မြန်မာ့စစ်တပ်သမိုင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

စစ်နှင့်ဆိုင်သော ရှေးအစဉ်အဆက် မြန်မာစာပေများ တွင် 'စစ်အင်္ဂါလေးပါး'ကို အခြေတည်၍ အမြဲဆိုလေ့ရှိသည်။ စစ်အင်္ဂါလေးပါးဟူသော်ကား 'ဆင်လည်းတစ်ပါး၊ မြင်းလည်း တစ်ပါး၊ ရထားလည်း တစ်ပါး၊ ခြေသည်လည်း တစ်ပါး' ဖြစ် သည်။ ထို စစ်အင်္ဂါလေးပါးကိုပင် 'သေနင်္ဂ'ဟူ၍လည်း ခေါ် သေးသည်။ သို့ရာတွင် ထို စစ်အင်္ဂါလေးပါးမှာ ပါဠိကျမ်းများ၊ သက္ကတကျမ်းများကို မှီး၍ ဆိုခြင်းမျှသာ ဖြစ်သည်။ ထို စစ်အင်္ဂါလေးပါးအနက် 'ရထား'မှာ ရှေးနှစ်ပေါင်း ၃ဝ⁠ဝဝ ခန့်ကဖြစ်သော မဟာဘာရတ ကျမ်းကြီးတွင် ဘာရတညီနောင် စစ်ထိုးခန်း စသည်တို့၌ ပါရှိသော်လည်း မြန်မာ့သမိုင်း တစ်လျှောက်၌ 'ရထားတပ်'ဟူ၍ မရှိခဲ့။ တဖန် ပါဠိကျမ်း များ၊ သက္ကတကျမ်းများ၌ 'လှေသင်္ဘောတပ်'(ရေတပ်) ပါရှိစမြဲ ဖြစ်သည်။ ထို့ကြောင့် စစ်တပ်ဖွဲ့ပုံ၊ စစ်ချီပုံ၊ ခံမြို့တည်ပုံ စသည်တို့၌ မြန်မာစစ်ကျမ်းများက ပါဠိကျမ်းများ၊ သက္ကတ ကျမ်းများကို မှီး၍ ဆိုကြသော်လည်း ရေမြေဒေသ ခေတ် ကာလအလျှောက် လက်တွေ့ မြန်မာနည်းများကို တီထွင် ကျင့်သုံးခဲ့ကြကြောင်းဖြင့် သိရသည်။


ဤတွင် မြန်မာရာဇဝင်များ၌ ဖော်ပြထားသော တကောင်းခေတ်၊ သရေခေတ္တရာခေတ်နှင့် ပုဂံပြည် အနော် ရထာမင်းစော လက်ထက် မရောက်မီသော ခေတ်များပ မြန်မာတို့၏ စစ်ဓလေ့ထုံးစံများ မည်သို့ မည်ပုံ ရှိခဲ့ကြ သည်ကိုမူ ကောင်းစွာ မသိရ။ အနော်ရထာမင်းစော လက်ထက်လောက်မှစ၍သာ နည်း⁠နည်းချင်း သိလာရ တော့သည်။


