မြန်မာ အာကာသ အေဂျင်စီ
| မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း | |
|---|---|
| Myanmar Space Agency | |
မြန်မာ အာကာသအေဂျင်စီ၏ အမှတ်တံဆိပ် | |
| အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
| ဖွဲ့စည်းခြင်း | ၁ ဇွန် ၂၀၂၅ |
| အဖွဲ့အစည်းအမျိုးအစား | အစိုးရ အေဂျင်စီ |
| ဌာနချုပ် | နေပြည်တော် |
| ဌာနအကြီးအမှူးများ |
|
| မိခင်ဌာန | |
မြန်မာ အာကာသ အေဂျင်စီ (အင်္ဂလိပ်: Myanmar Space Agency; အတိုကောက် MSA) သည် မြန်မာနိုင်ငံ၏ သမ္မတ လက်အောက်ရှိ အစိုးရအေဂျင်စီ ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၃၈/၂၀၂၅) ဖြင့် တရားဝင်ဖွဲ့စည်းခဲ့သည်။[၁] အေဂျင်စီသည် နိုင်ငံတော်အကြီးအကဲ၏ တိုက်ရိုက်ကွပ်ကွဲမှုအောက်တွင် ရှိပြီး အမှုဆောင်အရာရှိချုပ်က ဦးဆောင်သည်။ အမှုဆောင်အရာရှိချုပ်ရာထူးကို ဒုတိယဝန်ကြီး အဆင့်နှင့် တူညီစွာထားရှိသော်လည်း သီးသန့်အရာထမ်းအဖြစ် သတ်မှတ်ထားသည်။ လက်ရှိအမှုဆောင်အရာရှိချုပ်မှာ ဒေါက်တာ စိုးမြင့်မောင် ဖြစ်ပြီး၊ ဒုတိယအမှုဆောင်အရာရှိချုပ်မှာ ဒေါက်တာ မျိုးသန့် ဖြစ်သည်။
ရည်ရွယ်ချက်
[ပြင်ဆင်ရန်]အေဂျင်စီ၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အာကာသစူးစမ်းလေ့လာမှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုဆောင်ရွက်မှုများသည် အမျိုးသားလုံခြုံရေး၊သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတထိန်းသိမ်းရေး၊စိုက်ပျိုးရေး၊သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် တုံ့ပြန်ရေး၊ပြည်သူ့လူမှုဘဝဖွံ့ဖြိုးရေး စသည့် ရည်ရွယ်ချက်များအတွက် အထောက်အကူပြုရန် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် ယင်းအေဂျင်စီသည် အာကာသနည်းပညာကျွမ်းကျင်သူ မျိုးဆက်သစ်များ မွေးထုတ်ပေးခြင်း၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဂြိုဟ်တုများ လွှတ်တင်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် လည်ပတ်စောင့်ရှောက်ခြင်းစသည့် လုပ်ငန်းများကိုလည်း လက်ခံဆောင်ရွက်သွားမည် ဖြစ်သည်။
နောက်ခံသမိုင်းအချက်အလက်များ
[ပြင်ဆင်ရန်]အစောပိုင်းကာလများ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံသည် ၁၉၇၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် တွင် ဂြိုဟ်တု ဆက်သွယ်ရေး စနစ်ကို Geostationary ပတ်လမ်း Indian Ocean Region (IOR) 60 Degree East တည်နေရာရှိ Intelsat V ဂြိုဟ်တုကို အသုံးပြုပြီး၊ အပြည်ပြည်ဆိုင်ရာ တယ်လီဖုန်း ဆက်သွယ်ရေး နှင့် TV receiving တို့ကို အသုံးပြုခဲ့သည်။
