မှော်ပညာ

ဝီကီပီးဒီးယား မှ
(မှော် မှ ပြန်ညွှန်းထားသည်)

ကမ္ဘာဦးလူများသည် တစ်စုံတစ်ခုကို ပြုလုပ်ပေးခြင်းဖြင့် အဝေးနေသူ တစ်ဦး၏ ကျန်းမာရေးကို ဖြစ်စေ၊ အကျင့်စာရိတ္တကို ဖြစ်စေ ပြုပြင်ပေးနိုင်သည်ဟု ယုံကြည်ခဲ့ကြ၏။ ထိုမျှမကသေး၊ ဂါထာမန္တရား အချို့ကို ရွတ်ဖတ်ပေးခြင်ဖြင့် မိုးရွာစေခြင်း၊ လေတိုက်စေခြင်း စသော သဘာဝတရားများကိုပင် ပြုပြင်ပေးနိုင်သည်ဟု ယုံကြည်ခဲ့ကြသည်။ တစ်နည်းဆိုရလျှင် ထိုကမ္ဘာဦးလူများသည် မှော်အတတ်တွင် ယုံကြည်ခဲ့ကြလေသည်။

ကမ္ဘာဦး လူများအဖို့ မှော်ပညာသည် အယူဝါဒရေးရာ ဖြစ်ခဲ့လေသည်။ မှော်ပညာက လူကို အထက်ရှိ တန်ခိုးရှင်များနှင့် နီးစပ်စေနိုင်သည်ဟု ယုံကြည်ခဲ့ကြသည်။ မှော်ပညာဖြင့် မကောင်းမှုကို ကာကွယ်ပေးနိုင်သည်၊ ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်ဟု ယုံကြည်ကြရုံမက၊ လူ့ဘဝ၏ ပြဿနာအရပ်ရပ်ကို မှော်ပညာက ဖြေရှင်းပေးနိုင်သည်ဟုလည်း ယုံကြည်ခဲ့ကြသည်။ မှော်ပညာဖြင့် နေ၊ လနှင့် ကြယ်တာရာတို့ကို ရွှေ့ရှားစေသော တန်ခိုးရှင်များကို မြင်နိုင်သည်ဟု ယုံကြည်ခဲ့ကြသည်။

ရှေးခေတ် မှော်ဆရာများ၏ တာဝန်မှာ သူတို့ကို ယုံကြည် ကိုးစားသူများအား မကောင်းသည့် အန္တရာယ် များကျရောက် မည့်ဘေးမှ ကာကွယ်ပေးရန်နှင့် ကောင်းကျိုးများ ဖြစ်ထွန်းစေ ခြင်းကို ဖန်တီးပေးရန် ဖြစ်သည်။ ထိုမှော်ဆရာများ၏ ညွှန်ကြားချက်များအရ မကောင်းမှု မဖြစ်ပေါ်စေရန် သူတို့ ညွှန်ကြားသည့် အမှုများကို ပြုလုပ်ကြရ၏။ ကောင်းမှုများကို ဖြစ်ရန်အတွက်လည်း သူတို့၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ကြရလေသည်။ သို့သော် ထိုညွှန်ကြားချက်များကို ပြုလုပ်လျက်နှင့် ကောင်းမှုများလည်း မဖြစ်ပေါ်လာ၊ ဘေးများကို လည်း မတားဆီးနိုင်ကြသောအခါတွင် မှော်ပညာသည် တဖြည်းဖြည်း အယုံအကြည် နည်းပါးခြင်းကို ခံလာခဲ့ ရလေသည်။ ထိုသို့ မှော်ပညာတွင် အယုံအကြည် နည်းပါးလာကြရာမှ အယူဝါဒရေးရာများတွင်လည်း မှော်ပညာ၏ အရိပ်အရောင်များသည် ယှက်သန်းလျက်ပင် ရှိခဲ့လေသည်။ မှော်ပညာကို ရှေးဗက်ဗီလုံလူမျိုး၊ အဆီးရီးယန်းလူမျိုးနှင့် အီဂျစ်လူမျိုးတို့က ယုံကြည်ခဲ့ကြရာမှ ဂရိနှင့် ရောမနိုင်ငံတို့သို့ ထိုပညာရောက်သွားခဲ့သည်။ ထိုမှတစ်ဖန် ဥရောပတိုက် အနောက်ပိုင်းသို့ ရောက်သွားကာ ထိုဒေသများရှိ လူများ၏ ယုံကြည်ချက်များတွင် ထိုပညာ ရောဝင်သွားခဲ့လေသည်။

