ရခိုင်သမက်တက်

ဝီကီပီးဒီးယား မှ

ရခိုင်အပျိုလူပျိုတို့ အရွယ်ရောက်လျှင် လူငယ်ချင်းချစ်ကြိုက်၍ လက်ထပ်မင်္ဂလာဆောင်ခြင်းများ ရှိသကဲ့သို့ အများအားဖြင့် မိဘများက အိမ်ထောင်ဘက်ကို ရွေးချယ်ပြီးသည်များသည်။ ရခိုင်လူမျိုးသည် မိဘစကားကိုနာခံတတ်သူများဖြစ်သဖြင့် မိဘများ၏အစီအမံကိုလက်ခံတတ်လေ့ရှိသည်။ သားသမီးများအချိန်တန်အရွယ်ရောက်လာလျှင် အိမ်ထောင်ဖက်ကို အများအားဖြင့်မိဘများက ရွေးချယ်ပေးသောဓ‌လေ့သည် ရခိုင်လူမျိုးတွင် ယခုခေတ်ချိန်ထိခေတ်စားလျက်ရှိသည်။ ရှေးရိုးအစဉ်အဆက် ကျင့်သုံးလာခဲ့သော ရခိုင်လူမျိုးတို့၏ လက်ထပ်မင်္ဂလာပွဲဓလေ့သည် ဗမာလူမျိုးနှင့်မတူ တမူထူးခြားသော ဓလေ့ထုံးစံများဖြစ်သည်။

ရခိုင်ရိုးရာမင်္ဂလာဆောင်မှာ ဗမာရိုးရာမင်္ဂလာဆောင်နှင့်မတူ တမူထူးခြားသည်။ သမီးရှင် (သတို့သမီး) နှင့် သမက်ရှင် (သတို့သား) လက်ထက်ထိမ်းမြားသောမင်္ဂလာဆောင်ပွဲကို ရခိုင်စကားတွင် “သမက်တက်ပွဲ” ဟုခေါ်သည်။ ယောက္ခမအိမ်သို့ သမက်ကိုတင်ပို့ရသောကြောင့်လည်းကောင်း၊ လက်ထပ်ရန်သွားရသောကြောင့်လည်းကောင်း “သမက်တက်” ဟုခေါ်ရခြင်းဖြစ်သည်။ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်နှင့် အခြားသော ရခိုင်မြို့နယ် ဒေသများတွင် အနည်းငယ်ကွဲလွဲချက်ရှိသည်။

သမီးတောင်းခြင်း[ပြင်ဆင်ရန်]

ပထမယောက်ျား‌လေးဘက်မှ မိန်းမပျိုကိုကြိုက်လျှင် အရပ်မှအမျိုးသမီးကြီးမှတဆင့်ပြောကြားရပြီး ရက်တည့်မတည့် ဇာတာများယှဉ်ပြီး စိစစ်ရသည်။ ထို့နောက် ကောင်းသောရက်ကိုရွေးချယ်ပြီး စေ့စပ်ကြောင်းလမ်း ပြုလုပ်သည်။

စေ့စပ်ကြောင်းလမ်းခြင်းမင်္ဂလာ (အသွင်းနှင်းခြင်း၊ ပန်းဆင်ခြင်း)[ပြင်ဆင်ရန်]

