ယိုးဒယားသီချင်းနှင့်အက

ဝီကီပီးဒီးယား မှ

ယိုးဒယားသီချင်းနှင့်အက[ပြင်ဆင်ရန်]

ယခုခေတ် မြန်မာတိုင်းရင်းသားတို့၏ သီဆိုတီးမှုတ် ကခုန်မှု သဘင်ပညာသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ် ပေါင်း ၁၅ဝဝ ခန့်မှစ၍ ဆင်းသက်ပေါက်ပွားလာသော ပညာ ဖြစ်လေသည်။ ပုဂံခေတ်ကျောက်စာများတွင် ကခြေသဘင် ဟူသော ဝေါဟာရစကားများကို တွေ့ရသဖြင့်အပြင် ပုဂံဂူ ဘုရား နံရံများရှိ အချို့သော ပန်းချီဆေးရေးကားများတွင် ကဟန်အမူအရာအမျိုးမျိုကို မြင်နိုင်လေသည်။ ထိုအမူအရာများ သည် ယခုအခါ ယိုးဒကားအကဟု နှုတ်ဝသီအတိုင်းခေါ်နေကြ သော အချို့အကအမူအရာတို့နှင့် တူလှလေသည်။ သို့ရာတွင် ပုဂံကောင်းစားနေသောခေတ်၌ ယခုအခါ ယိုးဒယားဟုခေါ်သော ဒေသတွင် ယိုးဒယားလူမျိုးများသည် နိုင်ငံမတည်ကြသေးချေ။ ထို့ကြောင့် ယိုးဒယားအက အမူအရာများသည် ပုဂံ ခေတ်မှ ဆင်းသက်လာသော မြန်မာ့အကပညာအစစ် ဖြစ်သည်ဟုလည်းကောင်း၊ ထိုအက အမူအရာများကို ရှေးရိုး မြန်မာအကပညာဟုလည်းကောင်း ဆိုထိုက်လှလေသည်။ မြန်မာဇာတ်သဘင်


