ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာ

ဝီကီပီးဒီးယား မှ

ဗုဒ္ဓပါဠိတော်အဋ္ဌကထာများတွင်မပါရှိခဲ‌သောလည်မြတ်စွာဘုရားသည် ဓညဝတီပြည်သို့ ကြွရောက်ပြီး ကျောက်တော်တောင်၌တန့်ရပ်သည်ဟု လည်းကောင်း၊ ဗုဒ္ဓ၏ပါဠိတော်အဋ္ဌကထာစသည်တို့၌ မပါရှိဘဲ မြတ်စွာဘုရားသည် စန္ဒသူရိယမင်းကြီးနှင့်တွေ့ဆုံပြီး မဟာမုနိဘုရားကိုသွန်းလုပ်ခဲ့သည်ဟု လည်းကောင်း စာပေများ၌ ရေးသားပြောဆိုကြသည်။ ရခိုင်ပြည်တွင် ယခုကိုးကွယ်နေသော ဗုဒ္ဓဘာသာမှာ မြောက်ဦးခေတ် ဘုရင်များ အုပ်စိုးခဲ့သော ကာလမှ ဆက်ခံယူထားသော ဗုဒ္ဓအယူဝါဒဖြစ်သည်။[၁]

အမှန်တည်ရှိသော မြို့[ပြင်ဆင်ရန်]

မြောက်ဦးခေတ်မတိုင်မီ လောင်းကြက်မြို့ရှိခဲ့သည်။ ထိုမြို့ကိုအုပ်စိုးသောဘုရင်များမှာလည်း ဗုဒ္ဓဘာသာမင်းများဖြစ်ရာ သာသနိကအဆောက်အဦးများစွာ တည်ထားခဲ့သည်။ ရဟန်းပညာရှိများ ထွန်းကားခဲ့သည်။ ဤလောင်းကြက်ဘုရင်များသည် ဗုဒ္ဓဘာသာကို နေရဉ္စရာမြို့တွင်အုပ်စိုးခဲ့သော ဘုရင်များမှတဆင့် လက်ခံယူခြင်းဖြစ်သည်။ နေရဉ္စရာမြို့တွင် ထွန်းကားခဲ့သော ဗုဒ္ဓသာသနာမှာလည်း ပုရိန်မြို့မှဆင်းသက်သော ဗုဒ္ဓသာသနာဖြစ်သည်။ ပရိန်မြို့တွင်အုပ်စိုးခဲ့သောဘုရင်များသည် ပဉ္စမြို့မှ ဗုဒ္ဓသာသနာကို တဆင့်လက်ခံယူလာခဲ့သည်။ ပဉ္စာမြို့ ဗုဒ္ဓသာသနာမှာလည်း ဝေသာလီမြို့မှ ဆင်းသက်လာခြင်းဖြစ်သည်။

ဝေသာလီမြို့ကို စတင်တည်ထောင်သော မဟာတိုင်းစန္ဒြားမင်းကြီးသည် မဟာမုနိဘုရားတွင် သိမ်တော်နှင့်ပလ္လင်တော်များကို အသစ်တဖန်တည်ကြောင်း သမိုင်းမှတ်တမ်းများ၌ တွေ့ရသည်။ ထိုမင်းကြီးကုသိုလ်ကောင်းမှုပြုခဲ့သည်ကို မဟာမုနိဘုရားကုန်းတော် ဒုတိယအဆင့် အရှေ့တောင်ထောင့် ယက္ခသေနာပတိပနာဒရုပ်တုတွင် စာရေးထိုးခဲ့သည်။ မဟာတိုင်းစန္ဒြမင်းကြီးသည် မဟာမုနိသိမ်တော်ကို အသစ်တဖန်တည်ဆောက်သည်ဟုဆိုသဖြင့် ထိုမင်းမတိုင်မီကပင် သိမ်တော်အဟောင်းနှင့် မဟာမုနိရုပ်သျှင်တော်မှာ ရှိနှင့်‌နေပြီ။ ယင်းသို့ဖြစ်လျှင် ဝေသာလီခေတ်မတိုင်မီ မည်သည့်ခေတ်ရှိခဲ့သည်ကို ‌ခြေရာကောက်လိုက်ပါက ဓညဝတီမြို့တော်မှာ စိတ်ကူးယဉ်ပြီး ရေးခဲ့သော မြို့တော်မဟုတ်ကြောင်း၊ ‌လေယာဉ်မှရိုက်ကူးထားသော ဓာတ်ပုံကိုကြည့်ခြင်းဖြင့် အမှန်တကယ်ရှိခဲ့သော မြို့ဖြစ်ကြောင်း ပြည်တွင်းပြည်ပသမိုင်းပညာရှင်များက ယုံကြည်လက်ခံကြသည်။

သပ္ပဒါနပကာရနကျမ်းတွင်လည်း တတိယဓညဝတီမြို့တော်ကို စန္ဒသူရိယမင်းတည်ကြောင်း၊ ဓညဝတီ၌ ဤဘုရင် အုပ်စိုးစဉ်ကာလဝယ် မြတ်စွာဘုရားရှင် အနောက်မဇ္ဈိမဒေသမှ ဓညဝတီသို့ ကိုယ်တော်တိုင်ကြွရောက်ပြီး မဟာမုနိရုပ်ရှင်တော်ကိုသွန်းကြောင်း အသေးစိတ် ပါရှိသည်။

