မြန်မာ-တရုတ် နယ်နိမိတ်သတ်မှတ်ရေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး[ပြင်ဆင်ရန်]

မြန်မာ- တရုတ် နယ်နိမိတ်ပြဿနာမှာ ရာဇဝင် တစ်လျှောက်တွင် အခြေအမြစ် တည်လာသော အရှုပ်အထွေးများနှင့် အပြည့်အနှက် ဖြစ်ခဲ့ပေသည်။ သို့သော်လည်း နှစ်ဦးနှစ်ဘက်လုံးသော အစိုးရများက ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်ကို မျက်ခြည်မပြတ်စေဘဲ ချစ်ကြည်ရေးကို လက်ကိုင်ပြုလျှက် သည်းခံမှုစိတ်၊ တရားမျှတမှုကို ရှေးရှူသော စိတ်တို့ဖြင့် ရင်ဆိုင်လာရသော ပြဿနာ အသီးသီးကို စိတ်ရှည်လက်ရှည် အကြေအလည် ဆွေးနွေးစေ့စပ်၍ ညှိနှိုင်းဖြေရှင်းခဲ့ကြသည်။

မြန်မာ-တရုတ် နယ်နိမိတ် သတ်မှတ်ရေး[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသမိုင်းကို လေ့လာမည်ဆိုလျှင် မြန်မာတို့၏ အချုပ်အချာ အာဏာ ပျံ့နှံ့ရာနယ်သည် စိုးမိုးအုပ်ချုပ် မင်းလုပ်သော ဘုရင်ဧကရာဇ်တို့၏ နှလုံးရည်၊ လက်ရုံးရည်ကိုလိုက်၍ ကျယ်သွားသောအခါလည်းရှိသည်။ ကျဉ်းသွားသောအခါလည်းရှိသည်။ ဤသို့ဖြင့် ပိုင်နက်နယ်မြေ အကျယ်အဝန်း ပြောင်းလဲမှုများ အခါအခါ ရှိခဲ့စေကာမူလည်း အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ကို အတိအကျ သတ်မှတ်ပိုင်းခြား ခြင်းကို မည်သည့်အခါကမျှ ပြုလုပ်ခြင်း မရှိခဲ့ကြချေ။ အထက်တွင် ဖော်ပြခဲ့သည့် အတိုင်းပင် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ၏ အရှေ့ဘက် အိမ်နီးချင်း တစ်ဦးဖြစ်သော တရုတ်နိုင်ငံ၏ နယ်နိမိတ်မှာလည်း သမိုင်းတစ်လျှောက်လုံးတွင် မည်သည့်အခါကမျှ ပြတ်ပြတ်သားသား မရှိခဲ့ချေ။ ဤအခြေ အနေမှာ ၁၈၈၆ ခုနှစ်တွင် ဗြိတိသျှတို့က မြန်မာနိုင်ငံ အထက်ပိုင်းကို သိမ်းပိုက်သည့်အချိန်၌ တွေ့ရှိရသော အခြေအနေပင် ဖြစ်ပေသည်။

ဗြိတိသျှတို့ ကြိုးပမ်းခြင်း[ပြင်ဆင်ရန်]

၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗြိတိသျှ အစိုးရက ကြေညာချက် တစ်စောင် ထုတ်ပြန်ပြီးလျှင် ယခင်က သီပေါဘုရင် စိုးမိုးအုပ်ချုပ်သော နယ်မြေများကို ဗြိတိသျှ အစိုးရပိုင် နယ်ပယ်၏ တစ်စိတ်တစ်ဒေသအဖြစ် သွတ်သွင်းလိုက်လေသည်။ ဗြိတိသျှ အစိုးရက မြန်မာဘုရင်ထံမှ ဆက်ခံသိမ်းပိုက်သော နယ်မြေမှာ အရှေ့မြောက်ဘက်၊ မြောက်ဘက်၊ အနောက်မြောက်ဘက်နှင့် အနောက်ဘက်တွင် အဆက်ဆက် သွယ်တန်းသော တောင်ကြီး များ ဝန်းဝိုက်ထားသည့် ဧရာဝတီမြစ်ဝှမ်း ဒေသတစ်ခုလုံးပင် ဖြစ်ပေသည်။

၁၈၈၆ ခုနှစ်တွင် အထက်မြန်မာနိုင်ငံကို ဗြိတိသျှတို့က သိမ်းပိုက်လိုက်ခြင်းဖြင့် ဗြိတိသျှ အချုပ်အချာ အာဏာပျံ့နှံ့ရာ နယ်ပယ်အရှေ့ဘက် နယ်နိမိတ်သည် တရုတ်နိုင်ငံနှင့် ဆက်စပ်သွားခဲ့ပေသည်။ ထို့ကြောင့် ဗြိတိသျှ အစိုးရက အရှေ့ဘက် တွင် မြန်မာတို့၏ ဩဇာအာဏာ ပျံ့နှံ့ရာနယ်ပယ်သည် မည်မျှကျယ်ဝန်းသည်။ သို့မဟုတ် မြန်မာနိုင်ငံနှင့် တရုပ်နိုင်ငံသည် မည်သို့သော နယ်နိမိတ်ဖြင့် ပိုင်းခြားတည်ရှိသည်ဟူသော အချက်ကို မဆိုင်းမငံ့ စုံစမ်းရှာဖွေရန် လိုအင်ဆန္ဒ ပြင်းပြစွာ ရှိခဲ့ကြပေသည်။ အကြောင်းအားလျော်စွာ ၁၈၈၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် တိဗက်နိုင်ငံဆိုင်ရာ စာချုပ်တစ်ခုကို ဗြိတိသျှအစိုးရနှင့် တရုတ်အစိုးရတို့ ချုပ်ဆိုခဲ့ ကြလေသည်။ ထိုစာချုပ်၏ အပိုဒ် ၃ တွင် မြန်မာ-တရုပ် နယ်နိမိတ်ကို နယ်နိမိတ်သတ်မှတ်ရေး ကော်မရှင်အဖွဲ့ တစ်ဖွဲ့က သတ်မှတ်ရန် သဘောတူခဲ့ကြလေသည်။ ဤသည်မှာ ဗြိတိသျှအစိုးရ လက်ထက်တွင် မြန်မာ-တရုတ် နယ်နိမိတ် သတ်မှတ်ရေးကိစ္စကို နိဒါန်းပျိုးလိုက်ခြင်းပင် ဖြစ်ပေသည်။

ထိုစဉ်က ဗြိတိသျှ အစိုးရတို့ သိမ်းပိုက်ဆက်ခံသော မြန်မာဘုရင်ပိုင် နယ်ပယ်သည် မည်သည့်နေရာဒေသအထိ ရောက်ရှိသည်ဟူသော အချက်မှာ အတိအကျ သတ်မှတ်ပြဋ္ဌာန်းရန် များစွာခက်ခဲသော ကိစ္စတစ်ရပ်ဖြစ်ပေသည်။ ထို့ပြင် နှစ်နိုင်ငံစပ်ကြားရှိ မြေပြင်အနေအထားကို တိုင်းထွာမှတ်သားခြင်း မပြုရသေးသဖြင့်လည်း ဗြိတိသျှ အစိုးရတို့ လိုလားသည့်အတိုင်း နှစ်နိုင်ငံ နယ်နိမိတ်ကို သိပ္ပံနည်းကျကျ ပိုင်းခြားမှတ်သားဖော်ပြရန် ခက်ခဲလျှက် ရှိပေသည်။ ထို့ကြောင့် နောက်ခြောက်နှစ် ( ခရစ် ၁၈၈၇-၁၈၉၃ ) အတွင်း၌ ဗြိတိသျှအစိုးရတို့က မြန်မာဘုရင်နှင့် တရုတ် ဘုရင်တို့၏ ဩဇာအာဏာအကျယ်ပြန့်ဆုံး ရောက်ရှိရာနေရာများကို သိရှိရန်အတွက်လည်းကောင်း၊ ထိုနေရာဒေသတို့နှင့် စပ်လျဉ်းသော ဗဟုသုတများ တိုးတက်စုဆောင်း ရရှိရန်အတွက်လည်းကောင်း သုတေသနပြုခြင်း၊ လေ့လာခြင်း၊ နယ်မြေ ထောက်လှမ်းခြင်း၊ စုံစမ်းရေး အဖွဲ့များ စေလွှတ်ခြင်း အစရှိသော ကိစ္စများကို အဆက်မပြတ် ပြုလုပ်ခဲ့ကြလေသည်။

