မြန်မာ–အမေရိကန် ဆက်ဆံရေးမှတ်တမ်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
  • ၁၈၅၇ ခုနှစ် ။ ။ဘွတ်ခ်နန်က အမေရိကန်နှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးလိုလားကြောင်းနှင့် မြန်မာ့ အချုပ်ချာအာဏာကို ထိပါးစေမည့်ဖြစ်ရပ်များကို သူ မမြင်တွေ့လိုကြောင်း ထပ်လောင်းကတိပြုရင်း မင်းတုန်းမင်းထံသို့ ပြန် စာပို့သည်။ အမေရိကန်သမ္မတက မြန်မာဘုရင်မင်းမြတ်ထံသို့ စာအုပ်နှင့် ရေနွေးငွေ့သုံး မီးရထားပုံစံငယ်ကို လက်ဆောင်အဖြစ် ဆက်သသည်။
  • ၁၉၄၈ ခုနှစ် ။ ။ အမေရိကန်က မြန်မာ့လွတ်လပ်ရေးကို အသိအမှတ်ပြုသည်။ ရန်ကုန်တွင် သံရုံးဖွင့်ပြီး အောက်တိုဘာလတွင် ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ခန့်အပ်သည်။
  • ၁၉၄၈-၅၃ ခုနှစ် ။ ။ အမေရိကန်သည် မြန်မာနိုင်ငံကို စီးပွားရေးအထောက်အပံ့ပေးသည့်အပြင် မြန်မာနိုင်ငံတွင်းခိုလှုံနေသော တရုပ်ကူမင်တန်(KMT) တပ်များကိုလည်း လျှို့ဝှက်ထောက်ပံ့ပေးသည်။ ထို အကူအညီသည် ၁၉၅၃-၅၄ ခုနှစ်တွင် ရပ်တန့်ခဲ့ပြီး ကူမင်တန်အများစု ထိုင်ဝမ်သို့ ပြန်ပို့ခံရသည်။
၁၉၅၃ ခုနှစ်က မြန်မာနိုင်ငံသို့ ရောက်ရှိ လာသည့် အမေရိကန် ဒု သမ္မတ ရစ်ချတ် နစ်ဆင်ကို ရွှေတိဂုံ ဘုရားတွင်တွေ့ရစဉ်
  • ၁၉၅၀ ပြည့်နှစ် ။ ။ ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံအား မြောက်ကိုးရီးယားက ဝင်ရောက်သိမ်းပိုက်မှုကို မြန်မာနိုင်ငံက ရှုတ်ချသည်။ ဇူလိုင်လတွင် ကမ္ဘာ့ကုလသမဂ္ဂ တုံ့ပြန်ချက်ကို ထောက်ခံသည့် မဲ ထည့်သည်။ ဇွန်လတွင်ပင် ဗြိတိသျှ ဓနသဟာယနိုင်ငံများ အဖွဲ့က မြန်မာကို ဗြိတိသျှ စတာလင်ပေါင် ၆ သန်းချေးရန် သဘောတူသော်လည်း စက်တင်ဘာလတွင် မြန်မာနိုင်ငံ က အမေရိကန်အစိုးရ၏ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(TCA) ထံမှ အကူအညီရယူသည်။
၁၉၅၅ ခုနှစ်က ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဂျွန် ဖော်စတာ ဒါးလက်စ်(အလယ်ရှိ ဂုဏ်ပြုတပ်ဖွဲ့ဝင် အနောက်ဘက်) နှင့် မြန်မာ သမ္မတ ဦးဘဦး(ဓာတ်ပုံ - Life Magazine)
  • ၁၉၅၅ ခုနှစ်တွင် မြန်မာ ဝန်ကြီးချုပ် ဦးနု နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဂျွန် ဖော်စတာ ဒါးလက်စ် တွေ့ဆုံသည်။
  • ၁၉၅၃ ခုနှစ် ။ ။ အမေရိကန် ဒု သမ္မတ ရစ်ချတ် နစ်ဆင်သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာအလည်အပတ်ခရီး ရောက်ရှိသည်။ ရန်ကုန်တွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများနှင့် ကြုံရသည်။ နယူးယောက် တိုင်းမ် သတင်းစာအဆိုအရ ပဲခူးတွင်“မြန်မာ နိုင်ငံသည် အမေရိကန်စစ်ဘီလူးများအတွက် နေရာမဟုတ်”ဟု ဖော်ပြသောစာတန်းနှင့်ဆန္ဒပြသူများက နစ်ဆစ်ကိုကြိုဆိုခဲ့ကြ သည်။