ကျောက်စာသက်သေခံ[ပြင်ဆင်ရန်]

တောင်ပေါက်ကြီးကျောက်စာကလည်း မြတ်စွာဘုရားသည် စန္ဒသူရိယမင်းအား ဓမ္မစကြာတရားတော်နှင့် ရုပ်တုဆင်းတုတော်များကို တည်ထားကိုးကွယ်ခြင်းဖြင့် ရအပ်သော အကျိုးတရားများကို သတ္တုဗိမ္ဗပူဇနိယနိသေသသုတ္တန်ဖြင့် ဟောကြားခဲ့သည်ကို ရေးထိုးထားသည်။ ဤသုတ္တန်မူရင်းစာပေလည်း ရှိသည်။

စန္ဒသူရိယမင်းအား မြတ်စွာဘုရား ဓမ္မစကြာတရားတော်ကိုဟောကြားနေဟန် ထုလုပ်ထားသော ကျောက်ပြားတချပ်ကိုလည်း တွေ့ရသည်။ ဝေသာလီမဟာတိုင်း၊ စန္ဒြမင်းကြီးက စန္ဒသူရိယမင်းအား ဂုဏ်ပြုထုလုပ်ထားသော ရုပ်တုဖြစ်ဟန် တူသည်။

မြတ်စွာဘုရားရှင်သည် ရခိုင်ပြည်ဓညဝတီကို ကြွရောက်စဉ်က သေလာဂီရိတောင်ပေါ်၌ ရပ်တန့်ပြီး ဗျာဒိတ်တော်ပေးကြောင်း သပ္ပဒါနပကာရနကျမ်းတွင် အသေအချာဖော်ပြထားသည်။ ချစ်သားအာနန္ဒာ၊ ငါသည် ဘုရားဖြစ်ရန်အတွက် ဆယ်ပါးသောပါရမီတော်နှင့် သုံးဆယ်သောပါရမီတော်ငယ်များကို ဖြည့်ဆည်းခဲ့ရသောကာလ၌ ဤဓညဝတီပြည်တွင် အလီလီ လူအဖြစ် ကျင်လည်ဖူးခဲ့သည်၊ ယခု ငါရပ်တန့်နေသော သေလာဂီရိတောင်၏ အနီးပတ်ဝန်းကျင်တွင် ပန်းပွတ်သမားအဖြစ်နှင့် ငါနေထိုင်ခဲ့သည်၊ ငါဘုရား ပရိနိဗ္ဗာန်စံလွန်ပြီး နောက်ကာလ၌ ငါ၏ ကျောရိုးတော်ဓာတ်ကို ဌာပနာ၍ စေတီတည်လတ္တံ့၊ ကျောရိုးတော်ဓာတ်စေတီ တွင်လတ္တံဟု ဗျာဒိတ်ပေးခဲ့သည်။ ထိုဓာတ်တော်ကို နောင်ကာလတွင် ကျောက်တော်ဓာတ်စေတီဟု ခေါ်တွင်သည်။ ထိုနာမည်ကို အစွဲပြု၍ မြစ်တဖက်ရှိမြို့ကိုလည်း ကျောက်တော်မြို့ဟု ခေါ်တွင်သည်။

ရုပ်ရှင်တော်သွန်းကြောင်း[ပြင်ဆင်ရန်]

ဤကဲ့သို့ ဘုရားဗျာဒိတ်ဝင် ဓာတ်တော်စေတီ ၂၄၈ ဆူရှိသည်။ ဤဓာတ်တော်စေတီများကို ဝေသာလီပြည့်ရှင် မဟာတိုင်းစန္ဒြမင်းကြီးသည် ပြန်လည်ပြုပြင်ကြောင်း သမိုင်းမှတ်တမ်းအရ သိရသည်။ ဤအကြောင်းကိုထောက်၍လည်း ထိုဓာတ်တော်စေတီများမှာ ဝေသာလီခေတ်မတိုင်မီကပင် ရှိနှင့်ပြီးဖြစ်ကြောင်း သိနိုင်သည်။ ရခိုင်သမိုင်းစာပေနှင့်လည်းကောင်း၊ ရုပ်ဝတ္ထုသက်သေဖြင့်လည်းကောင်း ကိုက်ညီနေပြီး၊ စန္ဒသူရိယမင်းလက်ထက် မြတ်စွာဘုရားရှင် ဓညဝတီသို့ ကြွရောက်ကာ မဟာမုနိရုပ်ရှင်တော်ကို သွန်းလုပ်ကြောင်း ယုံကြည်ရသည်။

မန္တလေးမဟာမုနိ[ပြင်ဆင်ရန်]

မန္တလေးရှိ မဟာမုနိဘုရားကို ဘိုးတော်ဘုရား၏ သားတော်ကြီးဥပရာဇာသည် ရခိုင်ပြည်မှ ပင့်ယူခဲ့သည်။ ဤဘုရားကြီးသမိုင်း၌လည်း ရခိုင်ပြည် ဓညဝတီပြည့်သျှင် စန္ဒသူရိယမင်း သွန်းလုပ်ကြောင်း ရေးထားသည်။ သမိုင်းအစောင်စောင်၌လည်း မဟာမုနိဘုရားကို စန္ဒသူရိယမင်းသွန်းလုပ်ကြောင်း တညီတညွတ်တည်း ဖော်ပြသည်။

