ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ

ဝီကီပီးဒီးယား မှ

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ

(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁။)

၁၃၇၃ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်

(၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်)

နိဒါန်း[ပြင်ဆင်ရန်]

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၉ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပြဋ္ဌာန်းထားသည့်အလျောက် ယင်းသို့ ခန့်အပ်တာဝန်ပေးပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အလို့ငှာ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်[ပြင်ဆင်ရန်]

  • ၁။ ဤဥပဒေကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေဟု ခေါ်တွင်စေရမည်။
  • ၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
    • (က) ရပ်ကွက်ဆိုသည်မှာ သက်ဆိုင်ရာ မြို့နယ်နိမိတ်အတွင်း ရပ်ကွက်အဖြစ် ဤဥပဒေအရ နယ်နိမိတ် သတ်မှတ်ဖွဲ့စည်းသည့် ဒေသကို ဆိုသည်။
    • (ခ) ကျေးရွာဆိုသည်မှာ သက်ဆိုင်ရာ မြို့နယ်နိမိတ်အတွင်း ပါဝင်ခြင်းမရှိသည့် နယ်မြေတွင် ကျေးရွာအဖြစ် ဤဥပဒေအရ နယ်နိမိတ်သတ်မှတ် ဖွဲ့စည်းသည့်ဒေသကို ဆိုသည်။
    • (ဂ) ကျေးရွာအုပ်စုဆိုသည်မှာ ကျေးရွာတစ်ရွာကိုဖြစ်စေ၊ ကျေးရွာအများကို စုစည်း၍ဖြစ်စေ ကျေးရွာအုပ်စုအဖြစ် ဤဥပဒေအရ နယ်နိမိတ်သတ်မှတ် ဖွဲ့စည်းသည့်ဒေသကို ဆိုသည်။
    • (ဃ) မြို့ဆိုသည်မှာ သက်ဆိုင်ရာ ရပ်ကွက်များကို စုစည်း၍ မြို့အဖြစ် ဤဥပဒေအရ နယ်နိမိတ် သတ်မှတ် ဖွဲ့စည်းသည့် ဒေသကို ဆိုသည်။
    • (င) မြို့နယ်ဆိုသည်မှာ သက်ဆိုင်ရာ ရပ်ကွက်များကိုဖြစ်စေ၊ သက်ဆိုင်ရာ ကျေးရွာအုပ်စုများနှင့် မြို့ကိုဖြစ်စေ စုစည်း၍ မြို့နယ်အဖြစ် ဤဥပဒေအရ နယ်နိမိတ်သတ်မှတ် ဖွဲ့စည်းသည့် ဒေသကို ဆိုသည်။
    • (စ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု စာရေးဆိုသည်မှာ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတွင် နိုင်ငံ့ဝန်ထမ်းအဖြစ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ခန့်အပ်ထားသော စာရေးဝန်ထမ်းကို ဆိုသည်။
    • (ဆ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဆိုသည်မှာ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ဤဥပဒေအရ ခန့်အပ် တာဝန်ပေးခြင်းခံရသော ပုဂ္ဂိုလ်ကို ဆိုသည်။
    • (ဇ) မြို့နယ်အုပ်ချုပ်ရေးမှူး ဆိုသည်မှာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးကို ဆိုသည်။
    • (ဈ) ခရိုင်အုပ်ချုပ်ရေးမှူး ဆိုသည်မှာ ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးကို ဆိုသည်။
    • (ည) အိမ်ထောင်ဦးစီးဆိုသည်မှာ သက်ဆိုင်ရာဥပဒေအရ သတ်မှတ်ထားသော အိမ်ထောင်စုဦးရေ စာရင်းပုံစံတွင် အိမ်ထောင်ဦးစီးအဖြစ် ဖော်ပြထားခြင်းခံရသူကို ဆိုသည်။

အခန်း(၂) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများ ဖွဲ့စည်းရေး[ပြင်ဆင်ရန်]