  • ၁၉၅၅ ခုနှစ် ။ ။ ဖေဖော်ဝါရီတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ဖော်စတာ ဒါးလက်စ် သည် ရန်ကုန်ကို အလည်ရောက်ရှိလာပြီး ဝန်ကြီးချုပ် ဦးနု အပါအဝင် မြန်မာ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံသည်။
  • ၁၉၅၅ ခုနှစ် ။ ။ ဇွန်လတွင် ဦးနုသည် ဝါရှင်တန်သို့ တရားဝင် သွားရောက်လည်ပတ်ပြီး အမေရိကန် လွှတ်တော်တွင် မိန့်ခွန်းပြောသည်။ အမေရိကန်သမ္မတ ဒွိုက် ဒေးဗစ် အိုင်ဆင်ဟောင်ဝါ နှင့် မြန်မာဝန်ကြီးချုပ် ပူးတွဲထုတ်ပြန်သောကြောညာချက်၌“ရန်ကုန်မြို့တော်တွင် လတ်တလော ကျင်းပနေသော ဆဋ္ဌမ သံဃာရတနာ တင်ပွဲသည် ဒေသတခုလုံးအတွက် အကျိုးကျေးဇူးဖြစ်ထွန်း စေ သည်”ဟု မှတ်ချက်ချခဲ့ပြီး ကွန်မြူနစ်တရုတ်နိုင်ငံတွင် အဖမ်းခံထားရသော အမေရိကန် လေယာဉ်မှူးများအရေးကိုလည်း ပြန် လည် သုံးသပ်ခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် အမေရိကန်နှင့် မြန်မာနိုင်ငံတို့၌ နိုင်ငံခြားတင်ပို့ရောင်းချမည့် ဆန်စပါးများ အဆမတန် ပိုလျှံခြင်းကြောင့် ဖြစ်ပေါ်လာသည့် “ရှုပ်ထွေးခက်ခဲသော စီးပွားရေးပြဿနာများ”များကိုလည်း ဆွေးနွေးခဲ့သည်။
  • ၁၉၅၇ ခုနှစ် ။ ။ မြန်မာနိုင်ငံ သမ္မတ မန်းဝင်းမောင်သည် ဆေးကုသမှုခံယူရန်အတွက် အမေရိကန်နိုင်ငံသို့ သွားရောက်သည်။ ဒီဇင်ဘာ၂၃ရက်နေ့တွင် အမေရိကန်သမ္မတ ဒွိုက် ဒေးဗစ် အိုင်ဆင်ဟောင်ဝါနှင့် တွေ့ဆုံသည်။
  • ၁၉၅၅ ခုနှစ် က ဝါရှင်တန်တွင် အမေရိကန် ဒု သမ္မတ ရစ်ချတ် နစ်ဆင် နှင့် ဝန်ကြီးချုပ် ဦးနု တွေ့ဆုံသည်။
  • ၁၉၅၆-၆၄ ခုနှစ် ။ ။ မြန်မာနိုင်ငံသို့ အမေရိကန်က စားနပ်ရိက္ခာအထောက်အပံ့များ ၁၉၅၆ ခုနှစ်တွင် စတင်ပေးခဲ့သည်။ နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီး နေဝင်းက ရပ်ဆိုင်းခဲ့သည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းချိန်၌ အမေရိကန်တွင် စစ်ပညာ သင်ကြားနေသော မြန်မာ့တပ်မတော် အရာရှိပေါင်း ၁၀၀၀ ခန့် ရှိသည်။
၁၉၆၆ ခုနှစ်က အာဏာရှင် ဦးနေဝင်း နှင့် အမေရိကန် သမ္မတ လန်ဒန် ဘန်းနက်စ် ဂျွန်ဆင် တို့ လက်ဆွဲ နှုတ်ဆက်
  • ၁၉၆၆ ခုနှစ် ။ ။ စက်တင်ဘာလတွင် ဗိုလ်ချုပ်နေဝင်းသည် အမေရိကန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်လည် ပတ် ပြီး သမ္မတ လန်ဒန် ဘန်းနက်စ် ဂျွန်ဆင်နှင့် တွေ့ဆုံသည်။ တရားဝင်ထုတ်ပြန်ကြေညာချက်တွင် အမေရိကန်သမ္မတက မြန်မာနိုင်ငံ ၏ ဘက်မလိုက်မူဝါဒကို နားလည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး“နှစ်ပြည်ထောင် နိုင်ငံသားများ၏ အပြန်အလှန် အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာနားလည်မှုအကျိုး ထမ်းရွက်ရာတွင်”ရင်းနှီးသောဆက်ဆံရေးကို ပိုမိုခိုင်မာအောင်လုပ် ဆောင်သွားမည်ဟု နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးက ထပ်လောင်းပြောဆိုခဲ့သည်။