ဤသို့ အားထုတ်လုပ်ကိုင်ကြခြင်းဖြင့် မြန်မာ-တရုတ် နယ်နိမိတ် အပိုင်းအခြားတို့ တည်ရှိနေပုံကို အတော်အတန် တိတိကျကျ သိရှိလာကြပြီးသည့်နောက်တွင် ၁၈၈၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ချုပ်ဆိုခဲ့ကြသော စာချုပ်အပိုဒ် ၃ ပါ ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်ပြပေးသော စာချုပ်တစ်ရပ်ကို ၁၈၉၄ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ဗြိတိသျှနှင့် တရုတ်အစိုးရတို့ ချုပ်ဆိုခဲ့ကြလေသည်။ ဤစာချုပ်မှာ မြန်မာ-တရုပ် နယ်နိမိတ်ကို မြောက်ဘက်လတ္တီတွဒ် ၂၅ . ၃၅၊ ရှိ မနန်းဘုံ၊ သို့မဟုတ် တောင်ထိပ်ချွန်းမှ နမ့်လမြစ်နှင့် မဲခေါင်မြစ်တို့ ဆုံရာ နေရာအထိ သတ်မှတ်ဖော်ပြလိုက်ခြင်းပင် ဖြစ်ပေသည်။ တောင်ထိပ်ချွန်းမှ မြောက်ဘက်သို့ သွယ်တန်းနေသော မြန်မာ-တရုတ် နယ်နိမိတ် အစိတ်အပိုင်းနှင့် စပ်လျဉ်း၍မူကား ထိုအရပ်ဒေသ၏ မြေပြင်အနေအထားနှင့် အခြေအနေများကို ပိုမိုတိကျစွာ သိရှိရသည့်အခါတွင်မှ သတ်မှတ်ရန် နှစ်ဦး နှစ်ဘက် သဘောတူကြလေသည်။ ၁၈၉၄ ခုနှစ် စာချုပ်တွင် သတ်မှတ်ဖော်ပြသော မြန်မာ-တရုတ် နယ်နိမိတ်ကြောင်းကို ဗြိတိသျှ အစိုးရနှင့် တရုပ် အစိုးရတို့၏ ကိုယ်စားလှယ်များ ပါဝင်သော ပူးတွဲကော်မရှင် အဖွဲ့တစ်ဖွဲ့က သုံးနှစ်အတွင်း မြေပြင်တွင် တိုင်းထွာသတ်မှတ်ရန် ပြဋ္ဌာန်းခဲ့ကြလေသည်။ သို့သော် ထိုကိစ္စကို မဆောင်ရွက်ကြသေးမီ ၁၈၉၄ ခုနှစ် စာချုပ်ပါ အပိုဒ်တစ်ပိုဒ်နှင့် စပ်လျဉ်း၍ နှစ်ဘက် အငြင်းပွားလာသဖြင့် ဗြိတိသျှအစိုးရနှင့် တရုတ်အစိုးရတို့ ပြန်လည် ဆွေးနွေးပြောဆို ကြရပြီးလျှင် ၁၈၉၇ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ၁၈၉၄ ခုနှစ် စာချုပ်ကို ပြင်ဆင်သော သဘောတူစာချုပ် တစ်ရပ်ကို ချုပ်ဆိုခဲ့ကြလေသည်။ ဤစာချုပ်အရ အင်္ဂလိပ်တို့က ဆီးမားနယ်၊ ကိုးကန်းနယ်တို့ကို ပြန်လည်ရရှိလိုက်သည့်အပြင် နမ္မဝမ် နယ်မြေကိုလည်း အငှားသဘောဖြင့် ရယူလိုက်သဖြင့် ၁၈၉၄ ခုနှစ် စာချုပ်တွင် မြောက်ဘက် လတ္တီတွဒ် ၂၅°၃၅′၊ မှ မဲခေါင်မြစ်အထိ နယ်နိမိတ်ကြောင်း သတ်မှတ်ဖော်ပြချက်ကို ပြင်ဆင်ရေးသားခဲ့ရပေသည်။ ထိုမှနောက်တွင် ၁၈၉၇ ခုနှစ် စာချုပ်၌ သတ်မှတ်ဖော်ပြသော နယ်နိမိတ်ကြောင်းကို သုံးနှစ်အတွင်း အကောင် အထည်ဖော်ရန် တရုတ်-ဗြိတိသျှ ပူးတွဲကော်မရှင် အဖွဲ့တစ်ဖွဲ့က လုပ်ကိုင်ဆောင်ရွက်ခဲ့လေသည်။ ပူးတွဲကော်မရှင်အဖွဲ့သည် ပထမနှစ် ( ခရစ် ၁၈၉၇-၉၈ ) တွင် မြောက်ဘက်လတ္တီတွဒ် ၂၅°၃၅′၊ ရှိ တောင်ထိပ်ချွန်းမှ တောင်ဘက်သို့ တာပိန်မြစ် အထိ နယ်နိမိတ် အစိတ်အပိုင်းကို နယ်နိမိတ် ကျောက်ပုံပေါင်း ၃၉ ပုံ တည်ထား၍ သတ်မှတ်ခဲ့ပြီးလျှင် ဒုတိယနှစ် ( ခရစ် ၁၈၉၈-၉၉ ) တွင် တာပိန်မြစ်မှ တောင်ဘက်သို့ နမ့်တင်မြစ်အထိ အစိတ် အပိုင်းကို နယ်နိမိတ် ကျောက်ပုံပေါင်း ၉၇ ပုံ တည်ထား၍ သတ်မှတ်ခဲ့သည်အပြင် နမ့်ခမြစ်မှ မဲခေါင်မြစ်အထိ ကျိုင်းတုံနယ်နှင့်ဆိုင်သော နယ်နိမိတ်အစိတ်အပိုင်းကို ကျောက်ပုံပေါင်း ၆၂ ပုံ တည်ထား၍ သတ်မှတ်ခဲ့လေသည်။ နမ့်တင်မြစ်မှ နမ့်ခမြစ်အထိ အစိတ်အပိုင်းမှာ ဝနယ်နှင့် ဆိုင်သော နယ်နိမိတ်ကြောင်း ဖြစ်လေသည်။ ဤအစိတ်အပိုင်းကို ပူးတွဲကော်မရှင်အဖွဲ့က တတိယနှစ် (ခရစ် ၁၈၉၉-၁၉ဝဝ) တွင် တိုင်းထွာသတ်မှတ်ရန် ကြိုးစားခဲ့ သော်လည်း ပြီးပြတ်အောင်မြင်ခြင်း မရှိခဲ့ပေ။ ၁၈၉၇ ခုနှစ် သဘောတူစာချုပ်တွင် သတ်မှတ်ဖော်ပြသော နယ်နိမိတ် အစိတ်အပိုင်းကို အထက်ပါအတိုင်း မြေပြင်တွင် သတ်မှတ်ပြီးစီးသောအခါ မြောက်ဘက် လတ္တီတွဒ် ၂၅°၃၅′၊ (တောင်ထိပ်ချွန်း) မှ မြောက်ဘက်ရှိ နယ်နိမိတ်ကြောင်း သတ်မှတ်ရန်ကိစ္စကို ဗြိတိသျှတို့က အာရုံပြုကြပြန်လေသည်။ အမှန်စင်စစ် ၁၈၉၄ ခုနှစ် စာချုပ်ကို လက်မှတ်မထိုးမီကပင် တောင်ထိပ်ချွန်း၏ မြောက်ဘက်နယ်နိမိတ်ကို သတ်မှတ်ရန် ဗြိတိသျှနှင့် တရုတ်အစိုးရတို့ကကြိုး စားခဲ့ကြပေသည်။ ဤဒေသတွင် သံလွင်မြစ်နှင့် မေခမြစ်များ စပ်ကြားရှိ ရေဝေတောင်တန်းကို မြန်မာ-တရုတ်တို့၏ သဘာဝနယ်နိမိတ်ဟူ၍ ဗြိတိသျှတို့ က ယူဆခဲ့ကြသော်လည်း ထိုအယူအဆကို တရုတ်အစိုးရက လက်ခံခြင်းမပြုခဲ့ပေ။ ၁၈၉၄ ခုနှစ် စာချုပ်ကို ချုပ်ဆိုပြီးသောအခါ နှစ်ဦးနှစ်ဘက်သော အစိုးရတို့က ထိုဒေသကို အသီးအသီး စုံစမ်းခဲ့ကြလေသည်။

အငြင်းအခုံ[ပြင်ဆင်ရန်]

ဤတွင် ဗြိတိသျှတို့၏ မေခ-သံလွင် ရေဝေတောင်တန်းကို နယ်နိမိတ်အဖြစ် ယူဆသော အယူအဆမှာ ပိုမိုပြင်းထန်လာခဲ့ သော်လည်း တရုတ်အစိုးရက ဖီမော်၊ ဂေါ်လန်နှင့် ကန်ဖန် အပါအဝင် ရေဝေတောင်တန်း၏ အနောက်ဘက်ရှိ ဒေသများကို တရုတ်တို့ကသာပိုင်ကြောင်း ပြောဆို ခဲ့ကြလေသည်။ ထို့ကြောင့် ၁၉ဝ၅ ခုနှစ်တွင် ဤဒေသကို စုံစမ်းရန် တရုတ်-ဗြိတိသျှ ပူးတွဲစုံစမ်းရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ကြ လေသည်။ ဗြိတိသျှနှင့် တရုတ်ကိုယ်စားလှယ်များသည် တရုတ်အစိုးရ၏ ပြောဆိုချက် မှန်မမှန် သိရှိရန် ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ရွာများ၏ ရွာသူကြီးများနှင့် ရွာအကြီး အကဲများထံမှ သက်သေထွက်ချက်များ ရယူခဲ့ကြလေသည်။ ထို့နောက် ရရှိခဲ့သော သက်သေထွက်ချက်များအရ ၁၉ဝ၅ ခုနှစ်မှာပင် ပီကင်းမြို့ရှိ ဗြိတိသျှသံအမတ်က ဗြိတိသျှ အစိုးရ၏ ညွှန်ကြားချက် အတိုင်း တရုတ်အစိုးရ၏ တောင်းဆိုချက်ကို တစ်လုံးတစ်ဝတည်း ဖြေရှင်းသည့် အနေနှင့် ဗြိတိသျှ အစိုးရက တရုတ်အစိုးရသို့ ဤဒေသအတွက် တစ်နှစ်လျှင် ကျပ်ငွေ တစ်ထောင့်ငါးရာထက်မများ ပေးရန်အဆိုပြုခဲ့လသည်။ တစ်ချက်တည်းမှာလည်း မေခ-သံလွင် ရေဝေတောင်တန်းကို နယ်နိမိတ်အဖြစ် တရုတ်အစိုးရက သဘောတူ အသိအမှတ်ပြုရန် အရေးဆိုခဲ့လေသည်။ တရုတ်အစိုးရက ဤအရေးဆိုချက်ကို ငြင်းပယ်ခဲ့လေသည်။ ထိုအခါတွင် ဗြိတိသျှ အစိုးရက ဤကိစ္စနှင့် စပ်လျဉ်း၍ နောက်ထပ် ဆွေးနွေးခြင်း မပြုတော့ဘဲ ဖော်ပြပါ ရေဝေတောင်တန်းအထိ နယ်မြေများကို သိမ်းပိုက်အုပ်ချုပ်ရန် မြန်မာပြည်ရှိ ဗြိတိသျှအစိုးရထံသို့ ညွှန်ကြားချက် ပို့လိုက်တော့မည် ဖြစ်ကြောင်း ဖြင့် ၁၉ဝ၆ ခုနှစ်တွင် ဗြိတိသျှ သံအမတ်က တရုတ်အစိုးရထံသို့ အတိအလင်း ကြေညာချက် ပေးခဲ့လေသည်။