  • ၃။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ကဖြစ်စေ၊ နေပြည်တော်ကောင်စီကဖြစ်စေ ထောက် ခံတင်ပြချက်အရ နိုင်ငံတော်သမ္မတ၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီး ဌာနသည် အမိန့်ကြော်ငြာစာထုတ်ပြန်လျက်-
    • (က) မြို့ နယ်နိမိတ်အတွင်း ရပ်ကွက်များကိုဖွဲ့စည်းခြင်း၊ ပြင်ဆင်ခြင်းသို့မဟုတ် အမည်ပြောင်းလဲခြင်း ပြုနိုင်သည်။
    • (ခ) မြို့ နယ်နိမိတ်ပြင်ပတွင် ကျေးရွာများဖွဲ့စည်းခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် အမည်ပြောင်းလဲခြင်း ပြုနိုင်သည်။
    • (ဂ) ပုဒ်မခွဲ(ခ)အရ ဖွဲ့စည်းသည့် ကျေးရွာတစ်ရွာကိုဖြစ်စေ၊ ကျေးရွာအများကို စုစည်း၍ဖြစ်စေ ကျေးရွာအုပ်စုအဖြစ် ဖွဲ့စည်းခြင်း၊ ပြင်ဆင်ခြင်းသို့မဟုတ် အမည်ပြောင်းလဲခြင်း ပြုနိုင်သည်။
    • (ဃ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသည့် ရပ်ကွက်များကိုစုစည်း၍ မြို့ သို့မဟုတ် မြို့နယ်အဖြစ် ဖွဲ့စည်းခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် အမည်ပြောင်းလဲခြင်း ပြုနိုင်သည်။
    • (င) ရပ်ကွက်များကိုဖြစ်စေ၊ ကျေးရွာအုပ်စုနှင့် မြို့များကိုဖြစ်စေ စုစည်း၍ မြို့နယ်အဖြစ် ဖွဲ့စည်းခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် အမည်ပြောင်းလဲခြင်း ပြုနိုင်သည်။
  • ၄။ မြို့များအက်ဥပဒေ (၁၉၀၇ ခုနှစ် ၊ မြန်မာနိုင်ငံအက် ဥပဒေအမှတ် ၃) နှင့် ကျေးရွာအက်ဥပဒေ (၁၉၀၇ ခုနှစ်၊ မြန်မာနိုင်ငံ အက်ဥပဒေအမှတ် ၆) အရ သတ်မှတ်ထားသော မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများသည် ဤဥပဒေအရ ပြင်ဆင်ဖွဲ့စည်းခြင်း မပြုသရွေ့ သတ်မှတ်သည့် မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများဖြစ်သည်ဟု မှတ်ယူရမည်။

အခန်း(၃) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူးတွင် ပြည့်စုံရမည့် အရည်အချင်းများ[ပြင်ဆင်ရန်]

  • ၅။ အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-
    • (က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ခြင်း၊
    • (ခ) အသက် ၂၅ နှစ် ပြည့်ပြီးသူဖြစ်ခြင်း၊
    • (ဂ) သင့်တင့်သော ပညာအရည်အချင်းရှိသူဖြစ်ခြင်း၊
    • (ဃ) စားဝတ်နေရေးဖူ လုံမှုရှိသူဖြစ် ခြင်း၊
    • (င) သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်ဆက်တည်း အနည်းဆုံး ဆယ်နှစ် နေထိုင်လျက်ရှိသူဖြစ်ပြီး လက်ရှိ တာဝန်ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုတွင် အမှန်တကယ် နေထိုင်မည့်သူဖြစ်ခြင်း၊

ခြွင်းချက်။ ဒေသခံအငြိမ်းစားဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအတွင်းနေထိုင်သည့် ကာလကို လျှော့ပေါ့ စဉ်းစားနိုင်သည်။

    • (စ) ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသူဖြစ်ခြင်း၊
    • (ဆ) ကျန်းမာရေးကောင်းမွန်ပြီး ပေးအပ်သည့်တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိသူဖြစ်ခြင်း၊
    • (ဇ) နိုင်ငံတော်နှင့် ရပ်ရွာဒေသ၏အကျိုးကို စေတနာထက်သန်စွာဖြင့် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသူဖြစ်ခြင်း၊
    • (ဈ) အတူနေမိသားစုဝင်များသည်လည်း အကျင့်စာရိတ္တ ကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများ ဖြစ်ခြင်း၊
    • (ည) တာဝန်ထမ်းဆောင်ဆဲ အစိုးရဝန်ထမ်းမဟုတ်ခြင်း၊
    • (ဋ) လက်နက်ကိုင်အဖွဲ့အစည်းဝင် မဟုတ်ခြင်း၊ မတရားအသင်းအဖွဲ့များ၌ ပါဝင်သူ၊ ဆက်သွယ်သူမဟုတ်ခြင်း။

အခန်း(၄) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ခန့်အပ်တာဝန်ပေးခြင်း[ပြင်ဆင်ရန်]

