မြေပုံဆွဲပညာ
မြေပုံဆွဲပညာ|မြေပုံရေးဆွဲခြင်း အတတ်ပညာ(cartography) ဆိုသည်မှာ ကမ္ဘာမြေ သို့မဟုတ် ၎င်း၏ အစိတ်အပိုင်းတခု၏ ဒေသဆိုင်ရာ သွင်ပြင်၊ အခြေအနေများကို သင်္ကေတများဖြင့် အမှန်တကယ် တည်ရှိနေသော အရွယ်အစား နှင့် အကွာအဝေးများအား အချိုးကျစနစ်ပုံ အဖြစ် သရုပ်ပြ ရေးဆွဲ ဖော်ပြသော ပထဝီဝင်ဘာသာရပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
Cartography ဟူသော အသုံး အနှုန်းသည် ဂရိတ် ဘာသာစကား chartis = မြေပုံ နှင့် graphein = ရေးသားခြင်း ဟူသော စကားမှ ဆင်းသက်သည်။
မြေပုံများတွင် ဖော်ပြချက်များသည် အမှန်တကယ်တည်ရှိနေသော သွင်ပြင်များ အား သင်္ကေတများဖြင့် ဖော်ပြထားခြင်းကြောင့် ဓာတ်ပုံများကဲ့သို့ ဖော်ပြနိုင်သည်ကား မဟုတ်ပေ။ မြေပုံ များအား ရှေးအခါက ကုန်သွယ်မှုခရီးစဉ်များနှင့် စစ်ပွဲများအတွက်သာ အသုံးပြုခဲ့ကြရာမှ လူမှု၊ စီးပွားရေး၊ ပညာရေး နှင့် သုတေသန နယ်ပယ်များအထိ တိုးချဲ့အသုံးပြုလာခဲ့ကြသည်။
ရှေးဦးကာလကတည်းက လူသားတို့သည် သားရေပြား၊ သစ်သားပြား၊ သတ္ထုပြား၊ သစ်ရွက်များ၊ စက္ကူများ၊ အဝတ်အထည်စ များပေါ်တွင် မြေပြင်အစိတ်အပိုင်းများ၊ နက္ခတ်တာရာများ ကို မြေပုံအဖြစ် ရေးဆွဲခဲ့ကြသည်။ ၁၅၇၄ မှ ၁၆၁၁ ခုနှစ်အတွင်း မြေပုံဆွဲပညာကို စနစ်တကျ လေ့လာခဲ့ကြသည်။ အင်္ဂလန်နိုင်ငံမှ ဆက်တန်(Saxton)၊ နော်ဒန်(Norden)၊ စပိဒ်(Speed) တို့မှာ ထင်ရှားသူများဖြစ်ပြီး ၎င်းတို့ရေးသားထုတ်ဝေသော မြေပုံများသည် လက်တွေ့ အသုံးဝင်လှသဖြင့် အကြိမ်ကြိမ်ပြန်လည်ထုတ်ဝေခဲ့ရသည်။
မြေပုံရေးဆွဲခြင်း နည်းစနစ်များသည် အစဉ်အမြဲ တိုးတက် ပြောင်းလဲနေသည်။ မြေပုံများ ရေးဆွဲရာတွင် ရှေးက လက်ဖြင့် ရေးဆွဲခဲ့ကြသော်လည်း မြင့်မားလာသော နည်းပညာများ နှင့်အတူ ကွန်ပျူတာဖြင့် မြေပုံများကို ရေးဆွဲလာကြသည်။ တည်နေရာပြ မြေပုံများ၊ မြေမျက်နှာသွင်ပြင်ပြ မြေပုံများ၊ လူဦးရေထူထပ်မှု ပြမြေပုံများ၊ စီးပွားရေးနှင့် လမ်းပမ်းဆက်သွယ်ရေးပြ မြေပုံများ စသည်ဖြင့် မြေပုံများကို အကြောင်းအရာ အမျိုးမျိုးပေါ် မူတည်၍ ရေးဆွဲကြသည်။
မြေပုံဆွဲပုံ နည်းမျိုးစုံ
[ပြင်ဆင်ရန်]ကမ္ဘာ့ မြေမျက်နှာပြင်ကို ပြသော မြေပုံများမှာ မျက်နှာပြင်ပြ မြေပုံ၊ မြေပြင်လက္ခဏာပြ မြေပုံ၊ အနိမ့်အမြင့်ပြ မြေပုံဟူ၍ အမျိုးမျိုးရှိသည်။ ဤအကြောင်းရပ်တွင် လုံးနေသော ကမ္ဘာမြေကြီး၏ မျက်နှာပြင်ကို မျက်နှာပြန့်သော မြေပုံပေါ်တွင် မည်သို့ ကြံစည်ဖော်ပြပုံကို တွေ့ရပေမည်။
