ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

ဝီကီပီးဒီးယား မှ

ပြည်ထောင်စုလွှတ်တော်သည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၇)၊ (၁၃၇၃ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်)၊ ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည်။ ဤဥပဒေကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်ထွင်စေရမည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၂၇ နောက်တွင် အောက်ပါပုဒ်မကို ပုဒ်မ ၂၇-က အဖြစ် ဖြည့်စွက်ရမည်။ ၂၇-က - မည်သူမဆို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထံမှ ထိုသူ၏ ဆန္ဒအလျောက် ကမ်းလှမ်းခြင်း မဟုတ်ဘဲ အကျိုးစီးပွားထိခိုက်စေမည်ဟု ခြိမ်းခြောက်ခြင်း သို့မဟုတ် အပြစ်ပေးမည်ဟု ခြိမ်းခြောက်ခြင်းဖြင့် ထိုသူ၏ လုပ်အား သို့မဟုတ် ဝန်ဆောင်မှုကို အဓမ္မရယူခိုင်းစေမှုပြုလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ သက်ဆိုင်ရာတရားရုံးက ချမှတ်ရမည်။