မဇ္ဈိမဒေသ သင်္ဂါယနာ သုံးတန်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သင်္ဂါယနာ

ရခိုင်တွင် မိမိတို့၏ သာသနာဆိုင်ရာ ဆင်းသက်ပုံ၊ မိမိတို့ လူမျိုးဆင်းသက်လာပုံ၊ မြို့ပြအုပ်ချုပ်ရေး ဘုရင်မင်းဆက်များ အစဉ်အဆက် ဆင်းသက်လာပုံကို သီးခြားတွေ့ရသည်။

ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်ပြီးနောက် မကြာမီ ပထမအကြိမ်သင်္ဂါယနာကို ရာဇဂြိုဟ်၌ ကျင်းပပြုလုပ်သည်။ အဇာတသတ်မင်းကြီးက အထောက်အကူပြုပြီး အရှင်မဟာကဿပ ဦးဆောင်သည်။ အသျှင်မဟာကဿပမေးသမျှ အရှင်အာနန္ဒာက ဖြေကြားပြီး နှုတ်တိုက်ရွတ်၍ သင်္ဂါယနာတင်ခဲ့သည်။ အဘယ်ကြောင့် သင်္ဂါယနာတင်သည်ဆိုသော် မီးသင်္ဂြိုဟ်ရန်အတွက် ဘုရားရှင်ရုပ်ကလာပ်တော်ကို နံ့သာထင်းများ စုပုံပြီး ရှို့သော်လည်း ထင်းများမှာ ဘုရားရှင်၏ သာဝကကြီးဖြစ်သော အရှင်မဟာကဿပမှာ တပည့်ငါးရာနှင့် လမ်းခရီးမှာ ရှိကာ မရောက်သေး၍ မီးမလောင်။ အသျှင်မဟာကဿပ၏ တပည့်ရဟန်းများမှာ ပုထုဇဉ်များ ဖြစ်ရာ၊ ကြွင်းကျန်ရစ်သော ဓာတ်တော်များကိုမြင်ရလျှင် ဘုရား၏ ကိုယ်တော်မှဖြစ်သော ဓာတ်တော်များမဟုတ်ဟု ယုံမှားဖွယ်ရှိသည်။ မျက်မြင်ကိုယ်တွေ့မှသာ ဓာတ်တော်များကြွင်းသည်ကို ယုံကြည်ပေလိမ့်မည်။ နောက်တစ်ချက်က ရဟန်းတော်များသည် မြတ်စွာဘုရားကို အသက်ရှင်စဉ် မဖူးမြော်ရသော်လည်း ရုပ်ကလာပ်တော်ကို ဖူးမြော်ရလျှင်လည်း ဘုရားရှင်အပေါ် ပိုမိုကြည်ညိုသဒ္ဓါပွားများစေရန်အတွက် မီးမလောင်ခြင်းဖြစ်သည်။

အရှင်မဟာကဿပနှင့်ရဟန်းများ လာရာလမ်းဝယ် မန္ဒာရဝနတ်ပန်းကို ထီးလုပ်၍ဆောင်းပြီးလျှင် ကုသိနာရုံပြည်ဖက်မှ ပါဝါပြည်ဘက်သို့ လာနေသော တက္ကတွန်း၏ ပြောချက်အရ မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်ကြောင်း ကြားသိရသောအခါ ငိုကြွေးနေသော ရဟန်းတို့အား သုဘဒ္ဒရဟန်းသည် မငိုကြွေးရန်နှင့် ဂေါတမမြတ်စွာဘုရားသည် ရဟန်းများကို ဤသည်သောအရပ်ကို မလားရ၊ ဤသည်သောအကျင့်ကို မကျင့်ရ စသဖြင့် ငါတို့ကို ချုပ်ခြယ်သည်၊ ယခုပြုလိုရာ ပြုနိုင်ပြီဟုဆိုသည်။

  • ပထမသင်္ဂါယနာ - ထိုသုဘဒ္ဒရဟန်း၏စကားကြောင့် အသျှင်မဟာကဿပက ဘုရားသျှင်ပရိနိဗ္ဗာန်စံလွန်သည်မှာ ခုနှစ်ရက်တစ်ပတ်သာရှိသေးသည်၊ ဘုရားဟောတရားတော်များနှင့် ဝိနည်းတော်များကို မျက်ကွယ်ပြုမည့် အရိပ်အရောင်ပေါ်လာပြီး သာသနာတော်ဆုတ်ယုတ်ရန်အကြောင်းများ ဖြစ်သည်ဟု ဘုရားရှင်ဟောသမျှကို ရဟန်းသံဃာတော်များမှ စုပေါင်း၍ ပြန်လည်ရွှတ်ဆို သင်္ဂါယနာတင်ရန် ကြံသည်။ ယင်းကြောင့် အရှင်မဟာကဿပအမှူးပြုသော ရဟန္တာငါးရာတို့သည် ပထမသင်္ဂါယနာကို တင်လေသည်။
  • ဒုတိယ သင်္ဂါယနာ - ထိုမှ နှစ်ပေါင်းတစ်ရာကြာသောအခါ ဝဇ္ဇီတိုင်းသား ရဟန်းတို့သည် ဝိနည်းသိက္ခာပုဒ်တော်များ၌ ပြင်ဆင်ချက် ၁၀ ချက်ကိုပြုလုပ်ကာ၊ ဘုရားရှင်၏ဝိနည်းတော်ကို ဖီဆန်လာသောကြောင့် ဝေသာလီပြည်တွင် ကာလသောကမင်းက ဒါယကာပြု၍ အရှင်မဟာကဿပအမှူးပြုကာ ရဟန္တာခုနှစ်ရာ ၇၀ဝ တို့သည် ဒုတိယအကြိမ်သင်္ဂါယနာတင်သည်။
  • တတိယသင်္ဂါယနာ - ပါဋလိပုတ်ပြည့်ရှင် အသောကမင်းကြီးက ဒါယကာပြု၍ ရဟန္တာ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် ကြီးမှူးလျက် ရဟန်း ၁၀၀၀ ဖြင့် တတိယအကြိမ် သင်္ဂါယနာတင်သည်။