  • ၆။ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ယင်းတာဝန်ကို ထမ်းဆောင်ရန်ဆန္ဒရှိသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ အများကြည်ညိုလေးစားပြီး ဩဇာတိက္ကမရှိသည့် ရပ်မိရပ်ဖ ငါးဦးကို ရွေးချယ်၍ ကြီးကြပ်ရေးအဖွဲ့အဖြစ် တာဝန် ပေးအပ်ရမည်။
  • ၇။ ကြီးကြပ်ရေးအဖွဲ့သည်-
    • (က) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ အိမ်ခြေစာရင်းကို ရယူ၍ သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ ရပ်ကွက် သို့မဟုတ်ကျေးရွာအလိုက် ဆယ်အိမ်စု အစုအဖွဲ့များ ဖွဲ့စည်းရမည်။
    • (ခ) ဆယ်အိမ်စုအသီးသီး၌ နေထိုင်သော အိမ်ထောင်ဦးစီး သို့မဟုတ်အသက် ၁၈ နှစ် ပြည့်ပြီးသည့် အိမ်ထောင်စု ကိုယ်စားလှယ်တစ်ဦးစီအား စုစည်း၍ ယင်းတို့ရွေးချယ်မည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအတွက် ပုဒ်မ ၅ တွင် သတ်မှတ်ထားသော အရည်အချင်းများကို ရှင်းလင်းပြောကြားရမည်။
    • (ဂ) ဆယ်အိမ်စုတစ်စုတွင်ပါဝင်သော သက်ဆိုင်ရာ အိမ်ထောင်ဦးစီးများက မိမိတို့ ဆယ်အိမ်စုတွင် နေထိုင်သူများအနက်မှ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးအား လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်ခြင်းခံရသူ၏ အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်တို့ကို တင်ပြစေရမည်။
    • (ဃ) ဆယ်အိမ်စုတစ်စုစီအလိုက် ရွေးချယ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးကို သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံခြင်း ရှိ မရှိ စိစစ်ရမည်။ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများကို ဆယ်အိမ်စု ကိုယ်စားလှယ်များအဖြစ် အမည်စာရင်းပြုစုရမည်။
    • (င) ပုဒ်မခွဲ (ဃ)အရ ပြုစုသည့် အမည်စာရင်းပါ ဆယ်အိမ်စု ကိုယ်စားလှယ်တစ်ဦးချင်းကဖြစ်စေ၊ တစ်ဦးထက် ပိုသူများကဖြစ်စေ၊ မိမိတို့အနက်မှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးရန် အဆိုပြုလိုသော ပုဂ္ဂိုလ်၏အမည်ကို တင်သွင်းစေပြီး ယင်းတို့၏ အမည်စာရင်းကို ပြုစုရမည်။
    • (စ) ပုဒ်မခွဲ (င)အရ ပြုစုသော အမည်စာရင်းပါ ပုဂ္ဂိုလ်များအနက်မှ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးကို ဆယ်အိမ်စုကိုယ်စားလှယ်များအားလုံးက လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်စေရမည်။ ရရှိသောမဲစာရင်းကို ရေတွက် ၍ ကြေညာရမည်။
    • (ဆ) ပုဒ်မခွဲ (စ)အရ ရွေးချယ်ရရှိသော ဦးစားပေးအစီအစဉ်ကို ပြုစုပြီး လျှို့ဝှက်ဆန္ဒမဲ အများဆုံးရရှိသော ပုဂ္ဂိုလ်၏ အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြရမည်။
  • ၈။ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ကြီးကြပ်ရေးအဖွဲ့က တင်ပြသော အမည်စာရင်းပါ ပုဂ္ဂိုလ်ကို စိစစ်ပြီး ပုဒ်မ ၅ ပါ အရည်အချင်းများနှင့်ပြည့်စုံပါက ခရိုင်အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးရမည်။
  • ၉။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ သက်တမ်းသည်ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့်အညီဖြစ်သည်။ ယင်း၏သက်တမ်းသည် သုံးကြိမ်ထက်မပိုစေရ။
  • ၁၀။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသည့်နေ့မှ စ၍ မိမိတာဝန်ထမ်းဆောင်စဉ် သက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ။

အခန်း(၅) လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ[ပြင်ဆင်ရန်]

  • ၁၁။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် အောက်ပါကျင့်ဝတ်များနှင့်အညီ ကျင့်သုံးဆောင်ရွက်ရမည်-
    • (က) လုပ်ငန်းတာဝန်များကို ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ခြင်း၊
    • (ခ) လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်း၊ အရှိန်အဝါကို အသုံးပြုခြင်း၊ မသမာမှုပြုခြင်းနှင့် မလျော်ဩဇာသုံးခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊
    • (ဂ) ဥပဒေနှင့်အညီ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်း။

အခန်း(၆) လုပ်ငန်းအခြေခံမူများ[ပြင်ဆင်ရန်]

  • ၁၂။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် အောက်ပါ အခြေခံမူများနှင့်အညီ ဆောင်ရွက်ရမည်-
    • (က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တို့ကို လိုက်နာစောင့်ထိန်းခြင်း၊
    • (ခ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊
    • (ဂ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုနေ ပြည်သူများ အေးချမ်းတည်ငြိမ်စွာ လုပ်ကိုင်နေထိုင်နိုင်စေခြင်း၊
    • (ဃ) ရပ်ရွာဒေသ ဓလေ့ထုံးတမ်းစဉ်လာနှင့် လူမျိုးနွယ်စုများ၏ ဓလေ့ထုံးတမ်းများကို အလေးထားခြင်း၊
    • (င) အများပြည်သူအကျိုးနှင့် ဒေသခံပြည်သူများ၏အကျိုးကို လတ်တလောထိခိုက်စေသည့် ဘေးအန္တရာယ်များ ကျရောက်သဖြင့် အရေးပေါ်အခြေအနေပေါ်ပေါက်သည့်အခါ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းတိုင်းသည် ယင်းတို့အတွက် အရေးကြီးပြီး တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းဖြစ်စေရမည့်အပြင် ဒေသခံပြည်သူများ အပေါ် ကြီးလေးသော ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် အလေးထားဆောင်ရွက်ခြင်း၊
    • (စ) မိမိ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်း၊
    • (ဆ) ဤဥပဒေပါ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၏ အကြံဉာဏ်ရယူခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

အခန်း(၇) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ လုပ်ငန်းတာဝန်များ[ပြင်ဆင်ရန်]

