မှန်းရော်ကာ ဆွမ်းတော်ချ

ဝီကီပီးဒီးယား မှ

မှန်းရော်ကာ ဆွမ်းတော်ချ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

သုံးဆယ်မြို့တွင် သီတင်းသုံးတော်မူသည့် မောင်းထောင်ဆရာတော်ဘုရားသည် ဇာတိချက်ကြွေ မောင်းထောင်သို့ ကြွရောက်လာစဉ် ဒါယကာ၊ ဒါယကာမတို့သည် တစ်သောင်းကျော်တန် ကျောင်းဆောင်လုပ်လှူဒါန်းခဲ့သည်။ မောင်းထောင်ရွာအနီးရှိ လယ်တီရွာနေ ဆရာတော်ဘုရား၏ တစ်ဝမ်းကွဲအစ်ကို ဖြစ်သူ ဦးရွှေနှစ်သည် သုံးဆယ်မြို့၌ ဆရာတော် ပျံလွန်တော်မူသည့်အခါ ဆွေမျိုးတို့ကို နှိုးဆော်ကာ သက်ပျောက်ဆွမ်းကျွေး ပြုလုပ်ကြသည်။ ဤအကြောင်းကို ဖွဲ့ဆိုထားသည်။

မှန်းရော်ကာ ဆွမ်းတော်ချ[ပြင်ဆင်ရန်]

ဘုရားဘဂဝါ တရားမဟာဓမ္မရာဇ်သော်မှ၊ ငါးနှစ်ကျော်ဝါတော်လေးဆယ်မျှ၊ နယ်ငေးပြည်ကုဿိန္နံ၊ ဣန္ဒတ်သိကြားနှင့်၊ ငပ်ထွားကာ ဗြဟ္မာကုသော်လဲ၊ အာယုတော်သင်္ခါရာဖြင့်၊ ကုသလာ အကုသလာ ဓမ္မတို့၊ မဟာဇယ စွန့်ဖြိုဖျက်လို့၊ ဖိုလ်မဂ္ဂင်ဝင်ကာအောင်းရသတဲ့၊ ရွာမောင်းမြေ၊ သာဘုမ္မိက၊ ဇာတိပင်မြင်မျှော်သည့်၊ ဆရာတော်ထိပ်တင်ဘုန်းငဲ့၊ မြို့သုံးဆယ်၊ ရာမညတွင်မှ၊ ဆုံးကွယ်ပဇီဝိတံ။

ပင်ဇလပ်ကယ်နှင့်၊ ရင်ကတ်မြိုင်ခိုင်အင်ကြင်းတို့၊ ကြိုင်သင်းစွာခါတပေါင်းတွင်မှ၊ အသပြာပေါင်း ငွေကုဋေကျော်နှင့်၊ အလောင်းတော် ရုပ်ကာယကိုဖြင့်၊ ပြာကျအောင် ဖိုကျင်ထိုးချည်တော့၊ ထွေထွေရာရာ ဝေဒနာအမျိုးတွေကြောင့် ဆွေမျိုးကုန်မလိုက်အုံးဝံ့ဘု၊ တိုက်ကုန်းသာဝိဟာရတွင်မှ၊ ချုံးချပူပန်။

အညာတခါကြွလာတော့၊ ဒကာ ဒကာမတွေ၊ နေအခြေကောင်းသူတို့၊ ငွေသောင်းရည် ဆယ်ထောင်ကျော်နှင့်၊ ရွှေကျောင်းတော် လှူကာဆောက်ကြ၊ မူဖောက်ပြန် သံဃာကွဲသောကြောင့်၊ ခွာလွှဲကြဉ်ရာမဉ်သုံးက၊ ခင်ဘုန်းထေရ်သာကီယတို့၊ ညီလှအောင်ကံဆောင်ရွက်လို့၊ ဆန်တက်ကာ သိမ်သမုတ်မည်ဟု၊ ထေရ်ပုဂ္ဂိုလ်ကြံဖန်ရှာငဲ့၊ ဖြေမသာ လေနာစွဲသောကြောင့်၊ စဲရှာရအနိစ္စ၊ စိတ်အကြံမဆုံး။

တဝမ်းခြာ လှမ်းကာစပ်လိုက်ရင်၊ နန်းကပ္ပိမေပြမှာစံရစ်တဲ့၊ မဟာနန်ဧကရာဇ်ကဲ့သို့၊ ဖေနှစ်ရွှေတီသားက၊ ဘုရားရှင်ဘဂဝါမြတ်သော်မှ၊ ဉာတ္တံစရိယောနှင့်၊ ကြံတော်မူပန်ယူစောကဲ့၊ ဗုဒ္ဓေါဘဂဝါကဲ့သို့၊ စေတကာသက်သေနှုံးရတော့၊ မြို့သုံးဆယ်ဟိုမှာပျော်သည့်၊ ဆရာတော်မရဧာကူးသူ၏၊ ကျေးဇူးဟုံ၊ ဂုဏ်ဗလတွေတို့၊ မှန်းရော်ကာဆွမ်းတော်ချရန်ဘို့၊ အမျိုးတော်သူ၊ အကျိုးမျှော်ဆလို့၊ နှိုးဆော်လှတုန်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ဓမ္မရာဇ် = ဓမ္မရာဇာ၊ တရားမင်း။

၂။ ဣန္ဒ = သိကြားမင်း။

၃။ ကုသလာဓမ္မ = ကုသိုလ်အကျိုးဆက်တရား။

၄။ အကုသလာဓမ္မ = အကုသိုလ်အကျိုးဆက်တရား။

၅။ မဟာဇဟ = ကြီးသောစွန့်ခြင်း (ဝါ) မြတ်သောစွန့်ခြင်း။

၆။ ဘုမ္မိ = မြေ။

၇။ ဇီဝိတံ = အသက်။

၈။ တဝမ်းခြာ = တစ်ဝမ်းကွဲ။

၉။ ဉာတတ္ထံစရိယော = ဆွေမျိုးတို့၏ အကျိုးငှာ ကျင့်တော်မူခြင်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။