ယမနေ

ဝီကီပီးဒီးယား မှ
(ယမနေပင် မှ ပြန်ညွှန်းထားသည်)
Gmelina arborea
Gmelina arborea tree plantation
Gmelina arborea sapling from Mindanao, Philippines
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Lamiales
မျိုးရင်း: Lamiaceae
မျိုးရင်းသေး: Premnoideae
မျိုးစု: Gmelina
မျိုးစိတ်:
G. arborea
ဒွိနာမ
Gmelina arborea
Synonyms
  • Gmelina arborea var. canescens Haines
  • Gmelina arborea var. glaucescens C.B.Clarke
  • Gmelina rheedei Hook. [Illegitimate]
  • Gmelina sinuata Link [၂]

ယမနေပင်ကို ရုက္ခဗေဒ အလိုအရ ဂမီလီနာ အာဗိုရိယဟု ခေါ်သည်။ အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်နှင့် မလေးရှားနိုင်ငံများတွင် ယမနေပင်များ ပေါက်ရောက်သည်။ မြန်မာနိုင်ငံတွင် စိုစွတ်သော သစ်တောများ၌ မြေပြင်မှ ပေပေါင်း ၃၅ဝဝ အထိတွင် ယမနေပင်တို့သည် ဝါးပင်များနှင့် ရောနှော၍ ပေါက်ကြသည်။ ယမနေပင်သည် ပေ ၆ဝ ထိ မြင့်နိုင်၍ ယင်း တွင် အရိပ်ကောင်းကို ဖြစ်စေနိုင်သည့်အဘက်ဘက်သို့ ဖြာထွက်နေကြသော အကိုင်းများနှင့် အရွက်များရှိသည့် ထိပ်ပိုင်းရှိသည်။ အခေါက်တွင် ညိုမွဲမွဲအရောင်ရှိ၍ အခေါက်ဟောင်း ကွာသွားသည့် နေရာတွင် အညိုရောင် ပျော့ပျော့အကွက်များ ရှိသည်ကို မြင်နိုင်ပေသည်။ အရွက်များသည် နှလုံးပုံ(ညောင် ရွက်ပုံ)ရှိကြသော်လည်း ချွန်သည်။ အရှည်မှာ ငါးလက်မဖြစ်၍ ရိုးတံရှည်များ ရှိသည်။ အပွင့်များသည် တောက်ပသည့် အဝါ ရောင်ဖြစ်ကြသော်လည်း အညိုရောင်သန်းနေကြသည်။ အသီးများသည် အသားများ၍ ကြက်ဥပုံ ခွံမာသီး ဖြစ်သည်။

တစ်လက်ခန့်ရှည်၍ ချောမွတ်သည်။ မှည့်သောအခါ အဝါရောင်ဖြစ်လာသည်။

ယမနေပင်သည် လှပသော်လည်း နွေအခါ၌ နှစ်လခန့် အရွက်များ ပြတ်နေတတ်သည်။ ထိုအချိန်၌ အပွင့်များ ပွင့်လာတတ်သည်။ ယမနေပင်သည် အကြီးမြန်သော အပင် မျိုးဖြစ်၍ ယင်းကို မျိုးစေ့မှ ဖြစ်စေ၊ အကိုင်းဖြတ်၍ဖြစ်စေ စိုက်ယူနိုင်သည်။ မိုးမစမီ အသီးများမှည့်ကြသည်။ မျိုးစေ့များမှ အညှောက်များသည် လွယ်လင့်တကူနှင့် ထွက်မလာကြချေ။ ကျွန်းပင်ကို စိုက်ပျိုးသကဲ့သို့ စိုက်ပျိုးယူသင့်သည်။ နောက်တစ်မိုးတွင် အပင်ကလေးများကို စိုက်နိုင်ပေသည်။ ဇူလိုင်လနှင့် ဩဂုတ်လများတွင် အကိုင်းများကို ဖြတ်၍စိုက်လျှင် တစ်ပင်နှင့် တစ်ပင်ကို ပေ ၄ဝ ခွာ၍ စိုက်သင့်ပေသည်။

ယမနေသားသည် ဖြူယော်ယော်အရောင်ရှိ၍ ပေါ့ပါး ပျော့ပျောင်းသည်။ အသားသေအောင် ပြုလုပ်ရန် လွယ်ကူ၍ အရောင်တင်ခံသော အသားလည်းဖြစ်သည်။ ထိုကြောင့် ယမနေသားသည် အိမ်အသုံးအဆောင်ပစ္စည်းများ၊ သေတ္တာများနှင့် ကြမ်းခင်းများအတွက် ကောင်းမွန်သည်။ ပန်းပု ထုရန်နှင့် မှန်ကူကွက်များဖော်ရန်လည်း အသုံးပြုနိုင်သည်၊ ယမနေသားကို လောင်းလုပ်ရာတွင် လှေစပ်ရာတွင်လည်း အသုံးပြုကြသည်။

မြန်မာနိုင်ငံတွင် သစ်သားအမျိုးမျိုးရှိသည့်အနက် စက္ကူပြုလုပ်ရန် ကောင်းမွန်သော သစ်သားမျိုးတွင် ယမနေသားလည်း ပါဝင်သည်။ နှောသားနှင့် ယမနေသားတို့သည် မြန်မာနိုင်ငံတွင် ပုံနှိပ်ဗလောက်တုံးများ ပြုလုပ်ရန်လည်း အသုံးပြုကြသည်။ ယမနေရွက်ကို ညှစ်၍ရသော အရည်ဖြင့် ယဉ်းနေသော အနာများကို ကုသနိုင်သည်။ ယမနေမြစ်ကိုလည်း အစာအိမ် အားတိုးဆေးအဖြစ် အသုံးချနိုင်ပေသည်။

တနင်္သာရီတိုင်း၌ ပေါက်သော ယမနေ အနီပင်၊ ယမနေ အဖြူပင်နှင့် တောင်ယမနေပင်တို့သည် အပင်ငယ်များ ဖြစ်ကြသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. de Kok, R. (2019). "Gmelina arborea". IUCN Red List of Threatened Species 2019. IUCN. doi:10.2305/IUCN.UK.2019-2.RLTS.T32354A67741197.en. 
  2. Gmelina arborea Roxb.။ The Plant List။ 23 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 March 2020 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)