ဤသည်တို့မှာ မဇ္ဗျိမဒေသ၌ တင်ခဲ့သော သင်္ဂါယနာ သုံးတန်ဖြစ်သည်။

ရခိုင်မူ စတုတ္ထသင်္ဂါယနာ[ပြင်ဆင်ရန်]

သင်္ဂါယနာခြောက်တန်၌ မပါဘဲလျက် ရခိုင်ပြည်ဝေသာလီ ရွှေတောင်ကြီး၌ စတုတ္ထသင်္ဂါယနာကို တင်သည်ဟု အချို့က ဝေဖန်ကြသည်။

ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်ပြီး မကြာမြင့်မီကာလတွင် အဇာတသတ်မင်းကြီးသည် ပထမဆုံးကြိမ် သင်္ဂါယနာ တင်ရာ၊ တင်ရသော အကြောင်းရင်း၊ တင်ခဲ့သောနေရာနှင့်တိုင်းပြည်၊ တင်ရာ၌ အားပေးသော ဘုရင်၊ ပါဝင်သော ရဟန္တာများ၊ ဦးဆောင်သော ရဟန္တာ၊ ရည်ညွှန်းသော ဂါထာပုဒ်၊ ပါဠိတော် စသည်အားဖြင့် အင်္ဂါဆယ်တန်နှင့် ပြီးအောင် တင်ခဲ့သည်။

အေဒီ ၄ -၉ ရာစုအထိ ထွန်းကားသော ဝေသာလီခေတ်ဝယ် ဝေသာလီမင်းများသည် ထေရဝါဒဗုဒ္ဓဘာသာဝင်များဖြစ်သည့်အလျောက် သီဟိုဠ်ပြည်နှင့် လူမှုရေးအရသော်လည်ကောင်း၊ ဘာသာရေးအရသော်လည်းကောင်း ဆက်ဆံမှုရှိသည်။ ထို့ကြောင့် ဝေသာလီဘုရင် သီရိစန္ဒြမင်း (သီရိသုဓမ္မဝိဇယမင်း) သည် သီဟိုဠ်မှ ရဟန်းသံဃာ ၁၀၀၀ ကိုပင့်ဆောင်ပြီး ရခိုင်ပြည်မှ ရဟန်းသံဃာ ၁၀၀၀၊ သံဃာ နှစ်ထောင်တို့ဖြင့် စူဠရေဝတရဟန္တာမထေရ် ကြီးမှူးလျက် ဝေသာလီရွှေတောင်ကြီးတွင် စတုတ္ထအကြိမ်ဟူ၍ သင်္ဂါယနာတင်ရာ၊ သုံးနှစ်ကြာအောင် ကြေးပြားငါးထောင်ပေါ်တွင်ရေးသားပြီး တင်ရကြောင်း မေဓပညာမော်ကွန်းစာတွင် ဖော်ပြသည်။ သံဃာတော်များ သီတင်းသုံးနိုင်ရန်အတွက် ရွှေတောင်ကျောင်းကြီးကို ညီစွာညှိပြီး ကျောင်းတော်ကြီး ၅ ဆောင် ဆောက်လုပ်ကြောင်း ထိုမော်ကွန်းအရ သိရသည်။ ယနေ့တိုင် ကျောင်းတော်ရာများကို တွေ့မြင် လေ့လာနိုင်သည်။ မဇ္ဈိမဒေသတွင် အသောကမင်း တင်ခဲ့သော သင်္ဂါယနာမှာ တတိယအကြိမ် ဖြစ်သဖြင့် ထိုတတိယအကြိမ်မှ ဆက်လက်ရေတွက်သောကြောင့် ဝေသာလီ၌တင်သော သင်္ဂါယနာမှာ စတုတ္ထအကြိမ် ဟု သတ်မှတ်ကြလေသည်။

သင်္ဂါယနာကြီး၊ သင်္ဂါယနာချေ[ပြင်ဆင်ရန်]

