မြို့တစ်ခါးကြီး

ဝီကီပီးဒီးယား မှ

မြို့တံခါးကြီး ကစားနည်း[ပြင်ဆင်ရန်]

ကစားသူများအနက် ကလေးနှစ်ယောက်သည် မျက်နှာချင်းဆိုင်ရပ်လျက် သူတို့၏ လက်နှစ်ဘက်ကို လက်ချောင်းများကြားတွင်ထည့်၍ ဆက်ကာ တန်းထားကြ ပြီးလျှင် အောက်ဘက်သို့ နှိမ့်ချထားကြသည်။ လက်တန်းသည် တံခါးဖြစ်သည်။ လူဝင်သောအခါ လက်တန်း တံခါးကိုဖွင့်ဟန် မြှောက်ပေးရသည်။ ကျန်ကစားသူများသည် တစ်ယောက်၏နောက်တွင် တစ်ယောက်ရှိနေကြသည်။ ခါးရှိ လုံချည်ကို ဖြစ်စေ၊ အကသ္မျီစကိုဖြစ်စေ ကိုင်ကာ တွဲထားကြလေသည်။ ထိုသို့ အတန်းလိုက် ရှိနေကြသော ကစားသူများအနက် ဆိုတတ်သူတိုင်းက အောက်ပါအတိုင်း ပြောဆိုကြလေသည်။


မြို့တံခါးကြီး ဖွင့်ပေးပါ


လက်ဆက်ထားသည့် - ဘယ်မင်းအိမ်ကလည်း


ကလေးနှစ်ယောက်

အတန်းရှိကစားသူများ - ဆင်ထိန်းအိမ်ကဘဲ


ကလေးနှစ်ယောက် - ဆင်စော်နံ ပြန်လေဦးတော့


လူတွဲသည် ပြန်သွား၍ - မြို့တံခါးကြီး ဖွင့်ပေးပါ


လှည့်လာပြီးလျှင်


ကလေးနှစ်ယောက် - ဘယ်မင်း အိမ်ကလဲ


အတန်းရှိကစားသူများ - မြင်းထိန်းအိမ်ကဘဲ


ကလေးနှစ်ယောက် - မြင်းစော်နံပြန်လေဦးတော့


တွဲထားကြသော ကလေးများသည် ယခင်ကကဲ့သို့ပင် လှည့်ထွက်သွား၍ ပြန်လှည့်လာကြပြီးလျှင် အထက်ဖော်ပြပါ အတိုင်းပင် တံခါးဖွင့်ရန် အော်၍ ပြောကြလေသည်။ လက်ဆက်ထားသော ကလေးနှစ်ယောက်ကလည်း ရှေးနည်းအတိုင်း ပြန်မေးလေသည်။ အတန်းရှိ ကလေးများကလည်း မိမိတို့စိတ်ကူး ရထားသည့်အိမ်ကို ပြောပြကြ လေသည်။ ကလေးနှစ်ယောက် ကလည်း သူတို့သဘောမကျသေးလျှင် လူတွဲပြောသည့် တိရစ္ဆာန်တမျိုးမျိုး၏ အမည်နှင့် နံပြန်လေဦးလော့ဟု ပြော၍ လွှတ်လေသည်။ နောက်ဆုံး သူတို့ သဘောကျသည့်အိမ်၊ ပုံပမာအားဖြင့် သဌေးကြီးအိမ် ကဘဲဟု ပြောသောအခါတွင်

