ရက်အင်ဒီးယန်းလူမျိုး

ဝီကီပီးဒီးယား မှ

မြောက်အမေရိကတိုက်သို့ ဥရောပတိုက်သားများ မရောက် လာမီ အလွန်ရှေးကျသော အချိန်ကစ၍ နေထိုင်ကြသော တိုင်း ရင်းသားများမှာ ရက်အင်ဒီးယန်းလူမျိုးများ ဖြစ်သည်။ သူတို့ သည် အာရှတိုက်သားများကဲ့သို့ အသားညို၍ ဆံပင်နက်၏။ ပါးရိုးကားပြီးလျှင် တရုတ်လူမျိုးတို့ကဲ့သို့ ဆံပင်နက်၏။ ပါးရိုး ကားပြီး ထိုသို့ အာရှတိုက်သားများနှင့် မျက်နှာပုံပန်းတူသဖြင့် သူတို့သည် အာရှတိုက်တွင် မူလနေရာမှ အမေရိကတိုက်ဘက် သို့ ကူးလာကြဟန် တူလေသည်။


ရှေးနှစ်ပေါင်း နှစ်သောင်းခန့် အထက်က ယခု ဗဲရင်းရေ လက်ကြား ခြားနေသော ဆိုက်ဗီးရီးယားနှင့် အလာစကာတို့ သည် တစ်ဆက်တည်း ဖြစ်ဟန်ရှိ၏။ အာရှတိုက် တိုက်အနှံ့ အပြားမှ တိုင်းရင်းသားတို့သည် အမဲလိုက်ရင်း ထိုကျွန်းဆက် ကို ဖြတ်၍ အမေရိကတိုက်ဘက်သို့ နယ်ကျွံလာကြသည်။ ထိုနောက် တောင်ဘက်သို့ ဖြန့်ဆင်းလာကြရာ အချို့တို့သည် တောင်အမေရိကတိုက်အထိ ရောက်ရှိလေ၏။


ရက်အင်းဒီးယန်းဟူသော အမည်မှာ အသားနီအိန္ဒိယလူမျိုး ဟု အဓိပ္ပာယ်ရ၏။ ကိုလံဗပ်သည် အမေရိကတိုက်သို့ ရောက် သွားသောအခါ အိန္ဒိယပြည်ကို တွေ့ရပြီဟု ထင်မှတ်သဖြင့် သူတွေ့သော တိုင်းရင်းသားများကို အင်ဒီးယန်းလူမျိုးဟု မှည့် ခေါ်ခြင်း ဖြစ်၏။ ထိုနောက်မှ အိန္ဒိယပြည်ရှိလူမျိုးများ မဟုတ် သည်ကို သိကြရသောအခါ လူမျိုးချင်း ခွဲခြားသိသာနိုင်ရန် မြောက်အမေရိက တိုင်းရင်းသားများကို အမေရိကန်အင်ဒီးယန်း၊ သို့မဟုတ် ရက်အင်ဒီးယန်းဟု ဖြည့်စွက် ခေါ်ဝေါ်ကြ၏။ အသားနီ အင်ဒီးယန်းဟု ခေါ်ခြင်းမှာ သူတို့၏ပင်ကိုအသား နီသောကြောင့်မဟုတ်၊ စစ်တိုက်ထွက်သောအခါ မျက်နှာကို ဆေးနီးသုတ်လိမ်း ထားလေ့ရှိခြင်းကြောင့် ဖြစ်၏။


ထိုအမေရိကန် တိုင်းရင်းသားများတွင် အမျိုးပေါင်းများစွာ ကွဲပြားလျက် ရှိ၏ ဘာသာစကားအမျိုးမျိုး ပြောကြ၏။ လူမျိုး ပေါင်းအုပ်စုတစ်စုလျှင် အုပ်စုဆိုင်ရာ တိရစ္ဆာန်အမည်ပေးကာ ခွဲခြားထား၏။ တိရစ္ဆာန်ရုပ်များကို တိုင်ကြီးများပေါ်၌ ထုလုပ် ထားသည်။ ဤသို့ အုပ်စုများစွာ ကွဲနေသော်လည်း အားလုံး တောထဲ၌ နေကြ၍ ဓလေ့ထုံးစံများလည်း တူကြ၏။ ကောက်ပဲ သီးနှံ အတော်အတန် စိုက်ပျိုး၍ ဆန်ကြမ်းကို စားသုံးကြ၏။ သို့ရာတွင် များသောအားဖြင့် မုဆိုး၊ တံငါအလုပ်ဖြင့် အသက် မွေးကြ၏။


