မြန်မာစကားသံဖွဲ့ပုံ

ဝီကီပီးဒီးယား မှ
(မြန်မာအသံဖြစ်ပေါ်ပုံ မှ ပြန်ညွှန်းထားသည်)

မည်သည့်ဘာသာ၌မဆို စကားပြောင်းလဲခြင်းကို တွေ့ရ၏။ စကားပြောင်းလဲခြင်းသည် အသံပြောင်းလဲခြင်းပင် ဖြစ်၏။ ဘာသာစကား အသံပြောင်းလဲပုံကို ထင်ရှားစေခြင်းငှါ အသံဖြစ် ကိရိယာများကို ဖော်ပြပေအံ့။ လူ၏အသံဖြစ်ရာဌာနသည် ခံတွင်း၊ နှာတွင်းနှင့် လည်မျို (ရေမျို)ဟု ခေါ်ကြသော အသံအိုး ဖြစ်၏။ အသံသည် ထွက်သက် ဝင်သက်ကြောင့် ဖြစ်၏။ များသောအားဖြင့် ထွက်သက်ကြောင့် ဖြစ်၏

အသံအိုးနှင့်အသံကြိုး ။ ။ လည်စေ့၌ လေပြွန် အနည်းငယ် ဖောင်းသောနေရာကို လည်မျို ဟု ခေါ်သည်။ လည်မျို၌ အသံဖြစ်သောကြောင့် လည်မျိုကို အသံအိုးဟုလည်းခေါ်၏။ လည်မျိုတွင် ရှေ့စုလျက်၊ နောက်က ကွဲနေသော ညွှတ်ပျောင်း ခိုင်မာသည့် ကြိုးနှစ်ချောင်း ရှိသည်။ ယင်းတို့ကို အသံကြိုးဟု ခေါ်၏။ အသက် မှန်မှန် ရှူလျှင် ဤကြိုးနှစ်ချောင်းသည် လှည်းထောက်ခွကဲ့သို့ ပွင့်လျက် ရှိရာ၊ အသက်သည် အဆီးအတား မတွေ့ဘဲ ဝင်ထွက်နိုင်၏။ နောက် ကွဲနေသာ အစွန်းနှစ်ခုကို စေ့လိုက်လျှင် လေပေါက်သည် လုံးလုံးပိတ် သွား၏။ ဤကဲ့သို့ လုံးလုံး မပိတ်ဘဲ အလျား လိုက် လေပေါက်ကလေးသည် အနည်းငယ်သာ ပွင့်လျက် နေလျှင် ထွက်သက်သည် အသံကြိုးများကို အတင်းတိုးသဖြင့် ကြိုးများသည် လှုပ်ခါကြ၏။ ဤသို့ ကြိုးများ လှုပ်ခါခြင်း ကြောင့် ဃောသခေါ်သော အသံ ဖြစ်၏။ လည်စေ့ပေါ်ကို လက်ချောင်းများတင်၍ စမ်းလျှင် အသံကြိုးခါသည်ကို သိနိုင် ၏။ ဃောသအသံ ထွက်စဉ် နားပေါက်နှစ်ခုကို လက်နှင့် ပိတ် ထားလျှင်လည်း အသံကြိုး ခါသည်ကို သိနိုင်၏။ အကယ်၍ အဆိုပါ အလျားလိုက် လေပေါက်ကလေးကို ကျယ်ကျယ် ဖွင့်လျှင် ထွက်သက်သည် အသံကြိုးကို တိုးထွက်ရန် မလို တော့သဖြင့် ဃောသအသံ မဟုတ်ဘဲ အသက်ရှူသံ၊ သို့မဟုတ် ဟ သံ ဖြစ်လာ၏။

ခံတွင်းနှင့် အသံဖြစ် ကိရိယာများ ။ ။ လေပြွန်နောက်၌ အစာဆင်းသော လည်ချောင်းရှိ၏။ လျှာ နောက် အောက်က ထွက်နေသော အသားမျှင်ကလေးကို အသံ အိုးဖုံးဟုခေါ်၏။ အစာမျိုသောအခါ ထိုအဖုံးသည် အသံ အိုး ဝင်ပေါက်ကို ပိတ်လိုက်၏။ အောက်ဘက်ရှိ အသံအိုးနှင့် လည်ချောင်းသို့၎င်း၊ အထက်ဘက်ရှိ ခံတွင်းနှင့် နှာတွင်းသို့၎င်း ပေါက်ရောက်သော နေရာကို အာစောက်ဟု ခေါ်၏။ ခံတွင်း၌ သွားများ၊ ပျော့ပျောင်းသော နှုတ်ခမ်းနှစ်ခုနှင့် အလွန်လှုပ်ရှား တတ်သော လျှာ ရှိသည်။ လျှာသည် ခံတွင်းတွင် ရွှေ့ချင် သလို ရွှေ့၍ အထက် မေးရိုးကို လိုအပ်သော နေရာ၌ ထိနိုင်သော ကြွက်သားစု ဖြစ်သည်။ လျှာဖျား၊ လျှာရှေ့၊ လျှာနောက် ဟူ၍ သုံးပိုင်း ခွဲထား၏။ အာခေါင်ကို သွားရိုး၊ အာခေါင်မာ၊ အာခေါင်ပျော့၊ လျှာခင် ဟူ၍ လေးပိုင်းခွဲထား၏။ နှာတွင်းသို့ လေမသွားရအောင် လျှာခင်က ပိတ်နိုင်၏။ အထက်ပါ ပုံ ၁ ကို ရှု။