၁၉၉၀ ပြည့်နှစ်၊ ဇန်နဝါရီလက စ၍ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်တွင်း ဂြိုဟ်တု ဆက်သွယ်ရေး စနစ်ကို Geostationary ပတ်လမ်းရှိ AsiaSat-1 ကို အသုံးပြု၍ ပြည်တွင်း တယ်လီဖုန်း ဆက်သွယ်ရေး နှင့် TV ထပ်ဆင့်လွှင့် စနစ်များကို ဆက်လက် ဆောင်ရွက်ခဲ့သည်။
ပြည်တွင်း ဂြိုဟ်တု ဆက်သွယ်ရေး စနစ်ကိုမူ ၁၉၉၈ ခုနှစ်၊ ဇွန်လတွင် Geostationary ပတ်လမ်း ရှိ ThaiCom 3 အား ပြောင်းလဲပြီး အသုံးပြုခဲ့သည်။အထက်ပါ ဂြိုဟ်တု အသုံးပြုခြင်းများသည် တခြားနိုင်ငံများမှ လွှင့်တင်ထားခြင်းများကို ငှားရမ်း အသုံးပြုခဲ့ခြင်း ဖြစ်သည်။[၂]
၂၀၁၁ - ၂၀၁၆
[ပြင်ဆင်ရန်]၂၀၁၁ ခုနှစ်၊ဇွန်လ တွင် ဦးသိန်းစိန်အစိုးရ၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင့်လွင် သည် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ခန့် ကုန်ကျမည့် ဂြိုဟ်တုတစ်လုံးကို ဝယ်ယူပြီးလျှင်၊ ရုရှား၊ တရုတ်၊ ဂျပန် ဂြိုဟ်တုကုမ္ပဏီ များနှင့် ပူးပေါင်းကာ လွှတ်တင်သွားရန် ရှိကြောင်း ပြောဆိုခဲ့ခြင်းဖြင့် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ရေး ခြေလှမ်း အစပျိုးခဲ့သည်။[၃]
၂၀၁၂ ခုနှစ်၊ဧပြီလ တွင် ဦးသိန်းစိန်အစိုးရသည် လက်ကိုင်တယ်လီဖုန်း ဆင်းမ်ကတ် (SIM Card) ဈေးများ ကျဆင်းနိုင်ရေးအား ရည်ရွယ်သည့် မြန်မာနိုင်ငံ အနေဖြင့် ဂြိုဟ်တုတလုံး လွှတ်တင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ (International Telecommunication Union – ITU) နှင့် ပူးပေါင်းပြီး ၁၈ လကြာ အကောင်အထည် ဖော်သွားမည့် ဆွေးနွေးနေသည့် အစီအစဉ်အား စတင်ချပြခဲ့သည်။[၄]
၂၀၁၃ ခုနှစ်၊ဖေဖော်ဝါရီလတွင် ဦးသိန်းစိန်အစိုးရ သည် မြန်မာနိုင်ငံ အတွက် ပထမဆုံး တိုက်ရိုက် သုံးနိုင်မည့် ဂျပန် အကူအညီ ဖြင့် မြန်မာနိုင်ငံ အတွက် ကမ္ဘာ မြေပြင် လေ့လာရေး ဂြိုဟ်တု တစ်ခု ကို ၂ဝ၁၃-၁၄ ခုနှစ် တွင် လွှတ်တင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ Earth Observation Satellite ဟုခေါ်သည့် ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တု လွှတ်တင်နိုင်ရေး ကြိုးပမ်းမှုသည် ယခင် တခြားနိုင်ငံဂြိုဟ်တုများမှ တဆင့်ခံ သုံးစရာ မလိုတော့ဘဲ သတင်းအချက်အလက်များကို တိုက်ရိုက်ယူပြီး အသုံးချနိုင်ရန် ရည်ရွယ်သည်။[၅]
၂၀၁၄ ခုနှစ်၊ဒီဇင်ဘာ တွင် နိုင်ငံ၏ ပထမဆုံး ဂြိုဟ်တုကို ငါးနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်ပြီး ပတ်လမ်းကြောင်းသို့ လည်ပတ်ရန် အစီအစဉ်ကို ဦးသိန်းစိန်အစိုးရသည် အကြမ်းဖျင်း ဖော်ပြခဲ့သည်။[၆]
၂၀၁၆ ခုနှစ်၊မေ ၁ ရက် တွင် မြန်မာအစိုးရသည် MyanmarSat-1 ကို တောင်အမေရိကတိုက်၊ ဂိုင်ယားနိုင်ငံ၊ ကော်ရီးကမ်းခြေမြို့ရှိ ဂြိုဟ်တုလွတ်တင်ရေးစခန်းမှ Geostationary orbit သို့ လွှတ်တင်ခဲ့သည်။ထိုဂြိုဟ်တုသည် ငှားရမ်းအသုံးပြုသည့် ဂြိုဟ်တု ဖြစ်သည်။[၇] [၈]