အလောင်းမင်းတရားကြီး၏ သားတော်လတ်ဖြစ်သော ဆင်ဖြူရှင်မင်းတရားကြီးသည် သက္ကရာဇ် ၁၁၂၉ ခုနှစ်တွင် ဇင်းမယ်၊ လင်းဇင်း၊ အယုဒ္ဓယတို့ကို အောင်တော်မူရာ ယိုးဒယားမင်းသား မင်းသမီးတို့နှင့်တကွ ယိုးဒယားသဘင် ပညာသည်တို့သည် အင်းဝသို့ ရောက်လာကြလေသည်။ ဂျွမ်းပြည်၊ ယွန်းပြည်တို့မှ အရပ်ရပ် ဒဏ္ဍာရီပုံပြင်များ၊ ယိုးဒယားအဆိုအတီးများလည်း ပါလာလေသည်။ ထိုပုံပြင်များသည် သင်္ခပတ္တ၊ ကေသာ သီရိ၊ အီနောင်၊ ရာမတို့သည် ထင်ရှားသည်။ ဘိုးတော်ဘုရား လက်ထက် ၁၁၅၁ ခုနှစ်တွင် ဂျွမ်းပြည်၊ ယွန်းပြည်တို့မှ ပါလာသော အီနောင်၊ ရာမ၊ သင်္ခပတ္တ၊ ကေသာသီရိ ဒဏ္ဍရီဇာတ်များကို ဂျွန်းသံခံ၊ ယွန်းသံခံတို့၏ အကူအညီဖြင့် မြန်မာပြန်ဆိုစေသည်။ ထိုနောက် မြဝတီမင်းကြီး ဦးစနှင့် ပြင်စည်မြို့စား မြင်းမှူးမင်းသား အစရှိသော မြန်မာ ပညာရှိများကို ပင့်ခေါ် စုရုံးစေ၍ ထိုဘာသာပြန် ဒဏ္ဍာရီများ ကို နန်းတွင်းဇာတ်တော်ကြီးများအဖြစ် ခင်းကျင်းကပြနိုင်အောင် မြန်မာတို့နှင့် သင့်လျော်သော ဇာတ်လမ်းဇာတ်ကွက်များ ထုတ် ကာ၊ ကဗျာလင်္ကာ သီချင်းများကို ရေးစပ်ဖွဲ့ဆိုစေခဲ့သည်။ ( စ၊ ဦး၊ မြဝတီမင်းကြီး။ ပြဇာတ်။ ပြင်စည်မင်းသား--။) ထိုသို့ ပုံပြင်ဒဏ္ဍာရီများနှင့်အတူ ပါလာသော ယိုးဒယား အဆို အတီးများ (ဝါ) ယိုးဒယားသီချင်းတေးသံတို့ကို ယိုးဒယား သီချင်းဟု ခေါ်လာခဲ့၍ ထိုယိုးဒယားသီချင်း တီးကွက် အသံ များကို အမှီပြုကာ ပေါ်ပေါက်ထွန်းကားလာခဲ့သော၊ တစ်နည်း အားဖြင့် ထိုတေးသီချင်းများကို အကြောင်းပြု၍ ယှဉ်တွဲသရုပ် ဖော် ကပြသည့် ကကွက်များကို ယိုးဒယား အကဟူ၍ ခေါ် ဝေါ်လာကြလေသည်။ ယိုးဒယားတေးသီချင်း တီးကွက်များအနေဖြင့် မြန်မာ တူရိယာပညာရှင်တို့ အဓိကထား၍ တီးမှုတ်ခဲ့သော မြန်မာ ယိုးဒယားတေးသီချင်းများနှင့် စပ်လျဉ်း၍ ရွေနှင်းတောမြိုင်၊ ပန်းခိုင်မှော်မှိုင်း၊ ခြားပိုင်းရှစ်သံ၊ ဖရံတင်(ညွန့်)၊ ခက်မွန့်ခမိန်၊ ထနောက်ချိန်သား၊ ဖရင်းချားထပ်တွန့်၊ ချွတ်ချုံငုငစ်၊ အသံရှစ်၊ မှတ်လစ်စဉ်ကမ္ဘာဟု မှတ်သားရန် လင်္ကာတပိုဒ် ရေးစပ်ထား ခဲ့၏။ ယင်းသည့် လင်္ကာကို အကျယ်ဖွင့်ပြရသော်- (၁) (ရွှေ) - ရွေတညာ (ဖရံတင်)


(၂) (နှင်း) - နှင်း ယွန်းခါဟေမန် (ခက်မွန်)


(၃) (တော) - တောတောင်စွယ် (ခမိန်)


(၄) (မြိုင်) - တောမြိုင်ခြေလမ်း (ထနောက်)


(၅) (ပန်း) - ပန်းမြိုင်လယ် (ဖရင်းချား)


(၆) (ခိုင်) - ခိုင်းပန်းစုံ (ထပ်တွန့်)


(၇) (မှော်) - မှော်ရုံဟေဝန် (ချွတ်ချုံ)