သူတို့သည် အလွန်စစ်တိုက်ဝါသနာပါကြ၏။ မည်သည့် အခါမျှ တစ်အုပ်စုနှင့်တစ်အုပ်စု သင့်မြတ်သည်ဟူ၍ မရှိကြ ချေ။ နယ်လုခြင်း၊ အမဲသားကောင်အတွက် စကားများခြင်း၊ မပြောပလောက်သော အကြောင်းကိစ္စများ၌ အနိုင်ယူလိုခြင်း ကြောင့် မကြာခဏ ခိုက်ရန်ဖြစ်ပွားလျက် ရှိကြ၏။


မိန်းမများသည် ဆင်းရဲပင်ပန်းစွာ အလုပ်ကြမ်း လုပ်ကြ ရ၏။ ပဲ၊ ပြောင်းနှင့်ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြ၏။ တိရစ္ဆာန်အရေဖြင့် တစ်အိမ်ထောင်လုံးအတွက် အဝတ်အစား များကို ချုပ်လုပ်ကြရ၏။ အလုပ်လုပ်နေစဉ် ကလေးကို ကျော ၌ သယ်ပိုး၍သော်လည်းကောင်း၊ ပုခက်ထဲထည့်၍သော်လည်းကောင်း၊ သစ်ပင်၌ ဆွဲ၍သော်လည်းကောင်း ထားတတ်ကြ၏။ မိသားစုတစ်စုလုံး တစ်နေရာ မှ တစ်နေရာသို့ ရွှေ့ပြောင်းသောအခါ မိန်းမများပင်လျှင် အိမ်ထောင်ပစ္စည်းများကို သယ်ယူကြရ၏။


သို့ရာတွင် မိန်းမများ၏အဆင့်အတန်းမှာ အစစအရာရာ ၌ နိမ့်ကျသည်ဟူ၍ မဆိုနိုင်ချေ။ သူတို့သည် အရေးကြီးသော ကိစ္စများ၌ ပါဝင်ဆောင်ရွက်နိုင်ခွင့် ရှိ၏။ အချို့ကိစ္စများ၌ ယောက်ျားများသည် သူတို့ ဩဇာကို ခံရ၏။ တစ်အိမ်ထောင် လုံးအတွက် လုံလောက်စွာ အမဲဟင်းလျာကို ရှာဖွေ မပေးနိုင် သူများ၊ သို့မဟုတ် စစ်တိုက်ရာတွင် သူရဲဘောကြောင်သူများကို သူတို့၏ ဇနီးသယ်များက လက်မခံဘဲ ကွာပစ်နိုင်လေသည်။ ယောက်ျားများ၏အလုပ်ကား အမဲလိုက်ခြင်းနှင့် စစ်တိုက် ခြင်းဖြစ်၏။ အမဲလိုက်ခြင်းမှာ ပျော်ရွှင်လို၍ မဟုတ်၊ ဝမ်းစာ အတွက် ဖြစ်၏။ စစ်တိုက်ခြင်းမှာ စစ်တိုက်ဝါသနာပါသော ကြောင့် တိုက်ခြင်း ဖြစ်၏။ တစ်ခါတစ်ရံ မိမိချစ်ကြိုက်နေ သော မိန်းမအား မိမိအစွမ်းအစကို ပြလိုသဖြင့် ရန်သူများကို သွားရောက် တိုက်ခိုက်ကြ၏။ သူတို့သည် စစ်တိုက်ရာ၌ ရန်သူ များနှင့်တေ့တေ့ဆိုင်ဆိုင် ယှဉ်ပြိုင်တိုက်ခိုက်လေ့ မရှိချေ။ ရန်သူများကို အလစ်တွင် ချောင်းမြောင်း တိုက်ခိုက်ကြ၏။ သတ်ဖြတ်ပြီးသော ရန်သူများ၏ ဦးခေါင်းခွံများကို ဂရုတစိုက် သိမ်းဆီးထားလေ့ ရှိကြသည်။

