ရုပ်လုံးထု အတတ်

ဝီကီပီးဒီးယား မှ

ရုပ်လုံးထုဆရာ၏ အလုပ်သည် စိတ်ကူးဉာဏ်ကို ရွံ့၊ သစ်၊ ကျောက်၊ သတ္တုတို့ဖြင့် အကောင်အထည် ဖြစ်အောင်ဖော်သော အနုပညာရပ် ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ကြသည်။ ဤအနုပညာ၏ သမိုင်းတစ်လျှောက်တွင် လူတို့၏ အမွန်မြတ်ဆုံးသော အတွေးအခေါ်နှင့် မျှော်ကိုးချက်များကို သရုပ်ဖော်ခဲ့သည်ကို တွေ့ရသည်။

ရုပ်လုံးထု အတတ်[ပြင်ဆင်ရန်]

ရုပ်လုံးထု အတတ်နှင့် ပန်းချီဆေးရေးအတတ်တို့သည် အလွန်ရှေးကျသော လူတို့၏ အနုပညာအတတ်များ ဖြစ်သည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၂ဝဝဝဝ ကျော်အထက်က ထုလုပ်ခဲ့သော ရုပ်လုံးထုအတတ်သည် အခြားသော အနုပညာရပ်များ ကဲ့သို့ပင် လူတို့၏စိတ်ကူးဉာာဏ်ကို အကောင်အထည် ပေါ်လာအောင် ဖော်ပြသော အနုပညာရပ် ဖြစ်၏။ ပန်းချီဆေးရေးနှင့် ပုံဆွဲအတတ်တို့တွင် ရုပ်ပုံကို အလျား၊ အနံဖြင့်သာ ဖော်ပြနိုင်၏။ ရုပ်လုံးထုအတတ်တွင်ကား အလျားနှင့် အနံကိုသာမက၊ ရုပ်ပုံ၏ ထုထည်ကိုပင် သရုပ်ဖော်နိုင်သည်။ ထိုကြောင့် အချို့ရုပ်လုံးများကို လေးဖက်လေးတန်မှ မြင်နိုင်သည်။ ရုပ်လုံးထု အတတ်သည် ကျောက်၊ ကျောက်ဖြူ၊ ရွံ့စေး၊ သစ်သား၊ ဆင်စွယ်၊ ကြေးဝါ စသည်တို့ကို ခုတ်ထွင်းထုလုပ်ခြင်းအားဖြင့် အရာဝတ္ထု တစ်ခုခုကိုဖြစ်စေ၊ စိတ်ကူးဉာဏ်ကိုဖြစ်စေ ရုပ်လုံးဖော်သည့်အတတ် ဖြစ်သည်။

နောက်ခံမျက်နှာပြင်နှင့် တစ်စပ်တည်း ရုပ်လုံးဖော်ရာ၌ မျက်နှာပြင်အောက်သို့ နိမ့်၍ ထုလုပ်သည်လည်း ရှိ၏။ မျက်နှာ ပြင်အထက်သို့ ကြွ၍ ထုလုပ်သည်လည်း ရှိ၏။ အချို့သော ရုပ်လုံးတို့သည် တည်ငြိမ်သည့် အသွင်ကို ဆောင်၍ အချို့တို့ မှာ လှုပ်ရှားသည့်အသွင်ကို ဆောင်သည်။