ဤသို့အကြောင်းကြားခဲ့စေကာမူလည်း ဗြိတိသျှအစိုးရက ၁၉၁ဝ ပြည့်နှစ်အထိ မည်သို့မျှ ကိုယ်ထိလက်ရောက် ဆောင်ရွက်ခြင်းမပြုဘဲ နေခဲ့လေသည်။ ထိုနှစ်တွင် တရုတ်နိုင်ငံအတွင်းမှ တင်ကင်နယ်၏ အကြီးအကဲ ဖြစ်သူက ဖီမော်ကို ဝင်ရောက်တိုက်ခိုက်ခဲ့လေသည်။ ထိုအပြုအမူကို ဗြိတိသျှ အစိုးရက ကန့်ကွက်ခဲ့ရာ တရုတ်အာဏာပိုင်များက တိုက်ခိုက်ခံရသော ဒေသသည် ဗြိတိသျှအာဏာပိုင် မဟုတ် ကြောင်း ငြင်းဆိုခဲ့ကြလေသည်။ ဤတွင် ဗြိတိသျှတို့က နယ်ခြားစစ်တပ် တစ်တပ် စေလွှတ်ပြီးလျှင် ၁၉၁၁ ခုနှစ် ဇန်နဝါရီလတွင် ဖီမော်ကို သိမ်းပိုက်လိုက်လေသည်။ ထို့နောက် ဗြီတိသျှအစိုးရနှင့် တရုတ်အစိုးရတို့သည် ဤဒေသနှင့် စပ်လျဉ်း၍ ထပ်မံစေ့စပ် ဆွေးနွေးကြပြန်လေသည်။ မေခ-သံလွင် ရေဝေတောင်တန်း အနောက်ဘက်တွင် တရုတ်အစိုးရက ပိုင်ဆိုင်ကြောင်း တောင်းဆိုသော ဒေသအားလုံးအတွက် ငွေလျော်ကြေးပေးရန် ဗြိတိသျှ အစိုးရက အဆိုပြုလင့်ကစား တရုတ်အစိုးရက အလျှော့မပေးဘဲ တင်းမြဲတင်းနေသဖြင့် ၁၉၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် ဖီမော်၊ ဂေါ်လန်၊ ကန်ဖန် ရွာများကို ဗြိတိသျှ အစိုးရက သိမ်းယူ၍ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် အချိန်အထိ စီမံအုပ်ချုပ်ခဲ့လေသည်။ မေခ-သံလွင် ရေဝေတောင်တန်း နယ်နိမိတ်ကြောင်းနှင့် စပ်လျဉ်း၍ ဗြိတိသျှအစိုးရနှင့် တရုတ်အစိုးရတို့ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပဋိပက္ခ ဖြစ်ခဲ့ကြပြီးနောက် ၁၉၁၄ ခုနှစ်တွင် မြန်မာပြည် မြောက်ဘက်ဖျား နယ်နိမိတ်ကြောင်းကို သတ်မှတ်ခဲ့လေသည်။ ထိုသို့ သတ်မှတ်လိုက်သော စာချုပ်မှာ ၁၉၁၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ဗြိတိသျှ၊ တရုတ်နှင့် တိဗက်အစိုးရတို့ ချုပ်ဆိုခဲ့ကြသော ကွန်ဗင်ရှင်းစာချုပ်ပင် ဖြစ်လေသည်။ သုံးနိုင်ငံစာချုပ်ဟုပင် ဆိုရစေကာမူလည်း ထိုစာချုပ်ကို တရုတ်အစိုးရတို့က လက်မှတ်ရေးထိုးခြင်း မပြုဘဲ၊ ဗြိတိသျှ အစိုးရနှင့် တိဗက်အစိုးရတို့က လက်မှတ်ရေးထိုးခဲ့ ကြလေသည်။ ဗြိတိသျှအစိုးရ၏ကိုယ်စား လက်မှတ်ရေးထိုးသူမှာ အိန္ဒိယအစိုးရ၏ အတွင်းဝန် ဆာအာသာ ဟင်နရီ မက်မဟွန်း ဖြစ်၍ သူ၏အမည်ကို အစွဲပြုပြီးလျှင် ယင်းစာချုပ်နှင့် ပူးတွဲသော မြေပုံတွင် သတ်မှတ်ဖော်ပြလိုက်သော မြန်မာပြည် မြောက်ဘက်စွန်း နယ်နိမိတ်ကိုလည်း မက်မဟွန်း မျဉ်းကြောင်း ဟူ၍ ခေါ်စမှတ်ပြုခဲ့ကြလေသည်။ ၁၈၉၇ ခုနှစ် စာချုပ်အရ တောင်ထိပ်ချွန်းမှ မဲချေမြစ်အထိ သွယ်တန်းသော မြန်မာ-တရုတ်နယ်နိမိတ်ကြောင်းကို မြေပြင်တွင် သတ်မှတ်ရန် တာဝန်ပေးအပ်ခြင်း ခံရသော တရုတ်-ဗြိတိသျှ ပူးတွဲကော်မရှင် အနေနှင့် နှစ်ဘက် အငြင်းပွားမှုများကြောင့် မပြီးမပြတ် ချွင်းချန်ထားခဲ့ရသော ဝနယ် နယ်နိမိတ်ကြောင်းအတွက် ဆက်လက်ဖြေရှင်း သတ်မှတ်ရန် ကိစ္စကို ဗြိတိသျှအစိုးရနှင့် တရုတ်အစိုးရတို့သည် ၁၉၃၄ ခုနှစ်တွင်မှ ပြန်လည်ဆောင်ရွက်နိုင်ခဲ့ကြလေသည်။ ထိုနှစ်တွင် နှစ်နိုင်ငံ အစိုးရများ အချင်းချင်းဆွေးနွေး စေ့စပ်ကြ ပြီးနောက် ၁၉၃၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် သဘောတူညီချက်စာများ လဲလှယ် ကြပြီးလျှင် ဝနယ် နယ်နိမိတ်စုံစမ်းရေးအတွက် တရုတ်-ဗြိတိသျှ ပူးတွဲကော်မရှင်အဖွဲ့ တစ်ဖွဲ့ကို ခန့်အပ်ခဲ့ကြလေသည်။ ထိုကော်မရှင်အဖွဲ့၏ ဥက္ကဋ္ဌမှာ ဆွစ်ဇာလန်နိုင်ငံ တပ်မတော်မှ အရာရှိတစ်ဦးဖြစ်သူ ကာနယ် အက်ဖအိုက်စလင်ဖြစ်၍ သူ့အား အစွဲပြုကာ ကော်မရှင်အဖွဲ့ကို အိုက်စလင် ကော်မရှင် ဟူ၍လည်း ခေါ်တွင်ခဲ့ကြလေသည်။ နှစ်ဦးနှစ်ဘက်မှ ကိုယ်စားလှယ်ကြီးများ ပါဝင်သော အဆိုပါကော်မရှင်အဖွဲ့သည် မပြီးမပြတ်ခဲ့သော ဝနယ် နယ်နိမိတ်ကြောင်းကို ၁၉၃၅-၃၆ နှင့် ၁၉၃၆-၃၇ ခုနှစ်များတွင် စုံစမ်းစစ်ဆေးပြီးလျှင် ထိုအဖွဲ့၏ တွေ့ရှိချက်နှင့် ထောက်ခံချက်များ ဖော်ပြပါရှိသော အစီရင်ခံစာတစ်စောင်ကို သက်ဆိုင်ရာနှစ်နိုင်ငံ အစိုးရများထံ တင်ပြခဲ့ပေရာ ဗြိတိသျှနှင့် တရုတ်အစိုးရတို့က ၁၉၄၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် အပြန်အလှန် လဲလှယ်ကြသော သဘောတူညီချက်စာများဖြင့် ဝနယ် နယ်နိမိတ်ကြောင်းကို ဖော်ပြသတ်မှတ် ခဲ့ကြလေသည်။ ဤသဘောတူညီချက် စာများကို ၁၉၄၁ ခုနှစ် စာချုပ် ဟူ၍လည်းကောင်း၊ ဤစာချုပ်သတ်မှတ်ဖော်ပြ သော ဝနယ်ဆိုင်ရာ မြန်မာ-တရုတ် နယ်နိမိတ်ကိုလည်း ၁၉၄၁ ခုနှစ် နယ်နိမိတ်ကြောင်း ဟူ၍လည်းကောင်း ခေါ်ဝေါ် ခဲ့ကြလေသည်။

လွတ်လပ်ရေးနောက်ပိုင်း ကြိုးပမ်မှုများ[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အချာ အာဏာပိုင် နိုင်ငံအဖြစ်သို့ ရောက်ရှိ၍၊ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပိုဒ် ၂ အရ ယခင်က မြန်မာပြည် ဘုရင်ခံမှတစ်ဆင့် ဗြိတိသျှအစိုးရက စီရင်အုပ်ချုပ်ခဲ့သော နယ်မြေအားလုံးနှင့် ကရင်နီ (ကယား) နယ်များ ပါဝင်ကြသည့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသည် ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပါဝင်သောအခါ၊ ရာဇဝင်အမွေအနှစ်တစ်ခု အနေဖြင့် ဗြိတိသျှတို့ထံမှ မြန်မာနိုင်ငံက ဆက်ခံရရှိလိုက်သော မြန်မာ-တရုတ် နယ်နိမိတ်မှ အထက်တွင် ရှင်းလင်းဖော်ပြခဲ့သော ပုံစံနှင့် ဖြစ်ခဲ့ပေသည်။ အချို့သော အစိတ်အပိုင်းများမှာ စာအားဖြင့်လည်းကောင်း၊ မြေပေါ်တွင်လည်းကောင်း သတ်မှတ်ပြီးဖြစ်သည်။ အချို့မှာ စာအားဖြင့် သတ်မှတ်ပြီးဖြစ်သော်လည်း မြေပေါ်တွင် သတ်မှတ်ခြင်း မပြုရသေးပေ။ အချို့မှာ စာအားဖြင့်လည်း မသတ်မှတ်ရသေး၊ မြေပေါ်၌လည်း မသတ်မှတ်ရသေးပေ။ ဤသို့အားဖြင့် မြန်မာ-တရုတ် နယ်နိမိတ်မှာ ပြဿနာတစ်ရပ်အဖြစ် ကြွင်းကျန်ရစ်ခဲ့ခြင်းပင် ဖြစ်ပေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရသည် ဗြိတိသျှအစိုးရလက်ထက်က မပြီးမပြတ်ဖြစ်ခဲ့သော မြန်မာ-တရုတ် နယ်နိမိတ် ပြဿနာကို လွတ်လပ်ရေးရသည့် အချိန်ကစ၍ သတိပြုမိခဲ့ပေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရစအချိန်၌ တရုတ်နိုင်ငံအစိုးရမှာ ချိန်ကေရှိတ် ခေါင်းဆောင်သော တရုတ်အမျိုးသား အစိုးရပင် ဖြစ်ခဲ့လေသည်။ ထိုအချိန်က တရုတ်နိုင်ငံမှ ထုတ်ဝေဖြန့်ချိခဲ့သော မြေပုံများတွင် မြန်မာနိုင်ငံ၏ အစိတ်အပိုင်း ခပ်များများကို တရုတ်နိုင်ငံပိုင်သည်ဟု တောင်းဆိုလိုသည့် အချက်လက္ခဏာများကို တွေ့မြင်ရပေသည်။ ၁၉၄၈ ခုနှစ်တွင် တရုတ်အမျိုးသားအစိုးရက နမ္မဝမ် အငှားချနယ်မြေအတွက် မြေငှား နှစ်စဉ်ကြေး ငွေတစ်ထောင်ကို လက်မခံဘဲ ငြင်းပယ်လိုက်လေသည်။ ( ၁၈၉၇ ခုနှစ် သဘောတူ စာချုပ်အရ ဗြိတိသျှ အစိုးရက တရုတ်အစိုးရထံမှ နမ္မဝမ်နယ်မြေကို အမြဲတမ်း ငှားယူရရှိ၍ တစ်နှစ်လျှင် မြေငှားခအဖြစ် ငွေတစ်ထောင်ကျ ပေးခဲ့၏။ ) ဤသို့ငြင်းဆိုလိုက်ခြင်းသည် နမ္မဝမ်နယ်မြေ အမြဲတမ်း အငှားချထားရေး သဘောတူညီချက်ကို ပယ်ဖျက် လိုက်ကြောင်း အကြောင်းကြားစာ ပေးသည့်သဘောကို သက်ရောက်ခဲ့လေသည်။ သို့သော် ထိုအခါက တရုတ်နိုင်ငံ၌ ပြည်တွင်းစစ်ကြီး ဖြစ်ပွားနေ၍ နောက်ဆုံးတွင် ချန်ကေရှိတ်၏ တရုတ်အမျိုးသားအစိုးရ ကျဆုံးသွားခဲ့သည့်အတွက် ထိုကိစ္စကို တရုတ်အစိုးရအနေနှင့် ဆက်လက်၍ ဆောင်ရွက်ခြင်း မပြုနိုင်ခဲ့ပေ။ ၁၉၄၉ ခုနှစ် အောက်တိုဘာလတွင် တရုတ်အမျိုးသား အစိုးရ၏ နေရာသို့ တက်ရောက်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရကလည်း မြန်မာ-တရုတ် နယ်နိမိတ်ပြဿနာ တည်ရှိနေခြင်းကို သတိပြုမိလေသည်။ သို့သော်လည်း လက်ငင်း အရေးတကြီး ဖြေရှင်းရန် ပြည်တွင်းပြဿနာ အမြောက်အမြားနှင့် ရင်ဆိုင်နေရ၍ မြန်မာ-တရုတ် နယ်နိမိတ် ပြဿနာကို ရုတ်တရက် အာရုံမပြုနိုင်ဘဲ ငါးနှစ်ခန့် ဆိုင်းငံ့ထားခဲ့ရပေသည်။

မူကြီးငါးချက်[ပြင်ဆင်ရန်]

ထိုအတောအတွင်း၌ ပြည်ထောင်စု မြန်မာနိုင်ငံနှင့်တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့၏ အဆက်အသွယ်များမှာလည်း တိုးပွားလာခဲ့ပြီးလျှင် ၁၉၅၄ ခုနှစ် ဇွန်လတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ ဝန်ကြီးချုပ် ချူအင်လိုင်းသည် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာပြီးလျှင် မြန်မာနိုင်ငံအစိုးရ ဝန်ကြီးချုပ်ဦးနုနှင့်အတူ မြန်မာ-တရုတ် နှစ်နိုင်ငံတို့၏ အနာဂတ်ဆက်သွယ်ရေး ထိန်းသိမ်းပေးရန် အလို့ငှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးချက်ကို ပူးတွဲထုတ်ပြန် ကြေညာခဲ့ကြလေသည်။ ထိုမူကြီးငါးချက်သည် မြန်မာ-တရုတ် နယ်နိမိတ် ပြဿနာ ဖြေရှင်းရေးတွင် အဓိက အခြေခံပင် ဖြစ်လာခဲ့လေသည်။ ထိုနှစ် (၁၉၅၄ ခုနှစ်) ဒီဇင်ဘာလမှာပင် မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလည်အပတ် သွားရောက်ခဲ့ပြီးလျှင် တရုတ်ဝန်ကြီးချုပ် မစ္စတာ ချူအင်လိုင်းနှင့်အတူ ပူးတွဲ ကြေညာချက် တစောင်ကို ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့လေသည်။ ထိုကြေညာချက်တွင် နှစ်နိုင်ငံနယ်နိမိက်ကိစ္စကို ရည်ညွှန်း၍ အောက်ပါအတိုင်း ဖော်ပြလိုက်ကြလေသည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ နယ်နိမိတ်သတ်မှတ်ရေးသည် မပြီးမပြတ် ဖြစ်နေသဖြင့် နှစ်ပြည့်တစ်ပြည် ဆွေးနွေး ပြောဆိုရိုး ထုံးစံနှင့်အညီ မိတ်ဆွေ ရင်းချာပမာ သင့်တင့်လျောက်ပတ်သော ကာလ၌ ဖြေရှင်းရန် လိုအပ်သည် ဟုယူဆကြ ပါကြောင်း။ ဤကြေညာချက်မှာ မြန်မာ-တရုတ် နယ်နိမိတ် ပြဿနာဖြေရှင်းရေး ကိစ္စကို နိဒါန်း ဆင်ပေးလိုက်ခြင်းပင် ဖြစ်ပေသည်။