၂၀၁၇ - ၂၀၂၁
[ပြင်ဆင်ရန်]ဦးထင်ကျော်အစိုးရ သည်၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေးဦးဆောင်ကော်မတီ ကို ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်၍ အဖွဲ့ဝင်(၁၃)ဦးဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေးလုပ်ငန်းကော်မတီကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဦးဆောင်၍ (၉)ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့သည်။
၂၀၁၇ ခုနှစ်၊ဧပြီ ၂၈ ရက် တွင် မြန်မာအစိုးရသည် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေးဦးဆောင်ကော်မတီ ၏ ပထမအကြိမ် စည်းဝေးပွဲကို ပြုလုပ်သည်။မြန်မာနိုင်ငံ Space Agency အာကာသဌာန တည်ထောင်ရေးအတွက် စတင် အကောင်အထည် ဖော်သွားမည့် သတင်းစကားကိုလည်း ဖြန့်ဝေအသိပေးခဲ့သည်။[၉]
၂၀၁၈ ခုနှစ် ဇွန် ၁ ရက် တွင် Myanmar Sat 2 ဂြိုဟ်တု တည်ဆောက်နိုင်ရေး မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ သတင်းအချက်အလက် နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန နှင့် Intelsat Global Sales & Marketing Limited တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ စုစုပေါင်းကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း ရှိ သည်။[၁၀] [၁၁]
၂၀၁၉ ခုနှစ် ဇွန်လ နှင့် ဇူလိုင်လတို့တွင် အချိုးကျ ပူးတွဲပိုင်ဆိုင်မည့် အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းတန် MyanmarSat-2 ဂြိုဟ်တုကို အာကာသသို့ လွှတ်တင်ရန် လျာထားခဲ့သည်။သို့သော်လည်း ထိုလျာထားဆောင်ရွက်ချက်မှာ အတူတကွ လွှတ်တင်မည့်အခြားအဖွဲ့အစည်းပိုင်ဂြိုဟ်တုများ အဆင်သင့်ဖြစ်မှုနှောင့်နှေးခဲ့ခြင်းကြောင့် ပျက်ပြယ်ခဲ့သည်။[၁၂]
၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့ အင်္ဂါနေ့ ဒေသ စံတော်ချိန် ညနေ ၄ နာရီခွဲ (၂၀၁၉ ခုနှစ်၊ ဩဂုတ် ၇ ရက်၊ မြန်မာစံတော်ချိန် နံနက် ၂ နာရီ အချိန်) တွင် တောင်အမေရိကတိုက် ရှိ ပြင်သစ်နိုင်ငံ Arianespace Launch အာကာသစခန်းမှနေ၍ မြန်မာနိုင်ငံအတွက် ကြေးနန်းဆက်သွယ်ရေး ပိုအားကောင်းလာစေမည့် Myanmar Sat 2 အတွက် အဓိက ဝန်ဆောင်ပေးမည့် Intelsat 39 ဆက်သွယ်ရေး ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့သည်။ အချိုးကျ ပူးတွဲပိုင်ဆိုင်မည့် MyanmarSat-2 ဆက်သွယ်ရေး ဂြိုဟ်တု သည် Maxar Technologies က ထုတ်လုပ်ပြီး Arianespace ဂြိုဟ်တု လွှတ်တင်စင်မှ Ariane 5 ဂြိုဟ်တု ဖြင့် ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။အဆိုပါ Intelsat 39 ဆက်သွယ်ရေး ဂြိုဟ်တုသည် ကမ္ဘာပတ် လမ်းကြောင်း ပေါ်ရှိ ကမ္ဘာကြီး၏ အီကွေတာမျဉ်း နှင့် လောင်တီကျူ့အရှေ့ ၆၂ ဒီဂရီ တွင် လည်ပတ်မည် ဖြစ်သည်။[၁၃]