ရုပ်လုံး ရုပ်တုများကို သစ်သားဖြင့်၎င်း၊ ကျောက်ဖြင့်၎င်း၊ ရွံ့စေးဖြင့်၎င်း၊ အရည်ကြို၍ရသော သတ္တုဖြင့်၎င်း ပြုလုပ်ကြ သည်။ ထိုရုပ်တု ရုပ်လုံးများကို နေရာဌာနအမျိုးမျိုးတွင် တွေ့ မြင်ကြရလေသည်။ ပုံတူရုပ်လုံးများ၊ အထိမ်းအမှတ် ရုပ်လုံး များ၊ ဗိသုကာရုပ်လုံးများ၊ ဥယျာဉ်တွင်း၌ အလှထားသည့် ရုပ်လုံးများအပြင် လှပဆန်းကျယ်၍ စိတ်ကူးယဉ်သက်သက်ဖြစ် သော သုခုမလက်ရာပြ ရုပ်လုံးများကို အများပင် မြင်ဖူးကြပေမည်။ ထိုရုပ်လုံးရုပ်တုများကို အသုံးနှင့် ဆီလျော်အောင် အမျိုး အစားခွဲထား၏။ ပုံတူရုပ်လုံးများမှာ များသောအားဖြင့် လူတစ်စုံ တစ်ယောက်၏ ပုံသဏ္ဌာန်ကို ခေါင်းပိုင်း၊ သို့မဟုတ် ကိုယ် တစ်ဝက်မျှ ထုလုပ်ခြင်း ဖြစ်သည်။ ပုံတူရုပ်လုံးများ ထုလုပ်ခြင်းသည် အနောက်နိုင်ငံများတွင် အထူးခေတ်စားခဲ့သည်။ ယခုခေတ် လူများသည် ဓာတ်ပုံရိုက်ခြင်းဖြင့် အမှတ်အသားထားရှိကြသကဲ့သို့ ရှေးအခါကလည်း ပုံတူရုပ်လုံးများ ထုလုပ် ခြင်းဖြင့် အမှတ်တရ ပစ္စည်းများကို ထားရှိခဲ့ကြလေသည်။ ရုပ်တုဆရာကြီးများသည် ထင်ရှားသော ပုဂ္ဂိုလ်ကြီးများ၏ ပုံတူရုပ်လုံးများကိုသော်လည်းကောင်း၊ မှတ်သားဖွယ် အဖြစ်အပျက်တစ်ခုခု၏ ရုပ်လုံးများကိုသော်လည်းကောင်း ထုလုပ်ထားခဲ့လေ့ရှိကြသည်။ ထိုကဲ့သို့သော ရုပ်လုံးမျိုးကို အထိမ်းအမှတ်ရုပ်လုံးဟူ၍ ခေါ်နိုင်သည်။ ထိုမှတစ်ပါး ဗိသုကာရုပ်လုံးဟူ၍ ရှိသေးသည်။ ထို ရုပ်လုံးမှာ အဆောက်အအုံများ ဆောက်လုပ်သည့်အခါ အလှအပဖြစ်စေရန် တန်ဆာဆင်ကာ ထွင်းထု စီမံပြုလုပ်ထားသော ရုပ်လုံးများပင် ဖြစ်သည်။ ထိုရုပ်လုံးမျိုးကို အယူဝါဒဆိုင်ရာ အဆောက်အအုံများတွင် အများဆုံး တွေ့ရသည်။ ရှေးဟောင်း အီဂျစ်နှင့် ဂရိအဆောက်အအုံကြီးများတွင်လည်း အလားတူ ရုပ်လုံးများကို တွေ့ရလေသည်။

ပန်းဥယျာဉ်များထဲ၌ ရုပ်တုရုပ်လုံးများကို ရံဖန် ရံခါ တွေ့ရတတ်သည်။ ဤရုပ်တုရုပ်လုံးမျိုးမှာ တစ်မျိုးတည်း မဟုတ်ဘဲ လူရုပ်၊ ငှက်ရုပ်၊ နတ်ရုပ်တို့မှ စ၍ အနုပညာမြောက်သော လှပသည့် ရုပ်တုရုပ်လုံးဟူသရွေ့ ထားရှိတတ်ကြသည်။ အချို့သော ပန်းဥယျာဉ်များတွင် ရှေးခေတ်က ထုလုပ်ခဲ့သော ကျောက်ရုပ်များကို ယခုတိုင် တွေ့ရသည်။ လောကတွင် အကယ်စင်စစ် မရှိသော်လည်း လူတို့၏ အာရုံတွင် ထင်မြင်နေသော ပုံသဏ္ဌာန်များကိုလည်း ရုပ်လုံးထွင်းထု ထားရှိတတ်ကြသည်။ အဆိုပါ ရုပ်လုံးမျိုးမှာ မြန်မာ အနုပညာတွင် တွေ့ရှိနိုင်သော မနုဿီဟရုပ်၊ ပဉ္စရူပရုပ် အစရှိသည့် ရုပ်လုံးမျိုး ဖြစ်ပေသည်။

အထက်ပါ အမျိုးအစားများအနက် လက်ရာအထူးပြောင်မြောက်၍ မည်သည့်နေရာတွင်မဆို လျောက်ပတ်စွာ အသုံးပြု နိုင်သော လက်ရာများကို အမွှမ်းတင်ရုပ်လုံးများဟု ခေါ်လေသည်။ အမွှမ်းတင် ရုပ်လုံးများမှာ ထုလုပ်စဉ်က မည်သည့် နေရာ မည်သည့်အမျိုးအစားတွင် သုံးရန်ဟု မရည်ရွယ်ဘဲ ထုလုပ်၍ ပြီးမြောက်သောအခါ နေရာတိုင်း၌ သုံးနိုင်လောက် အောင် လက်ရာကောင်းမွန်လှပသည့် ရုပ်လုံးများ ဖြစ်ကြပေသည်။

