မြိုင်ကလေး၊ ဆရာ(စန္ဒရား)

ဝီကီပီးဒီးယား မှ

ဆရာမြိုင်ကလေး (စန္ဒရား)[ပြင်ဆင်ရန်]

ဆရာမြိုင်ကလေး၏ မိဘများမှာ ပဲခူးမြို့ ရွှေပန်းထိမ်ဆရာ ဦးဖိုးဆင်၊ ဒေါ်သော့ တို့ဖြစ်ကြသည်။ ၁၉၀၃ခုနှစ်တွင် ပဲခူးမြို့အနီး မင်းရွာတွင်မွေးဖွားသည်။

ရွှေနန်းထွက်မဟာဂီတကျမ်းပြုစုသူ၊ ဥက္ကလာပမြို့ဘွဲ့ ပတ်ပျိုးရေးသူ စန္ဒရားဆရာ မြိုင်ကြီးနှင့် အမည်တူသဖြင့် ဆရာမြိုင်ကလေးဟုလည်းကောင်း၊ ပဲခူးမြို့သားဖြစ်သောကြောင့် ပဲခူးဆရာမြိုင်ဟုလည်းကောင်း ခေါ်ကြသည်။ ၁၉၅၂ခုနှစ်တွင် ရန်ကုန်မြို့ပန်တျာကျောင်း၌ စန္ဒရားနှင့်ပတ္တလား နည်းပြအဖြစ် ဆောင်ရွက်ခဲ့သည့်အတွက် ပန်တျာဆရာမြိုင်ဟုလည်း ခေါ်သည်။

ဆရာမြိုင်၏ ပထမဆရာအရင်းမှာ အပျော်တမ်း ပတ္တလားဆရာကြီး ပဲခူးဦးမောင်တင်ဖြစ်သည်။ ရန်ကုန်သို့ရောက်သောအခါ စောင်းနှင့်ပတ္တလားပညာရှင် ဦးထွန်းဖေထံတွင် ဆက်လက်ပညာဆည်းပူးသည်။ ထို့ပြင် စောင်းဆရာကြီး ဦးမောင်မောင်လတ်၊ ဆိုင်းဆရာကြီး ပတ္တလားဆရာနွဲ့နှင့် စောင်းဆရာမကြီး အုပ်ဆက် ဒေါ်ခင်ခင်လေးတို့ထံမှ မဟာဂီတသီချင်းများ သင်ယူခဲ့သည်။

၁၉၃၆ခုနှစ်တွင် ခွေးတံဆိပ်ဓာတ်ပြားကုမ္ပဏီ၌ စန္ဒရားနှင့်ပတ္တလား ဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီက ဓာတ်ပြားကုမ္ပဏီထူထောင်သည့်အခါ ခွေးတံဆိပ်ကုမ္ပဏီမှ နုတ်ထွက်ပြီး ဗြိတိသျှဘားမားသို့ ကူးပြောင်းလာသည်။ ၁၉၃၇ခုနှစ် ဗြိတိသျှဘားမား၏ ပွဲဦးထွက် ဓာတ်ပြားများဖြစ်သော ခင်ခင်ရီ၏ အောင်စေတီ၊ ဣဋ္ဌာရုံ၊ မေမေဝင်း၏ မာလာမြိုင်၊ မြတ်သာ၏ မုန့်ပေါင်းစုံ၊ လှတင်ကြီး၏ အပွေးမြင်အပင်သိတို့တွင် ဆရာမြိုင်၏ စန္ဒရားလက်သံများကို စတင်ကြားရသည်။

စန္ဒရားဆရာမြိုင်ဟု ကျော်ကြားသော်လည်း ဆရာရင်းမှာ ပတ္တလားဆရာဖြစ်သည့်အလျောက် ပတ္တလားလည်း အလွန်ကောင်းသည်ဟု သိရသည်။ ခင်မောင်ရင်၏ တောသားကြီးနှင့် မေမေဝင်း၏ ဆယ့်နှစ်လရာသီ သီချင်းများတွင် ကြားရသည့် ပတ္တလား လက်သံမှာ ဆရာမြိုင်၏လက်သံဖြစ်သည်။

၁၉၅၁ခုနှစ်တွင် ဗြိတိသျှဘားမားမှ ဒါရိုက်တာဆရာခန့်၏ တောပန်းလေးမို့ ရုပ်ရှင်ဇာတ်ကားတွင် ဂီတမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ပန်တျာကျောင်းတွင် နည်းပြဆရာ လုပ်ကိုင်နေစဉ် အသက်၆၀ မပြည့်မီ ကွယ်လွန်သွားခဲ့သည်။

[၁]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. ဦးမောင်မောင်လတ်(နောင်)ပြုစုသည်။