မြန်မာ့ စစ်တုရင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကစားရုပ်များ
မြန်မာ့ စစ်တုရင်ရုပ် အခေါ်အဝေါ်များ

စစ်တုရင်ကစားနည်းသည် တစ်ဖက်နှင့် တစ်ဖက် စစ်တိုက်သကဲ့သို့ လူ၏ ဦးနှောက် ဉာဏ်ရည်ဉာဏ်သွေးကို ပြိုင်ဆိုင်ရသော ကစားနည်း ဖြစ်သည်။ စစ်တုရင်ကစားနည်းကို အင်္ဂလိပ်လို (Chess) ဟုခေါ်သည်။ မြန်မာစစ်တုရင် ကစားနည်းသည် အပြည်ပြည်ဆိုင်ရာစစ်တုရင်ကစားနည်းနှင့်မတူ၊ ကွဲပြားခြားနားမှုရှိသည်။ မြန်မာ့ စစ်တုရင်ကစားနည်းတွင် ၆၄-ကွက်ပါသောကစားကွက်နှင့် တစ်ဖက်လျှင် ကစားရုပ် ၁၆-ရုပ်စီကို အသုံးပြုသော်လည်း ကစားခုံ အနေအထား ကစားရုပ်နေရာချပုံနှင့် ကစားရုပ်များ၏ ရွေ့လျားပုံတို့ မတူပေ။

ပေါ်ပေါက်လာပုံသမိုင်း[ပြင်ဆင်ရန်]

မြန်မာ့ စစ်တုရင်ကစားနည်းသည် လွန်ခဲ့သောနှစ်ပေါင်း (၁၃၀၀)ကျော်ခန့်မှစ၍ အိန္ဒိယနိုင်ငံတွင် ခေတ်စားခဲ့သော ကစားနည်းဖြစ်သည်။ ထိုမှတစ်ဆင့် ကမ္ဘာ အရပ်ရပ်သို့ပြန့်နှံ့ခဲ့ကာ မြန်မာနိုင်ငံသို့ အေဒီ (၈)ရာစုတွင် ရောက်ရှိခဲ့သည်။ စစ်တုရင်ကစားနည်း၏ မူလအမည်မှာ “စတုရင်္ဂ” ဖြစ်ပြီး စစ်အင်္ဂါလေးပါး(ဆင်၊ မြင်း၊ ရထား၊ ခြေလျင်တပ်ဖွဲ့များ)ဖြင့် စစ်ထိုးသဏ္ဌာန်ပြု ကစားရသော ကစားနည်းဟု အဓိပ္ပါယ်ရသည်။ “စတုရင်္ဂ”မှ “စတုရင်”၊ “စစ်တုရင်”အဖြစ် ပြောင်းလဲသုံးနှုန်းခဲ့သည်။ စစ်တုရင်သည် ရှေးယခင်က မင်းညီမင်းသား၊ မှူးမတ်ဗိုလ်ပါ တို့ စစ်ဗျူဟာခင်းကျင်းတိုက်ခိုက်ရာတွင် ထက်မြက်ကျွမ်းကျင်ရန်နှင့် အပေါင်းအသင်းများအတွင်း ကိုယ်ရည်ကိုသွေးယှဉ်ပြိုင်ကာအပျင်းလည်းပြေရန် လေ့ကျင့် ကစားရသော တော်ဝင်ကစားနည်းဖြစ်သည်။

မြန်မာ့ စစ်တုရင်ကစားခုံ

ကစားခုံ[ပြင်ဆင်ရန်]

မြန်မာစစ်တုရင်ခုံတွင် အပြည်ပြည်ဆိုင်ရာစစ်တုရင်ခုံကဲ့သို့ အဖြူအမည်း အမှတ်အသားများ မရှိပေ။ စစ်တုရင်ခုံသည် စတုရန်းကွက် ၈ ကွက်စီပါရှိသော ဒေါင်လိုက် ၈ တန်း၊ အလျားလိုက် ၈ တန်း စုစုပေါင်း စတုရန်းကွက် ၆၄ ကွက်ပါရှိသည့် လေးထောင့်ကွက်ကြီး ဖြစ်သည်။ ဆေးရောင်ချယ်ထားခြင်း မရှိသော်လည်း ခေါင်ကြောင်း ထောင့်ဖြတ်မျဉ်း နှစ်ကြောင်းကို ကြက်ခြေခတ် ဖြတ်ရေးဆွဲထားသည်။ ၎င်းထောင့်ဖြတ်မျဉ်းများကို စစ်ကဲကြိုး (စစ်ကဲမျဉ်း) ဟုခေါ်သည်။ စကားခုံအရွယ်အစားမှာ အလျား ၂၄ လက်မ၊ အနံ ၂၄ လက်မ ရှိပြီး ကစားကွက်ကလေးများ၏ အရွယ်အစားမှာ ၃ လက်မ ပတ်လည်စီ ဖြစ်သည်။

ကစားရုပ်များ[ပြင်ဆင်ရန်]

မြန်မာ့ စစ်တုရင်ကစားရုပ်များ

စစ်တုရင် ကစားရုပ်များမှာ စုစုပေါင်း (၃၂)ရုပ်ဖြစ်ပြီးအမျိုးအစား(၆)မျိုး ဖြစ်သည်။ အရောင်အားဖြင့် အနီနှင့် အနက် ခွဲထားသည်။ တစ်ဖက်လျင် -