ရုပ်လုံးဖော် အတတ်သည် မည်သည့်ခေတ်က မည်သို့ စတင်ပေါ်ပေါက်လာသည်ကို အတိအကျ မသိရသော်လည်း လူတို့တွင်ရှိသော ရှေးအကျဆုံး အနုပညာဖြစ်ကြောင်းကိုကား သိရပေသည်။ လူသည် ကလေးဘဝကတည်းကပင် မိမိတွေ့မြင်ရသော အရာဝတ္ထုတို့၏ ပုံသဏ္ဌာန်ကို ရွံ့စေးများဖြင့် တူအောင် ပြုလုပ်ပြီးလျှင် ကစားတတ်သည်။ ထိုကြောင့် ပန်းပုပညာသည် အဆိုပါ လူတို့၏ အတုခိုးတတ်သော ညာဉ်မှ တစ်စ တစ်စ ပေါက်ဖွားတိုးတက်လာသည်ဟု ယူဆရပေသည်။

ရုပ်လုံးထု ပုံများသည် ပန်းချီကားကဲ့သို့ ပျက်စီးလွယ်သော အနုပညာလက်ရာ မဟုတ်သဖြင့် လူတို့၏ ယဉ်ကျေးမှု ကို ပိုမိုပြည်စုံစွာ ကာလကြာရှည် ထုတ်ဖော်နိုင်ပေသည်။ ရှေးအခါက ရုပ်လုံးထုဆရာတို့သည် ကျောက်ဖြူတုံးကို ဖြစ်စေ၊ သစ်သားတုံးကိုဖြစ်စေ ခုတ်ထွင်းခြင်း အားဖြင့် အလိုရှိသော ရုပ်လုံးပုံ ဖော်ယူကြ၏။ မိမိစိတ်ကူးရသောပုံကို တစ်ခါတည်းဖြင့် ခုတ်ထွင်းထုလုပ် မရသောအခါ၌ ပုံစံငယ်ကို ပထမဦးစွာ အတိအကျ ပြုလုပ်ပြီးမှ လိုရာပုံကြီးကို ဆက်လက် လုပ်ကိုင်သည်။ ယခုအခါ ရုပ်လုံးထုဆရာတို့သည် ပန်းချီဆရာကဲ့သို့ ပုံကြမ်းကို ဦးစွာရေးဆွဲကြ၏။ ထိုနောက် ဖရောင်းဖြင့် ဖြစ်စေ၊ ရွံ့စေးဖြင့်ဖြစ်စေ ထိုပုံကြမ်းနှင့်တူသော ရုပ်ပုံငယ်ပုံစံကို ပြုလုပ်သည်။ တစ်ဖန် ပုံစံငယ်မှတစ်ဆင့် အလိုရှိရာအရွယ် အစား ပုံတူကို ရွံ့စေးဖြင့် ပြုလုပ်ရသည်။ ထိုပုံစံကို ပလပ်စတာအော့ပဲရ်နှင့် မံပြီးလျှင် ခြောက်သွေ့သောအခါ ပလပ်စတစ် သွန်းပုံကို ချွတ်၍ ပုံလောင်းယူသည်၊ ပမာအားဖြင့် ရုပ်လုံးကို ကျောက်ဖြူသားဖြင့် ထုလုပ်မည်ဆိုလျှင် ထိုလောင်းပြီး ပုံစံ အတိုင်း ကျောက်ကို ခုတ်ထွင်းထုလုပ်ရလေသည်။ ပုံစံအတိုင်း အတိအကျ ရရှိနိုင်ရန်အတွက် လိုအပ်သော စက်ကိရိယာဖြင့် ကျောက်တုံးကို တိုင်းတာမှတ်သားပြီးမှ ခုတ်ထွင်းရသည်။ ကြေးဝါရုပ်လုံး ထုလုပ်ရာ၌ သွန်းပုံထဲသို့ အရည်ကျိုထားသော ကြေးဝါကို လောင်းထည့်သည်။

အီဂျစ်[ပြင်ဆင်ရန်]