  • ၁၃။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် အောက်ပါ လုပ်ငန်းတာဝန်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်-
    • (က) လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး၊
    • (ခ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူများ၏ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်း တာဝန်များဆောင်ရွက်ခြင်း၊
    • (ဂ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်း၊
    • (ဃ) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပံ့ပိုးကူညီခြင်း၊
    • (င) မှုခင်းများနှင့် ဒုစရိုက်မှုများဖော်ထုတ်ခြင်း၊ သတင်းပေးတိုင်ကြားခြင်း၊ ဖမ်းဆီးအရေးယူခြင်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများအား သတင်းပို့ခြင်းနှင့်ကူညီခြင်း၊
    • (စ) ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၊ နေပြည်တော်ကောင်စီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့ကဖြစ်စေ၊ ယင်းတို့၏ တာဝန်ပေးချက်အရ အစိုးရဌာန၊ အဖွဲ့အစည်းကဖြစ်စေ ဦးစီးကျင်းပသည့် အခမ်းအနားများနှင့် ပွဲများမှအပ အခမ်းအနားများ၊ အများပြည်သူသို့ ဖျော်ဖြေသည့်ပွဲများ၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ရိုးရာဓလေ့အရပွဲများ ကျင်းပခွင့်အမိန့် တောင်းခံခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးထံ သဘောထားမှတ်ချက် တင်ပြခြင်း၊ ကျင်းပခွင့်မရှိဘဲဖြစ်စေ၊ သတ်မှတ်ထားသော စည်းကမ်းချက်ကို မလိုက်နာဘဲဖြစ်စေ အခမ်းအနားကိစ္စများအပါအဝင် ပွဲကျင်းပပါက အရေးယူရန် တင်ပြခြင်း၊
    • (ဆ) အခြားရပ်ကွက် သို့ မဟုတ် ကျေးရွာအုပ်စုမှ ညဉ့်အိပ်ညဉ့်နေ လာရောက်တည်းခိုသော ဧည့်သည်များအတွက် ဧည့်စာရင်းတိုင်ကြားခြင်းကို လက်ခံခြင်း၊ ခွင့်ပြုခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ ဧည့်စာရင်း တိုင်ကြားရန် ပျက်ကွက်လျှင် အရေးယူခြင်း၊
    • (ဇ) ရပ်ကွက် သို့မဟုတ် ကျေးရွာအတွင်း နေထိုင်သူမဟုတ်သော မသင်္ကာဖွယ် သူစိမ်းတွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပို့ခြင်းနှင့် ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တစ်ပြေးညီ အစီရင်ခံခြင်း၊
    • (ဈ) အသံချဲ့စက်ဖွင့်ခွင့် တောင်းခံခြင်းကို စည်းကမ်းချက်သတ်မှတ်၍ ခွင့်ပြုခြင်း၊ ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်ဖွင့်သူ သို့မဟုတ် စည်းကမ်းဖောက်ဖျက်သူအား အရေးယူခြင်း၊ အရေးယူရန် အကြောင်းကြားခြင်း၊
    • (ည) ဘိလိယက်ခုံနှင့် ဘိလိယက်ခုံကဲ့သို့သော အများပြည်သူနှင့်သက်ဆိုင်သည့် ဖျော်ဖြေမှု၊ အပန်းဖြေ အနားယူမှုလုပ်ငန်းများ တည်ထောင်ခွင့် တောင်းခံလာပါက သဘောထားမှတ်ချက်ဖြင့် သက်ဆိုင်ရာသို့ တင်ပြခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်လျှင်ဖြစ်စေ၊ စည်းကမ်းချက် မလိုက်နာလျှင်ဖြစ်စေ အရေးယူခြင်း၊ အရေးယူရန် အကြောင်းကြားခြင်း၊
    • (ဋ) အများပြည်သူဆိုင်ရာနေရာတွင် လောင်းကစားခြင်းကို ဖမ်းဆီးခြင်း၊ အရေးယူနိုင်ရန် အကြောင်းကြားခြင်း၊
    • (ဌ) လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေခြင်း သို့မဟုတ် ရှာဖွေရန် ဝရမ်းထုတ်ပေးခြင်း၊
    • (ဍ) လက်ပူးလက်ကြပ် ဖမ်းဆီးရမိခြင်းမရှိသော သတင်းကျော်စောသည့် လူဆိုး၊ သူခိုးများအား ဖမ်းဆီးခြင်း၊ အရေးယူရန် အကြောင်းကြားခြင်း၊
    • (ဎ) တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအတွက် စစ်ဆေးရန် လိုအပ်သောနေရာများကို အခါအားလျော်စွာ စစ်ဆေးခြင်း၊
    • (ဏ) လမ်းများ၊ အများပြည်သူဆိုင်ရာနေရာများတွင် အများပြည်သူအား အနှောင့်အယှက်ဖြစ်စေရန်၊ အန္တရာယ်ဖြစ်စေရန်၊ ထိခိုက်နစ်နာစေရန် ပြုလုပ်မှုအတွက်လည်းကောင်း၊ ခိုက်ရန် ဖြစ်ပွားမှုကိုလည်းကောင်း၊ ခွင့်ပြုချက်မရှိသော လက်နက်ခဲယမ်းများ ကိုင်ဆောင်မှုကိုလည်းကောင်း တားမြစ်ခြင်း၊ ယင်းသို့တားမြစ်သည်ကို လိုက်နာခြင်းမရှိပါက ဖမ်းဆီးခြင်း၊ ဖမ်းဆီးရန် အကြောင်းကြားခြင်း၊
    • (တ) နိုင်ငံခြားသားဝင်ထွက်သွားလာမှုကို သက်ဆိုင်ရာသို့ သတင်းပေးပို့ခြင်း၊