  • မင်းကြီးရုပ် ၁ ခု
  • စစ်ကဲရုပ် ၁ ခု
  • ဆင်ရုပ် ၂ ခု
  • မြင်းရုပ် ၂ ခု
  • ရထားရုပ် ၂ ခု
  • နယ်ရုပ် ၈ ခု စီပါဝင်သည်။

အနီရောင်ရုပ်ရသောသူက စတင် ရွှေ့ရသည်။ ကစားရုပ်များကို ထုလုပ်ရာတွင် ပုံသဏ္ဌာန် နှစ်မျိုးထုလုပ်ကြသည်။ တစ်မျိုးမှာ ရာမမင်းသားနှင့် သူ၏ဘက်တော်သား မျောက်များမှတစ်ဘက်၊ ဒသဂီရိဘီလူးနှင့် သူ၏ဘက်တော်သား ဘီလူးများမှ တစ်ဘက် သရုပ်ဖော်ထုလုပ်ထားသည့် ကစားရုပ်များဖြစ်သည်။ ၎င်းတွင် အနက်မင်းကြီးသည် ရာမမင်း၏ ပုံဖြစ်သည်။ အနီမင်းကြီးကား ဒသဂီရိ၏ ပုံဖြစ်သည်။ နောက်တစ်မျိုးမှာ မင်းမြောက်တန်ဆာငါးပါး ဝတ်ဆင်ထားသည့်မြန်မာဘုရင်နှင့် အမှုတော်ထမ်းတို့၏ ပုံဖြင့် သရုပ်ဖော်ထုလုပ်ထားသော ကစားရုပ်များဖြစ်သည်။

အရွယ်အစား (ဆင်စွယ်) အရွယ်အစား (သစ်သား)
မင်းကြီး အောက်ခုံအပါအဝင် ၂လက်မ အောက်ခုံအပါအဝင် ၃လက်မ
စစ်ကဲ အောက်ခုံအပါအဝင် ၂လက်မ အနည်းငယ်လျော့ အောက်ခုံအပါအဝင် ၃လက်မမတ်တင်း
ဆင် အောက်ခုံနှင့်တကွ ဆင်ကျောကုန်းအထိ ၁လက်မ ၃မူး အောက်ခုံနှင့်တကွ ဆင်ကျောကုန်းအထိ ၂လက်မ တစ်မတ်
မြင်း အောက်ခုံနှင့်တကွ မြင်းကျောကုန်းအထိ ငါးမတ် အောက်ခုံနှင့်တကွ မြင်းကျောကုန်းအထိ ၂လက်မခွဲ
ရထား အောက်ခုံအပါအဝင် ၂လက်မ တစ်မတ် အောက်ခုံအပါအဝင် ၃လက်မ တစ်မတ်
နယ် အောက်ခုံအပါအဝင် ငါးမတ် အောက်ခုံအပါအဝင် ၂လက်မ

ကစားရုပ်များ၏ ရွေ့လျားပုံ[ပြင်ဆင်ရန်]

မင်းကြီး၏ လှုပ်ရှားမှု[ပြင်ဆင်ရန်]

မင်းကြီး၏ လှုပ်ရှားမှု

မင်းကြီးသည် ၎င်းတည်ရှိရာမှ အရပ်ရှစ်မျက်နှာသို့ တစ်ကြိမ်လျှင် တစ်ကွက် ရှေ့နိုင်သည်။ စစ်တုရင်၌ ပြိုင်ဘက်မင်းကြီးကို အမိဖမ်းရန်စီမံဆောင်ရွက်နိုင်လျှင် အနိုင်ရကာပွဲပြီးဆုံးသည်။ မင်းကြီးသည် ဘေးလိုင်းနှင့် ထောင့်ကွက်များမှအပ မည်သည့် နေရာတွင် တည်ရှိသည် ဖြစ်စေ၊ အတားအစီးမရှိပါက ၈ ကွက်အထိ စိုးမိုးထားနိုင်သည်။ အပြည်ပြည်ဆိုင်ရာ စစ်တုရင် နှင့် အလားတူပင်ဖြစ်သည်။

စစ်ကဲ၏ လှုပ်ရှားမှု[ပြင်ဆင်ရန်]

စစ်ကဲ၏ လှုပ်ရှားမှု

စစ်ကဲသည် ၎င်းတည်ရှိရာ ထောင့်ဖြတ် အကွက်များသို့ တစ်ကြိမ်လျှင် တစ်ကွက်ရွေ့နိုင်သည်။ စစ်ကဲသည် ဘေးလိုင်းနှင့် ထောင့်ကွက်များရောက်ရှိနေခြင်းမှအပ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ၊ ယင်းတည်ရှိရာနှင့်ထိဆက်နေသောထောင့်ဖြတ် ၄ ကွက်အား စိုးမိုးထားနိုင်သည်။ အပြည်ပြည်ဆိုင်ရာ စစ်တုရင်ရှိ ဘုရင်မရုပ်တာဝန်မျိုးယူရသော်လဲ စွမ်းဆောင်ရည်နှင့် ရွေ့ကွက်ပုံပန်းမှာ အလွန်ကွာခြားပါသည်။ စစ်ကဲသည် ဘေးတိုက်ထက်အောက် ရွှေ့နိုင်စွမ်းမရှိပဲ ရွှေ့နည်းရွှေ့ဟန်တွင် ဘိရှော့နှင့် နည်းစပ်သည်။