တောင်းဆိုချက်များ[ပြင်ဆင်ရန်]

ထိုမှနောက်တွင်ကား ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရနှင့် တရုတ်ပြည်သူသမ္မတနိုင်ငံ အစိုးရတို့သည် နှစ်ပေါင်း ၇၅ နှစ်ခန့် မပြီးမပြတ်ဘဲ ရှိနေခဲ့သော မြန်မာ-တရုတ်နယ်နိမိတ် ပြဿနာကို အပြီးအပြတ် ဖြေရှင်းလိုကြသော ဆန္ဒနှင့် နှစ်ဦးနှစ်ဘက် စိတ်တူ သဘောတူ ကြိုးစားအားထုတ်ခဲ့ကြသည့် စခန်းသို့ ချင်းနင်း ဝင်ရောက်မိကြလေသည်။ နယ်နိမိတ်ပြဿနာမှာ ရာဇဝင်တလျှောက်တွင် အခြေအမြစ်တည်လာသော အရှုပ်အထွေးများနှင့် အပြည့်အနှက် ဖြစ်ခဲ့ပေသည်။ထိုကြောင့်လည်း နယ်နိမိတ်ပြဿနာသည် လွယ်လွယ်ကူကူနှင့်ပြေလည်ပြီးစီးသွားနိုင်သောပြဿနာတရပ် မဟုတ်ပေ။ သက်ဆိုင်ရာ အစိုးရ နှစ်ဦးနှစ်ဘက်လုံးတွင် နယ်မြေ ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ တောင်းဆိုချက်များ ရှိခဲ့ ကြလေသည်။ မြန်မာ-တရုတ် နယ်နိမိတ် ပြဿနာ ပြေလည်ချောမောရေး ကိစ္စတွင် အကျုံးဝင်းလာခဲ့သော ပြဿနာများမှာ-

တောင်တန်းနှင့် ဖီမော်၊ ဂေါ်လန်၊ ကန်ဖန် ပြဿနာ။ ။ မေခ-သံလွင်ရေဝေ တောင်တန်းကို ဗြိတိသျှအစိုးရတို့က မြန်မာ-တရုတ်နယ်နိမိတ် အဖြစ် သတ်မှတ်ရန် ပြင်းပြစွာ ဆန္ဒရှိခဲ့ ကြသည့်အတိုင်း တရုတ် အစိုးရက သဘောမတူစေကာမူ နယ်နိမိတ်အဖြစ် တဘက်သတ် သတ်မှတ်ခဲ့ကြ၏။ ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရတို့ စေ့စပ်ပြောဆိုကြရာတွင် မြန်မာအစိုးရက မေခ-သံလွင် ရေဝေ တောင်တန်းကိုပင် နှစ်နိုင်ငံ နယ်နိမိတ်အဖြစ် သတ်မှတ်ရန် အဆိုပြုခဲ့၏။ တရုတ် အစိုးရက ဖော်ပြပါ ရေဝေ တောင်တန်း၏ အနောက်ဘက်တွင် တည်ရှိသော ဖီမော်၊ ဂေါ်လန်၊ ကန်ဖန် ဒေသမှာ တရုတ်နိုင်ငံက ပိုင်ဆိုင်သော နယ်မြေဖြစ်၍ တရုတ်စိုးရသို့ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့၏။ နမ္မဝမ် အငှားချ နယ်မြေနှင့် ပန်ဟုန်း၊ ပန်လော

  • (ခ)ဒေသ ။ ။၁၈၉၄ ခုနှစ် တရုတ်-ဗြိတိသျှ သဘောတူ စာချုပ်

နှစ်ခုစလုံးမှာပင် နမ္မဝမ် ဒေသကို တရုတ်ပိုင်ဒေသအဖြစ် အသိအမှတ်ပြုထား၏။ တစ်ခုတည်းသော ခြားနားချက်မှာ ၁၈၉၇ ခုနှစ် စာချုပ်၌ ယင်းဒေသကို ဗြိတိသျှအစိုးရက တရုတ်အစိုးထံ အမြဲတမ်း အငှားချ နယ်မြေအဖြစ် နှစ်စဉ် မြေငှားခပေး၍ ရယူလိုက်ခြင်းပင်ဖြစ်ပေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရတို့ နှစ်နိုင်ငံ နယ်နိမိတ် ပြဿနာ ဖြေရှင်းကြသောအခါ နိုင်ငံတစ်ခု၏ နယ်မြေကို အခြား နိုင်ငံတစ်ခုအား အမြဲတမ်း အငှားချထားသော သဘောသည် အမြီးအမောက် မတည့်ဘဲ မှားယွင်းနေသည့် အပြင် အချုပ်အချာ အာဏာပိုင် အဆင့်အတန်းတူညီကြသော နိုင်ငံ နှစ်နိုင်ငံအတွက်လည်း လျော်ကန် သင့်မြတ်ခြင်း မရှိသောကြောင့် ယင်းသို့အငှားချထားခြင်းကို ပယ်ဖျက်သင့်သည်ဟု နှစ်နိုင်ငံလုံးက သဘောတူယူဆခဲ့ပေသည်။ ဤနယ်မြေအတွင်း၌ မြန်မာနိုင်ငံ အတွက် အလွန်အရေးကြီးသော လမ်းမကြီးတစ်ခု ပါဝင်နေခြင်းကြောင့် နမ္မဝမ်နယ်မြေကို မြန်မာ အစိုးရသို့ လွှဲပြောင်းပေးပြီးလျှင် နမ္မဝမ်နယ်မြေအစား ၁၉၄၁ခုနှစ် နယ်နိမိတ်ကြောင်း အနောက်ဘက် (မြန်မာဘက်)ရှိ ပန်ဟုန်းနှင့် ပန်လော လူမျိုးများ အုပ်ချုပ်သည့် ဒေသကို တရုတ်အစိုးရသို့ ပေးရန် တရုတ်အစိုးရက အဆိုပြုခဲ့၏။

  • (ဂ) ၁၉၄၁ ခုနှစ် မျဉ်းကြောင်း။ ။ ဝနယ်နိမိတ်မျဉ်း

ကြောင်း ဟူ၍လည်း ခေါ်ဆိုသော ဤနယ်နိမိတ်ကြောင်းကို ဗြိတသျှ အစိုးရနှင့် တရုတ်အစိုးရတို့က ၁၉၄၁ ခုနှစ် စာချုပ်ဖြင့် သတ်မှတ်ပြီးဖြစ်ခဲ့စေကာမူလည်း ဤနယ်နိမိတ် မျဉ်းကြောင်းမှာ ဗြိတိသျှ အစိုးရတို့က ထိုအချိန်၌ အကြပ်အတည်းတွေ့နေရသော တရုတ်အစိုးရအား အတင်း လက်ခံစေခဲ့သော မျဉ်းကြောင်းဟူ၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရက ယူဆခဲ့၏။ ပြည်ထောင်စု မြန်မာ နိုင်ငံအစိုးရကမူ ၁၉၄၁ ခုနှစ် မျဉ်းကြောင်းမှာ ၁၉၄၁ ခုနှစ် စာချုပ်အရ သတ်မှတ်ပြီးသား ဖြစ်၍ ထိုမျဉ်းကြောင်းကို အသိအမှတ်ပြုရန် အဆိုပြုခဲ့၏။

  • (ဃ) မြန်မာ နိုင်ငံမြောက်ဘက်ဖျား နယ်နိမိတ်ကြောင်း။ ။

ဤနယ်နိမိတ်ကြောင်းမှာ အီဇူရာဇီ တောင်ကြားလမ်းမှ အိန္ဒိယနယ်စပ်အထိ သွယ်တန်းသော အစိတ်အပိုင်းပင် ဖြစ်၏။ ဦးစွာ၌ မြန်မာဘက်မှ နယ်နိမိတ် အစိတ်အပိုင်းကို ဗြိတိသျှနှင့် တိဗက်အစိုးရတို့ လက်မှတ် ရေးထိုးချုပ်ဆို ခဲ့ကြသော ၁၉၄၁ ခုနှစ်စာချုပ်တွင် သတ်မှတ်ဖော်ပြထားသည့်အတိုင်း လက်ခံရန် အဆိုပြုခဲ့၏။ တရုတ်ဘက်မှ ယင်းနယ်နိမိတ်ကို အစဉ်အလာ မျဉ်းကြောင်းအတိုင်း ဖြစ်စေရန် အဆိုပြုခဲ့လေသည်။ နောက်ဆုံးတွင် မြန်မာဘက်မှ ဤနယ်နိမိတ်ကြောင်းကို တရုတ်မြစ်ဝှမ်း ဖြတ်သန်းသည့် နေရာမှလွဲ၍ အခြားနေရာအားလုံးတွင် ရေဝေ တောင်တန်း တစ်လျှောက်ခြွင်းချက်မရှိ သတ်မှတ်ရန် အဆိုပြုခဲ့၏။ မြန်မာ-တရုတ် နယ်နိမိတ် ကိစ္စသည် လွယ်လွယ်ကူကူနှင့် ပြီးပြေသွားခဲ့သော ကိစ္စတရပ် မဟုတ်သည်ကို အထက်တွင် ဖော်ပြခဲ့သော အချက်အလက်များက သက်သေခံလျက် ရှိကြပေသည်။ ထိုကိစ္စတွင် အကျုံးဝင်သော ပြဿနာ အသီးသီးကို ရစ်သိုင်းလွှမ်းခြုံလာသည့် အဆိုပြုချက်၊ အပြန်အလှန် အဆိုပြုချက်များနှင့် စပ်လျဉ်း၍ နှစ်ဦးနှစ်ဘက် လုံးတွင် အခက်အခဲများ ကြုံတွေခဲ့ကြရပေသည်။ မည်သို့ပင်ရှိစေကာမူ နှစ်ဦးနှစ်ဘက်လုံးသော အစိုးရများက မူကြီးငါးချက်ကို မျက်ခြည်မပြတ်စေဘဲ ချစ်ကြည်ရေးကို လက်ကိုင်ပြုလျက် သည်းခံမှုစိတ်၊ တရားမျှတမှုကို ရှေးရှူသော စိတ်တို့ဖြင့် ရင်ဆိုင်လာရသော ပြဿနာ အသီးသီးကို စိတ်ရှည်လက်ရှည် အကြေအလည် ဆွေးနွေးစေ့စပ်၍ ညှိနှိုင်း ဖြေရှင်းခဲ့ကြလေသည်။

သဘောတူစာချုပ်[ပြင်ဆင်ရန်]