စေ့စပ်ကြောင်းလမ်း မင်္ဂလာပွဲကို သမီးရှင်အိမ်တွင် ပြုလုပ်သည်။ ပထမဦးစွာ သမီးသျှင်ထိုင်ရန်နေရာ၏ လက်ဝဲလက်ယာဘက်တွင် အမျိုးသမီး(အိမ်ထောင်သည်နှစ်ဦး) ထိုင်ရသည်။ ဆွေမျိုးများနှင့်ဖိတ်ကြားထားသောဧည့်သည်များက ယင်းတို့၏ ရှေ့တွင် နေရာယူရသည်။ ထိုအချိန်တွင် သမီးသျှင်ထွက်မလာရ‌သေးပေ။ သတ်မှတ်ထားသောမင်္ဂလာအချိန်ရောက်သောအခါ သမက်သျှင် (သတိုးသား) ဘက်မှ ဆွေမျိုးပရိသတ်များလာရောက်သည်။ လာရောက်သောအခါ သမီးသျှင်ကိုဆင်မြန်းပေးရန် ပန်းများနှင့်စားစရာမုန့်အချိုများ၊ ကောက်ညှင်းပေါင်းများကို ငွေဖလားထဲတွင် ထုံးတမ်းစဉ်လာနှင့်အညီထည့်၍ ယူလာရသည်။ ငွေဖလားဦးရေမှာလည်း မဂဏန်းအရေအတွက်တိုင်း ကြိုက်သလိုအသုံးပြုနိုင်သည်။ သမီးသျှင်သည် အမျိုးသမီးအရံတဦးနှင့်အတူထွက်လာပြီး သတ်မှတ်ထားသောနေရာတွင် ထိုင်ရသည်။ ပန်းများ၊မုန့်များနှင့်အတူ သမက်သျှင်မိဘများထံမှ သမီးသျှင်အား စေ့စပ်ကြောင်းလမ်းခြင်း၊ ရခိုင်အခါ် (ကတိသစ္စာပြုခြင်း) အထိမ်းအမှတ်အဖြစ် သားသျှင်ဘက်မှ အမိ (သို့မဟုတ်) သမီးသျှင်ဘက်မှ အမိက ဆင်မြန်းပေးရသည်။

ထို့နောက်လက်ဝတ်ရတနာများကို ရွှေကျပ်ချိန်ဖြင့်ပီးပြီး အသွင်းပီးဆောင်ရသည်။ ထိုရတနာဆင်မြန်းခြင်း၊ သမီးသျှင်အား ပန်းပန်ပီးခြင်းပြုလုပ်သူကို သမီးသျှင်က အရိုအသေပြုကန်တော့ပြီးလျှင် စိစပ်မင်္ဂလာအောင်မြင်ပါတော့သည်။

မင်္ဂလာလက်ထပ်မည့်နိရက်ကို ယင်းအချိန်မှာပင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးနွေးသတ်မှတ်ရသည်။ ဆွီမျိုးပရိသတ်များကို မင်္ဂလာရက်ကြေညာပီးရသည်။ ထို့နောက် ကြွရောက်လာသော နှစ်ဦးနှစ်ဘက်ဆွီမျိုးပရိသတ်များကို ဧည့်ခံကျွေးမွီးရသည်။ စိစပ်ပွဲပြီး၍ သမက်သျှင်ဘက်မှပြန်ကျသောအခါ သမက်သျှင်ဘက်မှယူလာသော ငွေဖလားထဲမှမုန့်အချိုများကို သမီးသျှင်ဘက်မှလက်ခံယူပြီးနောက် ယင်းဖလားထဲသို့ သမီးသျှင်ဘက်မှလည်း မုန့်များကို ပြန်ထည့်ပီးရသည်။

လက်ထပ်မင်္ဂလာပွဲ[ပြင်ဆင်ရန်]

လက်ထပ်မင်္ဂလာပွဲတွက် မင်္ဂလာပွဲတင်ကို တရက်ကြိုတင်ပြုလုပ်ရသည်။ မင်္ဂလာပွဲတင်သည် လက်ထပ်မင်္ဂလာပွဲအတွက် ရှိဦးစွာဆောင်ရွက်ရသော အလုပ်ဖြစ်သည်။ ယင်းပွဲကို သမီးသျှင်အိမ်၌သာပြုလုပ်ရသည်။ မင်္ဂလာပွဲနိရောက်သောအခါ ယင်းနိမိုးထက်အရုဏ်တွင် သမီးသျှင်သမက်သျှင်ရို့အား မိမိအိမ်များမှာပင် မြတ်စွာဘုရားအားဦးထိပ်ထား၍ ဘုန်းကြီးငါးပါးအား မင်္ဂလာဆွမ်းကပ်ပြီး မင်္ဂလာပရိတ်နာရသည်။ အဘိုးအဘောင်လူကြီးမိဘများကိုကန်တော့၊ မင်္ဂလာစကားတတ်ကျွမ်းသူများက နံ့သာရည်များဖြင့်ပတ်ဖြန်းခြင်းများပြုလုပ်ကာ မင်္ဂလာမြှောက်ရသည်။ ပရိတ်နာရာတွင် ပရိတ်ကြီးမှာ လက်ထက်မင်္ဂလာပွဲအတွက် အဓိကအရေးကြီးဆုံးဖြစ်သည်။ ရှိဦးစွာ မင်္ဂလာစားပွဲငယ်ကို ပျင်ဆင်ရသည်။