ဆင်၏ လှုပ်ရှားမှု[ပြင်ဆင်ရန်]

ဆင်၏ လှုပ်ရှားမှု

ဆင်သည် ၎င်းတည်ရှိရာမှ ထောင့်ဖြတ် အကွက်များနှင့် ရှေ့တည့်တည့် အကွက်သို့ တစ်ကြိမ်လျှင် တစ်ကွက်ရွေ့နိုင်သည်။ စစ်ကဲထက် ရှေ့တည့်တည့် အကွက်ပို ရွေ့နိုင်ခြင်းသည်ထူးခြားချက်ဖြစ်သည်။ ။ အဘယ်ကြောင့်ဆိုသော် အပြည်ပြည်ဆိုင်ရာစစ်တုရင်ကစားနည်းတွင်ပါရှိသော ဘိရှော့နှင့် မြန်မာစစ်ဘုရင်ရှိစစ်ကဲတို့မှာ မိမိနှင့်ထောင့်ဖြတ်လိုင်း မတူသော နေရာများသို့လုံးဝ သွားရောက်နိုင်ခြင်းတိုက်ခိုက်နိုင်ခြင်းစွမ်းရည်များမရှိပဲ ဆင်မှာ ရှေ့တစ်ကွက်တက်လိုက်သည်နှင့် မိမိ၏ထောင့်ဖြတ်တည်နေရာကိုပြောင်းလဲနိုင်စွမ်းသောကြောင့်ဖြစ်သည်။ (အပြည်ပြည်ဆိုင်ရာစစ်တုရင်တွင် ထောင့်ဖြတ်ရောင်တူ ဘိရှော့နှစ်ရုပ်နှင့်ဘုရင်သာကျန်ရှိတော့လျှင် ရှောင်တိမ်းတတ်သောပြိုင်ဘက် ဘုရင်တစ်ရုပ်တည်းကို အမိမဖမ်းနိုင်သော်လည်း ဆင်နှင့်စစ်ကဲနှစ်ကောင်သာကျန်သူက ပြိုင်ဘက်၏ဘုရင်ထည်းတည်းကိုအမိဖမ်းနိုင်ပါသည်။

မြင်း၏ လှုပ်ရှားမှု[ပြင်ဆင်ရန်]

မြင်း၏ လှုပ်ရှားမှု

အပြည်ပြည်ဆိုင်ရာ စစ်တုရင်မှာ ကဲ့သို့ပင် L ပုံသဏ္ဌာန် ရွေ့လျားရသည်။ မြင်းသည် ရွေ့လျားနိုင်သောအကွက်များတွင် အတားအဆီး မရှိပါက ၈ ကွက်အထိ စိုးမိုးထားနိုင်သည်။ မြင်းသည် ယင်းတည်ရှိရာနေရာ၏ထက်အောက်ဘယ်ညာအကွက်တို့နှင့် ထောင့်ဖြတ်ကျပြီးမူလတည်ရှိရာနှင့် ဝေးရာအကွက်များသို့ ကျော်လွှားကာ စိုးမိုးရွေ့လျားနိုင်ခြင်းဖြစ်ရာ တစ်ကြိမ်ရွှေ့တိုင်း ထောင့်ဖြတ်နေရာတည်ရှိမှုအနေအထားအမြဲပြောင်းလဲနေပါသည်။

ရထား၏ လှုပ်ရှားမှု[ပြင်ဆင်ရန်]

ရထား၏ လှုပ်ရှားမှု

အပြည်ပြည်ဆိုင်ရာ စစ်တုရင်နှင့် အတူတူပင်ဖြစ်ပါသည်။ လမ်း၌အတားအဆီးမရှိပါက ၁၄ ကွက်အထိစိုးမိုးထားနိုင်ပါသည်။ တစ်ခုမှတ်သားရမည်က မြန်မာစစ်တုရင်တွင် အပြည်ပြည်ဆိုင်ရာ စစ်တုရင်နှင့် ကွာခြားသည်က ဘုရင်နှင့် ရဲတိုက် တစ်ပြိုင်နက် နေရာရွေ့ပြောင်းနိုင်သည့် ကတ်စ်လင်း (ရထားပြောင်း) ရွှေ့ကွက် မျိုးမရှိပါ။

နယ်၏ လှုပ်ရှားမှု[ပြင်ဆင်ရန်]

နယ်၏ လှုပ်ရှားမှု

နယ်ရုပ်သည် ရှေ့သို့တစ်ကွက် မျှတက်နိုင်သည်။ နယ်ရုပ်သည် ၎င်း၏ ညာဘက်နှင့် ဘယ်ဘက်ထောင့်ဖြတ် အကွက်ရှိ ဆန့်ကျင်ဘက် ကစားသမား၏ အရုပ်ကို စားပိုင်ခွင့် ရှိသည်။ အကယ်၍ စစ်ကဲ ကျဆုံးသွားပါက နယ်ရုပ်သည် စစ်ကဲ ကြိုးသို့လာရောက်ပြီး စစ်ကဲအဖြစ် ပြောင်းလဲနိုင်သည်။ ယေဘူယအားဖြင့် အပြည်ပြည်ဆိုင်ရာ စစ်တုရင်နှင့် အလားသဏ္ဌာန်တူသောလည်း အပြည်ပြည်ဆိုင်ရာ စစ်တုရင်ကဲ့သို့ ပထမဆုံး ရွေ့ကွက်တွင် ၂ ကွက် တက်ရောက်နိုင်ခွင့် မရှိခြင်း မှာ ကွာခြားသည်။ စစ်ကဲတိုးမြှင့်ပြီးပြီးခြင်း စစ်ကဲစွမ်းရည်မရသေးပဲ နောက်ရွှေ့လှည့်မှရခြင်းစသော အသေးစိတ်စည်းကမ်းများလိုက်နာရသေးသည်။