ဃောသ အဃောသ ။ ။ အသံကြိုးများ အနည်းငယ် ပိတ်သောကြောင့် ထွက်သက်သည် အသံအိုး၌ အဆီး အတား တွေ့၍ အသံဖြစ်ကြောင်းကို သိခဲ့ကြ ပြီ။ ထွက်သက်သည် အသံကြိုးများ ပွင့်နေသောကြောင့် အသံ အိုး၌ အဆီးအတား မတွေ့၍ အသံ မဖြစ်ခဲ့လျှင် ခံတွင်းသို့ ရောက်သောအခါ အဆီးအတား တွေ့မူ အသံ ဖြစ်နိုင်သည်။ အသံအိုး၌ အဆီးအတားကြောင့်ဖြစ်သော အသံကို ဃောသဟု ခေါ်ရကား၊ ခံတွင်း၌ အဆီးအတားကြောင့်ဖြစ်သော အသံကို အဃောသဟုခေါ်၏။ (အသံအိုး၌သော်လည်းကောင်း၊ ခံတွင်း ၌သော် လည်းကောင်း၊ အဆီးအတား မရှိလျှင် အသံ မဖြစ်နိုင်။) ထွက်သက်သည် အဆီးအတားကို အာခေါင်ပျော့၌ တွေ့ လျှင် က-သံထွက်၏။ အာခေါင်မာ၌ တွေ့လျှင်၊ ကျ- သံ ထွက်သည်။ ကျ-သံထက် အနည်းငယ် နောက်ပိုင်းကျသော အသံသည် ဋ-သံ ဖြစ်၏။ သွားရိုး၌ အဆီးအတားကို တွေ့လျှင် တ-သံ ထွက်၏။ နှုတ်ခမ်း၌ အဆီးအတားကို တွေ့လျှင် ပ-သံ ထွက်၏။ က-ကျ-ဋ-တ-ပ- အသံ ထွက်ရာ၌ လျှာထားပုံကို အမှတ် ၂၊ ၃၊ ၄၊ ၅၊ ၆ ၌ ပြထားပေသည်။ သို့ဖြစ်၍ ဃောသ အသံသည် အသံအိုး၌ ဖြစ်၍ အဃောသ အသံသည် ခံတွင်း၌ ဖြစ်၏။ ထွက်သက် သည် အဆိုပါပုံတို့၌ ပြထားသည့်အတိုင်း အဆီးအတားကို တိုး၍ ဖျတ်ကနဲ အဆီး အတား ပွင့်ရာ၊ အဆိုပါ အဃောသအသံငါးမျိုး အသီးအသီး သည် ပေါက်ကွဲသံကဲ့သို့ မြည်သဖြင့် ယင်းတို့ကို ပေါက်ကွဲသံ ဟု ခေါ်၏။ ပေါက်ကွဲသံသည် ရှည်ရှည် ဆွဲမြည်နိုင်သော အသံမျိုးမဟုတ်။ က၊ ကျ၊ ဋ၊ တ၊ ပ အသံတို့သည် အသီးအသီး မြည် နိုင်သော အခြေအနေ၌ ရှိနေကြစဉ်၊ ထွက်သက် သည် အသံ အိုး၌ အသံကြိုးများကို လှုပ်ခါ၍ ထွက်လျှင် က၊ ကျ၊ ဋ၊ တ၊ ပ တို့၏ ဃောသအသံ ဖြစ်သော ဂ၊ ဂျ၊ ဍ၊ ဒ၊ ဗ၊ အသံ တို့ကို ရ၏။ အသံအိုး၌ စ၍ ဖြစ်သောကြောင့် ယင်းတို့ကို ဃောသဟု ခေါ်၏။ အဆိုပါ အသံအသီးသီးသည် မြည်နေခိုက်၊ ပုံ(၂) (၃) (၄) (၆) တို့၌ ပြထားသည့်အတိုင်း လျှာခင်သည် အာစောက် ကို ထိသဖြင့် ထွက်သက်အလုံးသည် ခံတွင်းသို့ သွား၏။ အကယ်၍ အသံအိုးမှ ဃောသ အသံ ထွက်နေခိုက်၊ ထွက် သက်သည် လျှာခင်နှင့် အာစောက်အကြားမှ နှာတွင်းသို့ ဝင်ပြီးလျှင် နှာပေါက်မှ ထွက်လျှင် နှာသံ ဖြစ်၏။ ပုံ (၇)၌ နှာသံဖြစ်သော မ-ကို မြည်စဉ် လျှာခင်နှင့် အာစောက် အကြားမှ လေကြောင်းသွားပုံကို ပြထားသည်။ လျှာခင်သည် အာစောက်နှင့် ထိခြင်း မထိခြင်းသည် ပ-နှင့် မ- မြည်ပုံ ခြားနားခြင်း ဖြစ်သည်။ အဆိုပါ ပေါက်ကွဲသံ ငါးခုတို့နှင့် ဆိုင်သော နှာသံ ငါးမျိုးရှိ၏။ က၊ င.အသံတို့နှင့်ဆိုင်သောနှာသံ င. ဖြစ်သည်။ ကျ၊ ဂျ ည ဋ၊ ဍ ဏ တ၊ ဒ န ပ၊ ဗ မ က၊ ကျ၊ ဋ၊ တ၊ ပ. အသံတို့ကို လေသံတင်းတင်းမြည်လျှင် ယင်းအသံ အသီးအသီးတွင် ဟ-သံ ပါ၏။ သို့ဖြစ်၍ အဃောသ အသံက က-ကို လေသံ တင်းတင်းမြည်လျှင် ခ-သံ ဖြစ်၏။ ကျ ချ ဋ ဌ တ ထ ပ ဖ ထိုနည်းအတူ ဃောသအသံ ဂ-ကို လေသံ တင်းတင်းမြည်လျှင် ဃ သံ ဖြစ်၏။ ဂျ ဃျ ဍ ဎ ဒ ဓ ဗ ဘ အထက်ပါ ဗျည်းများကို က-ဝဂ်၊ ကျ-ဝဂ်၊ ဋ-ဝဂ်၊ တ-ဝဂ်၊ ပ-ဝဂ် ဟူ၍ အောက်ပါအတိုင်း စီစဉ်၍ ပြနိုင်၏။ မှတ်ချက်။ ။ က-ဝဂ် ဗျည်းငါးခုတို့ အသံထွက်ပုံကို ပုံ(၂)၌ ပြထားသည်၊ လျှာနောက်ပိုင်းဖြင့် အာခေါင်ပျော့ကို ထိ၍ ထွက်သော ယင်းအသံကို ပါဠိသဒ္ဒါ၌ ကဏ္ဌဇ-လည်ချောင်းသံ ဟုခေါ်၏။