မြန်မာ-တရုတ် နယ်နိမိတ်ပြဿနာ ဖြေရှင်းရေးအတွက် နှစ်နိုင်ငံအစိုးရတို့ ဆွေးနွေး စေ့စပ်ကြသည်မှာ ၁၉၅၅ ခုနှစ်မှ ၁၉၆ဝ ပြည့်နှစ်အထိ ငါးနှစ်ကျော် ခြောက်နှစ်ခန့် ကြာမြင့်ခဲ့လေသည်။ထိုအတောအတွင်း၌ ပြည်ထောင်စု မြန်မာနိုင်ငံဘက်တွင် ဝန်ကြီးချုပ် သုံးဦး ပြောင်းလဲခဲ့လေသည်။ နယ်နိမိတ် ပြဿနာ ဖြေရှင်းရေး ကိစ္စသည် ဝန်ကြီးချုပ် ဦးနုလက်ထက်တွင် အစပြုခဲ့၍ ဝန်ကြီးချုပ် ဦးဗဆွေက ဆက်လက်ဆောင်ရွက်ပြီးလျှင် နောက်ဆုံးတွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်တွင် အောင်မြင်ပြီး ဆုံးခဲ့လေသည်။ မြန်မာ-တရုတ် နယ်နိမိတ် ပြဿနာကို ဖြေရှင်းလိုက်သော စာချုပ်မှာ ၁၉၆ဝ ပြည့်နှစ် ဇန္နဝါရီလ ၂၈ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်းတို့ ပီကင်းမြိုတွင် လက်မှတ် ရေးထိုးကြသော ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော် အစိုးရတို့ ချုပ်ဆိုကြသော တရုတ်-မြန်မာ နယ်နိမိတ် ပြဿနာနှင့် စပ်လျဉ်းသည့် သဘောတူ စာချုပ် ပင်ဖြစ်ပေသည်။ ဤစာချုပ်တွင် အထက်၌ ရှင်းလင်းဖော်ပြခဲ့သော ပြဿနာအငြိအစွန်း အသီးသီးကို ဖြေရှင်းသောအားဖြင့် သဘောတူညီ ကြသည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • (က) မြောက်ဘက်ဖျား နယ်နိမိတ်။ ။ မြန်မာ-တရုတ် အိန္ဒိယ သုံးနိုင်ငံ နယ်နိမိတ်များ ဆုံရာနေရာမှ အီဇူ ရာဇီတောင်ကြားလမ်းအထိ သွယ်တန်းသော ဤနယ်နိမိတ်ကြောင်းကို တရုန်မြစ်ဝှမ်း ဖြတ်သန်းသွားရာ နေရာတွင် မှတစ်ပါး ရေဝေ တောင်တန်းတစ်လျှောက် သတ်မှတ်ရန် သဘောတူညီကြ၏။
  • (ခ) အီဇူရာဇီမှ တောင်ထိပ်ချွန်းအထိ နယ်နိမိတ်။ ။ ဖီမော်၊ ဂေါ်လန်နှင့် ကန်ဖန်ဒေသကို မြန်မာအစိုးရက တရုတ်နိုင်ငံသို့ ပြန်လည် ပေးအပ်ရန် သဘောတူခဲ့၏။ အကြောင်းအားလျော်စွာ ဤဒေသအတွင်းပြုလုပ်ရန် လိုအပ်သော ပြုပြင်ချက်မှတစ်ပါး ဤနယ်နိမိတ်ကြောင်းကို မေခ-သံလွင် ရေဝေတောင်တန်းအတိုင်း သတ်မှတ်ရန် သဘောတူညီကြ၏။
  • (ဂ) နမ္မဝမ် အငှားချ နယ်မြေကိစ္စ။ ။ ခန့်မှန်းချေ အားဖြင့် စတုရန်း မိုင် ၈ဝ ခန့်ရှိသော နမ္မဝမ်အငှားချနယ်မြေကို တရုတ်အစိုးရက မြန်မာအစိုးရသို့ လွဲပြောင်းပေးရန်သဘောတူခဲ့၏။ နမ္မဝမ်အငှားချ နယ်မြေနှင့် လဲလှယ်သောအားဖြင့် ၁၉၄၁ ခုနှစ် မျဉ်းကြောင်း၏ အနောက်ဘက်ရှိ ပန်းဟုန်းနှင့် ပန်လော လူမျိုးများ အုပ်ချုပ်သည့် နယ်မြေဒေသများကို မြန်မာအစိုးရက တရုတ်အစိုးရသို့ လွှဲပြောင်းပေးရန် သဘော တူ၏။
  • (ဃ) ၁၉၄၁ ခုနှစ် မျဉ်းကြောင်း။ ။ ဤသို့အားဖြင့်လည်းခေါ်သော ဝနယ် နယ်နိမိတ် အစိတ်အပိုင်းကို အထက်အပိုဒ် (ဂ)တွင် လိုအပ်သော ပြင်ဆင်ညှိနှိုင်းခြင်းမှ တစ်ပါး ၁၉၄၁ ခုနှစ် စားချုပ်တွင် ဖော်ပြထားသည့်အတိုင်း တိုင်းထွာသတ်မှတ်ကြရန် သဘောတူကြ၏။ ထိုပြင် ၁၉၄၁ ခုနှစ် စာချုပ်အရ တရုတ်အစိုးရက ဤဒေသရှိ လူဖန် သတ္တုတွင်းများ တူးဖော်လုပ်ကိုင်ရေးနှင့် စပ်လျဉ်း၍ ရရှိထားသော အခွင့်အရေးကို စွန့်လွှတ်ရန် သဘောတူညီခဲ့၏။

အထက်တွင်ဖော်ပြခဲ့သော သဘောတူညီချက်များအပြင်၊ စာချုပ် ချုပ်ဆိုသော နှစ်နိုင်ငံ အစိုးရတို့က တဘက်တဘက်စီမှ ကိုယ်စားလှယ် ဦးရေအမျှ ပါဝင်သော ပူးတွဲ ကော်မတီတစ်ခုကို ချက်ချင်းဖွဲ့စည်းရန် သဘောတူခဲ့ကြ လေသည်။ ကော်မတီ၏ လုပ်ငန်းများမှာ ထိုစာချုပ်အရ အောက်ပါအတိုင်း ဖြစ်ပေသည်။

  • (၁) မြန်မာ-တရုတ် နယ်နိမိတ်၏ မြောက်ဘက်ပိုင်းတွင် တောင်ထိပ်ချွန်မှသည် မြန်မာ-တရုတ် အိန္ဒိယ သုံးနိုင်ငံ နယ်နိမိတ်များဆုံရာ မြန်မာ-တရုတ်နယ်နိမိတ်၏ အနောက်ဘက်စွန်းအထိ ရေဝေ တောင်တန်းတစ်လျှောက် သွယ်တန်းသော မြန်မာ-တရုတ် နယ်နိမိတ် အစိတ်အပိုင်း အတိအကျ တည်နေပုံကို သတ်မှတ်ရန်နှင့် နယ်နိမိတ် မှတ်တိုင်များ စိုက်ထူရန်။
  • (၂) ဖီမော်၊ ဂေါ်လန်၊ ကန်ဖန် ဒေသနှင့် စပ်လျဉ်း၍ မြန်မာ အစိုးရနှင့် တရုတ်အစိုးရတို့ ဆွေးနွေးစေ့စပ် ခဲ့ကြရာ၌ မြန်မာအစိုးရက အကျယ်အဝန်းအားဖြင့် ၅၆ စတုရန်းမိုင်ရှိ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန် အပါအဝင် နယ်မြေဒေသကို တရုတ်အစိုးရသို့ ပေးရန် ကမ်းလှမ်းခဲ့ရာ တရုတ်အစိုးရက ဖော်ပြပါ ၅၆ စတုရန်းမိုင်ပါဝင်၍ အကျယ်အဝန်းအားဖြင့် ၁၈၆ စတုရန်းမိုင်ခန့်ရှိသော နယ်မြေကိုပေးရန် အဆိုပြုခဲ့၏။ ခြားနားနေသော ဤအဆိုပြုချက် နှစ်ရပ်ကို အခြေခံထား၍ လွှဲပြောင်းပေးရမည့် နယ်မြေ၏ အကျယ်အဝန်းကို နှီးနှောဆုံးဖြတ် သတ်မှတ်ပေးရန်။
  • (၃) နမ္မဝမ် အငှားချ နယ်မြေနှင့် လဲလှယ်သောအားဖြင့် မြန်မာအစိုးရက တရုတ်အစိုးရသို့ လွှဲပြောင်းပေးမည့် ပန်ဟုန်း၊ ပန်လော လူမျိုးများ အုပ်ချုပ်သော နယ်မြေမှာ ၆၁ စတုရန်းမိုင်ခန့် ရှိသည်ဟု မြန်မာဘက်မှ ပြောဆိုခဲ့၏။ တရုတ်ဘက်က ဖော်ပြပါ ၆၂ စတုရန်းမိုင် အပြင် နောက်ထပ်(ခန့်မှန်းခြေ) ကိုးစတုရန်းမိုင်ခန့် ရှိသော နယ်မြေသည်လည်း ပန်ဟုန်းလူမျိုးများ အုပ်ချုပ်သည့် နယ်မြေအတွင်း ကျရောက်ကြောင်း ပြောဆိုခဲ့၏။ ဤသို့အားဖြင့် တရုတ်ဘက်မှ တောင်းဆိုသော ကိုးစတုရန်းခန့်ရှိ မြေနေရာသည် ပန်ဟုန်းလူမျိုးများ အမှန် အုပ်ချုပ်သည့် နယ်မြေ ဟုတ်သည် မဟုတ်သည်ကို စုံစမ်းရန်။
  • (၄) အထက်တွင် ဖော်ပြထားသော နယ်နိမိတ်အစိတ်အပိုင်းများ အားလုံးနှင့် ယခင်က သတ်မှတ်ပြီး၍ နောက်ထပ် ပြင်ဆင်ညှိုနှိုင်းရန် မလိုသော နယ်နိမိတ်ကို တိုင်းထွာ၍ နယ်နိမိတ်မှတ်တိုင်များ စိုက်ထူပြီးလျှင် မြန်မာ-တရုတ် နယ်နိမိတ် တစ်ခုလုံးနှင့် ဆိုင်သော စာချုပ်တစ်ရပ် ရေးဆွဲရန်။

ဤတာဝန်များကို အကောင်အထည်ဖော်ရန် တစ်ဖက်လျှင် ကိုယ်စားလှယ် ငါးဦးစီ ပါဝင်သော မြန်မာ-တရုတ် နယ်နိမိတ်ဆိုင်ရာ ပူးတွဲကော်မီတီကို နှစ်နိုင်ငံအစိုးရများက အချိန်မလစ်ဟင်းစေဘဲ ဖွဲ့စည်း ခန့်အပ်ခဲ့ကြလေသည်။ ပူးတွဲ ကော်မတီတွင် မြန်မာဘက်မှ ဒု-ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်မှူးချုပ် အောင်ကြီးကို ခေါင်းဆောင်အဖြစ် ခန့်ထား၍ အဖွဲ့ဝင်များမှာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးမောင်မောင်ကျော်ဝင်း၊ ကချင်ပြည်နယ်ဝန်ကြီး ဌာနအတွင်းဝန် ဦးရှန်လုန်း၊ နယ်ခြား ဒေသအုပ်ချုပ်ရေးအရာရှိချုပ် ဗိုလ်မှူးကြီးစောမြင့်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတိုင်း၊ တိုင်းမင်းကြီး ဦးခွန်အုံးကြာတို့ ဖြစ်ကြပေသည်။ တရုတ်ဘက်မှ ခေါင်းဆောင်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဟောင်း၊ တရုတ်အစိုးရ နိုင်ငံခြားရေးဌာနမှ စာချုပ်စာတမ်းများနှင့် ဥပဒေရေးရာ ဌာနခွဲ၏ ညွှန်ကြားရေးဝန် မစ္စတာ ယိုချုံမင်းဖြစ်၍၊ အဖွဲ့ဝင် များမှာ တရုတ်အစိုးရနိုင်ငံခြားရေးဌာနမှ ပထမ အာရှဒေသဌာနခွဲ၏ ဒုတိယညွှန်ကြားရေးဝန် မစ္စတာ ချန်ချီပင်း၊ ဗိုလ်မှူးကြီး ချန်ရွှေယု၊ ဒု-ဗိုလ်မှူးကြီး ချန်ရင်ပင်းနှင့် ယူနန်ပြည်ဆိုင်ရာ နိုင်ငံခြားဌာန ဒုတိယညွှန် ကြားရေးဝန် မစ္စတာ ဟွမ်းဖင်လင်းတို့ ဖြစ်ကြပေသည်။ ပူးတွဲကော်မတီတွင် ပါဝင်သည့် နှစ်ဦးနှစ်ဘက်သော ကိုယ်စားလှယ် အဖွဲ့များကို နှစ်နိုင်ငံ အစိုးရများ၏ သက်ဆိုင်ရာ ဌာနအသီးသီးမှ အရာရှိကြီးများက အကြံပေးပုဂ္ဂိုလ်များအဖြစ် ကူညီဆောင်ရွက်ခဲ့ကြလေသည်။