    • (ထ) မိမိရှေ့တွင်ဖြစ်ပွားသော ပြစ်မှုနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူအား ကိုယ်တိုင်ဖမ်းဆီးခြင်း သို့မဟုတ် ဖမ်းဆီးစေခြင်း၊ ယင်းသို့ ဖမ်းဆီးခံရသူကို အရေးယူရန် သက်ဆိုင်ရာသို့ အကြောင်းကြားခြင်း၊
    • (ဒ) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး၊ မီးဘေးကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေး၊ အများပြည်သူတို့အား နှောင့်ယှက်မှုမှ တားဆီးရေးတို့ကို ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ခြင်း၊
    • (ဓ) ဖွားသေမှတ်ပုံတင်စာရင်းနှင့် အိမ်ထောင်စု ပြောင်းရွှေ့ထွက်ခွာခြင်း၊ ပြောင်းရွှေ့ရောက်ရှိခြင်းနှင့် လူဦးရေ စာရင်းများပြုစုခြင်း၊
    • (န) လူနှင့်တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားပါက သက်ဆိုင်ရာသို့သတင်းပို့ခြင်း၊ တိရစ္ဆာန်များ စနစ်တကျ မွေးမြူရန် စည်းကမ်းသတ်မှတ်ခြင်း၊ သတ်ဖြတ်ခွင့်မရှိဘဲဖြစ်စေ၊ စည်းကမ်းနှင့်မညီဘဲဖြစ်စေ ကျွဲနွား သတ်ဖြတ်ခြင်းကို တားမြစ်ခြင်း၊ မလိုက်နာပါက သက်ဆိုင်ရာသို့ အရေးယူရန်အကြောင်းကြားခြင်း၊
    • (ပ) နိုင်ငံပိုင်မြေ၊ မြို့မြေ၊ ကျေးရွာမြေ၊ လယ်ယာမြေ၊ မြေနုကျွန်း၊ လမ်းမြေ၊ သစ်တောမြေ၊ ကျေးရွာပိုင် ထင်းစိုက်ခင်းမြေ၊ စားကျက်မြေ၊ ကျေးရွာဘုံမြေ၊ သုသာန်မြေများတွင် ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ခြင်း၊ အိမ်စုအသစ် ဆောက်လုပ်ခြင်း၊ ရပ်ကွက်ကျေးရွာအသစ်ဖွဲ့စည်းခြင်း၊ နေအိမ်အဆောက်အအုံ ဆောက်လုပ်ခြင်းတို့ကို တားမြစ်ခြင်း၊ မလိုက်နာပါကအရေးယူရန် အကြောင်းကြားခြင်း၊
    • (ဖ) ရပ်ကွက် သို့မဟုတ် ကျေးရွာအတွင်းရှိ ဆည်မြောင်း၊ တာတမံများ၊ မြစ်၊ ချောင်းများ၊ တူးမြောင်းများ၊ လယ်ကြား မြောင်းများ၊ ရေဆိုးထုတ်မြောင်းများ၊ ရေတွင်းရေကန်များ၊ စက်ရေတွင်းများ၊ လက်ရိုက်တွင်းတိမ်များ၊ စိမ့်စမ်း ရေထွက်များကို ထိန်းသိမ်းခြင်း၊ ကျူးကျော်ဖျက်ဆီးမှုများကို သက်ဆိုင်ရာသို့ အရေးယူရန်အကြောင်းကြားခြင်း၊
    • (ဗ) ရပ်ကွက် သို့မဟုတ် ကျေးရွာအတွင်းရှိ မြေတိုင်းမှတ်တိုင်များနှင့် ဆက်စပ်သည့် နယ်နိမိတ်မှတ်တိုင် သို့မဟုတ် ကျောက်တိုင်များ စစ်ဆေးကြည့်ရှုခြင်း၊ နယ်နိမိတ်တစ်လျှောက်တွင် ဖြစ်ပေါ်သည့် ထူးခြားမှုအခြေအနေများကို မြို့နယ်အုပ်ချုပ်ရေးမှူးထံတင်ပြခြင်း၊
    • (ဘ) တည်ဆဲဥပဒေတစ်ရပ်ရပ်က အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရ လယ်ယာမြေ စီမံခန့်ခွဲခြင်း၊
    • (မ) ရွာမြေများအတွက်နှင့် ရွာမြေများအတွင်း မြေနေရာများကို ချထားပေးမည်ဆိုပါက မြို့နှင့်ကျေးရွာမြေများ ဥပဒေနှင့်အညီ သက်ဆိုင်ရာသို့ တင်ပြဆောင်ရွက်ခြင်း၊
    • (ယ) မြေခွန်နှင့် အစိုးရချေးငွေများကောက်ခံပေးခြင်း၊
    • (ရ) အင်းအိုင်များ၊ ငါးမွေးကန် များထိန်းသိမ်းခြင်း၊ အင်းအိုင်များတွင် ခွင့်ပြုချက်မရှိဘဲ ကျူးကျော်သူများ၊ ငါးပုစွန်ဖမ်းသူများကို တားမြစ်ခြင်း၊မလိုက်နာပါက သက်ဆိုင်ရာသို့ အရေးယူရန်အကြောင်းကြားခြင်း၊
    • (လ) မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး စသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ပါက ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
    • (ဝ) အများပြည်သူအကျိုးနှင့် ဒေသခံပြည်သူများ၏အကျိုးကို လတ်တလောထိခိုက်စေသည့် ဘေးအန္တရာယ်များ ကျရောက်သဖြင့် အရေးပေါ်အခြေအနေ ပေါ်ပေါက်သည့်အခါ ဒေသခံပြည်သူတို့အတွက် အရေးကြီးပြီး တိုက်ရိုက် အကျိုးပြုသည့်လုပ်ငန်းကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်ခြင်း၊
    • (သ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များကို ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ပံ့ပိုးကူညီခြင်း၊
    • (ဟ) သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဥပဒေနှင့်အညီ ပေးအပ်သောလုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း၊
    • (ဠ) တည်ဆဲဥပဒေတစ်ရပ်ရပ်က ပေးအပ်သော လုပ်ငန်းတာဝန်များကိုဆောင်ရွက်ခြင်း။