အီဂျစ်လူမျိုးတို့သည် သေသူ၏ ဝိညာဉ်မဆုံးနိုင်ဟူသော ယုံကြည်ချက်ဖြင့် လူတစ်ယောက် သေဆုံးလျှင် သေဆုံးသူ၏ အသုံးအဆောင် ပစ္စည်းများနှင့် ရုပ်တုကလေးများကို အလောင်း နှင့်အတူ မြှုပ်နှံသင်္ဂြိုဟ်လေ့ ရှိကြသည်။ ဂူသင်္ချိုင်းများကို ဆောက်လုပ်ပြီးလျှင် ဂူနံရံများတွင် အရုပ်များကိုလည်း ထုလုပ် ထားကြသည်။ ဂူနံရံပေါ်တွင် ရုပ်လုံးနှိမ့်၊ ရုပ်လုံးကြွ များကို ထုလုပ်ကြသည်။ ရုပ်အလောင်းများကိုလည်း မပုပ်မသိုးရအောင် စီမံ၍ ခေါင်းထဲ၌ထည့်ပြီးလျှင် ခေါင်းပေါ်တွင် ရုပ်လုံးများ ထွင်းထုထားသည်။ ဖဲရိုးဘုရင်များ၏ ပုံတူများကိုလည်း အလွန်မာကျောသော ကျောက်ဖြူဖြင့် ထွင်းလုပ်ထားကြသည်။ အီဂျစ်ရုပ်တုများသည် ပုံသဏ္ဌာန်အားဖြင့် လူနှင့်တူသော် လည်း ဟန်အမူအရာတို့မှာ အသက်မဝင်လှချေ။ ဂီးဇာအရပ်မှ စဖင့်ရုပ်ကဲ့သို့ ကြီးမားသော ရုပ်လုံးများကို ထုလုပ်လေ့ ရှိကြ သည်။

မက်ဆိုပိုတေးမီးယား[ပြင်ဆင်ရန်]

အီဂျစ်နိုင်ငံမှာကဲ့သို့ပင် ဗက်ဗီလုံးနှင့် အဆီးရီးယားနိုင်ငံ များတွင်လည်း ရုပ်လုံး ထုပညာ ထွန်းကားခဲ့သည်။ အဆိုပါ နိုင်ငံများတွင် ရုပ်လုံးထုပညာ အဆင့်အတန်းသည် အီဂျစ်နိုင်ငံ မှာထက် အတန်ငယ်ပို၍မြင့်လာသည်ဟု ဆိုရပေမည်။ အဘယ် ကြောင့်ဆိုသော် ဗက်ဗီလုံးနှင့်အဆီးရီးယားရုပ်လုံးများမှာ ကိုယ် အင်္ဂါ အစိတ်အပိုင်းများ ထင်ရှားပီသ၍ အသက်ရှိသကဲ့သို့ ထင်ရအောင် ကြွကြွရွရွ ဖြစ်နေသည်၊ အဆီးရီးယန်းလူမျိုး တို့သည် ရုပ်လုံးထုလုပ်ရာ၌ ကျောက်တုံးကျောက်ပြားများကို သာမက ရွံ့စေးနှင့် အင်္ဂတေကိုလည်း အသုံးပြုကြသည်။ အဆောက်အအုံနံရံများတွင် စစ်သူရဲကောင်းများ၊ စစ်တပ် ချီတက်ဟန်များ၊ တိုက်ပွဲများ၊ ခြင်္သေ့ရုပ်များကို ထုလုပ်ကြ လေသည်။

ဂရိ[ပြင်ဆင်ရန်]

ဂရိလူမျိုးများသည် အနုပညာရပ်များတွင် အလွန်မျက်စိ ယဉ်၍ အချိုးအစားကျနမှု၊ သဘာဝကျမှုတို့ကို အလွန်လေးစား သူများ ဖြစ်ကြသည်။ ဂရိနိုင်ငံသည် ပကတိအသွင်အပြင်အား ဖြင့် ကျောက်တောင်ထူထပ်သော နိုင်ငံဖြစ်ရကား ရုပ်လုံးများ ထွင်းထုရန်နှင့် အဆောက်အအုံများ တည်ဆောက်ရန် ကျောက် ကို လိုသလောက် ရနိုင်သဖြင့် ဂရိတို့သည် ကျောက်ဆစ် အတတ်၌ အခြားသောနိုင်ငံများထက် ပိုမိုတိုးတက်နိုင်ကြလေ သည်၊ ဂရိတို့သည် ရုပ်လုံးထုအတတ်တွင် အီဂျစ်အစရှိသော မြေထဲပင်လယ်တစ်ဝိုက်ရှိ နိုင်ငံများ၏ ရှေးကျသောနည်းစံနစ် များကို လိုက်နာအသုံးပြုခဲ့ကြသည်။ သူတို့၏ ကိုယ်ပိုင်နည်း စံနစ်များကိုမူကား ခရစ်မပေါ်မီ အနှစ် ၆ဝဝ ခန့်တွင်မှသာ စတင်အသုံးပြုလာကြလေသည်၊ ဂရိရုပ်တုပညာ အဆင့်အတန်း သည် ဘီစီ ၄ဝဝ ခန့်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့လေသည်။ ဤခေတ်ကို အက်သင်းမြို့ အုပ်ချုပ်ရေးခေါင်းဆောင် ပဲရီးကလီး အား အစွဲပြု၍ ပဲရိးကလီးခေတ်ဟူ၍လည်း ခေါ်စမှတ်ပြုကြ သည်။