အနော်ရထာမင်းစော လက်ထက်မှသည် သီပေါမင်း လက်ထက်အထိ မြန်မာတို့ စစ်တပ်ဖွဲ့ပုံမှာ ရှေးပဒေသရာဇ် ပုံစံအတိုင်းပင် ဖြစ်သည်။ မင်းဧကရာဇ်တို့ စံနေရာဖြစ်သော ရာဇဌာနီ နေပြည်တော်များတွင် အရှေ့၊ အနောက်၊ တောင်၊ မြောက်တည်းဟူသော လေးပြင်လေးရပ်တို့ကို စောင့်ရှောက် ရသည့် ထောင်မှူးလေးဦး၊ သူရဲ ၄ဝ⁠ဝဝ မှ တစ်ပါး အမြဲ ဖွဲ့စည်းထားသောတပ်ဟူ၍ မရှိ။ စစ်မက်အရေး ပေါ်ပေါက် လာသည့်အခါများတါင်မှ တစ်နိုင်ငံလုံးရှိ ရဲရောင်သန်မာသူ တို့ကို ဆင့်ခေါ်စုရုံး ဖွဲ့စည်းတိုက်ခိုက်စေကြသည်။ ထိုကိစ္စ အတွက်လည်း ထောင်ပြု၊ ရှစ်ရာပြု၊ လေးရာပြု၊ သုံးရာပြု၊ နှစ်ရာပြု၊ တစ်ရာပြု၊ ရှစ်ဆယ်ပြု၊ ငါးဆယ်ပြု၊ သုံးဆယ်ပြု၊ နှစ်ဆယ်ပြုအထိ အသီးအသီး မြို့ပြတည်ရသည်။ ထောင်ပြု မြို့ ဆိုသည်မှာ စစ်မက်အရေးပေါ်ပေါက်လာခဲ့သော် စစ်တပ် အတွက် ရဲမက်တစ်ထောင်ပေးရသည်။ ရှစ်ရာပြုမြို့က ရဲမက် ရှစ်ရာပေးရသည်။ ဤသို့အားဖြင့် သုံးဆယ်ပြု မြို့ကလည်း ရဲမက်သုံးဆယ်၊ နှစ်ဆယ်ပြု မြို့ကလည်း ရဲမက်နှစ်ဆယ် အသီးအသီးပေးကြရသည်။ မြန်မာတစ်နိုင်ငံလုံးမှ ဤနည်း ဖြင့် ရဲမက်သုံးသိန်း ရနိုင်လေရာ မြန်မာနိုင်ငံလုံးကို သုံးသိန်း ပြုဟု သတ်မှတ်ထားသည်။ ဤစံနစ်ကို စတင်တီထွင်ခဲ့သူမှာ အနော်ရထာမင်းစောပင် ဖြစ်သည်။ ထိုစဉ်က မြန်မာနိုင်ငံ၏ အရှေ့ဘက်နယ်စပ်တစ်လျှောက်တွင် အစောင့်အရှောက်မြို့များ အဖြစ် ကောင်းစင်၊ ကောင်းထုံ၊ ငရုန်း၊ ငရင်း အစရှိသော မြို့ပေါင်း ၄၃ မြို့ကို တစ်ပြိုင်နက်တစ်ချက်တည်း တည်စေ ခြင်းမှ အစပြုသည်ဟု ဆိုသည်။


ထိုမြို့များမှ ထောက်ပံ့ကြရသည့် အစုကျစံနစ်မှာလည်း လေးရာပြုမြို့ ဆိုလျှင် ရဲမက် ၄ဝဝ အပြင် တစ်အိမ်လျှင် ငွေ တစ်မူးစီ ပေးရသည်။ ထိုရဲမက် ၄ဝဝ အနက် ဒိုင်းကိုင် ၅ဝ၊ လေးသား ၈ဝ၊ လှံဓား ၅ဝ၊ သေနတ်ကိုင် ၈ဝ၊ ဝန်ထမ်း ၅ဝ၊ အမြောက်တွင် မီးစာကိုင် ၉ဝ ဟူ၍ စုစုပေါင်း ရဲမက် ၄ဝဝ ကို အချိုးကျ ထောက်ပံ့ရသည်။


ထို့ပြင် စစ်မက်ရေး ပေါ်ပေါက်တိုင်း ထီးရံ၊ နန်းရံ ဖြစ်သော စော်ဘွားများ၊ မြို့စားများကလည်း မိမိတို့ တပ်များ နှင့်အတူ ဆင့်ဆိုရာသို့ လိုက်ပါတိုက်ခိုက်ကြရသည်။ မြန်မာမင်းများ လက်ထက်တွင် စစ်ဖက်အမှုထမ်း၊ မြို့ရွာ အုပ်ချုပ်ရေးအမှုထမ်းဟူ၍ သီးခြားမရှိ၊ စစ်မက်အရေး ပေါ်ပေါက်လျှင် ဘုရင်မှအစ အမှုထမ်းတစ်ယောက်မကျန် စစ်မှုထမ်းရွက်ရသည်။ တပ်တွင် ဘုရင်နှင့် အိမ်ရှေ့ မင်းသားတို့ မပါလျှင် ယုံမှတ်သော မင်းသားတစ်ဦးဦး ကို အမှူးအချုပ် ခန့်အပ်သည်။ ထိုအမှူးအချုပ်ကို 'ဗိုလ်မှူးမင်းသား'ဟု ခေါ်သည်။ မြင်းတပ်တွင်လည်း အထူး ယုံမှတ်သော မင်းသားကို ခန့်ထားသည်။ 'မြင်းမှူးမင်းသား' ဟု ခေါ်သည်။ လွှတ်တော်ဝန်ကြီးဟူသရွေ့ကား 'အဂ္ဂမဟာ သေနာပတိ'ဘွဲ့ကို ခံယူကြရသည်။


