မြို့အုပ်မင်းမြင်း

ဝီကီပီးဒီးယား မှ

မြို့အုပ်မင်းမြင်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

မြို့အုပ်မင်းမြင်း[ပြင်ဆင်ရန်]

အရင်းခံ မြင်းပျံမျိုးတွင်မှ၊ ဈာန်ကမ္မဇ တန်ခိုးရှိန်၊ သိရ်တေဇာနှင့်၊ စိုင်နီပါစိုင်ပြာဖက်လို့၊ စိုင်ကျလက်ပြင်သမင်ငန်းနှင့်၊ ဆယ်လွန်တိုင်စိုင်ရေွှဝါတို့၊ စိုင်တွေတကာ၊ ဝေလာဟကတဲ့၊ မြင်းကြန်အရမှန်လှချေ။

ထိပ်ကွက်ဟာ ကြာမဟုတ်ဘူး၊ ရင်အုပ်ဆွယ် လယ်တိုင်အောက်တွင်မှ၊ ဗွေရောက်လှာ၊ ကြာဗွေညွန်တဲ့၊ ဇာနေမွန်ခွာရွှေဖလားနှင့်၊ ငွေနားကြူချွန်၏ အဖျားစွန်၊ ဗွေတန်ဆောင်တဲ့၊ ရွှေစိုင်ဘောင်၊ ခွေမျှောင်ကြုံလို့၊ မြုံးပုံခွင်၊ တင်ရင်ကျယ်လို့၊ မှင်သွယ်သွယ်၊ လည်ဆံသေးနှင့်၊ ဟန်ရေးယူငင်လို့၊ မပြေးခင် ဆင်ရန်တွက်လိုက်ရင်၊ ကွေးလက်ကခွေ။

ဂယ်လောင်းအမည်တွင်တဲ့၊ ကြည်လင်စွာ ကြွက်တနှုန်းသို့၊ မျက်လုံးဟန်မျက်ဆံပြူးနှင့်၊ နဖူးမှာ ယုန်ရေဆုတ်သို့၊ ရွှေနုတ်တကာ အာနေပုံနှင့်၊ နာအုံမှာ ကြာပဒုံနှစ်ပွင့်လိုပ၊ စီးပြန်လျှင် မြီးဆံပင့်လိုက်လို့၊ ခရီးအမြန်ဖြင့်၊ လူ့တိုင်းပြေ၊ တုမနှိုင်းပေကြနှင့် စံလွတ်ကင်း။

အပြေးလွှတ်လိုက်ရင်၊ ကွေးညွတ်ကာ လက်နှစ်ချောင်းက၊ ထက်ကောင်းကင် တိမ်ခြေကို နင်းမည့်နှယ်၊ ရေွှမြင်းမိုရ်တောင်အာလိန်နှင့်၊ သောနဒိန်ဘုံစဉ်သို့ရောက်တော့၊ တင်လျှောက်ကာမတလိက၊ နေမိယူဆောင်ကျင်းတော့၊ တောင်မြင်းရေထွေထွေအမျိုးတို့၊ ရွှေကြိုးသွယ်ကိုင်တဲ့ဇက်ကယ်နှင့်၊ ကိုးမျက်စုံစိန်စီမြွှာလို့၊ ကြိမ်ကသာနှင့်တံဆော်တဲ့၊ စိုင်နီရော် ဝေလာဟကလိုပ၊ ဌာနအခြေပြုတဲ့၊ လင်နဂရေ၊ တင်ရွှေဗုတွင်မှ၊ မနုကျော်၊ ခေါ်သမုတ်လောက်တဲ့၊ အဆုံးခရိုင်၊ ရုံးတရားပိုင်ချုပ်ပေတဲ့၊ ဘုန်းမြို့အုပ်မင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ကမ္မဇ = ကုသိုလ်ကံ၏ သတ္တိ။

၂။ သိရ်တေဇာ = သီရိ၊ တေဇာ၊ ကျက်သရေတန်ခိုး။

၃။ ဝေလာဟက = တိမ်ညွန့်သို့ပျံသောမြင်းမျိုး။

၄။ ဇာနေမွန် = အာဇာနည်မြင်းမျိုး။

၅။ ဂယ်လောင်း = ကြွယ်အငယ်စား။

၆။ စိုင်နီရော် = စိုင်နီမြင်းမျိုး။

၇။ လင်နဂရေ = ဘုတလင်ကိုပင် ဆိုလိုသည်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။