ယင်းစားပွဲတွင်ပါဝင်ရမည့်အချက်များမှာ-

  • မင်္ဂလာမြှောက်ခြင်း
  • မင်္ဂလာထမင်းပွဲပျင်ဆင်ခြင်း

သီးသန့်ပြုလုပ်ထားသော မင်္ဂလာစားပွဲကိုစားပွဲခင်း၍ အပေါ်တွင်စပါးဖြူးထားသည်။ ဖြန့်ကြဲထားသောစပါးပေါ်တွင် ဘဲဥပုံမင်္ဂလာကြွီလောင်ပန်းကြီးတွင် ကောက်ညှင်းနှင့်ထမင်းများထည့်၍ တင်ထားရသည်။ ယင်းထမင်းပေါ်တွင် ချက်ပြီးသားခြီလက်အမွှီးစုံသော ပုစွန်တုပ်ကြီးနှစ်ကောင်၊ အမွှီးစုံအကြီးခွံပါသော ငါးကန်သားနှစ်ကောင်၊ ဘဲဥနှစ်လုံး၊ မြောက်ဥ (ခေါ်) ကင်းစွန်းဥနှစ်ဥနှင့် အခွံနွှာပြီးသောနှပျိုးသီးနှစ်လုံးစီဖြင့် ပျင်ဆင်ထားရသည်။ ငါး၊ ပုစွန်၊ ဥ၊ သီးနှံစပါးပေါကြွယ်စီရန် အတိတ်နမိတ်ယူထားခြင်းဖြစ်သည်။ စပါးများထဲတွင် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများမြှပ်နှံထားရသည်။ ရွှေငွေပွားများအောင် ရည်ရွယ်ခြင်းဖြစ်သည်။

သမီးသျှင်ထိုင်သောနီရာလက်ယာဘက်တွင် ရီစင်အိုးဟုခေါ်သော ကြီးအိုးငယ်နှစ်လုံးတင်ထားရသည်။ ကြီးအိုးအပြင်ဘက်ပတ်လည်ကို မင်္ဂလာပရိတ်ခြည်ဖြင့် ပတ်ထားပီးရသည်။ ကြီးအိုး၌ရီထည့်ထားပြီး သပြီပန်း၊ အချိန်ခါကောင်းသတ်မှတ်သောစာရွက် (အခါစာ) ရို့ကို ထိုးထားရသည်။

ထမင်းလောင်ပွန်း၏လက်ဝဲဘက်တွင် လောင်ပွန်းငယ်များတင်ပြီး ယင်းလောင်ပွန်းငယ်အသီးသီးတွင် ကြက်တကောင်လုံးအူအသဲစုံစွာ ငရုတ်သီးမပါဘဲ ချက်ရသည်။ ပုစွန်တုပ်ကို အကောင်မပျက်ကျော်ရသည်။ ရွှေဖရုံသီးချက်ထည့်ရသည်။ ကျန်လောင်ပွန်းနှစ်ခုတွင် ကြက်နှင့်ပုစွန်ပဲ ထည့်ရသည်။ ကြက်နှစ်လောင်ပွန်း၊ ပုစွန်နှစ်လောင်ပွန်း၊ ရွှေဖရုံသီးနှစ်လောင်ပွန်းဖြစ်သည်။ မင်္ဂလာလက်ဆုံထမင်းပွဲတွင် ငကန်သား (အကြီးဟိသောငါး)၊ ကြက်သား၊ ဘဲဥ၊ ပုစွန်၊ မြောက်ဥ၊ ကင်းစွန်းဥ၊ ချိုင်ပေါင်ဟင်းများထည့်ထားသည့် ဟင်းဇားပန်းကန်ကတဖက် ထားဟိသည်။ ပုစွန်ဆိုလျှင် နှခွမ်းမွှီးမျှင်မပြတ်စီရ။ အကျိုးအပဲ့အနာအဆာများမပါစီရန် အထူးဂရုပြုရသည်။