စွမ်းအင်ကွာခြားချက်[ပြင်ဆင်ရန်]

  • စစ်ကဲ = နယ် ၂ ခု
  • ရထား = ဆင် ၁ ခု + နယ် ၂ ခု (သို့) မြင်း ၁ ခု + နယ် ၂ ခု
  • ဆင် = မြင်း ၁ ခု (သို့) နယ် ၃ ခု
  • မြင်း = ဆင် ၁ ခု (သို့) နယ် ၃ ခု
  • မင်းကြီး = နယ် ၄ ခု (အဆုံးသတ်ပိုင်း အဆင့်တွင်သာဖြစ်သည်။)

တစ်နည်းအားဖြင့် -

  • စစ်ကဲ =နယ် ၂ခု
  • ရထား =နယ် ၅ခု
  • ဆင် =နယ် ၃ခု
  • မြင်း =နယ် ၃ခု
  • မင်းကြီး= နယ် ၄ခု (အဆုံးသတ်ပိုင်း အဆင့်တွင်သာဖြစ်သည်။)

သို့သော် တစ်ခါတစ်ရံ ကစားကွက် အနေအထားကို လိုက်၍ စွမ်းအင်သတ်မှတ်ချက်များမှာ အပြောင်းအလဲ ရှိတက်သည်။ ဥပမာ-အနေအထားကောင်းမှန် ခိုင်ခန့်လျက်ရှိသော စစ်ကဲသည် တစ်ခါတစ်ရံ ဆင်၊ မြင်း၊ ရထားတို့ထက် တန်ဖိုးရှိနေ တတ်သည်။ ကစားရုပ်များအပြား ရှိနေစဉ်တွင် မြင်းသည် ဆင်ထက် တန်ဖိုးရှိသည်ဟု ယေဘုယျ မှတ်ယူနိုင်သည်။

ရွေ့ကွက်မှတ်တမ်း[ပြင်ဆင်ရန်]

စစ်တုရင်ကစားနည်းကို လေ့လာလိုသော အခါ၌၎င်း၊ မှတ်တမ်းတင်လိုသော အခါ၌၎င်း၊ ယှဉ်ပြိုင်ရာ၌ စည်းမျဉ်း စည်းကမ်း တို့နှင့်အညီ ဖြစ်စေရန်အတွက်၎င်း ရွေ့ကွက်မှတ်တမ်းကို ရေးမှတ်ကြရသည်။

ကစားရုပ်များ၏ အတိုကောက်များ

  • မင်းကြီး = မ
  • စစ်ကဲ = စ
  • ရထား = ရ
  • မြင်း = မြ
  • ဆင် = ဆ
  • နယ် = န

အမှတ်လက္ခဏာ သင်္ကေတများ

သင်္ကေတ အဓိပ္ပါယ်
န = စ နယ်ကို စစ်ကဲတင်ခြင်း
- သို့တက်သည်။ ဥပမာ-နယ်ကို က ၄ အကွက်သို့ တက်သည်ဆိုလျှင် န-က၄ ဟုရေးသည်။
x စားသည်။ ဥပမာ- နယ်က မြင်းကိုစားသည်ဆိုလျှင် နxမြ ဖြစ်သည်။
+ ခွေသည်။ ဥပမာ-နယ်က က၅ အကွက်၌ မင်းကြီးကိုခွေလျှင် န-က၅+ ဟုရေးသည်။
အကွက်နံပါတ်များ

အကွက်နံပါတ်များ

စစ်တုရင်ခုံ၌ အလျားလိုက် ၈တန်း၊ ဒေါင်လိုက် ၈တန်း ရှိရာတွင် အနီသမားဘက်မှ ပထမဆုံး အလျားလိုက်တန်း၏ ဘယ်ဘက်ထောင့်ကွက်မှ ညာဘက်ထောင့်ကွက်အထိ အကွက်များကို အစဉ်လိုက်အတိုင်း က၊ခ၊ဂ၊ဃ၊င၊စ၊ဆ၊ဇ ဟူ၍ မှတ်သားရပါသည်။ ထို့နောက် ဒေါင်လိုက်လိုင်း အသီးသီးတွင် အောက်ခြေ ၁ မှ အပေါ်ဆုံး ၈ အထိ နံပါတ်အစဉ်တိုင်း မှတ်ရပါသည်။ ပုံတွင်ကြည့်ပါ။

ရွေ့ကွက်မှတ်တမ်းရေးရာတွင် နှစ်မျိုး ရေးသားနိုင်ပါသည်။

  • ပေါင်းရေးခြင်း
    • (၁) န - က၄၊ န - ခ၄
  • ခွဲရေးခြင်း
    • (၁) န - က၄
    • (၁) န - ခ၄