ကျ-ဝဂ် ပဌမဗျည်းလေးခုတို့ကို စ၊ ဆ၊ ဇ၊ ဈ၊ဟု ရေးသင့်သော်လည်း၊ မူလ သက္ကတ ပါဠိ အသံကို ပုံ(၃) ၌ ပြထားသည်။ လျှာဖျားဖြင့် အာခေါင်မာကို ထိ၍ ထွက်သော ယင်းအသံ တို့ကို ပါဠိသဒ္ဒါ၌ တာလုဇ ဟုခေါ်၏။


ဋ-ဝဂ် ဗျည်း ငါးခုတို့ အသံထွက်ပုံကို ပုံ(၄)၌ ပြထားသည်။ လျှာဖျားဖြင့် အာခေါင် အလယ် လောက်ကို ထိ၍ ထွက်သော ယင်းအသံတို့ကို ပါဠိသဒ္ဒါ၌ မုဒ္ဓဇ ဟုခေါ်၏။ ယခု မြန်မာအသံအားဖြင့် ဋ-ဝဂ်သည် တ-ဝဂ် မှ မခြားနားချေ။


တ-ဝဂ် ဗျည်း ငါးခုတို့ အသံထွက်ပုံကို ပုံ (၅) ၌ ပြထားသည်။ လျှာထိပ်ဖြင့် သွားရိုးနောက်ကို ထောက်၍ ထွက်သော ယင်းအသံတို့ကို ပါဠိသဒ္ဒါ၌ ဒန္တဇ ဟုခေါ်၏။


ပ-ဝဂ် ဗျည်း ငါးလုံးတို့ အသံထွက်ပုံကို ပုံ (၆)၌ ပြထားသည်။ နှုတ်ခမ်းပိတ်ပြီးမှ ဖွင့်၍ ထွက်သော် ယင်း အသံတို့ကို ပါဠိသဒ္ဒါ၌ 0x100သဋ္ဌဇ ဟုခေါ်၏။