ရှေးရိုးစဉ်လာအရ မှူးမတ်-မင်းချင်း၊ မင်းခစား-အမှုထမ်း၊ သူရဲ-သူခက်တို့အား အရည်အသွားအလျောက် ရာထူးများ တိုးတက်ခန့်ထားပုံမှာ--

  1. ခြေ ၁ဝ ပွဲရမှ မြင်းသို့ တင်သည်။
  2. မြင်း ၁ဝ ပွဲရမှ ဆင်သို့ တင်သည်။
  3. ဆင် ၁ဝ ပွဲရမှ လှေသို့ တင်သည်။
  4. လှေ ၁ဝ ပွဲရမှ မြို့ပြကံကျွေးပေး၍ သူကောင်းပြုသည်။ ဤစံနစ်ကို ထောက်လျှင် 'လှေတပ်'ကို အရေးအကြီးဆုံးထားကြောင်း သိရသည်။


မြန်မာ့သေနင်္ဂဗျူဟာ စစ်ပညာများ ဖြစ်ကြသော စစ်၏အစီအရင် ခုနစ်ပါး အစရှိသည်တို့ အကြောင်းကို လည်းကောင်း၊ မြန်မာ့စစ်စာပေများ ဖြစ်ကြသော သေနင်္ဂ ဗျူဟာကျမ်း အစရှိသည်တို့အကြောင်းကိုလည်းကောင်း၊ မြန်မာ တို့ အကြီးအကျယ် အောင်နိုင်ခဲ့ကြသည့် အာသံစစ်ပွဲများ အစရှိသည်တို့အကြောင်းကိုလည်းကောင်း၊ မြန်မာစစ်ဘုရင် ကြီးများ ဖြစ်ကြသော အလောင်းမင်းတရား အစရှိသည်တို့ အကြောင်းကိုလည်းကောင်း စာလေးမည်စိုး၍ ခြွင်းချန် ခဲ့သည်။


သို့ ခြွင်းချန်ထားပြီးနောက် သိသင့်၊ သိထိုက် သေး သည်ဟု အထင်ရှိသော သီပေါမင်းတရားလက်ထက် မြန်မာ နိုင်ငံ မပျက်သုဉ်းမီအချိန်က စစ်တပ်ခန့်ခွဲအုပ်ချုပ်ပုံအကြောင်း ကို ဆက်၍ ဆိုပေမည်။

စစ်တပ်ခန့်ခွဲအုပ်ချုပ်ပုံ[ပြင်ဆင်ရန်]

ကြည်းတပ်[ပြင်ဆင်ရန်]

  1. ဆင်အစု။ ။ဆင်ဝန်၊ ဓနက် ပလာဆင်ဝန်၊

ဆင်ဝန်ထောက်၊ ဆင်စာချီ၊ အောက်မားဝန်၊ အောက်မားစာရေး၊ ဆင်မှူး၊ သွေးသောက်ကြီး၊ နောက်တော်ဒိုင်း၊ ဆင် အတတ်ကို ကျွမ်းကျင်သူ၊ ဆင်ဆေးဆရာ။