ဤမင်္ဂလာစားပွဲကို မင်္ဂလာဆောင်မည့်နီရာတွင်ထားဟိပြီး မင်္ဂလာမြှောက်ခြင်းပြုလုပ်ရသည်။ အညွှန့်ဟိသောအမျိုးသမီးက သမက်သျှင်အိမ်မှ ဆန်နို့ဆီဗူးနှစ်ဗူး၊ လေးဗူး၊ ခြောက်ဘူးစသဖြင့် စုံဂဏန်းကို သမီးသျှင်အိမ်သို့လားပို့ကာ သမီးသျှင်အိမ်မှဆန်များနှင့်ရောပြီး အညွှန့်ဟိသောအမျိုးသမီးက မင်္ဂလာလက်ဆုံထမင်းပွဲအတွက် ချက်ရသည်။ အညွှန့်ဟိသောအမျိုးသမီးဆိုသည်မှာ လူပျိုအပျိုလက်ထပ်ပြီး မကွဲမကွာမောင်နှံစုံအတူတကွနီထိုင်၍ သားသမီးတယောက်တလီမှ ပျက်စီးခြင်းမဟိသော “အိမ်ထောင်သျှင်မ” ကိုဆိုလိုသည်။

အထက်ပါ မင်္ဂလာပွဲပျင်ဆင်ခြင်းအလုပ်ကို ဘုန်းကြီးမကြွမှီ ပျင်ဆင်ထားရသည်။ ဘုန်းကြီးကြွလာပြီး ပရိတ်နာသည့်အခါ မင်္ဂလာစားပွဲမှာ ဘုန်းကြီးများရှိတွင် တည်ဟိနီရမည်။ ယင်းမင်္ဂလာစားပွဲရှိတွင် သမီးသျှင်က အမျိုးသမီးနှစ်ဦး လက်ဝဲလက်ယာရံ၍ ထိုင်ရသည်။ ထိုအရံအမျိုးသမီးနှစ်ဦးမှာ သမီးသျှင်မွီးရက်နှင့် နိနံသင့်သူများဖြစ်သည်။ ရှိဦးစွာသီလခံယူပြီးလျှင် ပရိတ်ကြိုးဖြင့် စည်းဝိုင်းချသည်။

သမီးစောင့်ခြင်း[ပြင်ဆင်ရန်]

သမက်တက်သည့်နိ မိုးထက်ကိုးချက်တီးခန့်တွင် သမီးသျှင်နှင့်ရင်းနှီးသော မိတ်ဆွီကုလိမ္မေချေများ၊ ဆွီမျိုးများကို ထမင်းကျွေးရသည်။ သမီးသျှင်မှာ အလှပဆုံးဝတ်စားဆင်ယင်ကာ နိသင့်နံသင့်အပျိုရံနှစ်ယောက် လက်ဝဲလက်ယာရံလျှက် မင်္ဂလာဆောင်မည့်နီရာတွင်ထိုင်၍ ဧည့်ခံရသည်။

သမက်တက်ခြင်း[ပြင်ဆင်ရန်]

သမက်သျှင်ဘက်မှ သမီးသျှင်ဘက်သို့လားသောအခါ သမက်သျှင်အဖ၊ အဘိုး၊ ဆွီမျိုး သက်ကြီးဝါကြီးများက ရှိမှဦးဆောင်လာလတ်ပြီး အမိ၊ အဘောင်စသောသက်ကြီးဝါကြီးမိမ္မများက နောက်မှလိုက်ရသည်။ ထို့နောက် အုပ်ထမ်းသူအညွန့်မိမ္မများက တယောက်ချင်းတန်းစီ၍ လျှောက်ရသည်။ အုပ်ထမ်းသူများမှာ မိမ္မချောမိန်းမလှများဖြစ်သည်။ ရှိဆုံးမှအညွန့်ပန်းအုပ်ကို သမက်သျှင်၏အစ်မ (သို့မဟုတ်) ဆွီမျိုးရင်းချာထဲက ထမ်းရသည်။ နောက်အုပ်များတွင် မုန့်အမျိုးမျိုး၊ နှပျိုးသီးများထည့်ကာ ထမ်းလာရသည်။ အုပ်ထမ်းသူများအတွက်လက်ဆောင်အဖြစ် ပုဝါပိုင်းများကို အုပ်များတွင်ချိုင်နှောင်ထားဟိသည်။ အုပ်များကို သမက်သျှင်တတ်နိုင်သည့်အလျှောက် (၇) အုပ် (၉) အုပ်ထားဟိသည်။