  • ၁၉၇၄ ခုနှစ် ။ ။ အမေရိကန်နှင့် မြန်မာအစိုးရသည် တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု တိုက်ဖျက်ရေး ဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးသည်။ အမေရိကန်က Bell 205 ရဟတ်ယဉ်များ မြန်မာနိုင်ငံအား ထောက်ပံ့ရန်လည်း သဘောတူသည်။
  • ၁၉၈၂ ခုနှစ် ။ ။ အမေရိကန်နိုင်ငံ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရန်ကုန်သို့ လာရောက် လည် ပတ် သည်။ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်များကို ဆက်လက်ထောက်ပံ့ပေးမည်ဟု ပြောကြားသည်။
  • ၁၉၈၈ ခုနှစ် ။ ။ နိုင်ငံတဝန်း ဒီမိုကရေစီလူထုအုံကြွမှုကြီး ဖြစ်ပေါ်နေသော စက်တင်ဘာလတွင် အာရှနှင့်ပစိဖိတ်ရေးရာ ကော် မတီ ဥက္ကဋ္ဌ အောက်လွှတ်တော်အမတ် စတီဖင် ဂျေ ဆိုလာ့ဇ် ရန်ကုန်သို့ လာရောက်လည်ပတ်ပြီး သမ္မတသစ် ဒေါက်တာမောင်မောင်နှင့် တွေ့ဆုံသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသည်။
  • ၁၉၈၈ ခုနှစ် ။ ။ နိုဝင်ဘာလတွင် အမေရိကန်အောက်လွှတ်တော်အမတ် ဒန်နာ ရိုရာဘာချာသည် ထိုင်းမြန်မာနယ်စပ်အနီးရှိ သေဘောဘိုး ကျောင်းသားစခန်းသို့လာရောက်လည်ပတ်ပြီး ကျောင်းသားများဦးဆောင်သော ဆန္ဒပြပွဲများကို စစ်တပ်ကဖြိုခွင်း ခဲ့သဖြင့် ပြည်ပသို့ရောက်ရှိလာသူများအတွက် နိုင်ငံရေးထောက်ခံမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ကတိပေး ပြောကြား သည်။
  • ၁၉၉၀ ပြည့်နှစ် ။ ။ အမေရိကန်က မြန်မာကိုပေးနေသော စီးပွားရေးနှင့် စစ်ရေးအကူအညီများ ဖြတ်တောက်လိုက်သည်။ နှစ် ပေါင်း၃၀အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပသော ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အပြတ်အသတ်အနိုင်ရလိုက်သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ်မပြုသောကြောင့် သံတမန်ဆက်ဆံရေးအဆင့်ကို သံအမတ်အဆင့်မှ သံရုံးယာယီ တာဝန်ခံ အဆင့်သို့ ယနေ့အထိ လျှော့ချလိုက်သည်။
  • ၁၉၉၅ ခုနှစ် က ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံတမန် မက်ဒလင်း အောလ်ဘရိုက်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံသည်။
  • ၁၉၉၄ ခုနှစ် ။ ။ ဖေဖော်ဝါရီလတွင် အမေရိကန်အောက်လွှတ်တော်အမတ် ဘီလ် ရစ်ချတ်ဆန် သည် နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် တွေ့ဆုံခွင့်ရသည်။ အမေရိကန် သမ္မတ ဘီလ်ကလင်တန်က ဒေါ်အောင် ဆန်းစုကြည်အတွက် ပေးပို့သော စာတစောင်အား အောက်လွှတ်တော်အမတ် ဘီလ် ရစ်ချတ်ဆန် က ဒေါ်အောင်ဆန်းစုကြည် ထံသို့ ပေးအပ်သည်။ အောက်လွှတ်တော်အမတ်သည် စစ်ထောက်လှမ်းရေးအကြီးအကဲ ဒုဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့်လည်း