အစည်းအဝေးပွဲများ[ပြင်ဆင်ရန်]

ပူးတွဲ ကော်မတီသည် ပေးအပ်ထားသော တာဝန်များအရ မြန်မာ-တရုတ် နယ်နိမိတ်ကို တစ်နှစ်နှင့် လေးလလုပ်ငန်း အချိန်ပိုင်းအတွင်း မရပ်မနားလုပ်ကိုင် ဆောင်ရွက်ပြီးလျှင် မြေပြင်တွင် သတ်မှတ်နိုင်ခဲ့လေသည်။ ဤအချိန်ပိုင်းအတွင်း၌ ပူးတွဲကော်မတီ အစည်းအဝေးကြီးများကို နှစ်နိုင်ငံ၏ မြို့တော် ကြီးများ၌ တစ်လှည့်စီ ခုနှစ်ကြိမ်တိုင်တိုင် ကျင်းပခဲ့လေသည်။ ပူးတွဲ ကော်မတီ ပထမ အစည်းအဝေးကြီးကို ၁၉၆ဝပြည့်နှစ် ဇွန်လ ၂ရ ရက်နေ့မှ ဇူလိုင်လ ၅ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ဒုတိယ အစည်းဝေးကြီးကို ၁၉၆ဝပြည့်နှစ် ဇူလိုင်လ ၂၅ရက်နေ့မှ ဩဂုတ်လ ၁ရက်နေ့အထိ ပီကင်းမြို့တွင် ကျင်းပခဲ့သည်။ တတိယ အစည်းအဝေးကြီးကို ၁၉၆ဝပြည့်နှစ် ဩဂုတ်လ ၂၅ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ စတုတ္ထ အစည်းအဝေးကြီးကို ၁၉၆ဝပြည့်နှစ် စက်တင်ဘာလ ၂ဝရက်နေ့မှ အောက်တိုဘာလ ၅ရက်နေ့အထိ ပီကင်းမြို့တွင် ကျင်းပခဲ့သည်။ ပဉ္စမအစည်းအဝေးကြီးကို ၁၉၆ဝပြည့်နှစ် ဒီဇင်ဘာလ ၂၁ရက်နေ့မှ ၂၅ရက်နေ့အထိ မြန်မာနိုင်ငံ မေမြို့တွင် ကျင်းပခဲ့သည်။ ဆဋ္ဌမ အစည်းအဝေးကြီးကို ၁၉၆၁ခုနှစ် မေလ ၂ရက်နေ့မှ ၈ရက်နေ့အထိ ပီကင်းမြို့တွင် ကျင်းပပြီးလျှင် သတ္တမနှင့် နောက်ဆုံးအကြိမ် အစည်းအဝေး ကြီးကို ၁၉၆၁ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပီကင်းမြို့တွင် ကျင်းပခဲ့လေသည်။ နှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ်ရေး လုပ်ငန်းအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေသည့် အချိန်မှာပင် ပူးတွဲ ကော်မတီအတွက် အခြေအနေသစ် တစ်ရပ် ပေါ်ပေါက်လာခဲ့လေသည်။ ၁၉၆ဝပြည့်နှစ် ဇန္နဝါရီလ ၂၈ ရက်နေ့တွင် ချုပ်ဆိုခဲ့သော နေဝင်း-ချူအင်လိုင်း သဘောတူ စာချုပ်အရ ဆိုလျှင် နှစ်နိုင်ငံနယ်နိမိတ်ကို တိုင်းထွာမှတ်သား၍ နယ်နိမိတ် မှတ်တိုင်များ စိုက်ထူခြင်းဖြင့် မြေပြင်တွင် သတ်မှတ်သည့် လုပ်ငန်း အလုံးစုံ ပြီးမြောက်သည့်နောက်တွင်မှ နယ်နိမိတ် စာချုပ်ကို နှစ်နိုင်ငံအစိုးရတို့ လက်မှတ်ရေးထိုး ကြရန် ဖြစ်သော်လည်း မြန်မာ-တရုတ် နှစ်နိုင်ငံ ဝန်ကြီးချုပ်များက အဆိုပါ စာချုပ်ကို ထိုအချိန်အထိ မစောင့်ဆိုင်းမူ၍ ၁၉၆ဝပြည့်နှစ် အောက်တိုဘာလ ၁ရက်၊ တရုတ်အမျိုးသားနေ့တွင် လက်မှတ် ရေးထိုးကြရန် သဘောတူညီလိုက်ကြလေသည်။ ပူးတွဲကော်မတီ ပထမ အစည်းအဝေးကြီး ကျင်းပသည့် အချိန်မှ ၁၉၆ဝပြည့်နှစ် အောက်တိုဘာလ ၁ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်ရန် အချိန်မှာ လေးလလောက်သာရှိပေသည်။ ထိုအချိန်ပိုင်းမှာ ပူးတွဲ ကော်မတီ၏ နယ်နိမိတ် သတ်မှတ်ရေးလုပ်ငန်းတွင် ပထမအဆင့်ပင် ဖြစ်ခဲ့လေသည်။

တိုင်းတာသတ်မှတ်ကြပုံ[ပြင်ဆင်ရန်]

ပထမအဆင့်တွင် နယ်နိမိတ်တိုင်းထွာ မှတ်သားခြင်းနှင့် ယာယီ နယ်နိမိတ် ကျောက်ပုံများ ချမှတ်ခြင်း လုပ်ငန်းကို ပူးတွဲကော်မတီက ပူးတွဲမြေတိုင်းအဖွဲ့ နှစ်ဖွဲ့ ဖွဲ့စည်း၍ လုပ်ကိုင်ခဲ့လေသည်။အမှတ် ၁ ပူးတွဲမြေတိုင်းအဖွဲ၏လက်အောက်တွင် ပူးတွဲမြေတိုင်း အဖွဲ့ခွဲပေါင်း ၁၂ ဖွဲ့ထားရှိပြီးလျှင် တောင်ထိပ်ချွန်းမှ မြန်မာ-တရုတ် နယ်နိမိတ်အနောက်ဘက်စွန်းအထိ မြန်မာနိုင်ငံ၏ မြောက်ပိုင်းနယ်နိမိတ်ကို တိုင်းထွာ မှတ်သားစေခဲ့လေသည်။ အမှတ် ၂ ပူးတွဲမြေတိုင်းအဖွဲ့တွင်ကား ပူးတွဲ အဖွဲ့ခွဲပေါင်း ၆ ဖွဲ့ပါဝင်ခဲ့၍၊ ထိုအဖွဲ့သည် ၁၉၄၁ခုနှစ် မျဉ်းကြောင်း ခေါ် ဝနယ် နယ်နိမိတ်ကြောင်းကို တိုင်းထွာ မှတ်သားခဲ့လေသည်။ ပူးတွဲ ကော်မတီအနေနှင့် အလုပ်ခွင်သို့ စဝင်သည့်အချိန်မှာ မိုးဦးကျ ဖြစ်၍ ပူးတွဲ မြေတိုင်းအဖွဲများ အနေနှင့် လုပ်ငန်းဆောင်ရွက်ရသောအချိန်မှာ မိုးတွင်းအချိန်ကာလတွင် ဖြစ်ပေသည်။ မြေတိုင်းဌာန၊ နယ်ခြားဒေသ အုပ်ချုပ်ရေး ဌာနနှင့် မြန်မာ့တပ်မတော်မှ အရာထမ်း အမှုထမ်းများ ပါဝင်သော မြေတိုင်းအဖွဲ့များ ထိုမြေတိုင်းအဖွဲ့များနှင့် လိုက်ပါစောင့်ရှောက်ရသော လုံခြုံရေး အဖွဲ့များသည် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် မြင့်မားသော တောင်အသွယ်သွယ်၊ နက်လှသော တော်အထပ်ထပ်၊ ဒလဟောရေစီးသည့် မြစ်ချောင်း အဆင့်ဆင့်ကို ဖြတ်ကျော်ကာ ခက်ခဲလှသော ကန္တရခရီးကြမ်းများကို သွားလာ၍ လုပ်ငန်းဆောင်ရွက်ခဲ့ကြရ၏။ အချို့ နေရာဒေသများမှာ လူသူအနေအထိ်ုင် လုံးဝမရှိ။ သွားလမ်းလာလမ်း အလွန်ခက်ခဲသော နေရာများ ဖြစ်ကြ၏။ မိုးတွင်းအခါ ဖြစ်သောကြောင့် ငှက်ဖျားရောဂါ အစရှိသော ရောဂါဆိုးများသည်လည်း ထူပြောလှ၏။ မြန်မာ-တရုတ် နယ်နိမိတ်ကို တိုင်းထွာ သတ်မှတ်သည့်လုပ်ငန်းတွင် မြန်မာနိုင်ငံ တစ်ဘက်တည်းမှပင် ဝန်တင်လား ကောင်ရေ၂၄ဝ−မနည်း လုပ်သားဦးရေ ၅၆ဝ−မနည်းသော အင်အားစုများကို အသုံးပြုခဲ့ရပေသည်။ ထိုအထည်းတွင် တပ်မတော်အရာရှိပေါင်း ၁၂၈ ယောက်၊ အကြပ်တပ်သားပေါင်း ၁၆၅ဝ ယောက်၊ နယ်ခြားဒေသ အုပ်ချုပ်ရေး မှုထမ်းရာထမ်းပေါင်း ၈၄ဝယောက်၊ အရပ်သား မြေတိုင်းအရာရှိပေါင်း ၂ဝ ယောက်နှင့် အရပ်သား မြေတိုင်းအမှုထမ်းပေါင်း ၂၅ဝ ယောက်တို့ မပါဝင်သေးပေ။ ဤမျှများပြားသော လူအင်အားကိုအသုံးပြုခဲ့ရသည့် လုပ်ငန်း ကြီးကို ဘဘစစ်ဆင်ရေးဟု ခေါ်တွင်စေကာ တပ်မတော် စစ်ဆင်ရေးကြီးတစ်ခု အနေဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ ကြလေသည်။