  1. မြင်းအစု။ ။မြင်းဝန်၊ မြင်းတပ်ဗိုလ်၊ မြင်း

စာရေးကြီး၊ အဝေးမြင်းစာရေး မြင်းခေါင်း၊ မြင်းစီး၊ မြင်း အမှုထမ်း၊ မြင်းဆေးဆရာ။

  1. အမြောက်အစု။ ။အမြောက်ဝန်၊ အမြောက်

စာရေး၊ အမြောက်မှူး၊ သွေးသောက်ကြီး၊ အကြပ်အမှုထမ်း။

  1. စိန်အစု။ ။အမြောက်ဝန်က အုပ်ချုပ်သည်။
  2. သေနတ်အစု။ ။သေနတ်ဝန်၊ သေနတ်ဗိုလ်၊

သေနတ်စာရေးကြီး၊ သေနတ်စာရေး၊ တပ်မှူး၊ သွေးသောက် ကြီး၊ အကြပ်အမှုထမ်း။

  1. ဓားစွဲ၊ လှံစွဲအစု။ ။သေနတ်ဝန်ကြီး၏ လက်

အောက်။

  1. ယွန်း၊ ကောင်ဟန်အစု။ ။သေနတ်ဝန်ကြီး၏

လက်အောက်။

  1. တင်ကျည်းအစု။ ။သေနတ်ဝန်ကြီး၏

လက်အောက်။ (ဝါးရင်းတုတ်အစုဟူ၍လည်း ခေါ်သည်။)

  1. လေးအစု။ ။သေနတ်ဝန်ကြီး၏ လက်အောက်။

(နောက်တွင် သေနတ်ကိုင်ရသည်။)

  1. ဒိုင်းအစု။ ။သေနတ်ဝန်ကြီး၏လက်အောက်။
  2. ကာအစု။ ။လက်နက်ကာ အမှုထမ်း၊

ဆင်ကာအမှုထမ်းဟူ၍ ကွဲပြားသည်။ ဆင်ကာအမှုထမ်းများမှာ အလုပ်ဌာနတွင် ပါဝင်သည်။

ရေတပ်[ပြင်ဆင်ရန်]

  1. သင်္ဘောအစု။ ။ကပ္ပီတန်၊ စက်ဆရာ၊ သင်္ဘော

အမှုထမ်းများ။

  1. သန်အစု။ ။အရှေးက လှေတော်များက ဆွဲရ

သည်။ မင်းတုန်းမင်းနှင့် သီပေါမင်းတို့ လက်ထက်တွင် သင်္ဘောအစုနှင့် ပေါင်းသည်။

  1. သရပတ်အစု။ ။သွေးသောက်ကြီး၊ အကြပ်

အမှုထမ်း။

  1. ရဲလှေအစု။ ။ရဲလှေနှင့် ခတ်လှေမတူ၊ လှေပုံ

ချင်းလည်း မတူ။

  1. ခတ်လှေအစု။ ။ထောင်ကဲ၊ ပဲ့နင်း၊

သွေးသောက်ကြီး၊ ဦးစီး၊ တက်မကိုင်း၊ လက်အောက်အမှု ထမ်းများ။

  1. လှေလျင်အစု။ ။လှေလျင်ဆိုသည်မှာ လှော်

လှေနှင့် လှော်လောင်းတို့ကို ဆိုလိုသည်။ ဓာတ်လှေလည်း ပါဝင်သည်။

နေပြည်တော်စောင့်တပ်[ပြင်ဆင်ရန်]

  1. နန်းတွင်းစောင့်။ ။တောင်ထားဝယ်အစု၊

မြောက်ထားဝယ်အစု၊ တောင် တစ်ရာ့ငါးဆယ်အစု၊ မြောက် တစ်ရာ့ငါးဆယ်အစု၊ မြောက်မာရဘင်၊ ရွှေပြည်မှန်ကင်း၊ နောက် ဝန်းကျင်အစုများနှင့် တံခါးနီ၊ ဝင်း လေးမျက်နှာ လည်း ပါဝင်သည်။

  1. မြို့တွင်း ၁၂ ကွက်စောင့်။ ။တစ်ကွက်လျှင်

တစ်ကင်းကျ စောင့်ရသည်။ ယခုကာလရှိ ကင်းဂတ်များနှင့် တူသည်။

  1. အုတ်မြို့ ၁၂ တံခါးစောင့်။ ။တံခါးဗိုလ်၊

တံခါးမှူးများအပြင် စုကြီး ခြောက်ကြောင်းက အလှည့်ကျ စောင့်ရသည်။ အစုကြီးများမှာ နတ်စု လက်ဝဲ၊ နတ်စု လက်ယာ၊ ရွေးလက်ဝဲ၊ ရွေးလက်ယာ၊ လက်ဝဲကြောင်း၊ လက်ယာကြောင်းတို့ ဖြစ်သည်။