တွေ့ဆုံသည်။ ဘန်ကောက်မြို့တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၏အနာဂတ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှစ်ဦးတည်းကသာ အဆုံးအဖြတ်ပေးမည်ဟု သူက ပြောဆိုသည်။

  • ၁၉၉၅ ခုနှစ် ။ ။ စက်တင်ဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး နောက်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ် လာသူ မက်ဒ်လင်း အောလ်ဘရိုက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့်တွေ့ဆုံသည်။ ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် က ၎င်းတို့ အစိုးရသည် လူထုထောက်ခံမှုအများအပြားရရှိနေသည်ဟု အောလ်ဘရိုက်ကို ပြောဆိုသည်။ နောက်တနေ့တွင် မစ္စ အောလ်ဘရိုက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံသည်။
  • ၁၉၉၇ ခုနှစ် ။ ။ မြန်မာနိုင်ငံကို အရှေ့တောင်အာရှ နိုင်ငံများ အသင်းတွင် ဝင်ခွင့်ပြုခဲ့ခြင်းအပေါ် အမေရိကန်အစိုးရက ပြင်းပြင်း ထန်ထန် ကန့်ကွက်သည်။
  • ၁၉၉၇ ခုနှစ် ။ ။ အမေရိကန် နိုင်ငံသားများ အနေဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းအနေဖြင့်သော်လည်းကောင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုအသစ်များ ပြုလုပ်ခြင်းကို သမ္မတ ကလင်တန်က တားမြစ်ပိတ်ပင်သည်။ မြန်မာနိုင်ငံတွင် ငွေခဝါချခြင်း အား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် အမေရိကန်ပြည်ထောင်စုက တားမြစ်ပိတ်ပင်မှုချမှတ် လိုက်သည့်အပြင် တချို့သော မြန်မာစစ်တပ်အရာရှိများနှင့် မိသားစုဝင်များကိုလည်း ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ပိတ်ပင်သည်။
  • ၂၀၀၃ ခုနှစ် ။ ။ မေလ ၃၀ ရက် မြန်မာနိုင်ငံအလယ်ပိုင်း ဒီပဲယင်းအရပ်တွင် NLD ယာဉ်တန်းအား အကြမ်းဖက် တိုက်ခိုက်မှုအပြီး ဇူလိုင်လတွင် သမ္မတ ဂျော့ချ် ဝေါလ်ကာ ဘုရှ်အစိုးရက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ်သည်။ မြန်မာနိုင်ငံ လွတ်မြောက်မှုနှင့် ဒီမိုကရေစီ အက်ဥပဒေ နှင့် အမိန့်စာ အမှတ် ၁၃၃၁၀ အရ မြန်မာနိုင်ငံမှ ထုတ်ကုန် တင်သွင်းခြင်းကို တားမြစ်ခြင်း၊ မြန်မာနိုင်ငံအတွင်းသို့ ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို တားမြစ်ခြင်း၊ စစ်အစိုးရနှင့် မြန်မာနိုင်ငံခြား ကူး သန်းရောင်းဝယ်မှု အဖွဲ့သုံးဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသည်။ ထိုဒဏ်ခတ်ပိတ်ဆို့မှုများအရ အမေရိ ကန် အစိုးရက နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ မြန်မာနိုင်ငံသို့ ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့ကူညီမှုတိုင်းကို ကန့်ကွက်သွားမည် ဖြစ်သည်။