ယခု မြန်မာအသံအားဖြင့် ဂ နှင့် ဃ ခြားနားခြင်း မရှိချေ။ ပုံ (၈) ၌ ပြထားသည့်အတိုင်း လေသွားရာ လမ်းကြောင်း ကျဉ်းမြောင်း၍ သွားကြားမှ လေထွက်လျှင် စ၊ ရှ -တည်းဟူ သော သွားကြားသံများကိုရ၏။ လေသွားရာ လမ်းကြောင်း ကျဉ်းမြောင်းအောင် လျှာဖျားကို သွားရိုးသို့ မြေ|ာက်ထားစဉ် လေသည် သွားကြားမှ ထွက်သောအခါ ဖြစ်သော အသံသည် စ-သံဖြစ်၏။ ရှ-ကို မြည်ရာ၌ကား စ-ထက် အနည်းငယ် နောက်ကျကျ လေသွားရာ လမ်းကြောင်းကို ကျဉ်းမြောင်းစေပြီး လျှင် လျှာထိပ်သည် သွားရိုးနောက် အောက်ကနေစဉ်၊ လေ သည် လျှာအလယ်ကြောင်းကို လျှောက်၍ တိုးထွက်၏။ က- သည် ခ၊ဂ၊ ဃ တို့ဖြင့် အသံအားဖြင့် တော်စပ် သကဲ့သို့၊ စ-သည်လည်း ဆ၊ ဇ၊ ဈ၊ တို့နှင့် အသံအားဖြင့် တော်စပ် သည်၊ သို့ဖြစ်၍ စ၊ ဆ သည် အဃောသ အသံလျော့၊ အသံတင်း ဖြစ်ကြ၍ ဇ၊ ဈ သည် ဃောသ အသံလျော့၊ အသံတင်း ဖြစ်ကြ၏။ သွားကြားသံသည် သွားကြားမှ လေထွက်သောကြောင့် ဖြစ်ရကား၊ လေထွက်နေသမျှ ကာလပတ်လုံး ဆက်၍ မြည် နိုင်သော အသံ ဖြစ်၏။ ပေါက်ကွဲသံများကား ဤကဲ့သို့ ဆက်၍ မမြည်နိုင်ချေ။ လျှာထိပ်ကို မလိပ်စေဘဲ သွားရိုးနှင့် ထိ၍ ထားစဉ် လျှာဘေးတစ်ဘက်၊ သို့မဟုတ် နှစ်ဘက်ကို လျှောက်၍ လေထွက်စေလျှင် လ-သံ ဖြစ်၏။ လျှာနောက်ပိုင်းကို အာခေါင်ပျော့သို့ အနည်းငယ် မြှင့်လျှင် ဠ-သံ ဖြစ်၏။ လျှာဖျားကို မြှင့်၍ လျှာထိပ်အောင် လေမှုတ်လျှင် လျှာ လိပ်သံ ခေါ်သော ရ-သံ ဖြစ်၏။ လျှာထိပ်ကို အထက်သွားများ၊ သို့မဟုတ် အထက်သွား အောက်သွား အကြားသို့ ကပ်ရုံမျှ ကပ်ထားစဉ်၊ လေတိုး၍ ထွက်သော အသံသည် သ-သံ ဖြစ်၏။ သင်း(နာမ်စား)၊ သို့မဟုတ်-တို့၌ မြည်သော သ-သံသည် ဃောသအသံ ဖြစ်၏။

ယနှင့်ဝသည် ဗျည်းတစ်ပိုင်းသရတစ်ပိုင်း အသံဖြစ်၏။ 

ဣ-သရ မြည်ခိုက် လျှာဖျားဖြင့် အာခေါင်မာကို ထိလိုက်လျှင် ယ-အသံ ထွက်၏၊ ဥ-သရ မြည်ခိုက် နှုတ်ခမ်းကို ဝိုင်း လိုက်လျှင်၊ ဝ-သံထွက်၏။ သို့ဖြစ်၍ ယ-သည် ဣ-သရ နှင့်နီးစပ်၍၊ ဝ-သည် ဥ-သရနှင့် နီးစပ်၏။