နေထိုင်ရာအိမ်များ[ပြင်ဆင်ရန်]

သူတို့၏ အိမ်များမှာ သစ်ခေါင်းများ သစ်လုံးများဖြင့် ဆောက်လုပ်ထား၍ အလယ်၌ ဝင်ထွက် သွားလာရန် အပေါက်တစ်ပေါက် ရှိ၏။ အိမ်များမှာ မည်သည့်အခါမျှ ရှင်းလင်း သုတ်သင်ခြင်း မရှိသဖြင့် အမှိုက်သရိုက်တို့ဖြင့် ရှုပ်ပွေကာ လွန်စွာ ညစ်ပတ်ပေကျံလျက်ရှိ၏။ နွေအခါ၌မူ လွင်ပြင်များတွင် တိရစ္ဆာန် အရေများကို ဆက်စပ်ချုပ်လုပ်ထားသော တဲများထိုး၍ နေကြ၏။

အဝတ်အစား[ပြင်ဆင်ရန်]

သူတို့၏ အဝတ်အစားမှာ ပျော့ပျောင်း နူးညံ့အောင် ပြုလုပ်ထားသော တိရစ္ဆာန် အရေများဖြစ်၏။ ဆေးရောင်စုံ ချယ်ထားသော ဖြူဆူးများ၊ ပုတီးစေ့များဖြင့် အနားကွပ်ကို အလှအပ တပ်ဆင်ထားသော ခြေပတ်များကို ဒရယ်ရေဖြင့် အနားကွပ်ထား၏။ သမင်ရေဖြင့် ချုပ်ထားသော ဖိနပ်များနှင့် သူတို့၏ ဒရယ်ရေ ကိုယ်ကြပ်အင်္ကျီများပေါ်တွင် ပုတီးစေ့များ ကို လှပစွာ သီကုံးထား၏။

ဝက်ဝံလက်သည်းများ၊ ခွေးတူဝက်တူ၏ လက်သည်းများ၊ ဆတ်၏သွားများကိုလည်း လည်ဆွဲတန်ဆာ အဖြစ်ဖြင့် ဆွဲချိတ် ထားသေး၏။ အမွေးကောင်းသော သားကောင်များ၏ အရေ များကို နူးညံ့အောင် ပြုပြင်ပြီးလျှင် ယောက်ျားများက အပေါ်ဖုံး ကိုယ်ရုံအဖြစ်ဖြင့် အသုံးပြုကြ၏။

သူတို့သည် နတ်များကို ယုံကြည်ကိုးကွယ်ကြ၏။ သစ်ပင် မှ၎င်း၊ ကောင်းကင်၌၎င်း၊ မြစ်ချောင်းအင်းအိုင်တို့၌၎င်း နတ် များ ရှိသည်ဟု အယူရှိပြီးလျှင် ထိုနတ်များကပင် သူတို့အား ကောင်းကျိုး၊ မကောင်းကျိုး၊ ပေးသည်ဟု ယုံကြည်ကြ၏။ သူတို့၌ ပယောဂဆရာ၊ ဗိန္ဓောဆရာများ ရှိကြ၏။ လူ တစ်ယောက် မမာသောအခါ အပမှီနေသည်ဟု အယူရှိ၍ ပယောဂဆရာများကို ပင့်ရ၏။ ပယောဂဆရာသည် မန္တာန် များကို ရွတ်ဖတ်၍သော်လည်းကောင်း၊ အော်ဟစ်ကြိမ်းမောင်း၍သော် ၎င်း လူမမာအား ဝင်ပူးနေသော မကောင်းဆိုးဝါးများကို နှင်ထုတ်နိုင်သည်ဟု ယုံကြည်ကြ၏။ သို့ရာတွင် ထိုပယောဂ ဆရာများသည် လက်ဖွဲ့အင်းအိုင်များကိုသာ သုံးသည်မဟုတ်၊ ရောဂါများကို တကယ်ပျောက်ကင်းစေသော ဆေးဖက်ဝင်သည့် သစ်မြစ်သစ်ဥများကိုလည်း အသုံးပြုကြ၏။