(၈) (မှိုင်း) - မှိုင်းမှုံပြာညို (ငုငစ်) ဟူ၍ဖြစ်သည်။


ယိုးဒယားသံ ရှစ်မျိုးဖြင့် သီကုံးဖွဲ့ဆိုထားသော ထို ယိုးဒယားသီချင်း ရှစ်ပုဒ်ကို ပြင်စည်မင်းသား စပ်ဆိုခဲ့သည်။ ပြင်စည်မင်းသားကြိးသည် ဤရှစ်ပုဒ်ဖြင့် ယိုးဒယားသံ မြန်မာ သီချင်းများ၏ အုတ်မြစ်ကို ချခဲ့သည်ဟု ဆိုရာသည်။ ရှေးအစဉ်အလာအားဖြင့် မြန်မာတူရိယာပညာရှင်တို့သည် ဤယိုးဒယားသီချင်း ရှစ်ပုဒ်ကို သင်ကြား ပြီးမြောက်ချိန်၌ ယိုးဒယားသီချင်းများ၏ အခြေခံကို ပြည့်စုံတတ်မြောက်သည်ဟု ယူဆခဲ့လေ့ ရှိသည်။ ထို့ပြင် ထိုမြန်မာယိုးဒယား သီချင်း တေးသံတို့ကို ယိုးဒယားရှစ်ခန်းဟူ၍ မှတ်သားလာခဲ့သည်ဟု ဆိုသည်။ သို့ရာတွင် ထိုသီချင်းရှစ်ပုဒ်တွင်- (၁) (လွမ်း) - လွမ်းပိုအောင် (ချူခြား) (၂) (ဆန်း) - ဆန်းနွေဦး (ကပီ) (၃) (စိန်) - စိန်ခြယ်ညီးလင်း (အလေ့မေ့) (၄) (ဝေ) - ဝေဇယန္တာ (မဟိုရ်သီ)တို့ကို ဖြည့်စွက်၍ ယိုးဒယား ၁၂ ခန်းဟု မှတ်သားထားကြသည် လည်း ရှိပြန်လေသည်။ မြန်မာယိုးဒယားတေးသီချင်းများ၏ တီးကွက် တေးသွား နှင့် ယှဉ်တွဲကပြလေ့ရှိသော ကကွက်များမှာ အထက်ဖော်ပြပါ တေးသီချင်းများ၏ တီးကွက် အစိတ်အပိုင်းအတွင်း၌သာ ကိုယ်ဟန်အမူအရာ ပြောင်းလဲဖန်တီး ကပြသောကကွက်များ ဖြစ်လေသည်။ ယိုးဒယားအက ကကွက်များမှာ ညက်ညောသိမ်မွေ့စွာ ကပြရသော ကကွက်များ ဖြစ်သည့်အလျောက် နရီ၊ စည်း၊ ဝါး၊ အနှေးအမြန်နှင့် ကကွက်ပြောင်းစေကာမူ ငြိမ့်ညောင်းစွာ လှုပ်ရှားကပြရသော အကတစ်မျိုး ဖြစ်လေသည်။ မြန်မာအခေါ် အားဖြင့် ထိုကကွက် ကဟန်များတွင် သရုပ်ဖော်မှု၏အဓိပ္ပာယ် ကို အကြောင်းပြု ပေါ်လွင်စေမည့်အမည်များ ပေးထားလေ သည်။ ထိုအကများကိုပင် ယခုအခါ၌ ရှေးရိုးတစ်ပင်တိုင်အက ဟု ခေါ်ဝေါ်ကြပြန်လေသည်။ ထိုအကများကိုလည်း အောက်ပါ အတိုင်း ၁၂ မျိုး ပြဆိုလေသည်။


(၁) ဘောင်းတော်ပြင်။ ။ ခေါင်းပေါင်း (ဘောင်းတော်)ပေါင်းဟန်ကို လက်အကွေးအညွတ်အပျောင်း အနွဲ့တို့ဖြင့်သယ်ယူကပြသွားခြင်း ဖြစ်သည်။


(၂) မှန်တော်ရှု။ ။ မှန်ကြည့်ဟန်အက ဖြစ်သည်။


(၃) ပန်းစိုက်။ ။ ပန်းစိုက်ဟန်၊ ပန်းပန်ဟန်အကမျိုးဖြစ်သည်။


(၄) သားပိုက်။ ။ သားပိုက်ဟန်အကမျိုးဖြစ်၍ သားပိုက်ဟန်-ချော့ဟန် သရုပ်ပေါ်စေရန် လက်ခြေ အနေအထားယူပုံတွင် ကကြိုးဟန် တစ်ချက်မလွတ်စေရဘဲ၊ အပျော့အကွေး အညွတ်တို့ဖြင့် လွှဲပြောင်းလှုပ်ရှားကပြရသည့် အကမျိုးဖြစ်သည်။

(၅) ကျောက်ကောက်။ ။ မင်းသမီး ကျောက်ကောက်ဟန်နှင့် မင်းသား ကျောက်ကောက်ဟန် နှစ်မျိုး ရှိ၏။ လက်နှစ်ဘက်ကို ခွဲ၍ ကပြရာတွင် လက်နှစ်ဘက်စလုံး ပက်လက်လှန်သည့် အနေအထားဖြင့် ပြသရသော အကတစ်မျိုး ဖြစ်သည်။