သရ။ ။ သရသည် အသံထွက်ရာ၌ ဗျည်းနှင့်မတူ၊ အသံအိုးမှ ဖြစ်၍ ခံတွင်းပ အဆီးအတား မတွေ့ဘဲ ထွက်သော အသံကို သရ ဟုခေါ်၏။ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီးလျှင် လျှာကို ပြားပြားထားခိုက် လှုပ်ခါနေသော အသံကြိုးနှစ်ခုအကြားမှ ခံတွင်း၌ အဆီး အတား မတွေ့ဘဲ ထွက်သော သရသံသည် အာ-သရ ဖြစ်၏။ သရသည် အသံတို၊ အသံရှည်ဟု နှစ်မျိုးရှိ၏။ အ-ကဲ့သို့ မတြာတစ်ခု ဠကာသော သရကို အသံတို့ ခေး၏။ အာ-ကဲ့သို့ မတြာ နှစ်ခုကြသော သရကို အသံရှည်ဟုခေါ်၏။ (မတြာသည် လက်ပစ်တစ်တွက်၊ လျှပ်စစ်တစ်ပြက်၊ မျက်စိ တစ်မှိတ်ဟု ဆိုသော အခန့်ကာလ ဖြစ်သည်။) ထို့ပြင် လူတစ်ယောက်ကို ဟစ်ခေါ်ရာ၌ ဆွဲထားသော အသံ ရှည်မျိုးလည်း ရှိသေး၏။ မတြာ သုံးခု ကြာသည်ဟူ၏။ အသံတိုကိုလည်း သာ၍တို အောင် မြည်နိုင်သေး၏။ အရုပ် ဟူသော စကား၌ အ-သည် အတြာဝက်မျှ ရှိ၏။

သရအမျိုးမျိုး။ ။ ပါးစပ်ကို ကျယ်ကျယ် ဖွင့်ပြီးလျှင်၊ လျှာကို ပြားပြားထားခိုက် မြည်သော အာ-သည် မူလသရ ဖြစ်၏။ ယင်းအနေအထားမှ စ၍ ပါးစပ်ပေါက်ကို တဖြည်းဖြည်း ကျဉ်းစေ၍ လျှာကို တဖြည်းဖြည်း မြှင့်လျှင် ရှေ့သရများကို ရ၏။ ထိုနည်းအတူ ပါးစပ်ပေါက်ကို တဖြည်းဖြည်း ပိတ်ကာ လျှာနောက်ကို တဖြည်းဖြည်း မြှင့်၍ နှုတ်ခမ်းကို ဝိုင်းစေလျှင် နောက် သရများကို ရ၏။ ရှေ့သရနှင့် နောက် သရ အကြားတွင် ကြားသရများ ရှိ၏။ ရှေ့သရများတွင် အီ-သရဖြစ်သော နေရာသည် အမြင့် ဆုံးဖြစ်၍၊ နောက်သရများတွင် အူ-သရဖြစ်သော နေရာသည် အမြင့်ဆုံးဖြစ်၏။ အာ-နှင့်အီ-အကြားတွင် အယ်-နှင့် အေ-ရှိ၏။ အာ-နေရာမှ လျှာရှေ့ကို အနည်းငယ်မြှင့်လျှင် အယ်-သံ ထွက်၏။ သည့်ထက် တိုး၍ လျှာကို မြှင့်လျှင် အေ-သံ ထွက်၏။ သည့်ထက်တိုး၍ လျှာကို မြှင့်လျှင် အီ-သံ ထွက်၏။ ထိုနည်းအတူ အာ-နေရာမှ အနည်းငယ် လျှာနောက်ကို မြှင့် နှုတ်ခမ်းကို ဝိုင်းလျှင် အော်-သံ ထွက်၏။ သည့်ထက် တိုး၍ လျှာကို မြှင့်၊ နှုတ်ခမ်းကို ဝိုင်းလျှင် အို-သံ ထွက်၏။ သည့်ထက်တိုးတ၍ လျှာကိုမြှင့်၊ နှုတ်ခမ်းဝိုင်းလျှင် အူ-သံ ဖြစ်၏။ ပုံ (၁၂)တွင် ဠကက်ခြေခတ်သော နေရာသည် လိုရာသရ မြည်ရာ၌ လျှာ အမြင့်ဆုံး နေရာကို ပြသည်။ မြန်မာဘာသာ၌ သရသံပေါင်း ၅ဝ ရှိ၏။ ယင်းတို့ကို အသံ နီးစပ်သည့်အတိုင်း စု၍ အောက်၌ စီစဉ် ထား၏။