ပူးပေါင်းဖေါ်ပြရာတွင် ဘယ်ဘက်ဂဏန်းတွဲသည် အနီသမား တက်ကွက်ဖြစ်ပြီး၊ ညာဘက်ဂဏန်းတွဲသည် အနက်သမား တက်ကွက်ဖြစ်သည်။ ခွဲခြားဖေါ်ပြရာတွင် တုံးတို(-)အမှတ်အသားမပါသော ဂဏန်းတွဲသည် အနီသမားတက်ကွက်ဖြစ်ပြီး (-)ပါသောဂဏန်းတွဲသည် အနက်သမားတကျကွက်ဖြစ်သည်။

ကစားရုပ်များ နေရာချထားခြင်း (စစ်တည်ခြင်း)[ပြင်ဆင်ရန်]

မြန်မာစစ်တုရင်ပြိုင်ပွဲများတွင် ပွဲမစမီအချိန်၌ ကစားခုံကို ကန့်လန့်ဖြတ် အဝတ်ဖြင့် ကာရံထားပြီး ကစားသမားနှစ်ယောက်မှာ ကန်လန့်ကာ၏ နောက်ကွယ်၌ ကစားရုပ်များကို မိမိတို့စိတ်ကြိုက် နေရာချနိုင်သည်။ မြန်မာစစ်တုရင်တွင် အပြည်ပြည်ဆိုင်ရာစစ်တုရင်ကဲ့သို့ ပုံသေစစ်တည်ရခြင်းမျိုးမရှိပေ။ မြန်မာစစ်တုရင်၌ စစ်တည်ခြင်းညံ့ဖျင်းပါက ဆက်ရွေ့ရန်ပင်မလိုပဲ ရှုံးလိမ်မည်ဖြစ်ကြောင်း ပြောဆိုနိုင်သူများရှိသည်။ ထို့ကြောင့် ရှေးက စစ်တည်နည်းများကို တစ်ဦးနှင့်တစ်ဦး မတွေ့ရှိမသိမြင်စေရန် ကစားကွက်ခုံအလယ်၌ ကန့်လန့်ကာ ကာထားပြီး စစ်တည်လေ့ရှိသည်။ အပြည်ပြည်ဆိုင်ရာစစ်တုရင်၌ စစ်တည်ခြင်းနှင့် အဖွင့်ပိုင်း နည်းဗျူဟာများသည် သီးခြားစီဖြစ်သော်လည်း မြန်မာစစ်တုရင်၌ စစ်တည်ခြင်းသည်ပင် အဖွင့်ပိုင်း နည်းဗျူဟာများဖြစ်သည်။ စစ်တည်ခြင်းပြီးသည်နှင့် နယ်တက်ဖျက်ခြင်း နှစ်လှည့်သုံးလှည့်ခန့်အတွင်း အလယ်ပိုင်းအဆင့်သို့ ကူးပြောင်းကစားသွားနိုင်သည်။

စစ်တည်ရာ၌ စတင်တည်ရသော ကစားရုပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

အကွက်နံပါတ်များ

•(၁) ဘယ်ဘက်ခြမ်းမှာ နယ်လေးလုံးကို ကစားသူ၏ အမှတ်-၃ အလျားလိုက်တန်းရှိဘယ်ဘက်ခြမ်း အကွက်လေးကွက်တွင်တည်ရသည်။ ညာဘက်ခြမ်းမှ နယ်လေးလုံးကို ကစားသူ၏ အမှတ်-၄ အလျားလိုက်တန်းရှိ ညာဘက်ခြမ်း အကွက်လေးကွက်တွင် တည်ရသည်။ •(၂) ကစားသူများ၏ နောက်ဆုံးအတန်းတွင် ရထားနှစ်ခုကို စိတ်ကြိုက်အကွက်များတွင် တည်ရသည်။ •(၃) ကျန်ကစားရုပ်များကို မိမိတို့နယ်ရုပ်များ၏ အနောက်တွင် စစ်တည်နည်းကိုလိုက်၍ စိတ်ကြိုက်တည် နိုင်သည်။ စစ်တည်ခြင်း နည်းဗျူဟာများစွာ ရှိသော်လည်း မူမှန်စစ်တည်နည်းမှာ (၈) မျိုး သာရှိသည်။ •(၁) မင်းကြီးပုန်း (မင်းပုန်း) •(၂) မြင်းဆက် •(၃) မြင်းယှဉ် •(၄) မြင်းချိတ် •(၅) မြင်းထပ် •(၆) မြင်းခွ •(၇) အတွင်းစစ်ကဲပေါက် •(၈) ဆင်ယှဉ်မြင်းခွ တို့ဖြစ်ကြသည်။