သင်္ဂါယနာတင်ရာတွင် ဘုရားပိဋကတ်တော်များကိုတတ်သိကျွမ်းကျင်သော ရဟန္တာများ ပါဝင်မှသာ အထမြောက်သည်ဟု ဆိုသည်။ ဤသို့ ရဟန္တာများ ပါဝင်၍ တင်ခဲ့သော သင်္ဂါယနာများကို ရခိုင်တို့က သင်္ဂါယနာကြီးဟု ခေါ်သည်။ ဝေသာလီတွင် တင်သော သင်္ဂါယနာနှင့် ရခိုင်ပြည်မှ ဝိပဿနာဓူရ ရဟန်းငါးရာ၊ ဂန္ဓာဓူရ ရဟန်းငါးရာ ပါဝင်ပြီး သီဟိုဠ်ကလည်း ထိုအတိုင်း ပါဝင်ကြောင်း မော်ကွန်းအရသိရသော်ငြား ပုံနှိပ်ထုတ်ဝေနိုင်ခြင်း မရှိ၍ အများ မသိကြချေ။

သင်္ဂါယနာတင်ခြင်းနှင့် စပ်လျဉ်း၍၊ မြတ်စွာဘုရား သဗ္ဗညုတရွှေညာဏ်တော်ရသည်မှစပြီး ဝါဆိုလကပင် ပရိနိဗ္ဗာန်စံသည့်ကာလအထိ လေးဆယ့်ငါးဝါအတွင်းဟောကြားခဲ့သော ပိဋကတ်တော်များကို သင်္ဂါယနာတင်သည်လော သို့မဟုတ် သီရိဓမ္မာသောကမင်းကြီးလက်ထက် ဗုဒ္ဓသာသနာတော်ကို သန့်စင်ခဲ့သည့် အကြောင်းများကိုပါ တတိယအကြိမ် သင်္ဂါယနာတင်သည်မှာ ထည့်သွင်းသလော၊ ထိုနည်းတူ သီဟိုဠ်တွင် စတုတ္ထသင်္ဂါယနာ တင်ခဲ့သော ဝဋ္ဋဂါမဏိမင်းကြီး၏ ဆောင်ရွက်ချက်များကိုပါ စတုတ္ထသင်္ဂါယနာတွင် ရေးသားမှတ်တမ်းတင်ခဲ့သလောဟု မေးခွန်း ထုတ်မှုများ ရှိသည်။ ဝေသာလီတွင် တင်ခဲ့သော သင်္ဂါယနာအကြောင်းကိုမူ စာပေများ၌လည်းကောင်း၊ သမိုင်းရုပ်ကြွင်း အထောက်အထားများဖြင့်လည်းကောင်း တွေ့ရသည် ဖြစ်ရာ၊ ရခိုင်များနှင့်တကွ နိုင်ငံခြားသုတေသီတို့ကလည်း စတုတ္ထသင်္ဂါယနာ ဖြစ်မြောက်ကြောင်း လက်ခံထားကြသည်ဟု ဆိုသည်။

ပဉ္စမသင်္ဂါယနာတင်[ပြင်ဆင်ရန်]

ရခိုင်ပြည်ဖက်က စာပေ၌ သင်္ဂါယနာအကြောင်းနှင့်ပတ်သက်၍ သင်္ဂါယနာကြီး၊ သင်္ဂါယနာချေ (= သင်္ဂါယနာငယ်) ဟူ၍ နှစ်မျိုးနှစ်စား တွေ့ရသည်။ သင်္ဂါယနာကြီးများကို နံပါတ်စဉ်အတိုင်းရေတွက်ကာ သင်္ဂါယနာငယ်များကိုမူ မိမိတို့၏ တိုင်းပြည်အတွင်း၌ နံပါတ်စဉ်တပ်ထားသည်။ လေးမြို့ခေတ်၊ ပဉ္စာမြို့၌ ဘုရင်မင်းရင်ဖြူသည် ဧကဒဿမမြောက်သင်္ဂါယနာကိုတင်၏ ဟူ၍လည်းကောင်း၊ ၎င်းမင်းသည် ပဉ္စမမြောက်သင်္ဂါယနာကိုလည်း တင်၏ ဟူ၍လည်းကောင်း ရခိုင်စာပေများ၌ တွေ့ရရာ၊ ဘုရင်တပါးတည်းက သင်္ဂါယနာ နှစ်ကြိမ်တင်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ မင်းရင်ဖြူသည် သင်္ဂါယနာကြီးကို ပဉ္စမအကြိမ်တင်ပြီးလျှင် သင်္ဂါယနာငယ်ကို တစ်ဆယ့်တစ်ကြိမ်မြောက်တင်ခဲ့သည်။

ဓာတ်တော်များအကြောင်း[ပြင်ဆင်ရန်]

ဘုရားရှင်ပရိနိဗ္ဗာန်စံလွန်၍ မီးလောင်ကျွမ်းသောအခါ ဓာတ်တော်မွေတော်နှစ်မျိုး ကြွင်းကျန်သည်။