မြေတိုင်းလုပ်ငန်းများကို ဆောင်ရွက်ကြရာ၌ ပူးတွဲမြေတိုင်းအဖွဲ့ အချို့သည် မြန်မာနိုင်ငံဘက်တွင် အခြေခံထား၍ လုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။ အချို့မှာ တရုတ်နိုင်ငံဘက်တွင် အခြေခံထား၍ ဆောင်ရွက်ခဲ့ကြသည်။ မြန်မာနိုင်ငံဘက်တွင် အခြေခံထားကာ ဆောင်ရွက်ကြသော အဖွဲ့များကို မြန်မာဘက်မှ တာဝန်ယူရ၍ တရုတ်နိုင်ငံဘက်တွင် အခြေခံထားကာ ဆောင်ရွက်ကြသော အဖွဲ့များကို တရုတ်ဘက်က တာဝန်ယူရ၏။ ဤသို့ ဖြစ်ရသည်မှာ အချို့သော နယ်နိမိတ် အစိတ်အပိုင်းများသို့ တရုတ်နိုင်ငံဘက်မှသာ ပေါက်ရောက်နိုင်၍ အချို့သောနယ်နိမိတ် အစိတ်အပိုင်းများသို့ မြန်မာဘက်မှ မပေါက်ရောက်နိုင်ဘဲတရုတ်ဘက်မှသာပေါက်ရောက်နိုင်ခြင်း ကြောင့်ဖြစ်၏။ဤနည်းအားဖြင့်တရုတ်-မြန်မာ မြေတိုင်းအဖွဲများသည် နှစ်ဦးနှစ်ဘက် ရင်းရင်းနှီးနှီး ချစ် ကြည်စွာ ပူးပေါင်း၍ ပူးတွဲကော်မတီမှ ချမှတ်ပေးသော တာဝန် ဝတ်တရားများကို ကျေပြွန်စွာ ဆောင်ရွက် ပေးခဲ့ကြခြင်း ကြောင့် ၁၉၆ဝ ပြည့်နှစ် စက်တင်ဘာလကုန်တွင် မြန်မာ-တရုတ် နယ်နိမိတ်တွင် မသတ်မှတ်ရသေးသော နယ်နိမိတ် အစိတ်အပိုင်းများ၏ အတိအကျတည်နေပုံကို တိုင်းထွာသတ်မှတ်ပြီးစီးခဲ့၍ နှစ်နိုင်ငံ အစိုးရများအဖို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော်တို့ ချုပ်ဆိုကြသည့် နယ်နိမိတ်စာချုပ် ကို လိုလားခဲ့သည့် အတိုင်း ၁၉၆ဝပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် လက်မှတ် ရေးထိုနိုင်ခဲ့ကြပေသည်။

နယ်နမိတ်စာချုပ်အရ သဘောတူညီချက်များ[ပြင်ဆင်ရန်]

အထက် ဖော်ပြပါ နယ်နိမိတ် စာချုပ်သည် ၁၉၆ဝပြည့်နှစ် ဇန္နဝါရီလ ၂၈ ရက်နေ့တွင် ချုပ်ဆိုခဲ့သော နယ်နိမိတ် ပြဿနာများဆိုင်ရာ သဘောတူ စာချုပ်တွင် ဖော်ပြထားသော ပြဿနာအသီးသီးကို အပြီးအစီး ဖြေရှင်းပေးပြီးလျှင် ယခင်က မသတ်မှတ်ရသေးသော နယ်နိမိတ် အစိတ်အပိုင်းများ သွယ်တန်းပုံကိုလည်း နှစ်နိုင်ငံ သဘောတူညီထားသော မူများအတိုင်း အတိအကျ မှတ်သားဖော်ပြလိုက်လေသည်။ ဤစာချုပ်အရ နှစ်နိုင်ငံအစိုးရတို့သည် အောက်ပါအချက်များကို သဘောတူညီ ခဲ့ကြလေသည်။ (၁) ၅၉ စတုရန်းမိုင်ပေါင်း ပါဝင်သော ဖီမော်၊ ဂေါ်လန်၊ ကန့်ဖန် နယ်မြေကို မြန်မာအစိုးရက တရုတ်အစိုးရသို့ လွှဲပြောင်းပေးရန်။ ၈၅ စတုရန်းမိုင် ရှိသော နမ္မဝမ် အငှားချနယ်မြေကို တရုတ်အစိုးရက မြန်မာအစိုးရသို့ လွှဲပြောင်းပေးရန်။ (၂) နမ္မဝမ် အငှားချနယ်မြေနှင့် လဲလှယ်သော အားဖြင့် ပန်ဟုန်းနှင့် ပန်လောလူမျိုးများ စီရင်အုပ်ချုပ်ခွင့် အာဏာသက်ရောက်ရာ နယ်မြေ အကျယ်အဝန်း ၇၃ စတုရန်းမိုင် ရှိ၍ ၁၉၄၁ခုနှစ် နယ်နိမိတ်ကြောင်း အနောက်ဘက်တွင် တည်သော ပန်ဟုန်း-ပန်လော နယ်မြေကို မြန်မာအစိုးရက တရုတ်အစိုးရသို့ လွှဲပြောင်းပေးရန်။ (၃) ၁၉၄၁ခုနှစ် နယ်နိမိတ်ကြောင်းကို တိုင်းထွာ မှတ်သားရာ၌ ထိုနယ်နိမိတ်ကြောင်းသည် ကျေးရွာအချို့ကို ဖြတ်သန်းသွားသည်ကို ပူးတွဲကော်မတီက တွေ့ရှိခဲ့၍ ပြုပြင်ပြောင်းလဲမှု အနည်းငယ် ပြုလုပ်ပေးခဲ့ရပေရာ၊ ထိုပြုပြင်ပြောင်းလဲမှုအရ ရွာနှစ်ရွာကို တရုတ်နိုင်ငံဘက်တွင် ထည့်သွင်းရန်နှင့် ရွာလေးရွာကို မြန်မာနိုင်ငံ ဘက်တွင် ထည့်သွင်းရန်။ (၄) မြန်မာနိုင်ငံ မြောက်ဘက်များ နယ်နိမိတ် အစိတ်အပိုင်း၌ တရုန်မြစ်ကို နယ်နိမိတ်ကြောင်း ဖြတ်သန်းသည့် နေရာတွင်လည်း ပူးတွဲကော်မတီမှ အသေးအဖွဲ ပြုပြင်ပြောင်းလဲမှုတစ်ခု ပြုလုပ်ပေးခဲ့ရပေရာ၊ ထိုပြုပြင်ပြောင်းလဲမှု အရ ငါးစတုရန်းမိုင်ရှိသော နယ်မြေဒေသကို မြန်မာနိုင်ငံဘက်သို့ ထည့်သွင်းပေးရန်။ ထိုပြင် ယခင်က သတ်မှတ်ပြီးသော ရွှေလီမြစ်အစိတ် အပိုင်းတွင်လည်း အသေးအဖွဲ ပြုပြင်ပြောင်းလဲမှု ကလေးများ ပြုလုပ်ပေးခဲ့ရပြန်သေးရာ၊ ထိုပြုပြင်ပြောင်းလဲမှုအရ နှစ်စတုရန်းမိုင်ထက်နည်းသော နယ်မြေကို တရုတ်နိုင်ငံဘက်သို့ ထည့်သွင်းပေးရန်။ ပူးတွဲ ကော်မတီ၏ ပထမအဆင့် လုပ်ငန်းမှာ မိုးရာသီတွင် ဆောင်ရွက်ခဲ့ရခြင်းဖြစ်၍၊ တိုင်းထွာ မှတ်သားသော နယ်နိမိတ် အစိတ်အပိုင်းများတွင် ယာယီ ကျောက်ပုံများကိုသာ ချထားနိုင်ခဲ့လေသည်။ ထိုကြောင့် ပူးတွဲကော်မတီ အနေနှင့် မြေတိုင်းတာမှုများ ဆက်လက်ပြုလုပ်ပြီးလျှင် နယ်နိမိတ် မှတ်တိုင်အသစ်များ စိုက်ထူရန်အတွက်လည်းကောင်း၊ ယခင်က စိုက်ထူထားခဲ့သော မှတ်တိုင်ဟောင်းများကို စမ်းသပ် ကြည့်ရှုရန်နှင့် အသစ်ပြုပြင်စီမံရန်အတွက်လည်းကောင်း၊ ထိုကိစ္စများ လုပ်ဆောင်ပြီးစီးသော အခါ မြန်မာ-တရုတ် နယ်နိမိတ်မျဉ်းကြောင်းနှင့် စိုက်ထူသော မှတ်တိုင်များ တည်ရာ ဌာနဖော်ပြသည့် အသေးစိတ်မြေပုံများ ပူးတွဲလျက် နယ်နိမိတ်မျဉ်းကြောင်း တစ်လျှောက်လုံးနှင့် နယ်နိမိတ်မှတ်တိုင် အားလုံး၏ တည်ရာဌာန အသေးစိတ် ဖော်ပြချက် ပါရှိသော စာချုပ်တစ်ခုကို ရေးဆွဲရန် အတွက်လည်းကောင်း၊ သက်ဆိုင်ရာ နှစ်နိုင်ငံအစိုးရများက ၁၉၆ဝပြည့်နှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် လက်မှတ်ရေးထိုးသော နယ်နိမိတ်စာချုပ်တွင် သဘောတူ ပြဋ္ဌာန်းချက်တစ်ရပ် ထည့်သွင်း၍ တာဝန်ပေးခဲ့ကြလေသည်။

တိုင်းထွာခြင်း ဒုတိယဆင့်[ပြင်ဆင်ရန်]