Chess11.JPG
Chess13.JPG
Chess14.JPG

၎င်းစစ်တည်နည်းမူမှန်များကို မြန်မာစစ်တုရင်ဖခင်ကြီး ဦးဘေဆောင်က တီထွင်ထားခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင် အခြေခံမူမှန်စစ်တည်နည်းများအဖြစ် ကစားကြလျက်ရှိသည်။ စစ်တည်ရာတွင် အနီသမားက စတင်တည်ရသည်။ တည်ပြီးပါက ပြန်မပြင်ရပေ။ အနီသမားတည်ပြီးသော် အနက်သမား တည်ရသည်။ အနီသမား စတင်ရွေ့ပြီးသည်နှင့် အနက်သမားလည်း ပြန်မပြင်ရချေ။ နယ်များကိုမူ နှစ်ဦးနှစ်ဘက် ပြိုင်တူတည်နိုင်သည်။ အနီသမားစစ်တည်ခြင်းကို လိုက်စစ်ဟုခေါ်၍ အနက်သမားစစ်တည်ခြင်းကို ခံစစ်ဟုခေါ်သည်။ သို့သော်၎င်းတို့သည် တိုက်စစ်ခံစစ်နည်းပရိယာယ်၊ နည်းဗျူဟာသဘောနှင့် သက်ဆိုင်ခြင်းမရှိပေ။ မည်သည့်စစ်တည်းနည်းကို သုံးသည်ဖြစ်စေ အနီသမားတည်သောစစ်ကို လိုက်စစ်(တိုက်စစ်) အဖြစ်သတ်မှတ်၍ အနက်သမားတည်သောစစ်ကို ခံစစ်အဖြစ်သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် စစ်တည်နည်းအသီးသီးကို လိုက်စစ်အဖြစ်လည်းကောင်း၊ ခံစစ်အဖြစ်လည်းကောင်း နှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်သည်။ အနီသမားတည်သောစစ်ကိုကြည့်၍ သင့်လျော်သောခံစစ်ကို အနက်သမားက ရွေးချယ်တည်ရသည်။ လိုက်စစ်နှင့် ခံစစ်အတွက် အကောင်းဆုံးနှင့် အသင့်လျော်ဆုံး လိုက်ဖက်ညီသည့်စစ်တည်နည်းတို့မှာ-

လိုက်စစ် (အနီ) ခံစစ် (အနက်)
၁။ မင်းကြီးပုန်း (မင်းပုန်း) မြင်းဆက်
၂။ မြင်းဆက် မြင်းယှဉ်
၃။ မြင်းယှဉ် မြင်းချိတ်
၄။ မြင်းချိတ် မြင်းထပ်
၅။ မြင်းထပ် မြင်းခွ
၆။ မြင်းခွ အတွင်းစစ်ကဲပေါက်
၇။ အတွင်းစစ်ကဲပေါက် ဆင်ယှဉ်မြင်းခွ
၈။ ဆင်ယှဉ်မြင်းခွ မြင်းထပ်

လိုက်စစ်နှင့် ခံစစ်တည်ခြင်းများကို လိုက်ဖတ်ညီထွေ ဖော်ပြထားသော်လည်း သက်ဆိုင်ရာ စစ်တည်နည်း စည်းမျည်းစည်းကမ်းတို့နှင့် မဆန့်ကျင်လျှင် မိမိတို့၏ အတွေ့အကြုံနှင့် ဉာဏ်ရည်တို့အလိုက် စိတ်ကြိုက်ပြုပြင်ပြောင်းလဲ နိုင်သည်။ ဤစစ်တည်နည်း (၈)မျိုးကို အခြေပြု၍ နည်းခွဲပေါင်းများစွာကို ကြံဆဖော်ထုတ်တီထွင်ခြင်း၊ စစ်တည်နည်းအသစ်များကို သုတေသနပြု တည်ထွင်ခြင်းဖြင့် စစ်တည်နည်းပေါင်း များစွာကို အသုံးပြုနိုင်သည်။

ဖော်ပြပါ မူမှန်စစ်တည်နည်း (၈)မျိုး အပြင်-

  1. စလင်းကွက်
  2. စစ်ကဲလွဲအမျိုးမျိုး (ဥပမာ- မြင်းခွစစ်ကဲလွဲ၊ မြင်းထပ်စစ်ကဲလွဲ၊ မြင်းဆက်စစ်ကဲလွဲ)
  3. အတွင်းမြင်းဆက်
  4. အိမ်ထောင့်ကွက် အမျိုးမျိုး(ရထားနှစ်လုံးကို အောက်ဆုံးအတန်းနှင့် ဒုတိယတန်း ထောင့်ဖြတ်အကွက် နှစ်ကွက်၌ ဆင့်၍တည်ခြင်းဖြစ်သည်။)
  5. ပြင်ကွက်အမျိုးမျိုး (မူလစစ်တည်နည်းများကို အနည်းငယ်ပြုပြင်၍တည်သော စစ်တည်နည်းများဖြစ်သည်။

ဥပမာ- စလင်းပြင်ကွက်၊ မြင်းဆက်ပြင်ကွက်၊ မြင်းခွပြင်ကွက်) စသည့် စစ်တည်နည်းတို့လည်း ရှိသည်။

Chess15.JPG
Chess16.JPG

အိမ်ထောင့်ကွက်တည်နည်းကို ရှေးက လက်ခံကစားကြသော်လည်း ယခု လက်ခံကစားခြင်းမရှိတော့ပေ။ စစ်ကဲလွဲဟူသည်မှာ အနက်သမားက ၎င်း၏စစ်ကဲကို အနီသမား၏ စစ်ကဲလမ်းနှင့် လွှဲဖယ်တည်ခြင်းဖြစ်သည်။ သို့သော် အနက်သမားက စစ်ကဲလွဲ၍တည်သော စစ်တည်နည်း အမျိုးမျိုး၏ပုံစံအတိုင်း အနီသမားကလည်း စတင်တည်ကစားနိုင်သည်။