၂၀၁၉ ခုနှစ်၊ဩဂုတ် ၃၀ ရက် တွင် ဦးဝင်းမြင့်အစိုးရ သည် မြန်မာနိုင်ငံက အလုံးစုံပိုင်ဆိုင်သည့် ကိုယ်ပိုင်ဂြိုဟ်တုလွှတ်တင်ရေး အတွက် ဂျပန်နိုင်ငံ၊ Hokkaido တက္ကသိုလ်က ကမ်းလှမ်းထားသည့်အကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။[၁၄]
၂၀၂၀ ပြည့်နှစ်၊မေ ၁၁ ရက် တွင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးသော ဂြိုဟ်တုလွှတ်တင်မှုကို ဂျပန်နိုင်ငံ ၏ နည်းပညာအကူအညီ ဖြင့် ၂၀၂၁ ခုနှစ် တွင် စတင်နိုင်မည်ဟု ဂျပန်အခြေစိုက် Nikkei Asian Review က သတင်းရေးသား ဖော်ပြခဲ့သည်။[၁၅] [၁၆]
၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၂၀ ရက် တွင် မြန်မာ့ ပထမဆုံးဂြိုဟ်တု (လောကနတ် -၁ ) ကို NASA အမေရိကန်အာကာသစူးစမ်းရေးဌာန မှ ISS နိုင်ငံတကာအာကာသစခန်းဆီသို့ တခြား ပစ္စည်းကရိယာများနှင့်အတူ လွှတ်တင်ခဲ့သည်။ဂျပန်အာကာသစူးစမ်းရေး JAXA ၏ Kibo စူးစမ်းရေးယာဉ်ထဲတွင် သိမ်းဆည်းခဲ့သည်။ ထို မြန်မာ့ ပထမဆုံးဂြိုဟ်တု သည် မြန်မာနိုင်ငံ လေကြောင်း နှင့် အာကာသ ပညာ တက္ကသိုလ် MAEU နှင့် ပူးတွဲပြုလုပ်သည့် စီမံကိန်းအရ ဂျပန်နိုင်ငံ Hokkaido တက္ကသိုလ်က တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး၊ဂြိုဟ်တု တွင် ကီလိုဂရမ် ၅၀ လေးသည့် microsatellites ဂြိုဟ်တုသေးလေး ၂ ခုပါဝင်ပြီး နိုင်ငံတွင်း စိုက်ပျိုးရေး နှင့် ငါးလုပ်ငန်းဌာနအတွက် စောင့်ကြည့်လေ့လာမှုများ လုပ်ဆောင်မည့် ကင်မရာများ တပ်ဆင်ထားသည်။
၂၀၂၁ ခုနှစ်၊မတ်လတွင် ကမ္ဘာ့မြေပြင်အထက် မိုင် ၂၅၀ ကျော် တွင် ရှိသည့် မြန်မာ့ ပထမဆုံးဂြိုဟ်တု (လောကနတ် -၁ ) ကို ISS နိုင်ငံတကာအာကာသ စခန်း တွင် အသုံးမပြုသေးဘဲ ယာယီသိမ်းထားရန် ဂျပန်အာကာသအေဂျင်စီ နှင့် ဂျပန်တက္ကသိုလ်တို့က ဆုံးဖြတ်ခဲ့ကြသည်။ [၁၇]
၂၀၂၁ နောက်ပိုင်း အခြေအနေ
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ်၊ဇူလိုင် ၁၁ ရက် တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားနိုင်ငံ၊မော်စကိုမြို့ တွင် ရုရှားသမ္မတ၏နိုင်ငံတကာအာကာသဆိုင်ရာအထူးသံတမန် နှင့် Roscosmos အထွေထွေညွန်ကြားရေးမှူးချုပ် Dr.Dmity Rogozin နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။[၁၈]
၂၀၂၂ ခုနှစ်၊စက်တင်ဘာ ၉ ရက် တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားရှိ Vostochny Cosmodrome အာကာသယာဉ် လွှတ်တင်ရေးစခန်းသို့ သွားရောက်လေ့လာခဲ့သည်။ရုရှားအာကာသကော်ပိုရေးရှင်း State Space Corporation “Roscosmos” အထွေထွေညွန်ကြားရေးမှူးချုပ် Mr.Yuri Borisov နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။[၁၉]
၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီ ၂၁ ရက် တွင် NLD အစိုးရလက်ထက် ဖွဲ့စည်းထားခဲ့သည့် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး လုပ်ငန်းကော်မတီကို စစ်ခေါင်းဆောင်က ဖျက်သိမ်းလိုက်ပြီး၊ယင်းအစား ဗိုလ်ချုပ်ကြီးမြထွန်းဦး ပါဝင်သည့် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေးလုပ်ငန်းကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။[၂၀]
၂၀၂၅ ခုနှစ်၊မတ် ၄ ရက် တွင် ရုရှားနိုင်ငံ၊မော်စကိုမြို့ တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအစိုးရ နှင့် ရုရှားအစိုးရ တို့အကြား မော်စကိုသဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုးကြစဉ်၊ အာကာသစူးစမ်းလေ့လာမှုနှင့်အသုံးပြုမှုနားလည်မှုစာချွန်လွှာ သည် တစ်ခုအနေဖြင့် ပါဝင်ခဲ့သည်။
၂၀၂၅ ခုနှစ် ဇွန် ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၃၈/၂၀၂၅) ဖြင့် မြန်မာ အာကာသ အေဂျင်စီ ကို မြန်မာနိုင်ငံအစိုးရအဖွဲ့ လက်အောက်ရှိ အစိုးရအေဂျင်စီတစ်ခု အဖြစ် တရားဝင်ဖွဲ့စည်းခဲ့သည်။
၂၀၂၅ ခုနှစ်၊ဇူလိုင် ၁၇ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် မြန်မာ အာကာသအေဂျင်စီ ၏ အမှုဆောင်အရာရှိချုပ် ကို ခန့်ထားသည်။
၂၀၂၅ ခုနှစ်၊ဩဂုတ် ၁ ရက် တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သည် မြန်မာ အာကာသအေဂျင်စီ ၏ ဒုတိယ အမှုဆောင်အရာရှိချုပ် ကို ခန့်ထားသည်။
၂၀၂၅ ခုနှစ်၊ဩဂုတ် ၃၁ ရက် တွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့ရှိ Tangla Hotel ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်တက္ကသိုလ်၏ ဒုတိယအဓိပတိပါမောက္ခ Prof. Gong Wei ဦးဆောင်သော တာဝန်ရှိသူများနှင့် ဂြိုဟ်တုနည်းပညာ ရရှိရေးဆွေးနွေး တွေ့ဆုံဆွေးနွေးခဲ့သည်။[၂၁]
၂၀၂၅ ခုနှစ်၊စက်တင်ဘာ ၂၆ ရက် တွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ရုရှားခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov နှင့် Roscosmos ရုံးချုပ်၌ တွေ့ဆုံဆွေးနွေးသည်။တွေ့ဆုံဆွေးနွေးအပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရတို့အကြား ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ပြင်ပအာကာသစူးစမ်း လေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov နှင့် မြန်မာအာကာသအေဂျင်စီအမှုဆောင်ချုပ် ဒေါက်တာ စိုးမြင့်မောင်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။[၂၂]
အမှုဆောင်အရာရှိချုပ်များ
[ပြင်ဆင်ရန်]| ရာထူး | အမည် | စတင်ထမ်းဆောင်သည့်ရက် | ရာထူးအဆင့်အတန်း |
|---|---|---|---|
| အမှုဆောင်အရာရှိချုပ် | ဒေါက်တာ စိုးမြင့်မောင် | ၁၇ ဇူလိုင် ၂၀၂၅ | ဒုတိယဝန်ကြီး အဆင့်နှင့် တူညီ |