က ခ ဂ အတန်း၁ အာ အ အား အတ် အန် အန့် အန်း အတန်း၂ အီ အိ အီး အစ် အင် အင့် အင်း အတန်း၃ အို အို့ အိုး အုတ် အုန် အနု့် အုန်း အတန်း၄ အေ အေ့ အေး အိတ် အိန် အိန့် အိန်း အတန်း၅ အူ အူ့ အူး အွတ် အွန် အွန့် အွန်း အတန်း၆ အယ် အယ့် အဲး အက် အတန်း၇ အိုက် အိုင် အိုင့် အိုင်း အတန်း၈ အောက် အောင်အောင့်အောင်း အတန်း၉ အော်အော့အော ဤအစီအစဉ်သည် ထင်သလောက် မရှုပ်ထွေးချေ။ အတန်း ၁၊ ၂၊ ၃၊ ၄၊ ၅ တို့တွင် အတန်းတိုင်း၌ ရှိသော သရ ခုနစ်ခုတို့ကို က၊ ခ၊ ဂ ဟူ၍ သုံးပိုင်း ခွဲခြားနိုင်၏။ က-အပိုင်းရှိ သရ သုံးခုတို့သည် အသံရှည်၊ အသံတို (အောက် မြစ်)၊ ဝစ္စနှစ်လုံးပေါက်သံများ ဖြစ်ကြ၏။ ပုံစံ- အတန်း ၁ ၌ အသံရှည်-အာ၊ အသံတို အောက်မြစ်သံ-အ၊ ဝစ္စနှစ်လုံးပေါက် သ့ အား ဖြစ်ကြ၏။ ခ-အပိုင်းရှိ သရသည် အသတ်သံဖြစ်၍၊

အပိုင်းရှိ သရ သုံးခုသည် နှာသံ (အရှည်၊ အောက်မြစ်၊ ဝစ္စပေါက်)များ ဖြစ်ကြ၏။ အတန်း ၆ ၌ နှာသံ မရှိချေ။ အတန်း ၇၊ ၈ ၌ အသတ်နှင့် နှာသံ မရှိချေ။ အတန်း ၉ ၌ အသတ်နှင့် နှာသံ မရှိချေ။ ပုံ (၁၂) ၌ ဖော်ပြထားသော သရ ခုနစ်ခုတို့ကို အစွဲပြု၍