( ဂရိအနုပညာ--။)

ရောမ[ပြင်ဆင်ရန်]

ရောမတို့က ဂရိနိုင်ငံကို စိုးမိုးလာသောအခါ ဂရိအနုပညာ သည် မှေးမှိန်ခဲ့လေသည်။ ဂရိတို့ ထုသွန်းလုပ်ထားသော ကျောက်ရုပ်နှင့် ကြေးရုပ်ပေါင်းများစွာတို့မှာလည်း ရောမတို့က ဖျက်ဆီးပစ်ခြင်းကြောင့်၎င်း၊ ရောမနိုင်ငံအပြန်တွင် ယူဆောင် သွားခြင်းကြောင့်၎င်း ဂရိနိုင်ငံ၌ ကွယ်ပျောက်လုမတတ် ဖြစ်ခဲ့ လေသည်။ ဂရိအနုပညာသည်များမှာလည်း ရောမလူမျိုးများ၏ လက်ခစားများအဖြစ်သို့ ရောက်ရှိသွားကြတော့သည်။ ရောမလူမျိုးတို့သည် စီးပွားရေးနှင့် စစ်မက်ရေးရာတွင် ထွန်းပေါက်သူများ ဖြစ်ကြသည်။ အနုပညာဘက်တွင်ကား ကိုယ်ပိုင်အစွမ်းအစဟူ၍ မရှိသလောက် ခေါင်းပါးသည်။ စင်စစ်အားဖြင့် ရောမအနုပညာမှာ ဂရိတို့ထံမှ ရရှိသော ပညာ သာလျှင် ဖြစ်၏။ သို့ရာတွင် ပုံတူလူရုပ်လုံးများ ထုလုပ်ရာတွင် ကား ရောမအနုပညာသည်များသည် သူမတူအောင် လက်စွမ်း ထက်လှပေသည်၊ ထိုခေတ်က လက်ရာများကို သာလွန်သော လက်ရာဟူ၍ ယနေ့တိုင် မတွေ့ရှိရသေးချေ။

( ရောမပန်းချီနှင့် ရုပ်လုံးထုအတတ်--။)

အိန္ဒိယနိုင်ငံ[ပြင်ဆင်ရန်]

ဥရောပတိုက်တွင် ရုပ်လုံးထုအနုပညာသည် ခရစ်ယန်အယူ ဝါဒနှင့်အတူ ထွန်းကားတိုးတက် လာသကဲ့သို့ပင် အိန္ဒိယနိုင်ငံ တွင်လည်း ဗုဒ္ဓအယူဝါဒ ထွန်းကားလာသောအခါ ကျောက်ဆစ် အတတ်၊ ဗိသုကာအတတ် စသည့် အနုပညာရပ်များ တိုးတက် လာပေသည်။ ဗုဒ္ဓမြတ်စွာဘုရားသခင်၏ ရုပ်ပွားတော် ဆင်းတု တော်များကို ကျောက်သားများဖြင့်၎င်း၊ သစ်သားပေါ်တွင်၎င်း ထုလုပ်၍ ကိုးကွယ်ကြသည်။ ထို့ပြင် ဗုဒ္ဓဝင်ဇာတ် နိပါတ်တော် တို့ကိုလည်း စေတီတံတိုင်း နံရံ စသည်တို့တွင် ထုလုပ်ဖော်ပြ ထားကြသည်။ သို့ရာတွင် ကျွန်ုပ်တို့ ယခု ဖူးမြင်နေရသော မြတ်စွာဘုရားသခင်၏ ရုပ်ပွားတော် ဆင်းတုတော်များ ကဲ့သို့ သော ရုပ်လုံး များမှာမူကား မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန် တော်မူပြီးနောက် အနှစ်ရာပေါင်းများစွာ ကြာရှိမှသာ စတင်ပေါ် ပေါက်လာခဲ့သည်။ အကောင်းဆုံးနှင့် အသပ္ပါယ်ဆုံး ရုပ်ပွား ဆင်းတုတော်များသည် ခရစ်နှစ် ၃၂ဝ ခုလောက်တွင် ပေါ် ပေါက်ခဲ့သည်။