မြေပုံပညာ
[ပြင်ဆင်ရန်]ကမ္ဘမြေကြီးသည် လုံး၏။ ကမ္ဘာမြေကြီး၏ မျက်နှာပြင်ကို ကမ္ဘာလုံးတစ်ခုပေါ်၌ ပြရန် လွယ်ကူသော်လည်း မျက်နှာပြန့်သော မြေပုံပေါ်၌ တင်ပြရန်ကား ခဲယဉ်း၏။ ဘောလုံးတစ်လုံးကို စက္ကူတစ်ချပ်ဖြင့် ဖုံးအုပ်သောအခါ စက္ကူကို ပုံအမျိုးမျိုးညှပ်ပြီးမှ ဖုံးအုပ်နိုင်သည်။ သို့ရာတွင် ကတော့ပုံသဏ္ဌာန်ရှိသော အရာတစ်ခု၏ မျက်နှာပြင်ကိုမူ စက္ကူများဖြင့် တစ်ဆက်တည်း ဖုံးအုပ်လျှင် ဖြစ်နိုင်သည်။ သို့ဖြစ်၍ စက္ကူချပ်ကို ကတော့ပုံပြုလုပ်ပြီးလျှင် လုံးသော ကမ္ဘာမြေကြီးကို စက္ကူပြန့်ပေါ်၌ ပြနိုင်သည်။ စက္ကူချပ်ကို ကတော့ပုံ ပြုလုပ်၍ ဘောလုံးကို တစ်နေရာ၌ပတ်ကာငုံ၍ ဆောင်းအုပ်ပြီးနောက် ထိုစက္ကူချပ်ကို ကြမ်းပေါ်၌ အပြားလိုက် ဖြန့်ချနိုင်သည်။ ကမ္ဘာ့မြေပုံကို ရေးဆွဲရာတွင် ကမ္ဘာလုံးကို ဟိုဖက်သည်ဖက်မှ ကတော့နှစ်ခုဖြင့် စွပ်၍ အီကွေတာ ရှိရာ အလယ်ဗဟို၌ ကတော့အဝနှစ်ခုကို ကပ်ထားရသည်။ ဖော်ပြပါ ပုံ ၂ ပုံကို ကြည့်လျှင် ကတော့ပုံဖြင့် မြေပုံ လုပ်နည်းကို ကောင်းစွာ နားလည်ပေလိမ့်မည်။ ပထမပုံ၌ ကတော့သည် ကမ္ဘာလုံးကို မြောက်လတ္တီတွဒ် ၄ဝ ဒီဂရီ၌ ထိကပ်လျက်ရှိ၏။ လောင်ဂျီတွဒ် မျဉ်းများကို ကတော့ထိပ်မှ အောက်ခြေသို့ဆွဲထား သည်။ လတ္တီတွဒ် မျဉ်းများကာိုး ကတော့ထိပ်ကို ဗဟိုထား၍ ဆွဲထားသော စက်ဝိုင်းများအဖြစ်ဖြင့် ပြထားသည်။
ကတော့စက္ကူကို ဖြန့်လိုက်သောအခါ ဒုတိယပုံ၌ ပြထားသည့်အတိုင်း မြေပုံကိုရရှိ၏။ ထိုမြေပုံ၌ မီရီဒီယန်ခေါ်လောင်ဂျီတွဒ် မျဉ်းများနှင့် ၄ဝ ဒီဂရီ မျဉ်းပြိုင်တစ်လျှောက်၌ စကေးအမှန်ကိုရရှိသော်လည်း ထိုမျဉ်းပြိုင်၏ မြောက်ဘက်နှင့် တောင်တို့တွင်ကား လတ္တီတွဒ်နှင့် လောင်ဂျီတွဒ်တို့ စကေးမမှန်တော့ချေ။ ထိုကြောင့် ဤမြေပုံလုပ်နည်းသည် သင်္ဘောလွှင့်သွားရာ၌ အသုံးမဝင်ချေ။ အခြားနည်းတစ်နည်းမှာ အပြားလိုက် တိုက်ရိုက်ရယူနိုင်သည့် မာကေးတားဆိုသူ တီထွင်ခဲ့သော စက္ကူလိပ်နည်းဖြစ်၏။ ထိုနည်းမှာ ကမ္ဘာလုံးကို (ဆလင်ဒါ) လုံးရှည်တွင်းသို့ ထည့်သွင်း၍ မြေပုံပြုလုပ်ခြင်းဖြစ်၏။ လုံးရှည်၏ အမြင့်နှင့် ကမ္ဘာလုံး၏ အမြင့်တူညီနေလျှင် တောင်နှင့်မြောက်အကွာအဝေး မှားနေမည်ဖြစ်၏။ သို့ဖြစ်၍ အောက်ပါအတိုင်း ပြင်ဆင်ရေးဆွဲရသည်။