အုပ်ထမ်းသူများ၏နောက်နားတွင် သမက်သျှင်အဖွဲ့ပါသည်။ သမက်သျှင်၏ဦးသျှောင်နှင့် ရီစင်အိုးကို ရှိကသယ်ယူလာရပြီး သမက်သျှင်မှာ ခေါင်းပေါင်း၊ ပန်းဖော်တောင်ရှည်ပုဆိုး၊ လိုင်ထောင်အင်္ကျီ၊ ရင်ဖုံးပြင်ခံအင်းကျီများကိုဝတ်ဆင်ကာ ဓားရှည်လွယ်သူ၊ ယပ်ရှည်ကိုင်သူများခြံရံလျှက် လိုက်ပါလာရသည်။ ၎င်းရို့၏နောက်တွင် သမက်သျှင်၏အပေါင်းအဖော်များမှာ တေတ္တာနှင့်အိပ်ရာလိပ်များကို သယ်ဆောင်လာလတ်ပြီး ဗုံ၊ လင်ခွင်း၊ ပုလီတီးမှုတ်သူများနှင့် တပျော်တပါးတီးမှုတ်လိုက်ပါလာရသည်။

သမီးသျှင်အိမ်ရောက်သည့်အခါ သမီးသျှင်မိဘဆွီမျိုးများကဆီးကြို၍ဧည့်ခံပြီး နီရာထိုင်ခင်းများပီးသည်။ ရှိဦးစွာအညွန့်အုပ်ထမ်းသူက အညွန့်အုပ်နှင့်အတူပန်းဆင်ပီးရန် သမီးသျှင်အနားနီရာယူရသည်။ ကျန်အုပ်များကို သမီးသျှင်အိမ်မှလက်ခံယူ၍ နီရာချထားသည်။ သမက်သျှင်ဘက်မှသယ်ဆောင်လာသော မင်္ဂလာရီစင်အိုးကိုလည်း မင်္ဂလာစားပွဲပေါ်တွင် သမီးသျှင်၏ရီစင်အိုးနှင့်အတူ ထားရသည်။ အညွန့်အုပ်ထမ်းလာသူ သမက်သျှင်၏အစ်မဆွီမျိုးများက သမီးသျှင်ကို ပန်းဆင်ပီးရသည်။ အညွန့်အုပ်တွင် ရာသီအလိုက်ပန်းများပါလာရသည်။

ဥပမာ-

  • နှင်းပန်း အီးချမ်းစီရန်
  • နှင်းဇီပန်း မွှီးကြိုင်လန်းဆန်းစီရန်
  • သဇင်ပန်း သန့်ယှင်းစင်ကြည်စီရန်
  • အချစ်တရာ (အချပ်တရာ) ပန်း အချစ်အနှစ်တရာတိုင်စီရန်
  • စံကားပန်း စံစားရစီရန်