ကျောက်ဆစ်ဆရာနှင့် ပန်းပုဆရာတို့သည် မြတ်စွာဘုရား ၏ ရုပ်တုတော်များကို အနေအထားအမျိုးမျိုးဖြင့် ရှေးဂရိတို့၏ နတ်ရုပ်များကဲ့သို့ ထွင်းထုသွန်းလုပ်ကြသည်။ ရုပ်တုတော် ကိုး ကွယ်ခြင်း အလေ့အထသည် အရှေ့ဘက် အာရှနိုင်ငံများ ဖြစ် သော မြန်မာ၊ ယိုးဒယား၊ တရုတ်၊ ဂျပန် အစရှိသည့် နိုင်ငံ များသို့ ပျံ့နှံ့ခဲ့လေသည်။

( အိန္ဒိယအနုပညာနှင့် စာပေ။)

မြန်မာနိုင်ငံ[ပြင်ဆင်ရန်]

ဗုဒ္ဓအယူဝါဒသည် အိန္ဒိယနိုင်ငံတွင် မှေးမှိန်၍ သွားသည့် အခါ၌ မြန်မာနိုင်ငံတွင် တစ်စထက်တစ်စ တိုးတက်ထွန်းကား လာခဲ့သည်။ ဗုဒ္ဓဝါဒီ မြန်မာလူမျိုးများသည် မြတ်စွာဘုရားသခင်၏ ကိုယ်စားဖြစ်သော စေတီပုထိုးများနှင့် ရုပ်တုဆင်းတုများ ကို အများအပြား တည်ဆောက်ကြခြင်းဖြင့် သာသနာတော်ကို ပြုစုကြသည်။ ရှေးခေတ်မြန်မာတို့တည်ခဲ့သော အဆောက်အအုံနှင့် ရုပ်တုဆင်းတုများမှာ လက်ဦးအစတွင် အိန္ဒိယနိုင်ငံရှိ အဆောက်အအုံနှင့် ရုပ်ပွားတော်များကို နမူနာယူကာ တည် ဆောက်ထုလုပ်ခဲ့ကြသော်လည်း နောင်အခါ၌ကား မြန်မာနည်း စစ်စစ်ဖြင့် တည်ဆောက်လာကြသည်။ မြန်မာတို့သည် ကျောက် ဆစ်အတတ်၊ ပန်းပုအတတ်၊ ပန်းတဉ်းအတတ်များကို ကောင်းစွာ ကျွမ်းကျင်တတ်မြောက်ကြပေသည်။ မြန်မာအနုပညာ

တရုတ်နိုင်ငံ[ပြင်ဆင်ရန်]

တရုတ်အနုပညာတွင် ရုပ်လုံးဖော်အတတ်သည် အထူးပင် အရေးပါ အရာရောက်သော အတတ်ပညာ ဖြစ်သည်။ တရုတ် တို့သည် ရွံ့စေးဖြင့်၎င်း၊ ကြေးဖြင့်၎င်း၊ ရွှေ ငွေတို့ဖြင့်၎င်း၊ သစ်သားဖြင့်၎င်း ရုပ်လုံးများ ထွင်းထု သွန်းလုပ်နိုင်ကြသည်။ ကျောက်စိမ်းတုံးကြီးများကို အထူးနှစ်သက်ကြသည်။ တရုတ်တို့ ထုလုပ်လေ့ရှိသော ရုပ်လုံးများမှာ စိတ်ကူးယဉ် အနုပညာလက် ရာပြ ဖြစ်သော နဂါးရုပ်ကြီးများ၊ နတ်ရုပ်များ၊ အလှအပ ငှက် ရုပ်များပင် ဖြစ်သည်။ ဗုဒ္ဓဝါဒီ ရဟန်းသံဃာတို့သည် ဗုဒ္ဓရုပ် ပွားတော်ကို အရွယ်အစား ထွင်းထု သွန်းလုပ်ကာ ကိုးကွယ်ကြ လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)