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  4. ညောင်လေးပင်မြို့နယ်၌ စစ်တပ်က ရွာကိုဝင်စီးပြီး ရွာသား ၃၀ ခန့်ကို သတ်ဖြတ် DVB (၆ မတ် ၂၀၂၆)။ ၁၃ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  5. ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းရွာတွင် စစ်တပ်၏ ဖမ်းဆီးခံထားရသည့် ပြည်သူ ၁၅၀ ခန့် ကို တော်လှန်ရေးပူးပေါင်းတပ်က ကယ်ထုတ် ခေတ်သစ်သတင်းဌာန (၁၀ မတ် ၂၀၂၆)။ ၁၃ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  6. စစ်တပ်ဖမ်းဆီးထားသည့် ရွာသား ၃၀၀ ကျော် လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေ ကယ်ထုတ် RFA (၁၁ မတ် ၂၀၂၆)။ ၁၃ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  7. စစ်တပ်ဗုံးကြဲလို့ လူ ၂၅ ဦးခန့် သေဆုံး၊ ၅ ဦး အသတ်ခံရ - KNU ဘီဘီစီ (၉ မတ် ၂၀၂၆)။ ၁၃ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  8. သတင်းထုတ်ပြန်ချက်၊ပြည်သူ (၃၀၀) ကျော်ကို အကြမ်းဖက်စစ်တပ် ဖမ်းဆီး၊ (၄၀) ကျော် သတ်ဖြတ် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန (၉ မတ် ၂၀၂၆)။ ၁၃ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  9. တပ်မ ၇၇ ဖမ်းဆီးခံ ညောင်လေးပင်ဒေသခံ ရာချီကို PDF တွေ ဘယ်လိုကယ်ထုတ်ခဲ့ကြလဲ ဘီဘီစီ (၁၁ မတ် ၂၀၂၆)။ ၁၃ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  10. ညောင်လေးပင်တွင် စစ်ကော်မရှင်က လူ ၄၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း NUG ထုတ်ပြန် Mizzima Burmese (၉ မတ် ၂၀၂၆)။ ၁၃ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  11. ညောင်လေးပင်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွား Mizzima Burmese (၇ မတ် ၂၀၂၆)။ ၁၃ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  12. လူသတ်မှု ကျူးလွန်သူ စစ်အုပ်စုတပ် ရေတွင်းကုန်းရွာတွင် တပ်စွဲထားဆဲ၊ ပြည်သူ (၃၀၀) ကျော်ကို KNLA ပူးပေါင်းတပ် ကယ်ထုတ်ပြီးစီး ကေအိုင်စီသတင်းဌာန (၁၁ မတ် ၂၀၂၆)။ 11 March 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၃ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  13. ညောင်လေးပင်မှာ သေဆုံးသူတွေဟာ KNU, PDF ဖြစ်ပြီး ရွာကို စစ်တပ်က စစ်ကြောင်းမထိုးခဲ့ဘူးဆိုတဲ့ ဝါဒဖြန့်သတင်းအမှား ကေအိုင်စီသတင်းဌာန (၁၁ မတ် ၂၀၂၆)။ 13 March 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၃ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။