ပန်းများပန်းကုံးများကို တစုံစီအညွန့်အုပ်တွင်ထည့်ယူလာရသည်။ ပန်းဆင်ပီးသူက ပန်းများကို တစုံစီ ငါးစုံဆင်မြန်းပီးရသည်။ ဆံထုံးထဲတွင်လည်း ပန်းကုံးများထိုး၍ ပန်းပန်ပီးရသည်။ ထို့နောက် သမီးသျှင်ကိုသျှောင်ဆောင်းပီးပြီး မျက်နှာကိုဖုံးအုပ်ထားရသည်။ သမီးသျှင်ကိုပန်းပန်ဆင်ပြီးနောက် သမက်သျှင်ကို အိမ်ထဲသို့ဝင်စီသည်။ အဝင်တွင် သမီးသျှင်၏ညီမအပျိုများက ခြီဆီး၍ငွေတောင်းခံသည်။ လူပျိုရံများက ဈီးဆစ်ခြင်းဖြင့် အချေအတင်ပြောဆိုရသည်။ လူပျိုရံ၊အပျိုရံများ တစိတစောင်းပြောဆိုရသဖြင့် ပျော်စရာကောင်းသည်။ အိမ်ပေါ်သို့ရောက်သောအခါ သမက်သျှင်ကို ရီတခွက်တိုက်ရသည်။ ထို့နောက် သမက်သျှင်ကို သမီးသျှင်၏ညာဘက်တွင် နီရာယူစီပြီး သျှောင်ဆောင်းပီးရသည်။ ထိမ်းမြားပီးသူများက မင်္ဂလာစားပွဲပေါ်ဟိ မင်္ဂလာထမင်းပွဲကိုလည်းကောင်း၊ ရီစင်အိုးများကိုလည်းကောင်း (၇) ပတ်၊ (၉) ပတ်ပတ်ထားသော ပရိတ်ခြည်မျှင်ကွင်းများဖြင့် တမျိုးတစုံကျစီ ရစ်ပတ်ပီးရသည်။ ထို့နောက် မောင်နှံအစုံအပါအဝင် မင်္ဂလာစားပွဲ၊ အိပ်ရာလိပ်၊ တေတ္တာများအားလုံးကို ပရိတ်ခြည်မျှင်များဖြင့်ရစ်ပတ်ပီးရသည်။ ထို့နောက် သမက်သျှင်၏ညာလက်နှင့် သမီးသျှင်၏ညာလက်ကိုပေါင်း၍ ခြည်မျှင်များဖြင့် ရစ်ပတ်ပီးရသည်။

လက်ထပ်ပီးသည့်အမျိုးသမီးကြီးများက မောင်နှံစုံကို အောင်သပြီခက်ဖြင့် ရီစင်အိုးနှစ်စုံပေါင်းစပ်ထားသော ရီစင်များဖြန်းကာ ဆုတောင်းမိတ္တာပို့ရသည်။ ဆက်လက်၍ သမတ်သျှင်နှင့်သမီးသျှင်လက်များကိုပေါင်းပြီး ရီစင်သွန်းလောင်းရသည်။ သမီးသျှင်လက်ကိုအောက်တွင်ထားပြီး သမက်သျှင်လက်ကိုအပေါ်မှာ ထားရသည်။ အချို့မှာ သမက်သျှင်လက်ကိုအောက်ကလှန်ပြီး သမီးသျှင်လက်ကို အထက်ကမှောက်သည်။ အဓိပ္ပာယ်မှာ သမက်သျှင်က သမီးသျှင်ကို ညာလက်ဖြင့်တောင်းဆိုခြင်းကို သမီးသျှင်က ညာလက်ဖြင့်လက်ခံခြင်းသဘော၊ သမက်သျှင်က သမီးသျှင်ကို တသက်လုံးစောင့်ယှောက် ထောက်ပံတာဝန်ယူလားမည်ဟူသော သဘောကိုဆောင်သည်။

မိဘကန်တော့ခြင်း[ပြင်ဆင်ရန်]

သတို့သမီးရှေ့တွင် သတို့သားဖခင်၊ သတို့သားရှေ့တွင် သတို့သမီးဖခင်တို့က နေရာယူရသည်။ သတို့သားသတို့သမီးတို့က ဖခင်နှစ်ဦးရုံလာသောတဘက်ဖြူထဲသို့ ထမင်းခုနှစ်ဆုပ်တပြိုင်တည်းထည့်ပေးခြင်း၊ မိခင်များအားလည်း ထမင်းခုနှစ်ဆုပ် တပြိုင်တည်းထည့်ပီးခြင်းသည် မိဘနှစ်ပါးကိုကန်တော့ခြင်းသဘောဖြစ်သည်။

လက်ဆုံစားခြင်း[ပြင်ဆင်ရန်]

မိဘများကိုကန်တော့ပြီးနောက် မောင်နှံစုံက မင်္ဂလာထမင်းကို ခုနှစ်ဆုပ်စီလက်ဆုံစားရသည်။ စားသောက်ပြီး ငွေဖလားတွင်အတူလက်ဆီးရသည်။

လက်ဖွဲ့ခြင်း[ပြင်ဆင်ရန်]