အခန်း(၈) နုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းနှင့်အစားထိုးခန့်အပ်ခြင်း[ပြင်ဆင်ရန်]

  • ၁၄။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ကျန်းမာရေးကြောင့်သော်လည်းကောင်း၊ မိမိ၏ဆန္ဒအလျောက်သော်လည်းကောင်း၊ တာဝန်မှနုတ်ထွက်ခွင့်ပြုရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြနိုင်ခွင့် ရှိသည်။
  • ၁၅။ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးဦးနှင့် ပတ်သက်၍ အောက်ပါအကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်လျှင်လိုအပ်ပါက စုံစမ်းစစ်ဆေးမှုပြုပြီး ခရိုင်အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် နုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းပြုနိုင်သည်-
    • (က) တာဝန်မှ နုတ်ထွက်ခွင့်ပြုရန်တင်ပြချက်ကို လက်ခံရရှိခြင်း၊
    • (ခ) အခန်း(၅)ပါ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊
    • (ဂ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရခြင်း၊
    • (ဃ) အခြားအရပ်ဒေသတစ်ခုခုသို့ အမြဲတမ်းပြောင်းရွှေ့ခြင်း၊
    • (င) ကွယ်လွန်ခြင်း၊
    • (စ) ဤဥပဒေ အခန်း(၃)တွင် ပြဋ္ဌာန်းထားသော ရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ အရည်အချင်းပျက်ယွင်းခြင်း။
  • ၁၆။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးဦးအား နုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှယာယီ ရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းနှင့် စပ်လျဉ်း၍-
    • (က) နုတ်ထွက်ခွင့်ပြုခြင်း သို့မဟုတ် တာဝန်မှရပ်စဲခြင်းကြောင့် လစ်လပ်သည့်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေရာအတွက် ပုဒ်မ ၅၊ ၆ နှင့် ၇ တို့ပါ ပြဋ္ဌာန်းချက်နှင့်အညီဆောင်ရွက်၍ ရက်ပေါင်း ၃၀ အတွင်း အစားထိုးခန့်အပ် တာဝန်ပေးရမည်။
    • (ခ) အစားထိုးတာဝန် ပေးအပ်ခြင်းခံရသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ သက်တမ်း ကာလသည် နုတ်ထွက်ခွင့်ပြုခြင်း သို့မဟုတ် တာဝန်မှရပ်စဲခြင်းခံရသူ၏ ကျန်သက်တမ်းကာလအတွက်သာ ဖြစ်ရမည်။
    • (ဂ) တာဝန်မှ ယာယီရပ်ဆိုင်းခြင်းခံရသည့် ကာလတွင်ဖြစ်စေ၊ နုတ်ထွက်ခြင်းသို့မဟုတ် တာဝန်မှရပ်စဲခြင်းကြောင့် လစ်လပ်နေသည့်ကာလတွင်ဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ တာဝန်ကို ထမ်းဆောင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ယင်းရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စုအတွင်းရှိ ပုဒ်မ ၇၊ ပုဒ်မခွဲ (ဆ)အရ ဒုတိယဦးစားပေး အဆင့်ရရှိသူအား ယာယီတာဝန်ပေးအပ်ရမည်။

(ဃ)ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ) တို့ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်နိုင်ခြင်းမရှိသည့်အခါ မြို့နယ်အုပ်ချုပ်ရေးမှူးသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ သို့မဟုတ် နေပြည်တော်ကောင်စီ၏ သဘောတူချက်ရယူ၍ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် ယာယီ တာဝန်ပေးအပ်နိုင်သည်။