လက်ဆက်ထားသော ကလေးနှစ်ယေက်က အေးအေးဟု ပြောဆိုကာ

အီး ့ ့ ့ဟုဆို၍ သူတို့လက်များကို


တံခါးဖွင့်ပေးသကဲ့ သို့ မြှောက်ပေးလိုက်ကြလေသည်။ ထိုအခါ လူတွဲက မြှောက်ထားသောလက်များအောက်မှ ဝင်၍ ထင်းကလေး ခွေပါရစေအုံး ဟုဆိုကာ ထွက်သွားသည်။ နောက်တခေါက် ဝင်သောအခါတွင် ဟင်းရွက်ကလေး ခူးပါရစေအုံးဟု ဆိုကာ ထွက်သွားပြီးလျှင် နောက်တခေါက် ဝင်သောအခါတွင် ရေကလေး ခပ်ပါရစေအုံး စသည်ဖြင့် အမျိုးမျိုးကိုပြော၍ မြှောက်ထားသော လက်နှစ်ဘက်၏ အောက်မှ ဝင်သွားကြလေသည်။ နောက်ဆုံးအခေါက်တွင်မူ မိုးချုပ်ပြီး မြို့တွင်းဝင်ကြစို့ဟု ဆို၍ ဝင်သောအခါ လက်ဆက်ထားသော ကလေးနှစ်ယောက်က သူတို့၏ လက်များကို မြှောက်မပေးတော့ဘဲ ချထားကြသဖြင့် လူတွဲက မြို့တံခါးကြီးပိတ်ပြီလား ဖွင့်ပါဟုဆိုလေသည်။ ကလေးနှစ်ယောက်က လေးချက်ကျော်သော် ပိတ်ပါသော်ဟုပြော၍ လက်များကိုမမြှောက်ဘဲထားကြလျှင် လူတွဲက နောက်ဆုံးလူနော် ယူတော့ဟု ဆိုကြသောအခါ တံခါးစောင့်များအဖြစ်နှင့် ကစားသူနှစ်ဦးက ဩော်...ဩော် ဟု


ဆိုပြီးနောက် အေးဟု ဆိုကြပြီးလျှင် တံခါးကို ဖွင့်ပေးည့်ပမာ သူတို့၏ လက်များကို မြှောက်လိုက်ကြလေသည်။ နောက်ဆုံးကစားသူ ဝင်မိသောအခါတွင် တံခါးစောင့်များအဖြစ် ကစားသူနှစ်ဦးက မြှောက်ထားသော လက်ကွင်းဖြင့် စွပ်ဖမ်းလိုက်ရသည်။ ဖမ်း၍ မမိလျှင် အစမှပြန်ကစားရသည်။ ဖမ်းမိလျှင် မိသူနှင့်တကွ တံခါးပိတ်သံ ဂြိတ်ဂြိတ်ဆို၍ ထိုင်ရသည်။ အတန်းလိုက် ရှိနေကြသော ကစားသူများက စုရုံလာကြပြီးလျှင် သုံးယောက်အားဝိုင်း၍ ထိုင်ချလိုက်ကြ လေသည်။ ထို့နောက်ဝိုင်းနေကြသူများက တို့လူဘယ်က ရပါတယ် ဟုမေးလိုက်ကြသောအခါ တံခါးစောင့်အဖြစ် ကစားသူနှစ်ဦးက ထန်းပင်အောက်က ရပါတယ်ဟု ပြန်၍ဖြေလိုက်ကြသည်။ ထိုအခါကျန်ကစားသူများက ထန်းသီးသီးချိန်တို့လူချိန် တို့လူဘယ်က ရပါတယ်ဟု ပြန်၍ မေးကြပြန်သည်။ ထိုနည်းတစ်ဖန်မေးပြန်၍ အပင်တစ်မျိုးပြီးလျှင်တမျိုး၏ အောက်ကရပါတယ် ဟုပြန်၍ ဖြေကြသောအခါ ထိုပြောသောအပင်၏ နောက်က သီးချိန်တို့လူချိန် တို့လူဘယ်ကရပါတယ်ဟုဆက်ကာ မေးပြန်သည်။ နောက်ဆုံးတွင် တံခါးစောင့်အဖြစ် ကစားသူနှစ်ဦးက မိထားသူအား ရေတိမ်သလား၊ နက်သလားဟုမေးရာ အဖမ်းခံရသူက ရေတိမ်သည်ဟု ဖြေလျှင် သူတို့၏လက်များကို အောက်သို့ နှိမ့်ချလိုက်ပြီးလျှင် မိထားသူအား ထွက်သွားစေသည်။ ရေနက်သည်ဟု ဖြေမိလျှင် သူတို့၏ လက်များကို မြှောက်ထားကြပြီးလျှင် မိနေသူအား ခုန်၍ထွက်စေသည်။ ထိုနောက်ကစားပွဲကို အသစ်စ၍ ကစား ကြပြန်သည်။ အချို့ဒေသတွင် တိုက်တံခါးကြီးဖွင့်ပါအုံးဟု ပြောကြရာ တံခါးစောင့်များက ဘယ်မင်းအိမ်ကတုံးဟု ပြန်၍ မေးကြရာ စစ်ကဲအိမ်ကဟု ဖြေလျှင် စစ်ကဲစော်နံလှတယ် ဟုပြောရလေ သည်။ ထို့ပြင် အချို့ဒေသ၌ နောက်ဆုံးဝင်သည့် အလှည့်တွင် တို့နောက်က လက်ဘက်ထုပ်အုပ် ရယူတော့ဟုလည်း ဆိုတက် ကြသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)