  • ၂၀၀၈ ခုနှစ်တွင် မြန်မာကို အရေးယူပိတ်ဆို့သည့် JADE Act ကို အမေရိကန် သမ္မတ ဂျော့ ဘုရှ် လက်မှတ်ထိုး အတည်ပြု။
  • ၂၀၀၅ ခုနှစ် ။ ။ သမ္မတ ဘုရှ်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားသော ကွန်ဒိုလီဇာ ရိုက်စ်က မြန်မာနိုင်ငံကို“ကမ္ဘာတဝန်း အာဏာရှင်များ၏ ခံကတုတ် ခြောက်ခုအနက်”တခုဖြစ်သည်ဟု ပြောဆိုသည်။
  • ၂၀၀၇ ခုနှစ် ။ ။ အစိုးရက လောင်စာဆီဈေး ရုတ်တရက်မြှင့်တင်လိုက်သဖြင့် ရန်ကုန်နှင့် နေရာ အနှံ့အပြားတွင် လူထုဆန္ဒပြပွဲများဖြစ်ပေါ်လာသည်။ ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းလိုက်သည့်အတွက် သမ္မတ ဘုရှ်က လူ့ အခွင့်အရေး ချိုးဖောက်မှုများနှင့် ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားလုပ်မှုအတွက် တာဝန်ရှိသူဟု သတ်မှတ်ခံရသူ တဦးချင်းစီ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသည့် အမိန့် ကြေညာချက် အမှတ် ၁၃၃၄၈ ကို ထုတ်ပြန်သည်။ ထို့အပြင် ၎င်းတာဝန်ရှိသူများအား ဘဏ္ဍာ ရေးနှင့် ရုပ်၀ထ္ထုပစ္စည်း အထောက်အပံ့ပေးသော လူပုဂ္ဂိုလ် တဦးချင်းနှင့် အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုကိုလည်း သိမ်းဆည်း ရန် ယင်း အမိန့်တွင်ပါဝင်သည်။ ယခင်ပြစ်ဒဏ်ခတ်မှုအား တိုးချဲ့ထားသော အမိန့်စာဖြစ်သည်။
  • ၂၀၀၈ ခုနှစ် က အမေရိကန် သမ္မတ ဂျော့ ဘုရှ်နှင့် ပြည်ပရောက် မြန်မာ အတိုက်အခံများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံ။
  • ၂၀၀၈ ခုနှစ် ။ ။ သမ္မတ ဘုရှ်သည် မြန်မာနိုင်ငံမှထွက်သော ကျောက်မျက် ရတနာများ တင်သွင်းခြင်းကို ကန့်သတ်ခြင်းနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောလက်ရှိ သွင်းကုန်ကန့်သတ်မှုအား တိုးချဲ့သော Burma Jade Act ကို လက်မှတ်ရေး ထိုး ထုတ်ပြန်သည်။ မြန်မာကုမ္ပဏီ ၁၀ ခုထက်မနည်း အဆိုပါ ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခံရသည်။
  • ၂၀၀၈ ခုနှစ် ။ ။ မေလတွင် ရဟတ်ယဉ်များ၊ ရေ နှင့်အစားအစာ တန်ပေါင်းများစွာ တင်ဆောင်လာသော အမေရိကန် လေ ယာဉ်တင် သင်္ဘော(US Aircraft Carrier Essex)သည် ဧရာ၀တီတိုင်းတွင် နာဂစ်မုန်တိုင်းသင့်ပြည်သူများကို ကူညီရန် မြန်မာ အစိုးရထံမှ ခွင့်ပြုချက်ကို ကမ်းလွန်ပင်လယ်ပြင်တွင် ရက်သတ္တပတ် ၃ ပတ်ကြာစောင့်ဆိုင်းသည်။ မြန်မာအစိုးရက ကယ် ဆယ်ရေး အစီအစဉ်ကို ပယ်ချလိုက်သည်။ သို့သော် အမေရိကန်အစိုးရကို အမေရိကန်ဒေါ်လာ ၁ ဒဿမ၂ သန်းတန်ဖိုးနီးပါးရှိအစားအစာနှင့်နေထိုင်စရာအကူအညီများ 185 DOD C-130 ကုန်တင်လေယာဉ်များဖြင့် ရန်ကုန်သို့ သယ်ဆောင်ခွင့်ပြုသည်။