ဤပြဋ္ဌာန်းချက်တွင် ပါရှိသော တာဝန်များကို ပူးတွဲကော်မတီသည် နယ်နိမိတ်စာချုပ် လက်မှတ်ရေးထိုးပြီးသည့် နောက်တွင် အရပ်အဆိုင်းမရှိ ဆက်တိုက်ပင် လုပ်ကိုင်ခဲ့ပေသည်။ဤသည်မှာပူးတွဲကော်မတီ၏ ဒုတိယအဆင့် လုပ်ငန်းပိုင်းပင် ဖြစ်လာခဲ့ပေသည်။ ဤလုပ်ငန်းပိုင်းမှာ ပထမအဆင့် လုပ်ငန်းပိုင်းထက် ပိုမိုကျယ်ပြန့်၍ ပိုမိုများပြားသော လူအင်အား ပစ္စည်း အင်အားနှင့် သယ်ပူပို့ဆောင်ရန် ယာဉ်နှင့် ဝန်တင်လာများ လိုအပ်ခဲ့ပေသည်။ ဤလုပ်ငန်းပိုင်းကို ပူးတွဲကော်မတီက ပူးတွဲ မြေတိုင်းအဖွဲ့လေးဖွဲ့ဖြင့် ဖွဲ့စည်းစီမံဆောင်ရွက်ခဲ့လေသည်။ မူလကသတ်မှတ်ခြင်း မရှိခဲ့သော မြန်မာနိုင်ငံ မြောက်ဘက်ပိုင်း နယ်နိမိတ်ကိုသတ်မှတ်ရန်တာဝန်ဝတ်တရား ချထားခြင်းခံရသော အမှတ်(၁)ပူးတွဲမြေတိုင်းအဖွဲ့တွင် ပူးတွဲမြေတိုင်းအဖွဲခွဲပေါင်း ၁၃ ဖွဲ့ပါဝင်ခဲ့လေသည်။အမှတ်(၂)ပူးတွဲမြေတိုင်းအဖွဲ့မှာ ပူးတွဲမြေတိုင်းအဖွဲ့ခွဲပေါင်း သုံးဖွဲ့ပါဝင်၍ဝနယ် နယ်နိမိတ် ကြောင်းကို သတ်မှတ်ရန် တာဝန်ယူခဲ့လေသည်။ မူလကသတ်မှတ်ပြီးဖြစ်သော တောင်ထိပ်ချွန်းမှ ဝနယ် နယ်နိမိတ်ကြောင်း အစအထိ သွယ်တန်းသော နယ်နိမိတ် အစိတ်အပိုင်းအတွက် တာဝန်ယူခဲ့ရသော အဖွဲ့မှာ အမှတ် ၃ ပူးတွဲမြေတိုင်းဖြစ်၍ ထိုအဖွဲ့၌ ပူးတွဲမြေတိုင်းအဖွဲ့ ခွဲပေါင်း ခြောက်ဖွဲ့ ပါဝင်ခဲ့လေသည်။ ပူးတွဲမြေတိုင်းအဖွဲ့ခွဲပေါင်း လေးဖွဲ့ပါဝင်သော အမှတ် ၄ ပူးတွဲမြေတိုင်းအဖွဲ့ အနေနှင့်ကား ဝနယ် နယ်နိမိတ်အဆုံးမှ မဲခေါင်မြစ်အထိ သွယ်တန်းသော မူလက သတ်မှတ်ပြီး ဖြစ်သည့် ကျိုင်းတုံနယ်ဆိုင်ရာ နယ်နိမိတ် အစိတ်အပိုင်းကို တိုင်းထွာ၍ နယ်နိမိတ်မှတ်တိုင်များ စိုက်ထူရန် တာဝန်ယူခဲ့လေသည်။ ပူးတွဲ မြေတိုင်းအဖွဲ့များအနေနှင့် လုပ်ဆောင် ကြရသောလုပ်ငန်းများမှာ နယ်နိမိတ်ကြောင်းတစ်လျှောက်တွင် အမြဲတမ်း နယ်နိမိတ် မှတ်တိုင်သစ်များ စိုက်ထူ၍ နယ်နိမိတ်ကို တိုင်းထွာမှတ်သားပြီးလျှင် နယ်နိမိတ်ကြောင်း သွယ်တန်းပုံကို စာအားဖြင့် အသေးစိတ်မှတ်သားဖော်ပြရသည့်အပြင် အသေးစိတ် ဖော်ပြသော မြေပုံများကိုလည်း ရေးဆွဲကြရပေသည်။ ထိုနောက် အဆိုပါ ဖော်ပြချက်နှင့် မြေပုံများကို ပူးတွဲကော်မတီသို့ တင်ပြကြရပေသည်။ ဤလုပ်ငန်းများလုပ်ဆောင်ရာတွင် အခက်အခဲ ပြဿနာများ ပေါ်ပေါက်လာ၍ အဖွဲ့ခွဲအဆင့်၌မပြေလည်နိုင်လျှင် အဖွဲ့ခေါင်းဆောင်များထံ တင်ပြကြရလေသည်။ အကယ်၍ ထိုအဆင့်၌လည်း မဖြေရှင်းနိုင်လျှင် ပူးတွဲကော်မတီထံ ဆက်လက်တင်ပြ ကြရလေသည်။ ပူးတွဲ ကော်မတီက ထိုပြဿနာများကို ဖြေရှင်း ပေးပြီးသော အခါ သက်ဆိုင်ရာ ပူးတွဲမြေတိုင်း အဖွဲ့ခွဲများက ပူးတွဲကော်မတီ၏ ညွှန်ကြားချက် အတိုင်း လိုက်နာဆောင်ရွက် ကြလေသည်။ ပူးတွဲကော်မတီ၏ ဒုတိယ အဆင့် လုပ်ငန်းပိုင်း စတင်ဆောင်ရွက်သည့် အချိန်မှာ ၁၉၆ဝပြည့်နှစ်၏ ဆောင်းဦး ရာသီတွင် ဖြစ်လေသည်။ထိုအချိန်၌ မြန်မာနိုင်ငံ မြောက်ဘက်ဖျားရှိ မြင့်မားသော တောင်တန်းကြီးများမှာ ရေခဲဆီးနှင်းတို့ဖြင့် ဖုံးအုပ်နေကြပြီဖြစ်၍ သက်ဆိုင်ရာ အမှတ် ၁ ပူးတွဲမြေတိုင်းအဖွဲ့ အနေနှင့် တောင်ထိပ်ချွန်းမှ မြောက်ဘက်သို့ ချင်မလီ တောင်ကြားအထိသာတိုင်းထွာ သတ်မှတ်နိုင်င်ပြီးလျှင် ချင်မလီတောင်ကြားမှ မြန်မာ-တရုတ်နယ်နိမိတ် အနောက်ဘက်စွန်းအထိ အစိတ်အပိုင်းကိုးကား ရာသီဥတုကောင်းမွန်သောအခါမှ တိုင်းထွာ သတ်မှတ်ရန် အခိုက်အတန့်အားဖြင့် ခြွင်းချန်ထားခဲ့ ရပေသည်။ ဤမြောက်ဘက်ဖျား အစိတ်အပိုင်းကို ချန်လှပ်၍ ကျန်အစိတ်အပိုင်းအားလုံးနှင့် သက်ဆိုင်သော ဒုတိယ အဆင့် လုပ်ငန်းကို ၁၉၆ဝ-၆၁ ခုနှစ် ဆောင်းရာသီတစ်ခုလုံးနှင့် နွေရာသီတစ်ခုလုံး ဆောင်ရွက်၍ အောင်မြင်စွာ ပြီးစီးခဲ့ ကြလေသည်။

နယ်နိမိတ်အခြေပြစာချုပ်[ပြင်ဆင်ရန်]

၁၉၆၁ ခုနှစ် ဧပြီလ အကုန်လောက်တွင် မြန်မာနိုင်ငံမြောက်ဘက်ဖျား ဒေသ၌ မိုးဦးကျ၍ မြင့်မားသော တောင်တန်းကြီးတွင် ဆီးနှင်းရေခဲများ အရည်ပျော်ဆင်းကာ သွားလမ်းလာလမ်း ကောင်းမွန်စ ပြုလေသည်။ ထိုအချိန်တွင်မှ ချင်မလီ တောင်ကြားလမ်းနှင့် မြန်မာ-တရုတ် နယ်နိမိတ် အနောက်ဘက်စွန်းအကြားရှိ နယ်နိမိတ်ကြောင်းကို တိုင်းထွာ၍ နယ်နိမိတ် မှတ်တိ်ုင်များ စိုက်ထူကာ အခြားလိုအပ်သော လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြလေသည်။ ဤလုပ်ငန်းကို ပူးတွဲ ကော်မတီက တတိယအဆင့် လုပ်ငန်းပိုင်းအဖြစ် သတ်မှတ်၍ လုပ်ကိုင်ခဲ့လေသည်။ ဤလုပ်ငန်းပိုင်းမှာ ဇူလိုင်လ အကုန်လောက်တွင် ပြီးစီးအောင် မြင်သွားခဲ့လေသည်။ ပူးတွဲ မြေတိုင်းအဖွဲ့များက မြေပြင်တွင် တိုင်းထွာသတ်မှတ်နေကြသော အချိန်တွင် ပူးတွဲကော်မတီသည် နှစ်နိုင်ငံ အစိုးရများ လက်မှတ်ရေးထိုးရန်အတွက် နယ်နိမိတ် ကြောင်းသွယ်တန်းပုံ အသေးစိတ် ဖော်ပြချက်များနှင့် နယ်နိမိတ် မှတ်တိုင်များ တည်ရှိပုံ အသေးစိတ် ဖော်ပြချက်များ ပါရှိသော နယ်နိမိတ်အခြေပြ စာချုပ်တစ်ခုအပြင် နယ်နိမိတ် ကြောင်း သွယ်တန်းပုံနှင့် နယ်နိမိတ်မှတ်တိုင်များ တည်ရှိပုံ အသေးစိတ် ဖော်ပြသော မြေပုံများကို ပူးတွဲမြေတိုင်းအဖွဲ့များမှ တင်ပြလာသော အစီရင်ခံစာနှင့် မြေပုံများကို အခြေခံထား၍ ပြင်ဆင် လုပ်ကိုင်လျက် ရှိပေသည်။ ဤလုပ်ငန်းမှာ ၁၉၆၁ခုနှစ် အောက်တိုဘာလဆန်း လောက်တွင် အလုံးစုံပြီးစီး၍ နှစ်ပြည်ထောင် စပ်ကြား နယ်နိမိတ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် အစိုးရ ချုပ်ဆိုကြသည့် အခြေပြ စာချုပ်ကို နှစ်နိုင်ငံအစိုးရတို့က ၁၉၆၁ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပီကင်းမြို့၌ လက်မှတ်ရေးထိုကြလေသည်။ မြန်မာဘာသာဖြင့် စာမျက်နှာပေါင်း ၂၃၅၊ တရုတ်ဘာသာဖြင့် စာမျက်နှာပေါင်း ၂ဝရ၊ အင်္ဂလိပ်ဘာသာဖြင့် စာမျက်နှာပေါင်း ၁၅၁ အသီးသီးရှိသော မြန်မာ-တရုတ်နယ်နိမိတ် အခြေပြစာချုပ် ၁၉၆ဝပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ချုပ်ဆိုသော နယ်နိမိတ် စာချုပ်ပါ ပြဋ္ဌာန်းချက်များအရ ထိုနယ်နိမိတ် စာချုပ်၏ တွဲဘက်စာချုပ်ဖြစ်လာ လေသည်။ အခြေပြစာချုပ်နှင့် ပူးတွဲသော မြေပုံများမှာ တရုတ်-အင်္ဂလိပ် ဘာသာဖြင့် ရိုက်နှိပ်သော မြေပုံအပြည့် တစ်စုံတွင် မြေပုံပေါင်း ၁ဝ၄ချပ် ပါဝင်၍ မြန်မာ-အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်သော မြေပုံအပြည့်တစ်စုံတွင် မြေပုံပေါင်း ၈၇ ချပ်ပါဝင်လေသည်။ ဤအခြေပြစာချုပ်နှင့် ပူးတွဲသော မြေပုံများသည်လည်း နယ်နိမိတ်စာချုပ်နှင့် ပူးတွဲသော မြေပုံများကို အစားထိုးလိုက် ကြလေသည်။ မြန်မာ-တရုတ် နယ်နိမိတ် အခြေပြ စာချုပ်သည် ၁၉၆၂ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စတင် အာဏာတည်လာခဲ့လေသည်။

အောင်မြင်စွာပြီးဆုံးခြင်း[ပြင်ဆင်ရန်]

တိုတောင်းလှသော လုပ်ငန်းအချိန် တစ်နှစ်နှင့်လေးလခန့် အတွင်း၌ ပူးတွဲကော်မတီက တိုင်းထွာသတ်မှတ်လိုက်သော မြန်မာ-တရုတ်နယ်နိမိတ်သည် ကီလိုမီတာပေါင်း ၂၁၈၅့၇၄၅၇၅ (မိုင်ပေါင်း ၁၃၇ဝ ခန့်) ရှည်လျားလေသည်။ ထိုနယ်နိမိတ်ကို မြောက်ပိုင်းနှင့် တောင်ပိုင်းဟူ၍ နှစ်ပိုင်းခွဲထားသည်။ တောင်ထိပ်ချွန်ကို ဗဟိုထား၍၊ မြန်မာ-တရုတ် နယ်နိမိတ် အနောက်ဘက်စွန်းအထိကို မြောက်ပိုင်းအဖြစ်သတ်မှတ်၍၊ မဲခေါင်မြစ်အထိအပိုင်းကို တောင်ပိုင်းအဖြစ် သတ်မှတ် ကြသည်။ မြောက်ပိုင်းနှင့် တောင်ပိုင်းနှစ်ခုလုံး ပေါင်း၍ နယ်နိမိတ် တစ်လျှောက်လုံးတွင် အကြီးစား၊ အလတ်စား၊ အငယ်စား နယ်နိမိတ်မှတ်တိုင်များ စုစုပေါင်း ၄ဝ၂ တိုင်ကို စိုက်ထူထားလေသည်။ ဤသို့အားဖြင့် အနှစ်တစ်ရာ နီးပါးမျှ ရာဇဝင်ကြွေး တင်ခဲ့သော မြန်မာ-တရုတ် နယ်နိမိတ် ပြဿနာကြီးကို အမြစ်အငုတ် မကျန်ရအောင် သုတ်သင်ရှင်းလင်းကြသော ကြိုးပမ်းအားထုတ်မှုကြီးသည် အောင်မြင်စွာ ပြီးဆုံးခြင်းသို့ ရောက်ရှိပြီးလျှင် မြန်မာ-တရုတ်နှစ်နိုင်ငံစပ်ကြား၌ နှစ်နိုင်ငံအစိုးရတို့ အနှုးအညွတ် သဘောတူ လက်ခံ၍ သိပ္ပံနည်းကျကျ၊ ပြည့်ပြည့်စုံစုံ၊ ထင်ထင်ရှားရှား၊ ပြတ်ပြတ်သားသား သတ်မှတ်ထားသော နယ်နိမိတ်ကြီးသည် ရာဇဝင်၌ ပထမအကြိမ် ပေါ်ပေါက်ရပ်တည် လာလေတော့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)