ကျန်သရတို့ ဖြစ်ရာနေရာများကို အကြမ်း အားဖြင့် အောက်ပါ အတိုင်း ပြနိုင်သည်။ အာ အီ အူ ကို တြိဂံကဲ့သို့ ပြထား သည်။ ပုံ(၁၃)၌ အောက်မြစ်သံနှင့်ဝစ္စပေါက်သံတို့ကို ဖော်ပြရန် မလိုတော့ချေ။ အောက်မြစ်သံနှင့် ဝစ္စပေါက်သံ အဖို့ လျှာ၏ အနိမ့်အမြင့်သည် ဆိုင်ရာ အသံရှည်အဖို့ လျှာ၏အနိမ့် အမြင့်ပင် ဖြစ်၏။ အာအေ အီ အစ ရှိသော နှစ်မတြာကြာ သည့် အသံရှည်သည် ခံတွင်း၌ အဆီးအတား မတွေ့ဘဲ အသံ အိုးတွင် မြည်သော အသံ ဖြစ်သည်။ ပိတ်နေသော အသံကြိုး နှစ်ခုကို အောက်က လေတိုးရာ ဖျက်ကနဲ ကြိုးနှစ်ခု ပွင့်ခြင်း ကြောင့် မြည်သော အသံသည် အ အေ့ အိ အစရှိသော တစ် မတြာကြာသည့် အောက်မြစ်အသံတို ဖြစ်သည်။ ဝစ္စပေါက်သံ သည် အသံရှည်ကို လေးလေးနက်နက် မြည်သော ဂရုသံ ဖြစ်သည်။ အသတ်သံသည် အောက်မြစ်သံကို အနည်းငယ် မြင့်အောင် ဆတ်ဆတ်မြည်သော အသံ ဖြစ်သည်။ နှာသံ သည်လည်း အသံရှည်၊ အောက်မြစ်သံ၊ ဝစ္စပေါက်သံ ဟူ၍ သုံးမျိုးပြား၏။ မတြာဝက် အသံသည် အာ အယ် အော် သုံးနေရာ၏ ဗဟိုလောက်တွင် ကျသည်။ အသံဖြစ်ပုံကို ထောက်၍ အသံ ပြောင်းလွှဲခြင်း၏ အကြောင်းရင်းကို သိနိုင်၏။ (၁) ရ-အသံမှ ယ- အသံသို့ပြောင်းလဲခြင်း။ ကြောင်း၊ ကြား အစရှိသည်တို့၌ ရ-သည် ယ-အသံသို့ ပြောင်းလဲ၏။ လျှာလိပ်သံခေါ်သော ရ-သံကို မြည်ရသည်ထက် သရ တစ်ပိုင်း ဗျည်းတစ်ပိုင်းဖြစ်သော ယ-သံကို မြည်ရသည်က သာ၍လွယ်၏။ ဘာသာစကား အသံပြောင်းလဲခြင်း သည်လည်း ခက်ခဲသော အသံမှ လွယ်ကူသော အသံသို့ ပြောင်းလဲခြင်း ဖြစ်ရကား၊ ခက်ခဲသော ရ-သံသည် လွယ်ကူသော ယ-သံသို့ ပြောင်းလဲ၏။ (၂) လ-အသံ ပြောင်းလဲခြင်း။ ပုဂံကျောက်စာများ၌ ယ၊ ရ အစား လ-ဆွဲသည်ကို တွေ့ရ၏။ ထားဝယ် ဒေသန္တရ၌လည်း ယခုတိုင် လ-ဆွဲသံကို ကြားရ၏။ လ-သံမြည်အောင် လျှာဘေး တစ်ဘက် နှစ်ဘက် လျှောက်၍ လေမထွက်လျှင် ယ-သံထွက်၏။ ခက်သော လ-သံကို ဂရုမစိုက်ခြင်းကြောင့် လွယ်သော ယ-သံသို့ ပြောင်းလဲခြင်းဖြစ်၏။ ယခုခေတ် မြန်မာ လျှာ၊ လျှပ်၊ လျား၊ လျှောက်၊ လျှို၊ လျှိုး အစရှိသည်တို့၌ကား လ-သံကို လုံးလုံး မကြားရတော့ချေ။ (၃) ယ-အသံ ထည့်သွင်းခြင်း။ ကျိပ်၊ ကျိန်း၊ ကျီ၊ ချီပင့်၊ ပန်းချီ၊ ချိန်၊ ချေး၊ ချီးမွမ်း၊ စာချီ အစရှိသည်တို့ကို ပုဂံကျောက်စာများ၌ ရေးသားရာတွင် ယပင့်-မပါချေ။ ယ-ပင့်ကို ယခုမှ ထည့်သွင်းကြ၏။ ထိုနည်းအတူ ကြည့်၊ခြေ၊ ချေ(သားကောင်)၊ချိန်၊ လူကြီးမင်း အစရှိသည်တို့တွင် ထားဝယ်ဒေသန္တရ၌ ယ-ပင့်သံ ကို မကြားရချေ။ ထို့ပြင် ပစ်၊ ပစ္စည်း၊ တပည့်၊ ကမ္ပည်း၊ မည်၊ မေတ္တာ အစရှိသည်တို့ကို ရေးရာ၌ ယ-ပင့် မပါသော်လည်း ဖတ်ရာ၌ ယ-ပင့်အသံ ထည့်၍ ယခု ဖတ်ကြသည်။ ယ-ပင့်သံ ထည့်သွင်းရခြင်း၏ အကြောင်းကား ဤသို့ ဖြစ်သည်။ အဆိုပါ စကားလုံးများ၌ သရသံများသည် လျှာကို မြှင့်၍ မြည်ရသော ရှေ့သရသံများ ဖြစ်ကြသည်။ သရသံကို မြည်ရာ၌ သတိမမူဘဲ လျှာဖျားဖြင့် အာခေါင်မာကို ထိရုံမှ ထိမိလျှင် ယ-သံထွက်၏။ ပုံစံ.