ယေဘူယျအားဖြင့် မြန်မာစစ်တုရင်သမားတို့သည် မြင်းထပ်၊ မြင်းခွစစ်တည်နည်းတို့ကို ခုံမင်စွာ ကစားလေ့ရှိကြသည်။ ဦးဘေဆောင်၏တပည့် ဆရာကြီး ဦးမောင်ကလေးသည် မြင်းခွစစ်တည်နည်းမှလွဲ၍ တခြားမည်သည့်စစ်တည်နည်းဖြင့် ပြိုင်ဘက်က လိုက်စစ်တည်သည်ဖြစ်စေ မြင်းထပ်စစ်တည်နည်းဖြင့်သာ ခံထိုးလေ့ရှိသည်။ လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်း၌ ထင်ရှားခဲ့သော မုန့်ဟင်းခါးဦးမောင်သည် လိုက်စစ်နှင့်ခံစစ် နှစ်မျိုးစလုံး၌ မြင်းထပ်စစ်တည်နည်း တစ်မျိုးတည်းဖြင့်သာ ကစားလေ့ရှိသည်။ ဦးမဲသည် မြင်းဆက်ကစားခြင်း၌ အလွန်ထင်ရှားပြီး၊ ဦးထွန်းဉာဏ်၊ ဦးကျော်သန်း စသူတို့မှာ မြင်းထပ်ကစားခြင်း၌ နာမည်ကြီးသူများဖြစ်သည်။

စစ်ကဲတင်ခြင်း[ပြင်ဆင်ရန်]

စစ်တုရင်စကားပွဲ တစ်ခုတွင် တစ်ဘက်လျှင် စစ်ကဲရုပ်တစ်ခုစီသာရှိရသည်။ ရှိရင်စွဲစစ်ကဲ ကျသွားပါက အောက်ပါအချက်များနှင့် ညီညွတ်သောနယ်ကို စစ်ကဲတင်နိုင်သည်။

  • ပြိုင်ဘက် ပိုင်နက်အခြမ်းအတွင်းရှိ စစ်ကဲမျဉ်းကြောင်းပေါ်သို့ ရောက်ရှိနှင့်ပြီးသောနယ်ကို စစ်ကဲအဖြစ်တင်နိုင်သည်။ စစ်ကဲမတင်သေးဘဲ နယ်အဖြစ်လဲ ထားနိုင်သည်။
  • စစ်ကဲမျဉ်းပေါ်သို့ လတ်တလောရောက်ရှိနေသည့်နယ်ကို ချက်ချင်းစစ်ကဲတင်၍မရ။ အနည်းဆုံး တစ်လှည့် စောင့်ပြီးမှသာ တင်ရသည်။
  • စစ်ကဲတင်သောအခါ စစ်ကဲရွေ့နိုင်သည့် ထောင့်ဖြတ်တန်းအကွက် ၄ကွက်နှင့် နယ်ရောက်ရှိနေသော အကွက် ၁ကွက် စုစုပေါင်း ၅ကွက်အနက် တစ်ကွက်ကွက်ပေါ်၌ နယ်ပိုင်ရှင်၏ ဆန္ဒအတိုင်း စစ်ကဲတင်နိုင်သည်။ သို့သော် စစ်ကဲတင်နိုင်သည့်အကွက်တွင် စစ်ကဲတင်လိုက်ခြင်းဖြင့်
  1. ကပ်ကွက်ဖြစ်စေခြင်း
  2. တစ်ဘက်သူ ကစားရုပ်ကို တင်လိုက်သောစစ်ကဲဖြင့် လည်းကောင်း၊ အခြားကစားရုပ် တစ်ခုဖြင့်လည်းကောင်း တိုက်ခိုက်မိလှက်သား ဖြစ်စေခြင်း
  3. ပြိုင်ဘက်မင်းကြီးကို ခွေကွက်ဖြစ်နေခြင်း
  4. မင်းပေါက်နေခြင်း
  5. ပေါက်ကွက်၊ ဖောက်ကွက်ဖြစ်နေခြင်း

စသည်တို့ဖြစ်နေပါက ၎င်းအကွက်၌ စစ်ကဲမတင်ရပေ။

  • ကစားရုပ်တစ်ခုခု တည်ရှိနေသောအကွက်တွင် စစ်ကဲမတင်ရ။ သို့သော် ပြိုင်ဘက်မင်းကြီးကို အပ်လျှက်ဖြစ်စေ၊ ရထား၊ မြင်း၊ ဆင် စသည်တို့၏ လမ်းကို ပိတ်လျှက်ဖြစ်စေ ချုပ်လျှက်ဖြစ်စေ စစ်ကဲတင်နိုင်သည်။
  • စစ်ကဲမျဉ်းအား ကျော်လွန်လျှက်ရှိသော နယ်ကို စစ်ကဲမတင်ရ။
  • နယ်တစ်လုံးတည်းသာ ကျန်ရှိက ထိုနယ်ကို မည်သည့် နေရာ၌ပင် ရှိစေ စစ်ကဲတင်နိုင်သည်။ ထိုသို့စစ်ကဲတင်ခြင်းကို နယ်ကုန်စစ်ကဲဟုခေါ်သည်။ သို့သော် နယ်တစ်လုံးသည် တက်ကွက်ကုန်နေပြီး ကစားကွက် အခြေအနေမှာ အပ်ကွက်ဖြစ်နေလျှင် ထိုနယ်ကို နယ်ကုန်စစ်ကဲအဖြစ်တင်ရန်မလိုဘဲ အပ်ကွက်အဖြစ် သတ်မှတ်၍ သရေပွဲ ပြုလုပ်ရမည်။
  • စစ်ကဲတင်ပြီးပါက တစ်ဘက်သူ၏ ရွေ့ကွက်ဖြစ်သည်။