ရှေးအီဂျစ်လူမျိုးတို့သည် ကြယ်များကို ကြည့်ကာ နေ့ကောင်းရက်သာများကို ရွေးလေ့ရှိခဲ့ကြသည်။ ထိုသို့ ရွေးချယ် ပြီးနောက် ထိုနေ့ကောင်းရက်သာများတွင် ဆေးသောက်ခြင်း၊ လယ်ယာစိုက်ပျိုးခြင်းနှင့် လုပ်ငန်းရပ်ကြီးများကို စတင် ဆောင်ရွက်ကြလေသည်။

ရန်သူကသာ စည်ကမ်းတကျနှင့် မှော်အတတ်ကို အသုံးပြု မည်ဆိုက ကောက်ပဲသီးနှံများ ပျက်စီးခြင်း၊ လူ မကျန်းမာ ဖြစ်ခြင်းနှင့် လူကို သေစေခြင်းတို့ကိုပင် ဖြစ်စေနိုင်သည်ဟု ရှေးက ယုံကြည်ခဲ့ကြသည်။ ထိုအတိုင်းပင် ယခုတိုင် နေရာ အနှံ့အပြား၌ ယုံကြည်သူများ ရှိနေကြသေးသည်။

မြန်မာနိုင်ငံ၏ စုန်းကဝေဒဏ္ဍာရီအရ စုန်းကဝေများသည် လွန်ခဲ့သော နှစ် ရာပေါင်းများစွာခန့်က ယောနယ်၏ ဇရပ်များတွင် အုပ်စုလိုက်နေထိုင်ခဲ့ကြပြီး နောက်ပိုင်းတွင် သူတို့၏ နောက်ကြောင်းကို လူများသိသွားကြသည့်အခါ လူများက သူတို့ကို မျိုးဆက်ပြန့်ပွားခွင့်မပေးတော့သောကြောင့် မြန်မာနိုင်ငံအရပ်ရပ်သို့ ရှောင်ထွက်သွားကြရာမှ မြန်မာနိုင်ငံအနှံ့အပြား စုန်းကဝေအယူအဆများ လူသိများလာသည်ဟု နန်းစဉ်သုံးဂါထာမန္တန်ကျမ်းထဲတွင် ဖော်ပြထားသည်။ ပုဂံခေတ်တွင် ကိုးကွယ်ခဲ့ကြသော အရည်းကြီးများသည် စုန်းကဝေ ပညာကို ယုံကြည် စိတ်ဝင်စားသူ များဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

လူတို့သည် မှော်အတတ်နှင့် ဆက်စပ်လျက်ရှိသော အဆောင်ပစ္စည်းများကိုလည်း ယုံကြည်ကြသေးသည်။ ဂါထာ မန္တရားများဖြင့် ဖန်တီးထားသည့် လက်ဖွဲ့၊ သို့မဟုတ် အရုပ် တစ်ခုခုကို ဆောင်ထားခြင်းဖြင့် ဘေးဥပဒ် မကျရောက်နိုင်ဟု ယုံကြည်ကြသည်။

ယခုအခါတွင် လူတို့၏ အသိဉာဏ်သည် တိုးတက်လာ ပြီဖြစ်သည့်အလျောက် မှော်ပညာနှင့် စပ်လျဉ်းသော ယုံကြည်ချက်များကို အယူသည်းမှုများသာ ဖြစ်သည်ဟုပြောဆိုနေ ကြသည် အစဉ်အဆက် ယုံကြည်လာခဲ့ကြ‌သော မှော်ပညာကိုယုံကြည်မှု အနည်းအကျဉ်းကား ကမ္ဘာအရပ်ရပ်တွင် ယခုတိုင်ပင် ရှိနေပေသေးသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)