အခန်း(၉) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူ၏ တာဝန်ဝတ္တရားများ[ပြင်ဆင်ရန်]

  • ၁၇။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အောက်ပါကိစ္စတစ်ရပ်ရပ် ပေါ်ပေါက်ပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ သတ်မှတ်ချက်များနှင့်အညီ တိုင်ကြားရမည်-
    • (က) အခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတစ်ခုခုတွင် နေထိုင်ပြီး မိမိအိမ်ထောင်စုစာရင်းဝင် မဟုတ်သူက ညဉ့်အိပ်ညဉ့်နေ ဧည့်သည်အဖြစ် လာရောက်တည်းခိုခြင်း၊
    • (ခ) မိမိထံလာရောက်တည်းခိုသော ဧည့်သည်ပြန်လည်ထွက် ခွာသွားခြင်း။
  • ၁၈။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အသံချဲ့စက် ဖွင့်လိုပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုမိန့်ရယူရမည့်အပြင် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်။
  • ၁၉။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူများသည်-
    • (က) မှုခင်းများ၊ ဒုစရိုက်မှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာသို့ သတင်းပေးပို့ရမည်။
    • (ခ) တိရစ္ဆာန်များ စနစ်တကျမွေးမြူရန် သတ်မှတ်သည့် ညွှန်ကြားချက်ကို လိုက်နာရမည်။
    • (ဂ) မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် အိမ်ထောင်စု ပြောင်းရွှေ့ထွက်ခွာခြင်း၊ ပြောင်းရွှေ့ရောက်ရှိခြင်းတို့ကို သတင်း ပေးပို့ရမည်။
  • ၂၀။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် ဘိလိယက်ခုံနှင့် ဘိလိယက်ခုံကဲ့သို့သော အများပြည်သူနှင့် သက်ဆိုင်သည့် ဖျော်ဖြေမှု၊ အပန်းဖြေအနားယူမှုလုပ်ငန်းများ တည်ထောင်လိုပါက သက်ဆိုင်ရာ တာဝန်ရှိသူထံမှ ခွင့်ပြုချက် ရယူရမည့်အပြင် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်။
  • ၂၁။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အခမ်းအနားများ၊ အများပြည်သူဖျော်ဖြေသည့်ပွဲများ၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ရိုးရာဓလေ့အရ ပြုလုပ်သည့်ပွဲများကို ကျင်းပလိုပါက သက်ဆိုင်ရာတာဝန်ရှိသူထံမှ ခွင့်ပြုမိန့် ရယူရမည့်အပြင် သတ်မှတ်ပေးထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်။
  • ၂၂။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်နစ်နာစေရန် ပြုလုပ်ခြင်းကို ရှောင်ကြဉ်ရမည်။
  • ၂၃။ ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်ပြီး အရေးပေါ်အခြေအနေ ပေါ်ပေါက်သည့်အခါ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းနေထိုင်သူသည် အများပြည်သူအကျိုးငှာ တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများကို ကူညီ ဆောင်ရွက်ရမည်။

အခန်း(၁၀) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူများ၏ အခွင့်အရေးများ[ပြင်ဆင်ရန်]

  • ၂၄။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် သက်ဆိုင်ရာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူများ၏ အောက်ပါအခွင့်အရေးများကို စောင့်ရှောက်ပေးရမည်-
    • (က) နေအိမ်ဥပစာလုံခြုံမှုနှင့် ပစ္စည်းလုံခြံ ုမှုအခွင့်အရေး၊
    • (ခ) ဘာသာသာသနာဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခွင့်၊
    • (ဂ) စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းများ ပြုစုပျိုးထောင်ခွင့်၊
    • (ဃ) ပညာသင်ကြားရေးဆိုင်ရာ အခွင့်အရေး၊
    • (င) ကျန်းမာရေးဆိုင်ရာအခွင့်အရေး၊
    • (စ) လူမှုစီးပွားဖွံ့ဖြိ ုးတိုးတက်ရေးဆိုင်ရာအခွင့်အရေး။

အခန်း(၁၁) ပြစ်မှုနှင့်ပြစ်ဒဏ်များ[ပြင်ဆင်ရန်]

  • ၂၅။ မည်သူမဆိုပုဒ်မ ၂၀ ပါ တာဝန်ကို ဆောင်ရွက်ရန် ပျက်ကွက်လျှင် ထိုသူကို တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ သက်ဆိုင်ရာတရားရုံးက ချမှတ်ရမည်။
  • ၂၆။ မည်သူမဆို ပုဒ်မ ၂၁ ပါ တာဝန်ကို ဆောင်ရွက်ရန် ပျက်ကွက်လျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ သက်ဆိုင်ရာတရားရုံးက ချမှတ်ရမည်။
  • ၂၇။ မည်သူမဆို ပုဒ်မ ၁၇၊ ၁၈ နှင့် ၁၉ ပါ တာဝန်ကို ဆောင်ရွက်ရန် ပျက်ကွက်လျှင် ထိုသူကို ကျပ်ငါးထောင်ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။ ငွေဒဏ်ပေးဆောင်ရန်ပျက်ကွက်ပါက ခုနစ်ရက်ထက်မပိုသော ထောင်ဒဏ် ကျခံစေရန် သက်ဆိုင်ရာတရားရုံးက ချမှတ်ရမည်။