  • အသမွိန္နဓာတ်တော်နှင့်
  • သမွိန္ဒဓာတ်တော်များဖြစ်သည်။

အသမ္ဗိန္နဓာတ်တော်များမှာ နဖူးသင်းကျစ်တော်တဆူ၊ ညှပ်ရိုးတော်နှစ်ဆူ၊ စွယ်တော်လေးဆူဖြစ်သည်။ သမ္ဗိန္နဓာတ်တော်များမှာ အရောင် သုံးမျိုးနှင့် အရွယ်အစား သုံးမျိုးကြွင်းကြောင်း ရခိုင်ဓာတုဝင်ကျမ်း၌ ဖော်ပြသည်။ တစ်ကိုယ်လုံးတော်မှ ဓာတ်တော်ပေါင်း ၈ စရွတ် ကြွင်းပါသည်။ ကွမ်းစားအားဖြင့် ၁၆ ကွမ်းစားဖြစ်သည်။ အရောင်အဆင်းအားဖြင့် ရွှေရောင်၊ ပွတ်သစ်စခရုသင်းရောင်၊ ချရားစေ့အရောင်တို့ ဖြစ်သည်။ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို ဒေါနပုဏ္ဏားက ဝေပေးရာ၊ နှစ်ပြည်ထောင်မင်းတို့က မိမိတို့အရပ်ဒေသများတွင် ကိုးကွယ်ကြသည်။ ထိုဓာတ်တော်များကို မကြာမီ အဇာတသတ်မင်း တိုက်ယူပြီး ရာဇဂြိုဟ်ပြည်မှာ ‌မြေထဲစေတီ တည်ထားကိုးကွယ်သည်။ ပေါင်တော်ဓာတ်၊ မျက်လုံးတော်ဓာတ်၊ လိုင်ရိုးတော်ဓာတ်စသည်ဖြင့် အဋ္ဌကထာ၌ မပါရှိပါ။ သို့သော် ထိုဓာတ်တော်များမှာ ယနေ့ထိ ရခိုင်ပြည်၌ အမည်နာမနှင့်တကွ တည်ရှိပါသေးသည်။

မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်ပြီး နှစ်ပေါင်း ၂၁၈ အကြာတွင် သီရိဓမ္မာသောကမင်းကြီးသည် ဓမ္မာခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို ရည်စူးပြီး စေတီတည်လိုသဖြင့် မြတ်စွာဘုရား၏ ဓာတ်မွေတော်များကို ရှာဖွေသည်။ အဇာတသတ်မင်း ပြုထားခဲ့သော ဓာတ်တော်များကို တူးဖော်ယူသည်။ ထိုဓာတ်တော်များမှာ ရွှေပန်းကန်တွင် အားလုံး တစုတပေါင်းတည်း ဖြစ်၍ နေရာ၊ အသျှင်မောဂ္ဂလိပုတ္တတိဿမထေရ်သည် အသားမှဖြစ်သောဓာတ်၊ အရိုးမှဖြစ်သောဓာတ်၊ အသွေးမှဖြစ်သောဓာတ် စသဖြင့် ခွဲခြားသည်။ အသေးစိတ်အားဖြင့် ဦးခေါင်းတော်ဓာတ်၊ ဦးနှောက်တော်ဓာတ်၊ မျက်လုံးတော်ဓာတ်စသည်ဖြင့် မြတ်စွာဘုရား၏ အင်္ဂါကြီးငယ်မှ ဖြစ်သော ဓာတ်တော်များကို တခုချင်းခွဲခြမ်းပြီး သီရိဓမ္မသောကမင်းအား ပေးသနားပါသည်။

သီရိဓမ္မသောကမင်းကြီးသည် ဓာတ်တော်များကို ရရှိသောအခါ ဌာပနာစေတီတည်ရမည့် နေရာဒေသများကို မေးလျှောက်သည်။ ထိုအခါ မထေရ်ကြီးက ဒကာတော်မင်းကြီး ဤဓာတ်တော်များကို ဌာပနာပြီး စေတီတည်ရန်နေရာဒေသများမှာ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် ဗျာဒိတ်တော်ပေးခဲ့သော နေရာတိုင်းတွင် စေတီတည်ရမည်၊ ထိုနေရာများသို့ စေတီတည်ရန်အတွက် ဓာတ်တော်များ ပို့ဆောင်ရမည်ဟု မိန့်မြွက်သည်။ ထို့နောက် မထေရ်သည် အသျှင်ဗာဟုလမထေရ်နှင့် အသျှင်တိဿမထေရ် နှစ်ပါးကို မြတ်စွာဘုရားဗျာဒိတ်ပေးတော်မူခဲ့သည့် ရခိုင်ပြည်အနှံ့နေရာများတွင် စေတီတည်ထားရန် ဓာတ်တော်များကို ပို့စေသည်။

သူရိယစက္ကမင်း[ပြင်ဆင်ရန်]

ထိုအရှင်တို့သည် ကောင်းကင်ခရီးဖြင့် ရခိုင်ပြည်သို့ ကြွရောက်ပါသည်။ ထိုအချိန်တွင် ရခိုင်ပြည်ဓညဝတီတွင် သူရိယစက္က မင်းပြုလျက်ရှိသည်။ မထေရ်နှစ်ပါးသည် ဓာတ်တော်များကို ပေးအပ်ပြီး စေတီတည်မည့် အရပ်များကို ပြောကြားသည့်အခါ၊ သူရိယစက္ကမင်းက လက်ခံယူပြီး မှူးကြီးမတ်ကြီးစစ်သူကြီးများကို စေတီတည်ရန်အတွက် ဓာတ်တော်များပေးအပ်ပြီး မြတ်စွာဘုရား ဗျာဒိတ်တော်မြွက်ဆိုခဲ့သည့် နေရာတိုင်းသို့ လာရောက်၍ စေတီတည်စေသည်။ သေလာဂီရိတောင်တော်၌ ကျောက်ရိုးတော်ဓာတ်ကို၊ မဉ္စူပဗ္ဗတတောင်တွင် ချက်တော်ဓာတ်ကို၊ မိဂပဗ္ဗတတောင်၌ သင်းကျစ်တော်ဓာတ်ကို အသီးသီး ဌာပနာ၍ စေတီတည်လေသည်။