  1. မြေမြို့ ၅၇ တံခါးစောင့်၊ မြေမြို့အတွင်း

အစောင့်။ ။တံခါးတစ်ပေါက်လျှင် တံခါးမှူး ၁၊ တံခါး စောင့် ၁၊ တစ်ကွက်လျှင် အရာထောက် (ရပ်ကွက်သူကြီး)၊ အကွဲထောက် (ရပ်ကွက်သူကြီး)၊ ဆယ်အိမ်ခေါင်းနှင့် အစု သေနတ်တို့က စောင့်ရသည်။ အစုသေနတ်မှာ တောင်မာ ရဘင်၊ ရွှေလှံ နတ်ရှင်၊ ရွေးလင်းဇင်း၊ ရွှေပြည်၊ ဘုန်းတော် ဖြစ်၊ ဘုန်းတော်တိုး၊ သူရဲအမှုထမ်းများ ဖြစ်သည်။

  1. မြို့တော်စောင့်။ ။မြို့တော်ကို အစုသေနတ်၊

သို့မဟုတ် တာဝန်ချထားသော ကောင်ဟုန်စု၊ ယွန်းစု စသည် တို့က စောင့်ရသည်။

အဝေးမြို့စောင့်[ပြင်ဆင်ရန်]

  1. မြို့တွင်းအမြဲစောင့်အမှုထမ်း။ ။အမှုထမ်း

မြို့ဖြစ်လျှင် အမှုထမ်းများက စောင့်ရသည်။ အမှုထမ်းမြို့ မဟုတ်လျှင် မြို့စောင့်သေနတ်က စောင့်ရသည်။ သူကြီးများ က အလှည့်ကျ အုပ်ချုပ်ရသည်။

  1. လမ်းလျှောက်ကင်းစောင့်အမှုထမ်း။ ။လမ်း

လျှောက် တပ်ဗိုလ်နှင့် တပ်မှူးတို့ကို ခွဲခြားခန့်ထားသည်။ အစု ဝင် အမှုထမ်းမဟုတ်သူများနှင့် ပေါင်း၍ စောင့်ရသည်။

လက်နက်တိုက်[ပြင်ဆင်ရန်]

  1. နေပြည်တော်လက်နက်တိုက်။ ။လွှတ်တော်က

ကြီးကြပ်စီမံ၍ လက်နက်တိုက်ဝန်၊ လက်နက်တိုက်စာရေး၊ သွေးသောက်ကြီးအမှုထမ်းများက အုပ်ချုပ်သည်။

  1. အဝေးလက်နက်တိုက်မှူး။ ။ဒေသဆိုင်ရာ

အရာရှိများနှင့် အမှုထမ်းများက အုပ်ချုပ်ရသည်။ ဤသည်တို့ကား မြန်မာ့စစ်တပ် သမိုင်းနှင့် စပ်လျဉ်း ၍ သိသင့်သိထိုက်သော အကြောင်းအချက်အချို့ ဖြစ်သည်။ ဤတွင် 'မြန်မာ့စစ်တပ်သမိုင်း'အကြောင်းကို နိဂုံး မချုပ်မီ ရှေးမြန်မာစစ်သည်တော်များ စစ်ချီတက်၊ တိုက်ခိုက် ကြပုံနှင့် စပ်လျဉ်း၍ နိုင်ငံခြားသားတစ်ဦး၏ အမြင်ကို တင်ပြ လိုပေသည်။ ထိုသူမှာ အခြားမဟုတ်။ မျက်မြင်ကိုယ်တွေ့ လေ့လာမှတ်သားထားသူ ဗရင်ဂျီဘုန်းတော်ကြီး ဆန်ဂျာမာနို ဖြစ်သည်။ ၁၈၃၃ ခုနှစ်တွင် သူရေးသည့် 'ဗမာ့အင်ပါယာ အကြောင်း'ဟူသော ကျမ်း၌ အောက်ပါအတိုင်း အပိုအလို မရှိ မှတ်တမ်းတင်ထားခဲ့လေသည်။