သူတို့တွင် စာပေအရေးအသား မရှိချေ။ သို့ရာတွင် သူတို့ လူမျိုး အုပ်စုတိုင်း အုပ်စုတိုင်း၌ ရှေးဟောင်းဒဏ္ဍာရီပုံပြင်များ ရှိ၏။ ညနေအလုပ်များ အားလုံးပြီးသောအခါ မီးဖို၌ ဝိုင်းထိုင် ၍ လူကြီးများက ကလေးများကို ပုံပြောပြလေ့ ရှိကြ၏။ ကလေးများလည်း အားလပ်သောအခါ၌ စွန်လွတ်ခြင်း၊ တူတူ ပုန်းခြင်း စသည်တို့ဖြင့် ကစားကြ၏။

အမေရိကတိုက်သို့ ဥရောပတိုက်သားများ ရောက်လာသော အခါ အမေရိကန်တိုင်းရင်းသားများသည် ပထမ၌ မျက်နှာဖြူ လူမျိုးတို့၌ သင့်မြတ်စွာ ပေါင်းသင်းကြ၏။ သူတို့ တတ်နိုင် သော ကိစ္စများတွင် မျက်နှာဖြူများကို အကူအညီ ပေး၏။ သို့ရာတွင် နောင်အခါ၌ မျက်နှာဖြူများက သူတို့ကို မောင်း ထုတ်၍ သူတို့၏မြေများကို သိမ်းယူရန် ကြံရွယ်ကြောင်း သိရှိ သွားသောအခါ သူတို့သည် မျက်နှာဖြူလူမျိုးများကို ရှေးက ကဲ့သို့ မခင်မင်တော့ချေ။ သို့ဖြစ်၍ ၁၆၃၇ ခုနှစ်မှ ၁၈၇၆ ခုနှစ်အထိ အင်ဒီးယန်းတိုင်းရင်းသားများနှင့် မျက်နှာဖြူလူမျိုး များသည် မကြာခဏ ပဋိပက္ခ ဖြစ်ခဲ့ကြလေသည်။ ယခုမူ ထို ရန်ပွဲ ပြီးဆုံးသွား၍ နှစ်ဦးနှစ်ဖက် ပြန်လည်သင့်မြတ်နေကြပြီ ဖြစ်၏။

အမေရိကတိုက်သို့ ဥရောပတိုက်သားများ ပထမရောက် လာစဉ်က အမေရိကန်ပြည်ထောင်စု၌ တိုင်းရင်းသား ၈၅ဝဝဝဝ၊ ကနေဒါနိုင်ငံ၌ ၂ဝဝဝဝဝ ရှိ၏။ ၁၉၃ဝ ပြည့်နှစ်၌ မူ အမေရိကန်ပြည်ထောင်စု၌ ၃၃၂၃၉၇၊ ကနေဒီနိုင်ငံ၌ ၁၁၅ဝဝဝ မျှသာ ကျန်တော့၏။ တိုင်းရင်းသားများသည် မျက်နှာဖြူများထံမှ အဆုတ်ရောဂါနှင့် အခြားရောဂါများ အမွေရလိုက်၍ အမြောက်အမြား သေကြေပျက်စီးကြ၏။ အချို့က တိုင်းရင်းသားလူမျိုးသည် တဖြည်းဖြည်း ပျောက် ကွယ်သွားတော့မည်ဟု ယူဆကြ၏။ အမှန်မှာ အင်ဒီးယန်း လူမျိုးစစ်စစ် တစ်နေ့တစ်ခြား နည်းပါးလာခြင်းသာ ဖြစ်၏။ အင်ဒီးယန်းအဆက်အနွယ်ဝင် တိုင်းရင်းသားများကား အမြောက်အမြား ရှိသေး၏။ ယခုအခါ အမေရိကန်အစိုးရနှင့် ကနေဒါအစိုးရတို့က သူတို့ကို အထူးစောင့်ရှောက်ထားကြ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)