ယမုနာမြစ်

ဝီကီပီးဒီးယား မှ
(ယမုံနာမြစ် မှ ပြန်ညွှန်းထားသည်)
အာဂရာမြို့ရှိ မဟယ်ဘုရားကျောင်းသည် ယမုနာမြစ်ဘေးတွင် တည်ရှိလေသည်။

ယမုနာမြစ် (အင်္ဂလိပ်: Yamuna, Sanskrit: यमुना, Urdu:جمنا sometimes called Jamuna or Jumna) သည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ၊ ဂင်္ဂါမြစ်၏ အရေး အကြီးဆုံး မြစ်လက်တစ် တစ်ခုဖြစ်သည်။ ပိဋကတ်စာပေတို့၌ ထင်ရှားသော ဂဂဋကတ်စာပေတို့၌ ထင်ရှားသော ဂင်္ဂါ၊ အစိရဝတီ၊ ယမုနာ၊ သရဘူ၊ မဟီတည်းဟူသော မွေ့လျော်ဖွယ်မြစ် ကြီး ငါးသွယ်တို့၌ အပါအဝင် ဖြစ်၏။ ယမမင်း၏ နှမတော် ဖြစ်ခြင်းကြောင့် ယမုနာမြစ်သည်ဟု ပူရာဏ်ကျမ်းများမှာ အဆို ရှိသည်။ ထိုယမုနာမြစ်သည် ဟိမဝန္တာတောင်၊ ယမ္မနော့ထရီ ရေခဲမြစ်တွင် မြစ်ဖျားခံ၍ တောင်ဘက်သို့ စီးဆင်းသွားသည်။

ထိုနောက် အနောက်တောင်ဘက်သို့ စီးဆင်းကာ တစ်ဖန် တောင်ဘက်တည့်တည့်သို့ စီးဆင်းသွားသည်။ ထိုသို့ စီးဆင်း သွားစဉ် မြစ်လက်တက် အမြောက်အမြား စီးဝင် ပေါင်းဆုံလာ ကြသည်။ မြောက်ဘက်မှ စီးဆင်းလာသော ရေစီးသန်သည့် ထွန်းဆိုသော ချောင်းနှင့် ပေါင်းဆုံပြီးနောက်တွင် ထိုယမုနာ မြစ်သည် အရှေ့ ပန်ဂျပ်နှင့်ဥတြဒေသပြည်နယ်တို့ကို ပိုင်းခြား ထားသော နယ်နိမိတ်အဖြစ် တည်ရှိလေသည်။

ဟီမလာယာ အနီးရှိ ယမုနာမြစ်

ထိုနောက် ယမုနာမြစ်သည် အရှေ့တောင်ဘက်သို့ စီးဆင်း သွားရာ ဝိန္ဓိယ (ဝိန္ဓျ)တောင်တန်းမှ စီးဆင်းလာကြသည့် ချမ်းဗော၊ ဆင်း၊ ဗီတွာနှင့် ကင်းစသည့် မြစ်လက်တက်များ စီးဝင် ပေါင်းဆုံလာကြသည်။ ယမုနာမြစ်သည် အာလဟာဗက် မြို့တွင် ဂင်္ဂါမြစ်အတွင်းသို့ စီးဝင်သည်။ အာလဟာဗက်မြို့အထိ မြစ်၏ အလျားမှာ မိုင်ပေါင်း ၈၅ဝ ရှည်သည်။ ယခုအခါ အာလဟာဗက်ဟု ခေါ်ဆိုကြသောမြို့မှာ ရှေးအခါက ပယာဂ ဆိပ်ဖြစ်သည်။ ပယာဂဆိပ်သည် မြတ်စွာဘုရား ဝေရဉ္စရာတိုင်း၌ ဒွါဒသမ ဝါကပ်ဆိုတော်မူကာ ဝါကျွတ်၍ ဒေသစာရီ ကြွ ချီတော်မူသောအခါ ဗာရာဏသီတို့ ကူးကြွတော်မူရာ ဆိပ်ကမ်းမြို့ဖြစ်သည်။ ပယာဂဟူသည် လွန်ကဲမြင့်မြတ်သော ပူဇော်ရာဌာန၊ သို့မဟုတ် မြတ်သောဒါန ကောင်းမှုပြုရာ ပုညခေတ်ဟု အဓိပ္ပာယ် ဆိုလိုသည်။ ဟိန္ဒူလူမျိုးတို့အတွက် လွန်စွာ အရေး ကြီးသော ပုညတိတ္ထ ဖြစ်သည်။

ဂင်္ဂါမြစ်နှင့် ယမုနာမြစ်တို့အကြား ဒိုအပ်မြေသည် ကောက် ပဲသီးနှံစိုက်ရန် မြေဩဇာ အကောင်းဆုံး ဖြစ်သဖြင့် လူဦးရေ မှာလည်း ကမ္ဘာပေါ်တွင် အထူထပ်ဆုံးဒေသတစ်ခု ဖြစ်သည်။ ယမုနာမြစ်သည် ဥတြဒေသပြည်နယ်အတွင်း၌ စီးဆင်းရာ တွင် ဂင်္ဂါမြစ် စီးဆင်းသည်ထက် ပို၍ ရှည်လျား၏။ သို့သော် မြစ်ဝှမ်းမှာ မကြီးမားသည့်အပြင် ထင်လည်း မထင်ရှားချေ။ နွေရာသီ၌ အာဂရာမြို့၏ အထက်ဘက်တွင် ယမုနာမြစ်သည် ချောင်းငယ်တမျှ သေးငယ်နေလေသည်။ ထိုသို့ ဖြစ်ရသည်မှာ တစ်စိတ်တစ်ဒေသအားဖြင့် မြစ်၏ အရှေ့နှင့် အနောက်ဘက် သို့ရှိ ယမုနာ တူးမြောင်းများကြောင့် ဖြစ်သည်။ အရှေ့ ယမုနာ တူးမြောင်းသည် ဥတြဒေသပြည်နယ်အတွင်းရှိ လယ်ဧကပေါင်း ၄ဝဝဝဝဝ ခန့်ကိုလည်းကောင်း၊ အနောက် ယမုနာတူးမြောင်းသည် ပန်ဂျပ်ပြည်နယ်အတွင်းရှိ လယ်ဧကပေါင်း ၅၅ဝဝဝ ကို လည်းကောင်း ရေသွင်းပေးလေသည်။

ယမုနာမြစ်အတွင်းဝယ် ဝမ်းပြား ကုန်တင်လှေကြီးများဖြင့် ကူးသန်းသွားလာကြသည်။ ယမုနာမြစ်၏ ရေအယဉ်သည် ကြည်လင် သန့်စင်၍ ပြာလဲ့သော အဆင်းရှိ၏။

ယမုနာမြစ်နှင့် ဂင်္ဂါမြစ်တို့ဆုံရာတွင် တည်ရှိသော အာလဟာဗက်မြို့အပြင် ယမုနာမြစ်ပေါ်တွင် ဒေလီ၊ အာဂရာနှင့် မုတြမြို့များ တည်ရှိသည်။ ယမုနာမြစ်ကို မီးရထားလမ်း တံတားကြီးများဖြင့် ဖြတ်ကျော်ထားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)