ဤသို့ဖြင့် ရခိုင်တပြည်လုံးတွင် ဗျာဒိတ်ဝင်စေတီ ၂၄၈ ဆူကို တည်ထားကိုးကွယ်ခဲ့သည်။ ဓာတုစေတီများကို ပရိနိဗ္ဗာန်စံလွန်ပြီးမှ တည်ထားခြင်းဖြစ်သောကြောင့် မြတ်စွာဘုရားသည် ဓာတ်တော်များကို ဤသည်က ဦးခေါင်းတော်ဓာတ်၊ ဤသည်ကား ဦးနှောက်တော်ဓာတ်၊ ပေါင်တော်ဓာတ်၊ ခြေသလုံးတော်ဓာတ်စသည်ဖြင့် ခွဲခြမ်းဟောကြားခြင်းကို မပြုနိုင်၊ သို့အတွက် ဘုရားဟောပါဠိတော် အဋ္ဌကထာစသည်၌ မပါရှိခြင်းဖြစ်သည်ဟု ဖြေရှင်းကြသည်။

အမှန်တည်သော ဓာတ်တော်များ[ပြင်ဆင်ရန်]

အဋ္ဌကထာစသည်တို့မှာ မပါရှိသော်လည်း ယနေ့ထက်တိုင် ကျောရိုးတော်ဓာတ်၊ လိုင်ရိုးတော်ဓာတ်၊ ချက်တော်ဓာတ်၊ လျှာတော်ဓာတ် စသည်ဖြင့် တည်ရှိနေသည်။ ဤဓာတ်တော်အမည်များကိုလည်း ဓညဝတီခေတ်မှ စပြီး ခေတ်အဆက်ဆက် ဘုရင်များ ပြန်လည်ပြုပြင်ရာ၌ ကမ္ဗည်းကျောက်စာ ထိုးခဲ့သည်။ ထို့ကြောင့် ဘုရားဟောပါဠိတော် အဋ္ဌကထာစသည်တို့မှာ မပါသော်လည်း အမှန်စင်စစ်တည်ရှိသည်ဟု ဆိုသည်။ ဓာတ်မွေတော်စေတီများမှာ ကစ္ဆပနဒီ ခေါ် ကုလားတန်မြစ်၏ ဝဲယာတလျှောက်၌လည်းကောင်း၊ အဉ္စနနဒီ ခေါ် လေးမြို့မြစ်၏ ဝဲယာတစ်လျှောက်၌ လည်းကောင်း၊ သရီရနဒီ ခေါ် သရီချောင်း၏ ဝဲယာတစ်လျှောက်၌လည်းကောင်း၊ ရန္ဓနဒီခေါ် ရမ်းချောင်း၏ ဝဲယာတစ်လျှောက်၌လည်းကောင်း၊ ရမ်းဗြဲကျွန်းဖရုံကာကျွန်းသံတွဲစသော နေရာဒေသအနှံ့ ရခိုင်တစ်ပြည်လုံးတွင် တည်ထားခဲ့၍၊ ဗုဒ္ဓ၏ဓာတ်တော်နိုင်ငံဟု ခေါ်သင့်သည်။

ရခိုင် ပါဠိတော်မူအကြောင်း[ပြင်ဆင်ရန်]

ရခိုင်ပြည်တွင် အသုံးပြုခဲ့သော ပိဋကတ်ကို ကြိုးတန်းပိဋကတ်တော်ဟု ခေါ်၏။ မြန်မာသို့ ရောက်ရှိသော ပိဋကတ်တော်မှာ သထုံကတဆင့် အနော်ရထာမင်းယူခဲ့သော ပိဋကတ် ဖြစ်သည်။ သထုံပိဋကတ်မှာလည်း သီဟိုဠ်မှတဆင့်ရောက်လာသည် ဖြစ်၍ သီဟိုဠ်ပိဋကတ် ခေါ်ပြန်သည်။ သီဟိုဠ်မှာလည်း သျှင်မဟာဗုဒ္ဓဃောသပိဋကတ်နှင့် သီဟိုဠ်သားတို့အခေါ် စရိယပိဋကတ်ဟူ၍ ၂ မျိုး ရှိလေသည်။ ထိုင်း၊ ဗီယက်နမ်၊ လာအို၌ ရှိသော ပိဋကတ်ကို ဇင်းမယ်ပဏ္ဏာသပိဋကတ်တော်ဟု ခေါ်သည်။

ကြိုးတန်းပိဋကတ်[ပြင်ဆင်ရန်]