ကီ ဟုမြည်ရာ၌ လျှာသည် အီ-သရ ဖြစ်သောနေရာ၌ရှိ၏။ အာခေါင်မာကို လျှာဖြင့် မထိရ၊ အကယ်၍ သတိ ကောင်းစွာ မထားဘဲ လျှာကို အာခေါင် မာနှင့်ထိမိလျှင် ယ-ပင့်သံ ဝင်လာ၍၊ ကျီ-ဟု အသံမြည်၏။ (၄) နောက်အသံသည် နီးစပ်ရာ ရှေ့အသံကို ပြောင်းခြင်း။ က-ကို ယ-ပင့်၍ ဖတ်သော် ခံတွင်း၌ နောက်သံဖြစ်သော က-နှင့် ခံတွင်း၌ ရှေ့သံဖြစ်သော ယ- တွေ့ကြရာ၊ နောက် သံဖြစ်သော က-သည် ရှေ့သံဖြစ်သော ယ-မှ ဝေးရကား၊ အသံပြေပြစ်စိမ့်သောငှာ နီးစပ်သော ရှေ့သံဖြစ်သည့် တ-သံသို့ ပြောင်းလိုက်၏။ သို့ဖြစ်၍ က ယ-ပင့် ကျသည် တျ ဟု အသံထွက်၏။ (၅) အဃောတမှ ဃောသသို့ ပြောင်းလဲခြင်း။ လာစမ်း-လာဇမ်း၊။ ဝန်ကြီး-ဝန်ဂြီး။ မီးပုံး-မီးဗုံး။ အုန်းပင် -အုန်းဗင်။ တောကြောင်-တောဂြောင် အစရှိသည်တို့၌ ဒုတိယ ဗျည်းသည် အဃောတမှ ဃောတအသံသို့ ပြောင်းလဲ၏။ ဤသို့ ပြောင်းလဲခြင်း တို့တွင် လာစမ်းဟူသော စကား၌ လာသည် အာ-သရနှင့် ဆုံး၍၊ စမ်းသည် စ-ဗျည်းနှင့်စ၏။ ဤသို့ အာ-သရနှင့် စ-ဗျည်းတို့ တွေ့ဆုံကြရာ ဃောသအသံ ဖြစ်သော အာ-သရနှင့် အဃောသအသံ ဖြစ်သော စ- ဗျည်း တို့ တွေ့ဆုံကြခြင်း ဖြစ်၏။ ဃောသနှင့် ဃောသ တွေ့ဆုံ ခြင်းသည် သာ၍ ပြေပြစ်ရကား၊ အဃောသ ဖြစ်သော စ-ကို ဃောသဖြစ်သော ဇ-သို့ ပြောင်းလိုက်လျှင် လာစမ်းသည် လာဇမ်း ဟူ၍ ပြေပြစ်သောအသံ ဖြစ်လာ၏။ ဝန်ကြီး ဟူသော စကား၌လည်း ဝန်-သည် ဃေသနှင့် ဆုံးသဖြင့် အဃောသနှင့်စသော ကြီး-ကို ဃောသနှင့်စသော ဂြီး-သို့ ပြောင်းလိုက်၏။ အခြားပုံစံတို့၌လည်း ထိုနည်း အတိုင်း။ သို့သော် အကြောင်း တစ်စုံ တစ်ခုကြောင့် အသံ ကွဲပြားစေလိုလျှင် ဒုတိယ အဃောတ ဗျည်းကို ဃောတသို့ မပြောင်းဘဲ ထား၏။ ပြယုဂ်-စော်ကဲ၊ ဦးကောင်း(လူအမည်)။ ရှေ့က သရ မရှိသော်လည်း အောက်ပါ အဃောသ ဗျည်း တို့ကို ဖတ်သောအခါ ဃောသအသံ ထွက်တတ်၏။ ကွင်း (ကျယ်သည်)၊ ကျွမ်း(ထိုးသည်)၊ ကြား (လမ်း)၊ ကြို့ (ထိုး သည်)၊ (ဦး)ခေါင်း၊ ချိုး (ငှက်)၊ ချောင်(တောင်ကြား)၊ ချောက် (တောင်ကြား)၊ ချိုင့် (ဝှမ်း)၊ ချိတ်(နှင့်ချိတ်သည်)၊ ခွေ (စက် ဝိုင်းပုံ)၊ ခွ(ကျ သည်)၊ ခုံ(ပေါင်းကူး)၊ ချိုင်း(လက်ကတီးကြား) ၊ ဆီး (သီး) တုတ်(နှင့် ရိုက်သည်)၊ တန်း (စီးသည်)၊ ထား (နှင့်ခုတ်သည်)၊ ထောင့် (အကွေး)၊ (ဝမ်း)ပိုက်၊ သင်း (နာမ်စား)၊ သို့ (မဟုတ်)၊ (၆) မတြာဝက်အသံသို့ ပြောင်းလဲခြင်း။ အောက်ပါ ပုံစံများ၌ ပထမ သရသံတို့သည် မတြာဝက် အသံသို့ ပြောင်းကြ၏။ စာရေး၊ ငါးစိမ်း၊ သိကြား၊ ဘီလူး၊ လည်းကောင်း၊ ဖယ်လှယ်၊ ပုတီး၊ သူကြီး၊ ကူးတို့၊ တံခါး၊ နံ့သာ၊ သန်ကောင်၊ သေနတ်၊ အစ်ကို၊ လင်းကွင်း၊ ခက်ရင်း၊ နှုတ်ခမ်း၊ ပုန်းတောင်း၊ ကျွန်မ၊ ခေါင်းတုံး၊ တိန်ညင်း၊ လျှာ ထားပုံအားဖြင့် အာ အယ် အော် သုံးနေရာ၏ ဗဟိုလောက်ကျသော မတြာဝက် အသံသည် လျင်မြန်စွာ မြည်သောအသံ ဖြစ်၏။ ထိုကြောင့် အထက်တွင် ဖော်ပြသည့် အတိုင်း များသောသရတို့သည် ယင်း အသံသို့ လွယ်ကူစွာ ပြောင်းလဲကြ၏။ ဤအချက် တစ်ခုတည်းဖြင့် မြန်မာတို့သည် လျင်မြန်သော စကားသံကို နှစ်သက်ကြောင်း ထင်ရှား၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)