ကမ္ဘာလုံး၏ အလယ်ချက်မမှ လတ္တီတွဒ် အကွာအဝေးညီမျှသော မျဉ်းများကို စက္ကူလုံးရှည်၏ မျက်နှာပြင် ရောက်အောင်ရေး ဆွဲရသည်။ ထိုအခါ လတ္တီတွဒ် ၆ဝ နှင့် ၇၅ ဒီဂရီတို့အကြားရှိ အကွာအဝေးသည် အီကွေတာနှင့် ၁၅ ဒီဂရီတို့အကြားရှိ အကွာအဝေးထက် များစွာကြီးများလာ၍ မီရီဒီယန်လမ်းကြောင်းနှင့် မျဉ်း ပြိုင်တို့မှာ မည်သည့်နေရာ၌ မဆို ထောင့်မှန်ကျနေလေသည်။ စာမျက်နှာ၃၉၉ ရှိ ယာပုံတွင်မာကေးတား မြေပုံထုတ်နည်းကို ပြထား၍ စာမျက်နှာ ၄ဝဝ အပေါ်ပုံ၌ကား စက္ကူပြန့်ပေါ်၌ မာကေးတားမြေပုံကို ပြထားသည်။ ဤအထက်ပါ နည်းနှစ်နည်းသည် မြေပုံပြုလုပ်ရာတွင် လူသိအများဆုံးနှင့် အလွယ်ကူဆုံးနည်း များ ဖြစ်ပေသည်။
ကမ္ဘာပေါ်၌ ရှေးအကျဆုံး မြေပုံများမှာ ဗက်ဗီလုံ လူမျိုးတို့၏ မြေပုံဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်း ၄ဝဝဝ ကျော်က ဗက်ဗီလုံတို့ ပြုလုပ်သော ရွှံ့စေးချပ် မြေပုံများကို ယခုအခါ လန်ဒန်မြို့ရှိ ဗြိတိသျှ ပြတိုက်ကြီး၌ သိမ်းဆည်းထားသည်။ ခရစ် ၁၅ဝ ပြည့်နှစ်လောက်က ထင်ရှားခဲ့သော တော်လမီခေါ် အီဂျစ် ပထဝီဝင် ဆရာကြီး၏ မြေပုံများသည်လည်း သူ့ခေတ်နှင့်စာသော် အထူးကောင်းမွန်သည်ဟု ဆိုရပေမည်။ ကမ္ဘာ့မြေမျက်နှာပြင်ကို ပြသောမြေပုံများမှာ မျက်နှာပြင်ပြ မြေပုံ၊ မြေပြင်လက္ခဏာပြမြေပုံနှင့် ကွန်တို ခေါ် အနိမ့်အမြင့်ပြမြေပုံဟူ၍ အမျိုးမျိုးရှိသည်။ ကွန်တိုမြေပုံများမှာ အနိမ့်အမြင့် အတိုင်းအတာတို့ကို မျဉ်းကြောင်းအမှတ်အသားဖြင့်ပြ၍ မည်သည့်မျဉ်းကြောင်းနေရာ၌ မည်မျှ မြင့်သည်ကို မြေပုံကြည့်ကာမျှဖြင့် အလွယ်တကူ သိနိုင်သည်။
ယခုခေတ်၌ လူများသည် ကမ္ဘာပေါ်ရှိ နေရာအသီးအသီးသို့ ခြေရာချင်းထပ်မျှ ရောက်ခဲ့ကြပြီးဖြစ်၍ ရေးဆွဲသော မြေပုံတို့မှာလည်း အလွန်ကောင်းမွန် သေသပ်ပြီးလျှင် အသေးစိတ် အားဖြင့်လည်း မှန်ကန်သည်ထက် မှန်ကန်လာခဲ့လေသည်။ မြေပုံပေါင်းချုပ်များ၌ ကမ္ဘာပေါ်ရှိ ရာသီဥတု၊ ကောက်ပဲသီးနှံ၊ ပကတိအပင်မျိုး၊ အယူဝါဒ၊ ဘာသာစကား၊ လမ်းပန်းအဆက်အသွယ်နှင့် အလုပ်အကိုင်များ၊ လူဦးရေးစသည်တို့ကို မြေပုံပေါ်တွင် ဖော်ပြထားသည်။ တိုင်းပြည် အသီးအသီး၏ မြေမျက်နှာသွင်ပြင်နှင့် မြို့ရွာ၊ မီးရထားလမ်းများကို ပြထားသော မြေပုံများလည်းရှိသည်။ ယခုအခါ၌မူ လူတို့သည် လေယာဉ်ပျံများပေါ်မှ ဓာတ်ပုံရိုက်၍ မြေပုံများကို ပြုလုပ်လျက်ရှိကြလေပြီ။[၁]
လေ့လာရန်
[ပြင်ဆင်ရန်]မှီငြမ်းကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)