ယထာကမ္မုပဂဉာဏ်

ဝီကီပီးဒီးယား မှ

[၁] ယထာကမ္မူပဂဉာဏ် အကြင်အကြင် (ဆည်းပူးအပ်သော) ကံကြောင့် (ဘုံဘဝသို့)ရောက်သော သတ္တဝါတို့ကို သိသောဉာဏ်။ [၂]

ယထာကမ္မူပဂဉာဏ် ဖြစ်ပေါ်ပုံအစဉ်မှာ[ပြင်ဆင်ရန်]

ကမ္မဋ္ဌာန်းစီးဖြန်းသည့် ယောဂီရဟန်းသည် အောက်ငရဲသို့ရှေး၌ အရောင်အလင်းကို ပွားစေသောအခါ ငရဲသူ ငရဲသား သတ္တဝါတို့ ဒုက္ခခံနေရသည်တို့ကို မြင်၏၊ ထိုမြင်ခြင်းကား ဒိဗ္ဗစက္ခုဉာဏ်၏ ကိစ္စပေတည်း။ ထိုရဟန်းအား “ဤရဲသူ ငရဲသားများသည် အဘယ် အကုသိုလ်ကံကိုပြု၍ ဤဒုက္ခကို ခံကြရသနည်း”ဟု နှလုံးသွင်းသောအခါ “ဤမည်သော အကုသိုလ်ကံကို ပြု၍ ခံကြရသည်”ဟု ၎င်းတို့ပြုခဲ့သောကံကို သိသည့် ယထာကမ္မူပဂဉာဏ် ဖြစ်ပေါ်လာသည်။

ထို့ပြင်-အထက်နတ်ပြည်သို့ ရှေးရှု အရောင်အလင်းကို ပွားစေ၍၊ နန္ဒဝံဥယျာဉ်, မိဿကဥယျာဉ်, ဖာရုသကဥယျာဉ် အစရှိသည်တို့၌ ကြီးကျယ်သော စည်းစိမ်ကို ခံစားနေကြသည့် နတ်ဗြဟ္မာ တို့ကိုမြင်သည်၊ ယင်းသို့ မြင်ခြင်းသည်လည်း ဒိဗ္ဗစက္ခုဉာဏ်၏ ကိစ္စသာဖြစ်လေသည်၊ ထိုရဟန်းအား နတ်ဗြဟ္မာတို့သည် အဘယ် ကုသိုလ်ကံကို ပြု၍ ဤ စည်းစိမ်ကို ခံစားရသနည်း”ဟု ́နှလုံးသွင်းသောအခါ “ဤမည်သော ကုသိုလ်ကံ ပြု၍ ခံစားကြရသည်”ဟု၎င်းတို့ ပြုခဲ့သောကံကို သိသည့် ယထာကမ္မူပဂဉာဏ် ဖြစ်ပေါ် လာလေသည်။ ဤဉာဏ်အတွက် သီးခြားပရိကံ မရှိချေ။ [၃]

“ဤ ငရဲသူ ငရဲသားများသည့် အဘယ် အကုသိုလ်ကံကိုပြု၍ ဤဒုက္ခကို ခံစားကြရသနည်း” ဟူသော အဋ္ဌကထာစကား၌ ငရဲသူ ငရဲသားတို့၏ ငရဲ၌ဖြစ်စေတက်သော အကုသိုလ်ကံကို သိလိုသည်၏ အစွမ်းဖြင့် ပါဒကဈာန်ကို ဝင်စား၍ ထိုဈာန်မှထသော ပုဂ္ဂိုလ်အား ပရိကံ၏အစွမ်းဖြင့် ထိုကံကို အာရုံပြုလျက် မနောဒွါရာဝဇ္ဇန်း စိတ်ဖြစ်သည်၊ ထိုစိတ်ချုပ်ပြီးသည့်နောက် ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူမည်သော ကာမာဝစရ ဇောစိတ်တို့သည် ဖြစ်ကုန်၏။ ထိုနောက် ရူပါဝစရစတုတ္ထဈာန်နှင့်ယှဉ်သော အပ္ပနာဇောစိတ် ဖြစ်သည်၊ ၎င်းဇောနှင့်တကွ ဖြစ်သောဂုဏ်သည် ယထာကမ္မူပဂဉာဏ် မည်၏။