| ဒုတိယ အမှုဆောင်အရာရှိချုပ် | ဒေါက်တာ မျိုးသန့် | ၁ ဩဂုတ် ၂၀၂၅ | ညွှန်ကြားရေးမှူးချုပ် အဆင့်နှင့် တူညီ |
မြန်မာနိုင်ငံ အာကာသစနစ် အကျဉ်းချုပ်
[ပြင်ဆင်ရန်]| ရက်စွဲ | ဂြိုဟ်တု / စနစ်အမည် | Orbit / ပတ်လမ်း | Launch Site / လွှတ်တင်နေရာ | ပူးပေါင်းလုပ်ဆောင်သူ / ထောက်ပံ့သူ | အဓိက ရည်ရွယ်ချက် |
|---|---|---|---|---|---|
| ၁၉၇၉ ဖေဖော်ဝါရီ ၁၂ | Intelsat V | Geostationary (IOR 60°E) | အခြားနိုင်ငံစနစ် | အပြည်ပြည်ဆိုင်ရာ အစိုးရ / လွှင့်တင်သူ | အပြည်ပြည်ဆိုင်ရာ တယ်လီဖုန်းဆက်သွယ်ရေး နှင့် TV receiving |
| ၁၉၉၀ ဇန်နဝါရီ | AsiaSat-1 | Geostationary | အခြားနိုင်ငံစနစ် | အပြည်ပြည်ဆိုင်ရာ အစိုးရ / လွှင့်တင်သူ | ပြည်တွင်း တယ်လီဖုန်းဆက်သွယ်ရေး နှင့် TV လွှင့်မှု |
| ၁၉၉၈ ဇွန် | ThaiCom 3 | Geostationary | အခြားနိုင်ငံစနစ် | အပြည်ပြည်ဆိုင်ရာ အစိုးရ / လွှင့်တင်သူ | ပြည်တွင်း ဆက်သွယ်ရေးစနစ် |
| ၂၀၁၆ မေ ၁ | MyanmarSat-1 | Geostationary | ဂိုင်ယား, တောင်အမေရိကတိုက် | ဂျပန် Hokkaido တက္ကသိုလ်, MAEU | တယ်လီဖုန်းဆက်သွယ်ရေး၊ TV၊စိုက်ပျိုးရေး ၊ ငါးလုပ်ငန်းစောင့်ကြည့် |
| ၂၀၁၉ ဩဂုတ် ၇ | MyanmarSat-2 | Geostationary (62°E) | Arianespace, Ariane 5, ပြင်သစ် | Maxar Technologies, Intelsat 39 | ဆက်သွယ်ရေး အတွက် အဓိကဝန်ဆောင်မှု |
| ၂၀၂၁ ဖေဖော်ဝါရီ ၂၀ | လောကနတ် - ၁ (MAEU & Hokkaido) | ISS / JAXA Kibo module | NASA ISS | JAXA, MAEU | စိုက်ပျိုးရေး နှင့် ငါးလုပ်ငန်း စောင့်ကြည့် |
ကိုးကား
[ပြင်ဆင်ရန်]- ↑ စစ်ကောင်စီက မြန်မာအာကာသအေဂျင်စီ(MSA) ဖွဲ့စည်းတည်ထောင်။ Mizzima Burmese (၉ ဇူလိုင် ၂၀၂၅)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဂြိုဟ်တုဆက်သွယ်ရေးစနစ် မြန်မာ စတော့မည်။ VOA (၃၀ ဧပြီ ၂၀၁၇)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာပြည်က ဂြိုဟ်တု ပူးတွဲဝယ်မည်။ BBC (၁၄ ဇွန် ၂၀၁၁)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဖုန်းဈေးတွေ ဖြည်းဖြည်းချင်းတော့ ကျသွားမှာပါ။ The Irrawaddy (၁၉ ဧပြီ ၂၀၁၂)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ ဂြိုဟ်တု လွှတ်ဖို့ ဂျပန်ကူ။ BBC (၂၆ ဖေဖော်ဝါရီ ၂၀၁၃)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Myanmar to Own First Satellite in Five Years Time။ Via Satellite (11 Dec 2014)။ 1 Sep 2025 တွင် ပြန်စစ်ပြီး။