ထမင်းလက်ဆုံစားပြီးနောက် မိဘဆွီမျိုးမိတ်ဆွီများက သမီးသျှင်သမက်သျှင်ရှိ ငွေဖလားနှစ်ခုထဲသို့ လက်ဖွဲ့ငွေများထည့်ရသည်။ လက်ဖွဲ့လက်ခံပြီးသောဖလားကို် သမက်သျှင်က သမီးသျှင်ကိုအပ်ရသည်။ သမီးသျှင်ကကန်တော့၍ လက်ခံယူရသည်။

သျှောင်ချသျှောင်တင်[ပြင်ဆင်ရန်]

သမက်သျှင်က မိမိသျှောင်ကိုချွတ်၍ စားပွဲပေါ်တင်ထားပြီးလျှင် သမီးသျှင်၏သျှောင်ကိုချွတ်ယူကာ မိမိ၏သျှောင်ကိုဆောင်းပေးရသည်။ သျှောင်တင်သျှောင်ချပြုလုပ်စဉ် သမီးသျှင်က သမက်သျှင်ကို ရှိခိုးရသည်။ သျှောင်တင်သျှောင်ခအဖြစ် သမက်သျှင်က သမီးသျှင်ကို ငွေလက်ဖွဲ့သဖြင့် သမီးသျှင်ကကန်တော့ပြီး လက်ခံရယူရသည်။ မင်္ဂလာအခမ်းအနားပွဲအပြီးတွင် ထွက်ခွာခွင့်ရရန် သမက်သျှင်က သမီးသျှင်ဘက်မှအပျိုရံလူပျိုရံများက ရွှေကြိုးတားထား၍ ကြိုးတားခပီးရသည်။ နောက်ဆုံးခန်းဝင်ခ ပီးဆောင်ရသည်။

အိမ်ပြန်လည်ခြင်း[ပြင်ဆင်ရန်]

သမက်တက်ပြီး (၇) ရက်နိတွင် သမီးသျှင်သမက်သျှင်များသည် သမက်သျှင်၏မိဘအိမ်သို့ မိုးထက်မှစ၍လည်ရသည်။ သမက်သျှင်၏မိဘ၊ အဘိုးအဘောင်များကို သမီးသျှင်၊ သမက်သျှင်ရို့က ကန်တော့ရသည်။ ညဇာစားပြီးမှပြန်ရသည်။ သို့ဖြင့် ကြင်စဦးဇနီးမောင်နှံနှစ်ဦးသည် အိုးအိမ်တည်ထောင်ကာ တလင်တမယားစနစ်ဖြင့် တသက်လုံးပေါင်းဖော်ရတော့သည်။

ရခိုင်လူမျိုးများသည် မင်္ဂလာပွဲကို ဝါတွင်းနှင့်ပြာသိုလများတွင် ယှောင်ကြည်လေ့ဟိပြီး တပေါင်းတန်ခူးလများတွင် အများဆုံးကျင်းပပြုလုပ်သည်။ ပြာသိုလတွင် မင်္ဂလာဆောင်က အိမ်ထောင်စီးပွားရေးမဖြစ်ဘဲ မွဲပြာကျတတ်သည်ဟု အယူဟိသည်။ ရခိုင်ဓလေ့ထုံးတမ်းစဉ်လာအရ မင်္ဂလာပွဲနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များစွာဟိသည်။ ထိုချမှတ်ထားသောစည်းကမ်းချက်များကိုလိုက်နာပြီး လက်ထပ်မင်္ဂလာပွဲသည် ပကာသနမဖက် အရိုးခံသက်သက်ဖြင့် ရိုးရာမပျက်ချစ်မြတ်နိုးစရာဖြစ်သည်။ ရခိုင်လူမျိုးရို့၏ချစ်စရာကောင်းသောဓလေ့၊ တမူထူးခြားသော မင်္ဂလာအယူအဆများဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်အောင်မွန်။ သားချင်းများအကြောင်းတစေ့တစောင်း
  2. တက္ကသိုလ်သျှင်သီရိ။ ပြည်ထောင်စုသားများ၏ရိုးရာလက်ထပ်မင်္ဂလာပွဲဓလေ့များ
  3. ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်) (၂၀၀၇)။ မြတ်ပန်းသဇင်