  • ၂၀၀၈ ခုနှစ် ။ ။ ဩဂုတ်လတွင် အမေရိကန် သမ္မတ ဂျော့ ဘုရှ်နှင့် ပြည်ပရောက် မြန်မာ အတိုက်အခံများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံသည်။ သမ္မတ ကတော် လော်ရာ ဘုရှ် က ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်တော်ဆေးခန်းနှင့် ဒုက္ခသည် စခန်းများကို သွားရောက်သည်။
  • ၂၀၀၉ ခုနှစ် ။ ။ ဩဂုတ်လတွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသဖြင့် ဆယ်စုနှစ်များစွာအတွင်း မြန်မာ စစ်ခေါင်းဆောင်နှင့်တိုက်ရိုက်ထိတွေ့ခွင့်ရခဲ့သော အဆင့်မြင့်ဆုံးအရာရှိဖြစ် သည်။ မြန်မာနိုင်ငံအတွင်း တရုတ်ဩဇာလွှမ်းမိုးမှု ကြီးထွားလာနေခြင်းကို ထောက်ပြပြီး အမေရိကန်အစိုးရအား မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံရန် ဂျင်မ် ဝက်ဘ်က အပြင်းအထန် စည်းရုံးသည်။
  • ၂၀၀၉ ခုနှစ် ။ ။ စက်တင်ဘာလတွင် အမေရိကန် သမ္မတ ဘာရတ်အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်းမရှိဘဲ မြန်မာအစိုးရ စစ်ခေါင်းဆောင်များနှင့် တိုက်ရိုက်ထိတွေ့မှုလုပ်ဆောင်ရန် ကြိုးပမ်း သွားမည်ဟု ဆိုသည်။
  • ၂၀၀၉ ခုနှစ် ။ ။ နိုဝင်ဘာလက စင်ကာပူနိုင်ငံတွင် ကျင်းပသော အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် သမ္မတ အိုဘားမား က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အား လက်ဆွဲနှုတ်ဆက်သည်။

မြန်မာအစိုးရသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်မည်ဆိုပါက နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်မည်ဟု သမ္မတ အိုဘားမားက ပြောဆိုသည်။ ၁၄ နှစ် အတွင်း အဆင့်မြင့်ဆုံး အမေရိကန်အရာရှိအဖြစ် အမေရိကန်အစိုးရ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည်။ ထိုခရီးစဉ်သည် အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ်ချမှတ်သော မူဝါဒအသစ် တိုက်ရိုက် ထိတွေ့ဆက်ဆံရေး၏ တစိတ်တဒေသဖြစ်သည်။

  • ၂၀၁၀ ပြည့်နှစ် ။ ။ နိုဝင်ဘာလ ၇ ရက်နေ့က အနှစ်၂၀အတွင်း ပထမဆုံးအကြိမ် ကျင်းပသော မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအား “လွတ်လပ်မှု နှင့် တရားမျှတမှုမရှိသော ရွေးကောက်ပွဲ”ဟု သမ္မတ အိုဘားမားက ရှုတ်ချသည်။ ရွေးကောက်ပွဲမှတဆင့် စစ်အရာရှိဟောင်းများ ဦးဆောင်သော အမည်ခံအရပ်သားအစိုးရထံသို့ စစ်အစိုးရက အာဏာလွှဲပြောင်းပေးသည်။
  • ၂၀၁၁ ခုနှစ် ။ ။ ဧပြီလတွင် အမေရိကန်အစိုးရနှင့် မြန်မာအစိုးရ ခေါင်းဆောင်များအကြား ဆက်သွယ်ဆောင်ရွက်သူအဖြစ် ဒဲရစ် မစ်ချယ်ကို မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်အဖြစ် သမ္မတ အိုဘားမားက ခန့်အပ်သည်။