“ဤ ဉာဏ်အတွက် သီးခြားပရိကံမရှိ” ဟူသော အဋ္ဌကထာစကား၌လည်း ဆိုခဲ့ပြီး အတိုင်း ပါဒကဈာန်နှင့်တကွ ပရိကံရှိ၏ ဟူ၍မှတ်ရမည်၊ အမှန်မှာ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်စသည်တို့ကဲ့သို့ ဒိဗ္ဗစက္ခုဉာဏ်၏ ပရိကံမပါဘဲ မိမိ၏ ပရိကံ သက်သက်မျှဖြင့် ယထာကမ္မူပဂဉာဏ် မဖြစ်ပေါ်နိုင်ဟု ဆိုလိုသည်။

ပါဒကဈာန်ကို ဝင်စားမှု ပရိကံပြုမှု မပါဘဲ နှလုံးသွင်းခြင်း၏ အခြားမဲ့၌ပင် ကံနှင့်တကွ ကမ္မသမ္ပယုတ္တတရားတို့ကိုပါ အာရုံပြု၍ ဉာဏ်ဖြစ်၏ဟု ကေစိ = (အချို့ ဆရာတို့ဆိုကြသည်။ ၎င်းစကားကို အမှန်ဟု မမှတ်အပ်၊ ဝသီဘော် နိုင်နင်းသူများပင် ပါဒကဈာန်နှင့် ပရိကံပြုမှုမရှိဘဲ အဘိညာဏ်တို့၏ ဖြစ်ပေါ်ရိုး ထုံးစံ မရှိသောကြောင့် ပေတည်း။ ဖြစ်ပေါ်သည်ဟုဆိုလျှင် ယထာကမ္မူပဂဉာဏ်၏ မဟဂ္ဂုတ်သသောပင် မရှိတော့ချေရာ။ [၄] [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ယထာကမ္မူဂဉာဏ (န) [ယထာကမ္မူပဂ+ ဉာဏ။ ယထာကမ္မူပဂေသု ဉာဏံ တထာ။ မဏိမဉ္ဇူ၊၂၊၅၂၇။]
  2. ကုသလာခန္ဓာ... ယထာကမ္မူပဂဉာဏ, အနာဂတံသဉာဏ အာရမ္မဏပစ္စယေန ပစ္စယော။ ဌာန၊၁၊၁၃၃။ သော ဧဝံ မနသိကရောတိ “ကိံ နု ခေါ ကမ္မံ ကထာ ဣမေ သတ္တာ ဧတံ သမ္ပတ္တိံ အနုဘဝန္တီ”တိ။ အထဿ “ဣဒံ နာမ ကတွာ”တိ တံကမ္မာရမ္မဏံ ဉာဏမုပ္ပဇ္ဇတိ။ ဣဒံ ယထာကမ္မူပဂဉာဏံ နာမ။ ဣမဿ ဝိသုံ ပရိကမ္မံ နာမ နတ္ထိ။ ဝိ၊ဋ္ဌ၊၁၊၁၃၃-၄။ ပဋိသံ၊ဋ္ဌ၊၁၊၃၃၇။ ဝိသုဒ္ဓိ၊၂၊၅၅။ မဟာနိ၊ဋ္ဌ၊၃၃၃။ (အံ၊ဋ္ဌ၊၃၊၂၄၃။ အဘိ၊ဋ္ဌ၊၁၊၄၄၇။ အဘိ၊ဋ္ဌ၊၃၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၆၀၊၆၃-၅။ သာရတ္ထ၊၃၊၃၂၉။ မူလဋီ၊၁၊၁၉၆၊ မူလဋီ၊၃၊၇၆-၇။ အနုဋီ၊၃၊၁၁၀။ ဝိသုဒ္ဓိ၊ဋီ၊၂၊၅၈-၉၊ ၄၃၁။)
  3. ဝိ၊ဋ္ဌ၊၁၊၁၃၃၄။ ဝိသုဒ္ဓိ၊ ၂၊၅၅။ ပဋိသံ၊ဋ္ဌ၊၁၊၃၃၇။
  4. သာရတ္ထ၊၁၊၄၀၂။ ဝိမတိ၊၁၊၈၂။ ဝိသုဒ္ဓိ၊ဋီ၊၂၊၅၈။
  5. တိပိဋကအဘိဓာန် အတွဲ-၁၇