- ↑ ဆက်သွယ်ရေးဂြိုဟ်တု Myanmar Sat-2 ကို ဩဂုတ် ၃ ရက်မှာ လွှတ်တင်မယ်။ BBC (၂၃ ဇူလိုင် ၂၀၁၉)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မိတ္ထီလာ မြန်မာ့လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်က ထိန်းချုပ်မည့် အနိမ့်ပျံ မြေပြင်စူးစမ်း လေ့လာရေး ကိုယ်ပိုင်ဂြိုဟ်တုကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလဆန်းခန့်တွင် မြန်မာနိုင်ငံမှလွှတ်တင်မည်။ Eleven Media Group (၂၄ ဇူလိုင် ၂၀၁၉)။ ၁ စစက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဂြိုဟ်တုဆက်သွယ်ရေးစနစ် မြန်မာ စတော့မည်။ VOA (၃၀ ဧပြီ ၂၀၁၇)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ဂြိုဟ်တုတည်ထောင်နိုင်ရန် အဆင့်(၃)ဆင့် ဆောင်ရွက်လျက်ရှိ။ Myanmar Tech Press (၂၂ ဧပြီ ၂၀၁၉)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Myanmar Sat 2 ဂြိုဟ်တု လွှတ်တင် (ရုပ်သံ - Live)။ DVB (၇ ဩဂုတ် ၂၀၁၉)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံပိုင် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်မည့်ရက်ကို ရွှေ့ဆိုင်း။ Duwun (၂၀၁၉)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့ဆက်သွယ်ရေးပိုကောင်းစေမယ့် Intelsat 39 ဂြိုဟ်တုအောင်မြင်စွာ လွှတ်တင်။ VOA Burmese (၇ ဩဂုတ် ၂၀၁၉)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား။ Myanmar Digital News (၃၀ ဩဂုတ် ၂၀၁၉)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာပိုင် ပထမဆုံးဂြိုဟ်တု ဂျပန်အကူအညီဖြင့် ၂၀၂၁ ခုနှစ်တွင် စတင်လွှတ်တင်မည်။ DVB (၁၂ မေ ၂၀၂၀)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Myanmar to launch its first satellite in 2021 with Japan's help။ Nikkei Asia (11 May 2020)။ 1 Sep 2025 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့ပထမဆုံးဂြိုဟ်တု နိုင်ငံတကာအာကာသစခန်းမှာ ယာယီသိမ်းထားမည်။ VOA (၁၂ မတ် ၂၀၂၁)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး ဆွေးနွေးဆောင်ရွက်။ CINCDS Myanmar (၁၃ ဇူလိုင် ၂၀၂၂)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Vostochny Cosmodrome အာကာသယာဉ်လွှတ်တင်ရေးစခန်းသို့ သွားရောက်လေ့လာ။ MWD Webportal (၉ စက်တင်ဘာ ၂၀၂၂)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေးလုပ်ငန်းကော်မတီကို စစ်ဗိုလ်ချုပ်များဖြင့် အသစ် ပြန်ဖွဲ့။ DVB (၁၃ ဧပြီ ၂၀၂၅)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်တက္ကသိုလ်မှ ဒုတိယအဓိပတိနှင့် တွေ့ဆုံဆွေးနွေး။ MOI Myanmar (၃၁ ဩဂုတ် ၂၀၂၅)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov နှင့် တွေ့ဆုံဆွေးနွေး။ MOI Myanmar (၂၆ စက်တင်ဘာ ၂၀၂၅)။ ၂၈ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။