(၆) ဆံတော်သိမ်း။ ။ ဆံပင်သိမ်းဟန်၊ ထုံးဟန်၊ ရစ်ဟန်အကတစ်မျိုး ဖြစ်၏။ လက်နှစ်ဘက်စုံ ယူရာတွင် လက်များ ဦးခေါင်းနောက် ရောက်လျှင် ဆံတော်သိမ်း ရှေ့ရောက်လျှင် ပန်းဝိုင်းဟု ခွဲခြားသည်။


(၇) ဖျင်းချင်။ ။ အကြမ်းအားဖြင့် ကကြိုး ခပ်သွက်သွက်ကို အချိန်တိုတိုဖြင့် တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲ ကပြသွားသည့် အကကို ခေါ်ဆိုပေသည်။


(၈) ဖျင်းဖျတ်ဖျတ်။ ။ ဖျင်းချင်အကမှ မူကွဲတစ်မျိုးဖြစ်၍ စည်းခပ်သွက်သွက်ဖြင့် အမျိုးမျိုး ပြောင်းလဲ ကပြရသည့် အကကိုပင် ခေါ်ဆိုသည်။


(၉) ချွတ်။ ။ ချွတ်အကြီးအသေး ဟူ၍ နှစ်မျိုးရှိရာ ရာမဇာတ်မှ သမင်လိုက်ခန်းမှာ ချွတ်အကြီး ဖြစ်သည်။ ခြေကို ရွရွကလေး နင်း၍ တစ်စုံတစ်ဦးအား ရှောင်ဟန်၊ တိမ်းဟန်၊ ချောင်းဟန်၊ ရှာဟန်နှင့် မိုးဟန်၊ ခုတ်ဟန်အကမျိုး ဖြစ်သည်။


(၁ဝ) ချွတ်အသေး။ ။ တစ်ချက်ချင်း ခပ်လေးလေး ခပ်မှန်မှန်ကလေး တီးခေါက်ပေးနေသည့် ဆိုင်းချက်အလိုက် ရွရွကလေး ခြေဖော့နင်းပြီးလျှင် အရှောင်အတိမ်း အကူးအပြောင်းနှင့် အံ့ဩဟန်ထိတ်လန့်ဟန်တို့ကို ဟန်ပါပါဖြင့်ပရိသတ်တို့ အသဲတထိတ်ထိတ်၊ စိတ်တထင့်ထင့်ဖြင့်ငေးမောနေရအောင် ကပြရသော ကကြိုးဖြစ်သည်။


(၁၁) ကပီ။ ။ ခြေများများ ကသောအကကို ကပီ ဟုခေါ်သည်။ ဆင်ကပီ၊ မြင်းကပီဟူ၍ ရှိရာ၊ မြင်းကပီဆိုသည်မှာ မြင်းကို ခြေဖြင့်တို့၍ နောက်သို့ ကြည့်ဟန်ကကြိုးတစ်မျိုး ဖြစ်သည်။ ဆင်ကပီဆိုသည်မှာ ခြေကို စုံထား၍ ကူးပြောင်းကပြရသော ကကြိုးတစ်မျိုး ဖြစ်သည်။


(၁၂) ကရောင်း။ ။ ကရောင်း ဆိုသည်မှာ ပေါင်ကို အများဆုံးကပြရသော အကတစ်မျိုး ဖြစ်သည်။ ဘီလူးများ ကလေ့ရှိသည့် အကအားလုံး ဟန်အားလုံးကို ကရောင်းဟူ၍ ခြုံပြီးခေါ်ဆိုလေ့ရှိသည်။