  • ၂၀၁၁ ခုနှစ် ။ ။ စက်တင်ဘာ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အမေရိကန်နိုင်ငံခြားရေး ထိပ်တန်းအရာရှိများနှင့် ဝါရှင်တန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံသည်။ နောက်တနေ့တွင် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမြောက်ဘက်ခြမ်းတွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်နေသော မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား ယာယီရပ်ဆိုင်းလိုက်သည်ဟု ထုတ်ပြန်ကြေညာသည်။ ဝါရှင်တန်က အရေးပါပြီး အပြုသဘောဆောင်သော လုပ်ရပ်တခုအဖြစ် ကြိုဆိုလိုက်သည်။
  • ၂၀၁၁ ခုနှစ် ။ ။ နိုဝင်ဘာတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ်ချယ်သည် သက်တမ်းနှစ်လ မပြည့်သေးသည့် အချိန်တွင် တတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့သွားရောက်ပြီး မြန်မာအစိုးရခေါင်းဆောင်များအပါအဝင် ဒေါ်အောင် ဆန်းစုကြည်နှင့်ပါ တွေ့ဆုံသည်။ မြန်မာနိုင်ငံမှ နောက်ထပ်ဖြစ်ပေါ်လာမည့် အပြုသဘောဆောင်သော အပြောင်း အလဲ များနှင့်အတူ အမေရိကန်အစိုးရကလည်း အပြန်အလှန်ဆောင်ရွက်သွားမည်ဟု အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာ သည်။
  • ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ ထိပ်သီး ညီလာခံ၌ အမေရိကန်သမ္မတ အိုဘားမား ၏ နောက်တွင် ရပ်နေသော သမ္မတ ဦးသိန်းစိန်ကိုတွေ့ရစဉ်
  • ၂၀၁၁ ခုနှစ် ။ ။ နိုဝင်ဘာ ၁၈ ရက်တွင် သမ္မတ အိုဘားမားက မြန်မာနိုင်ငံတွင် “တိုးတက်ပြောင်းလဲမှု အရိပ်အယောင်များ” ဖြစ် ပေါ်နေသည်ဟု ပြောဆိုလိုက်ပြီး “နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ တဦးချင်းအခွင့်အရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ် ငန်း များ ပိုမိုတိုးတက်လာစေရန် အမေရိကန်အနေဖြင့် ကူညီပေးနိုင်မှုများ” ရှာဖွေလေ့လာရန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်ကို ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့စေလွှတ်မည်ဟု ထုတ်ပြန်ကြေညာသည်။

မြန်မာအစိုးရက အမေရိကန်သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အပြုသဘောဆောင်သည့် အပြောင်းအလဲများကို အသိအမှတ်ပြုခြင်းဖြစ်သည်ဟု ပြောဆိုလိုက်ပြီး သမ္မတ အိုဘားမား၏ ကြေညာချက်ကို ကြိုဆိုလိုက်သည်။

  • ၂၀၁၁ ခုနှစ် ။ ။ ဒီဇင်ဘာ ၁ ရက်တွင် သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် နေပြည်တော်၌ တွေ့ဆုံသည်။ အမေရိကန်-မြန်မာ ဆက်ဆံရေး အခန်းကဏ္ဍသစ် တခုကို ရောက်ရှိပြီ ဖြစ်ကြောင်း ဦးသိန်းစိန်က ပြော သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မင်းတုန်းမင်းမှ ဟီလာရီ ကလင်တန်အထိ (ဧရာဝတီ မဂ္ဂဇင်း၊ December 1, 2011)