အခန်း(၁၂) ချီးမြှင့် ထောက်ပံ့ငွေ[ပြင်ဆင်ရန်]

  • ၂၈။ ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအတွက် အောက်ပါ ချီးမြှင့်ထောက်ပံ့ငွေများကို သတ်မှတ်ပေးရမည်-
    • (က) လစဉ်ချီးမြှင့်ထောက်ပံ့ငွေ၊
    • (ခ) သက်တမ်းကာလအပြည့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပါက တစ်လုံးတစ်ခဲတည်းချီးမြှင့်ငွေ။

အခန်း(၁၃) ရုံးအသုံးစရိတ်များ[ပြင်ဆင်ရန်]

  • ၂၉။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများအတွက် ရုံးအသုံးစရိတ်များ သုံးစွဲနိုင်ရန် နှစ်စဉ်ရသုံးမှန်းခြေငွေစာရင်း၌ မြို့နယ်အလိုက် သင့်လျော်သည့်ရန်ပုံငွေပမာဏကို ခွဲဝေသတ်မှတ် လျာထားရမည်။
  • ၃၀။ ပုဒ်မ ၂၉ တွင် ခွဲဝေသတ်မှတ်ထားသော ရန်ပုံငွေကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ညွှန်ကြားချက်များနှင့်အညီ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြတောင်းခံပြီး စနစ်တကျသုံးစွဲရမည်။

အခန်း(၁၄) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုစာရေး[ပြင်ဆင်ရန်]

  • ၃၁။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရန် အဓိက အထောက်အကူပြုရုံးဝန်ထမ်းမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု စာရေးဖြစ်သည်။
  • ၃၂။ အဆိုပါရုံးဝန်ထမ်း၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
    • (က) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အရအစည်းအဝေးဖိတ်ခေါ်ခြင်း၊ သတ်မှတ်သည့်နေ့ရက်၊ အချိန်၊ အစီအစဉ်အတိုင်းကျင်းပခြင်း၊
    • (ခ) အစည်းအဝေးများတွင် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခြင်း၊
    • (ဂ) အစည်းအဝေးမှတ်တမ်းများ ပြုစုခြင်း၊ မှတ်တမ်းကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် ဖြန့်ဝေခြင်း၊
    • (ဃ) အစည်းအဝေးဆုံးဖြတ်ချက်ပါ လုပ်ငန်းများကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
    • (င) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း ထားရှိရမည့် စာရင်းဇယားများ၊ ပုံစံများကောက်ယူခြင်း၊ ပြုစုထားရှိခြင်း၊
    • (စ) အခန်း(၁၂)ပါ ချီးမြှင့်ထောက်ပံ့ငွေဆိုင်ရာ ငွေကြေးကိစ္စများ၊ အခန်း (၁၃)ပါ ရုံးအသုံးစရိတ်များနှင့် စပ်လျဉ်း၍ ငွေစာရင်းများရေးဆွဲခြင်း၊ ထိန်းသိမ်းခြင်း၊ ရငွေသုံးငွေ အသုံးစရိတ်ပြန်တမ်းများ တင်ပြခြင်းတို့ကို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် မြို့နယ်အုပ် ချုပ်ရေးမှူးထံ တင်ပြခြင်း၊
    • (ဆ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ပေးအပ်သော တာဝန်များကို ဆောင်ရွက်ခြင်း။

အခန်း(၁၅) အထွေထွေ[ပြင်ဆင်ရန်]

  • ၃၃။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ဧည့်စာရင်း တိုင်ကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမပြုရ။
  • ၃၄။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ထိရောက်စေရေးအတွက် အောက်ပါအတိုင်း ပံ့ပိုး ဆောင်ရွက်ပေးရမည် -
    • (က) လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ခြင်း၊
    • (ခ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူများအား စည်းကမ်းထိန်းသိမ်းခြင်း၊
    • (ဂ) မှုခင်းများနှင့် ဒုစရိုက်မှုများ ဖော်ထုတ်ခြင်း၊ ဖမ်းဆီးခြင်း၊ အရေးယူခြင်း၊ သတင်းပေးပို့ခြင်း၊
    • (ဃ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လုံခြုံရေးနှင့် ကာကွယ်ရေးအစီအမံများအရ ဆောင်ရွက်ခြင်း။
  • ၃၅။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် မိမိ၏လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သော အထောက်အကူ ရရှိနိုင်ရေးအတွက် မြို့နယ် အုပ်ချုပ်ရေးမှူးထံ တင်ပြ၍ စီမံ ဆောင်ရွက်နိုင်သည်။
  • ၃၆။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-
    • (က) ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
    • (ခ) ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာနသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၃၇။ မြို့များအက်ဥပဒေ (၁၉၀၇ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေအမှတ် ၃)နှင့် ကျေးရွာအက်ဥပဒေ (၁၉၀၇ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေအမှတ် ၆)တို့ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်