သရေပွဲ[ပြင်ဆင်ရန်]

  1. ကစားသူတစ်ဦးသည် ၎င်း၏ရွေ့လှည့်တွင် အခြားသော နည်းလမ်းတကျရွေ့ကွက်များ မရှိတော့သည့်အပြင် ၎င်း၏မင်းကြီးသည်လည်း အခွေခံရခြင်းမဟုတ်ဘဲ ထွက်စရာလမ်းမရှိ ပိတ်မိနေလျှင် (အပ်ကွက်)။
  2. သရေပွဲအဖြစ် နှစ်ဦးသဘောတူသတ်မှတ်လျှင်။
  3. ပြိုင်ဘက်တွင် မင်းကြီးရုပ်တစ်ခုထဲကျန်ရှိစဉ်-
  • မင်းကြီး+ရထားဖြင့် ဖမ်းရက (၁၆)ကွက်နှင့် အမိဖမ်းခြင်း (ခွေသေ) မပြုလုပ်နိုင်လျှင်။
  • မင်းကြီး+ရထား+စစ်ကဲဖြင့် ဖမ်းရက (၁၂)ကွက်နှင့် အမိမဖမ်းနိုင်လျှင်။
  • မင်းကြီး+ဆင်+စစ်ကဲဖြင့် ဖမ်းရက (၄၄)ကွက်နှင့် အမိမဖမ်းနိုင်လျှင်။
  • မင်းကြီး+မြင်း+စစ်ကဲဖြင့် ဖမ်းရက (၆၄)ကွက်နှင့် အမိမဖမ်းနိုင်လျှင်။

ဖမ်းကွက်ကို ပြေးသောမင်းကြီးအလှည့်မှ စတင်ရေတွက်သည်။ ဖမ်းသောသူအလှည့်ပြီးမှ (၁)ကွက်ပြီးမြောက်သည်။ ပြေးသောမင်းကြီးသည် လေးကွက်တွင်း ၅ ခုရှိအကွက်များမှ စတင်ပြေးရလျှင် ဖမ်းကွက်အရေအတွက်ကို အမှတ်စဉ် ၄ မှစတင်ရေတွက်ရသည်။ ပြိုင်ပွဲများတွင် သရေတောင်းဆိုလိုပါက ပြိုင်ပွဲကြီးကြပ်သူကို ကြိုတင် အသိပေးရမည်။

(၃)တစ်ဘက်နှင့်တစ်ဘက် အောက်ပါအရုပ်များကျန်ရှိပြီး အကွက် ၅၀ တိုင်အောင် တစ်ဖက်သူ၏မင်းကြီးကို အမိမဖမ်းနိုင်လျှင် သရေတောင်းဆိုနိုင်သည်။

  • မင်းကြီး+ရထား နှင့် မင်းကြီး+မြင်း
  • မင်းကြီး+ရထား+မြင်း နှင့် မင်းကြီး+ရထား
  • မင်းကြီး+ရထား+ဆင် နှင့် မင်းကြီး+ရထား
  • မင်းကြီး+ဆင်+စစ်ကဲ နှင့် မင်းကြီး+စစ်ကဲ
  • မင်းကြီး+ဆင်+စစ်ကဲ နှင့် မင်းကြီး+ဆင်

(၄)ကစားပွဲတစ်ခုတွင် တူညီသောကစားကွက်အနေအထား ၃ကြိမ်ဖြစ်ပေါ်ခဲ့လျှင် ကစားသူတစ်ဦးဦးက သရေတောင်းဆိုနိုင်သည်။

[၁]

အခေါ်အဝေါ်[ပြင်ဆင်ရန်]

စစ်ကဲပွတ်တိုင်လှည့် = စစ်တုရင်ကစားရာတွင် စစ်ကဲက မင်းကြီးကို ခွေ၍ ပတ်ပတ်လည် ပြေးနေရအောင်လုပ်သည်။ [၂]


ပြန်လည်ဖေါ်ထုတ်[ပြင်ဆင်ရန်]

၂၀၁၃ ခုနှစ်၊ ၂၈ ကြိမ်မြောက် ဆီးဂိမ်းတွင် မြန်မာနိုင်ငံသည် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး တိမ်မြုပ်နေသော မြန်မာ့ရိုးရာ စစ်တုရင် ကစားနည်းကို ထည့်သွင်း ယှဉ်ပြိုင် နိုင်စေရန် စီစဉ်လျက်ရှိသည်။ [၃]

စာကိုး[ပြင်ဆင်ရန်]

  1. မောင်မောင်အေး(ဆပ်သွားကုန်း)၏ `မြန်မာ့ရိုးရာစစ်တုရင်´၁၉၈၉-ခုနှစ်၊ အောက်တိုဘာ(ပအကြိမ်) ထိုက်ထိုက်အောင်စာပေ၊ ရန်ကုန်
  2. မေမြို့မိုးကြည် ၏ မြန်မာ့ စစ်ပညာ (ဟံသာဝတီ ပုံနှိပ်တိုက်၊၁၉၆၄၊ဖေဖေါ်ဝါရီလ)
  3. ကြေးမုံသတင်းစာ (၁.၂.၂၀၁၁)