စစ်ထွက်ရတော့မည်ဟု အမိန့်ရကြသည်နှင့် တပြိုင် နက် ဗမာစစ်သည်တော်များသည် ကောက်စိုက်ခြင်း၊ ကောက် ရိတ်ခြင်းနှင့် စစ်မဲ့အချိန်တွင် ဝမ်းစာအတွက် ရှာမှီးလုပ်ကိုင် လျက် ရှိကြသော မည်သည့်အလုပ်အကိုင်မျိုးကို မဆို ပစ်ထား ခဲ့ကြပြီး ချက်ချင်းပင် သက်ဆိုင်ရာ တပ်ဖွဲ့များသို့ သွားရောက် သတင်းပို့ကြကာ စစ်ထွက်ရန် ပြင်ဆင်ကြကုန်သည်။ နောက် သူတို့၏ လက်နက် (သေနတ်)များကို ပခုံးပေါ်တါင် ထမ်းပိုး သဖွယ် ထမ်းလိုက်ကာ တစ်ဘက်အစွန်းတွင် ဖျာလိပ်တစ်လိပ်၊ ညတွင် ခြုံရန် စောင်တစ်ထည်၊ သေနတ်အတွက် ယမ်းနှင့် ကျည်ဆန်များ၊ ချက်ပြုတ်စားသောက်ရန် အိုးငယ်တစ်ခုကို ချိတ်လိုက်ပြီး အခြားတစ်ဘက်အစွန်းတွင် ဆန်၊ ဆား၊ ငါးပိ တို့ကို ချိတ်လိုက်သည်။ ဤသို့အားဖြင့် ဗမာစစ်သည်တော် များသည် လိုရာ စခန်းသို့ ယာဉ်များမပါ၊ အဝတ်တဲများ မပါ၊ ဝတ်ဆင်နေကျ အဝတ်အစားများနှင့်ပင် ခေါင်းပေါ်၌ 'စစ်သား' ဟု အသိအမှတ်ပြုရသည့် အဝတ်နီစများကို တင်ကာ ခြေလျင် လျှောက်ကြသည်။ အိပ်သည်ဆိုရာ၌လည်း ခဏ ခေတ္တလောက် သာ အိပ်ကြသည်။ အိပ်ရာမှ ထလာပြန်လျှင်လည်း မိမိတို့ ကိုယ်တိုင် ကိုယ်ကျ ထမင်းကို ချက်၍ မိမိတို့ ကိုယ်တိုင် ကိုယ်ကျပင် စစ်သားများနှင့် ခရီးသွားတိုင်း အမြဲဆောင်ထား လေ့ ရှိသည့် ငါးပိအနည်းငယ်နှင့် ရောသောဟင်းသီးဟင်းရွက် ရေလုံပြုတ်တစ်မျိုးကို ပြုတ်ကျိုကာ စားသောက်ကြပြီးနောက် နံနက် ကိုးနာရီဆိုလျှင် ဆက်လက်ချီတက်ကြပြန်သည်။ ည အချိန်တွင်မူ သူတို့သည် မြေကြီးပေါ်၌ပင် တိုက်ခတ်လျက် ရှိသော လေပွေ လေပြင်း၊ ကျဆင်းလျက်ရှိသော နှင်းမှုန် နှင်းခဲ၊ စွေကြဲလျက်ရှိသော မိုးသီးမိုးပေါက်တို့ကို သစ်ရွက် ဆူးချုံတို့ဖြင့်သာ ကာ၍ ရံ၍ အိပ်ကြကုန်သည်။ တစ်ခါတစ်ရံ တိုက်ပွဲစစ်ပွဲများကို ရှေ့လာမည့်နှစ်သို့ ရွေ့ဆိုင်းလိုက်ကြပြန်ပြီ ဆိုလျှင် ထိုစစ်သည်တော်များသည် ရဲဘော်ရဲဘက် အားလုံး စားသုံးနိုင်ရန်အတွက် ရန်သူ့နယ်ပယ်အတွင်း၌ပင် လယ်ထွန် ခြင်း၊ စပါးစိုက်ခြင်းစသော အမှုကိစ္စတို့ကို ပြုလုပ်ကြရပြန် လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)