(၁)မှ (၆)အထိသည် အနုပိုင်းဆိုင်ရာ လူများဖြစ်သည့် မင်းသမီးများ ကနိုင်သည့်အတွက် အနုခြောက် ခန်းဟု ခေါ်၍၊ (၇)မှ (၁၂)အထိသည် အထူးသဖြင့် ယောက်ျားပိုင်းမှ ကလေ့ ရှိသဖြင့် အကြမ်းခြောက်ခန်းဟု ခေါ်သည်။ ထို့ပြင် ယိုးဒယားအက ကကွက် ကဟန်များကို (၁) ကန်တော့ခန်း၊ (၂) သားပိုက်၊ (၃) အဝေးမျှော်၊ (၄) အနီး မျှော်၊ (၅) ကျောက်ကောက်၊ (၆) သမင်လိုက်၊ (၇) ဖျင်းချင်၊ (၈) ကိန္နရာလည်ပြန်၊ (၉) ကပီ၊ (၁ဝ) ဆံသိမ်း၊ (၁၁) ချွတ်၊ (၁၂) မှန်တော်ရှု၊ (၁၃) ပန်းစိုက်၊ (၁၄) ဘောင်းတော်ပြင်ဟူ၍ ခွဲခြားဖော်ပြ သည်လည်း ရှိသေးသည်။ ယိုးဒယားအကပညာသည် ခက်ခဲ ရှုပ်ထွေးသော အတတ် ပညာဖြစ်၍ ဆရာကြီးများထံ ရိုသေကျိုးနွံစွာ ကြိုးစားအားထုတ် သင်ယူမှ ရလေသည်။ ယိုးဒယားအကအခန်းကုန်၊ အချင်းကုန် ကို ယိုးဒယားဇာတ်တော်ကြီးသားများမှ လွဲ၍ အခြားသူများ မကတတ်ဟု ဆိုလေသည်။ အကအစ၊ ယိုးဒယားမှဆိုသော စကားစဉ်အတိုင်း ခြေဖျားမှ ဦးခေါင်းအထိ၊ ဘယ်ခြေညာလက်၊ ဘယ်မြေ|ာက်ညာချ စသော ကိုယ်အင်္ဂါအစိတ်အပိုင်း လှုပ်ရှားပုံ၊ ရင်ခါး၊ ဦးခေါင်းငဲ့၊ မေးတိမ်း၊ လက်ဖျားမှောက်လှန်၊ လက် ချောင်း ထားပုံ စသော အကွက်အချင်းတို့ကို အထူးဂရုပြုရန် လိုပေသည်။ ယိုးဒယားဇာတ်သည် စည်းကမ်းအလွန်ကြီးသည်။ ဟန်လည်း အလွန်ကြီးသည်။ အတီးနှင့် အက၊ အကနှင့် ခြေဟန် လက်ဟန်၊ ခြေဟန်လက်ဟန်နှင့် မျက်နှာထားတို့ သုံးမျိုး သုံးစား ညီညွတ်ရလေသည်။ ယိုးဒယားကဟန် မှန်သမျှတွင် မိမိကိုယ်ကို တောင့် တောင့်တင်းတင်း၊ ခိုင်ခိုင်မာမာ ရပ်တန့်မနေရ၊ ပေါင်ကွကွ ကိုယ်ဟန်ပျော့ပျော့ နေရသည်။ ဟန်ဆိုသည်မှာ တိမ်တောင် တိမ်လိပ် တက်သကဲ့သို့ တစ်ဟန်မှ တစ်ဟန်သို့ တရိပ်ရိပ်ဖြင့် ကူးပြောင်းမှန်းမသိ သိမ်သိမ်မွေ့မွေ့ ကူးပြောင်းရလေသည်။ ရာမဇာတ်ကြီးတွင် (၁) ဘိုးတော်၊ ရာမ၊ လက္ခဏ၊ သီတာတို့ ထွက်လာလျှင် ဖရင်းချား၊ သို့မဟုတ် ဖျင်းကို တီးမှုတ်ပေးရသည်။ (၂) ဘီလူးထွက်လာလျှင် ထပ်တွန့်၊ သို့မဟုတ် ကရောင်းကို တီးမှုတ်ပေးရသည်။ (၃) မျောက်ထွက် လာလျှင် ချွတ်၊ သို့မဟုတ် ကပီကို တီးမှုတ်ပေးရသည်။ ဘိုးတော်၊ ရာမ၊ သီတာ၊ လက္ခဏာနှင့် ဟနုမန် ပေါင်း ငါးဦး တို့သည် ခြေမှန်မှန်နှင့် ခပ်ကျဲကျဲကပြရလေသည်။ အီနောင် လောက် ဟန်မစိပ်ရချေ။ ဘီလူးနှင့် မျောက်တို့မှာ ခြေကျဲကျဲ မှန်မှန်လှမ်းရသည်။ ခပ်သွက်သွက် ခြေလှမ်း၍ ဝါးချက်နှင့် ထပ်တူထပ်မျှ ခြေချ မိစေရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)