ပထမအကြိမ် သင်္ဂါယနာမူအတိုင်း ဒုတိယအကြိမ် သင်္ဂါယနာတင်သည်။ ဒုတိယအကြိမ် သင်္ဂါယနာတင်မူအတိုင်း တတိယအကြိမ် သင်္ဂါယနာတင်သည်။ ရခိုင်ပြည်တွင်လည်း စတုတ္ထအကြိမ်သင်္ဂါယနာတွင် တတိယအကြိမ်ကမူအတိုင်း သင်္ဂါယနာတင်သည်။ ဤကဲ့သို့ မူရင်းအတိုင်း အဆင့်ဆင့် စတုတ္ထအကြိမ်ထိ ဆင်းသက်လာသော်လည်း ပိဋကတ်တော်များကို ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ နုတ်ပယ်ခြင်း လုံးဝမပြုဘဲ တသဝေမတိမ်း ရခိုင်အခေါ် စာမျဉ်းအချွတ်ပင်လျှင် မှန်ကန်အောင် တင်ထားသော ပိဋကတ်တော်ဖြစ်သည်။ စာမျဉ်းဆိုသည်မှာ မျဉ်းကြောင်းကိုခေါ်သည်။ ရှေးစကားမှာ မျဉ်းကြောင်းကို ကြိုးတန်းဟုခေါ်သည်။ ဥပမာအားဖြင့် သစ်တုံးတတုံးကို လွှဆရာက ဗဟိုခွဲလိုလျှင် သစ်တုံး၏ခေါင်းမှနေ၍ မီးသွေးသုတ်လိမ်းထားသောကြိုးကို အလယ်ကျအောင်ထားပြီး အခြားတဖက်မှ လူတဦးက ကြိုးကိုတင်းအောင်ကိုင်၍ ကြိုးကိုဆွဲရိုက်ရသည်။ ထိုအခါ မီးသွေးသုတ်လိမ်းထားသော ကြိုး၏အကြောင်းသည် သစ်တုံးပေါ်၌ လုံးဝကောက်ကွေ့ခြင်းမရှိ ဖြောင့်တန်းထင်ရှားစွာ ပေါ်လာသည်။ ။ ထိုနည်းတူစွာ ရခိုင်ပြည်ရှိ ပိဋကတ်တော်များမှာလည်း ကြိုးတန်းသည် အကောက်အကွေ့မရှိသကဲ့သို့ ပြုပြင်ခြင်း၊ ပြင်ဆင်ခြင်း၊ နုတ်ပယ်ခြင်းတည်းဟူသော ချို့ယွင်းချက် အကောက်အကွေ့မရှိ၍ ကြိုးတန်းပိဋကတ်ဟု ခေါ်သည်။

ပိဋကတ်တိုက် လေးဆယ့်ရှစ်ခု[ပြင်ဆင်ရန်]

ရှေးရခိုင်ဘုရင်များအုပ်စိုးသောခေတ်က မြောက်ဦးပတ်ဝန်းကျင်တွင် သံဃာ ၁၀၀၀ ဆံ့သော ကျောင်းတော်ကြီး ၃၆ ကျောင်း ရှိသည်ဟု ဆိုသည်။ ထိုကျောင်းတော်ကြီးများ၌ ဗုဒ္ဓစာပေကို သင်ကြားသော သံဃာတော်များသည် ကြိုးတန်းပိဋကတ်တော်ကို စံထား လေ့လာကြသည်။ ထိုပိဋကတ်တော်များ ထားရှိရန်အတွက် ပိဋကတ်တိုက် ခေါ် ပုထိုးများကို မြောက်ဦးမြို့နေရာအနှံ့တွင် တွေ့ရသည်။ သမိုင်းအရ ပိဋကတ်တိုက်ပေါင်း ၄၈ ခု ရှိသည်။ ယခုအခါ ပြိုပျက်သွားကြသဖြင့် အချို့တဝက်ကိုသာ တွေ့ရသည်။ ယခုထိတိုင် အကောင်းပကတိတွေ့ရသော ပိဋကတ်တိုက်မှာ

  • ချိန်ကိုက်ပိဋကတ်တိုက်၊
  • ဘက်တော်ပိဋကတ်တိုက်၊
  • မယ်တော်ကူပိဋကတ်တိုက်တို့ ဖြစ်သည်။

ရှေးခေတ်က ရေးသားခဲ့သော ပေစာများ၌ ဝေသာလီတွင် သင်္ဂါယနာတင်ခဲ့စဉ်က မူအဖြစ်ထားခဲ့သော ကြိုးတန်းပိဋကတ်တော်မှတဆင့် ရေးကူးခြင်းဖြစ်ကြောင်းကို ပေစာ၏အဆုံး၌ ကြိုးတန်းပိဋကတ်တော်အတိုင်း ရေးကူးခြင်းဖြစ်သည်ဟု ရေးထားသည်ကို ယနေ့တိုင် ပေစာများ၌ တွေ့နိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဆရာတော်အသျှင်ဉာဏိဿရ၏မေးခွန်းများအပေါ် ဆရာကြီးဦးသာထွန်း (ရခိုင်မြန်မာပဏ္ဍိတ) မှ ဖြေကြားချက်များ၊ ၁၉၉၆ ခုနှစ်ထုတ် ရခိုင်သဟာယအသင်း မဂ္ဂဇင်းအမှတ် (၃)