မြန်မာနိုင်ငံ၏ ရုပ်ရှင်လုပ်ငန်း

ဝီကီပီးဒီးယား မှ
(မြန်မာရုပ်ရှင် မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

ပြည်သူအသိပေးလုပ်ငန်းတရပ်[ပြင်ဆင်ရန်]

ရုပ်ရှင်လုပ်ငန်းသည် ပြည်သူလုူထုကို အသိပေးသော လုပ်ငန်းတရပ် ဖြစ်၏။ အနောက်နိုင်ငံများ၌ ရုပ်ရှင် လုပ်ငန်းပေါ်ပြီးနောက် အနှစ် ၄ဝ အကြာတွင်မှ မြန်မာရုပ်ရှင်လုပ်ငန်းကို စတင်ပျိုးထောင်ခဲ့ရသည်။ မြန်မာ ရုပ်ရှင်လုပ်ငန်း စတင်ပေါ်ပေါက်လာခဲ့သည့် အချိန်မှစ၍ မျက်မှောက်ခေတ်အထိ အဆင့်ဆင့် တိုးတက် ပြောင်းလဲလာ ပုံကို ဖော်ပြထားသည်။

မြန်မာရုပ်ရှင်[ပြင်ဆင်ရန်]

အနောက်နိုင်ငံများ၌ ရုပ်ရှင်လုပ်ငန်းပေါ်ပေါက်လာပြီးနောက် အနှစ်လေးဆယ်ခန့် အကြာတွင်မှ မြန်မာရုပ်ရှင် လုပ်ငန်းကို စတင်ပျိုးထောင်ခဲ့ရသည်။ မြန်မာရုပ်ရှင် လုပ်ငန်း၏ဖခင်မှာ လန်ဒန်အတ် ဦးအုန်းမောင် ဖြစ်လေသည်။ ဦးအုန်းမောင်သည် ဓာတ်ပုံရိုက်ကူးသော ပညာကို ဝဂ္ဂစတပ် ထံတွင် သင်ကြားခဲ့ပြီးနောက် ထိုပညာ တတ်မြောက်သောအခါ လခစား အဖြစ်၊ ဒီ၊ အေ၊ အဟူဂျာထံတွင် ကူးပြောင်းလုပ်ကိုင် သည်။ သို့သော် လခစားဘဝနှင့် မတင်းတိမ်နိုင်ဘဲ ကိုယ့်ဒူး ကိုယ်ချွန် လုပ်လိုသောစိတ ပေါ်ပေါက်လာသဖြင့် ၁၉၁၅ ခုနှစ် တွင် ရန်ကုန်မြို့ကုန်သည်လမ်းနှင့် ၃၈ လမ်းထောင့်တွင် လန်ဒန်အတ် ဓာတ်ပုံကူးတိုက်ကို ဖွင့်လှစ်ခဲ့သည်။ ဦးအုန်း မောင်၏ ကြိုးစားမှုနှင့်အများနှင့်ဆက်ဆံရာတွင် ကောင်းမွန်မှု တို့ကြောင့် အထက်တန်းစား မြန်မာ အမျိုးသားအမျိုးသမီး တို့၏ မြှောက်စားခြင်းကို ခံခဲ့ရလေသည်။ သို့သော်လည်း ဦးအုန်းမောင်သည် ရုပ်သေ ဓာတ်ပုံများကိုသာ ရိုက်ကူးရသည့် လုပ်ငန်းနှင့်မတင်းတိမ်နိုင်၍ ရုပ်ရှင်ဓာတ်ကား ရိုက်ကူးရန် ၁၉၁၈ ခုနှစ် တွင်စ၍ ကြံစည် အားထုတ်ခဲ့လေသည်။ ထိုသို့ အားထုတ်ခဲ့ရာတွင် ဦးအုန်းမောင်သည် ကံအား လျော်စွာ အီ အမ် ဒီဆူဇာဆေးတိုက်မှ သုံးမရ၍ ထိုးထား သော မှန်ဘီလူး(လင်းစ) မပါသည့် ရုပ်ရှင်ကင်မရာ တစ်လုံးကို ကျပ်ငွေ တစ်ရာပေးကာ ဝယ်ယူရရှိခဲ့သည်။ ထိုသို့ ဝယ်ယူပြီး လျှင် ကင်မရာ၌ မရှိသော မှန်ဘီလူးအတွက် စုံစမ်းရှာဖွေရ ပြန်ရာတွင် ယခုအခါတွင် ဗိုလ်ချုပ်ဈေးဖြစ်နေသော နေရာ၌ ရှိသည့် ရုပ်ရှင်ရုံများအနက် တစ်ရုံဖြစ်သော စီနီမာ ဒီပဲရစ်ရုံ ပိုင်ရှင်ကို အကြောင်းပြု၍ ရုပ်ရှင်ရိုက်ကင်မရာ မှန်ဘီလူး တစ်ခုကို ရရှိခဲ့သဖြင့် သူဝယ်ထားသော ကင်မရာတွင် တပ် ကြည့်ရာ အံကိုက်ဖြစ်နေလေသည်။ ဦးအုန်းမောင်တွင်ရှိသော ကင်မရာသည် ဖလင်ကော်ပြားလိပ် ပေတရာသာ ဝင်လေသည်။ ဦးအုန်းမောင်သည် ထိုကင်မရာဖြင့်ပင် ဗိလတ်သွား မြန်မာ ကိုယ်စားလှယ်ကြီး ဦးထွန်းရှိန်၏ဈာပနသတင်းကားကို ပထမ ဆုံး စမ်းသပ်ရိုက်ကူးသည်။ ထိုသို့ ရိုက်ကူးသော ကားသည် နှစ်ပိုင်းမျှသာ ရှည်သည်။ ထိုကားကို ၁၉၂ဝ ပြည့်နှစ် အင်္ဂလိပ် ရယ်ရွှင်ဖွယ်ကားတပိုင်း၊ ကောင်းဘွိုင်ကား ခြောက်ပိုင်းနှင့် တွဲ၍ စီနီမာ ဒီပဲရစ်ရုံတွင် ပြသလေသည်။ ထိုကြောင့် မြန်မာ နိုင်ငံရှိ ပရိသတ်ရှေ့မှောက်တွင် ပထမ တင်ဆက်သော ဦးထွန်း ရှိန်၏ ဈာပနသတင်းကားနှစ်ပိုင်းသည် ပထမမြန်မာရုပ်ရှင် ဖြစ်သည်ဟု ဆိုရပေမည်။ ဦးအုန်းမောင်၏လက်စွမ်းကို တွေ့မြင်ရသောအခါ ဇာတ်လမ်းပါသော ဇာတ်ကားများကို ရိုက်ကူးရန်အတွက် အစုစပ် ကုမ္ပဏီတည်ထောင်၍ အားပေးလာကြသည်။ ပထမဆုံး တည်ထောင်သော မြန်မာရုပ်ရှင် ကုမ္ပဏီမှာ ဘားမားဖလင်း ဖြစ်၏။ ထိုရုပ်ရှင်ကုမ္ပဏီမှ ပထမဆုံး ဇာတ်လမ်းနှင့်ဇာတ်ကား ဖြစ်သော မေတ္တာနှင့် သူရာကို ရိုက်ကူးခဲ့၏။ မေတ္တာနှင့် သူရာ ဇာတ်ညွှန်းကို ပညာ့အလင်း သတင်းစာ အယ်ဒီတာအဖွဲ့ဝင် ပိုက်ဆံကြီး (ပီမိုးနင်း)က ရေးသည်။ ဇာတ်လိုက်မင်းသားမှာ မြန်မာအဆွေ ကုမ္ပဏီပိုင်ရှင် ဦးဘညွှန့် ၏ဒုတိယသား ဟိုက်စကူး ကျောင်းသား ကိုညီပု၊ မင်းသမီးမှာ ကြည့်မြင်တိုင်မှ မရီ၊ လူကြမ်းမှာ နာမည်ကျော်ဘောသမား မောင်မောင်ချစ်တို့ ဖြစ်သည်။ ဦးအုန်းမောင်သည် ထိုဇာတ်ကား ၏ဒါရိုက်တာလည်းဖြစ်၊ ဓာတ်ပုံဆရာလည်းဖြစ်၍ ဇာတ်ဆောင် သူများ၏ အမူအရာကို ပညာအလင်းသတင်းစာ မန်နေဂျာ ဦးပု(နောင် ဒါရိုက်တာဦးတုတ်ကြီး)က သင်ပြပေး၏။ ထိုဇာတ် ကားသည် ၁ဝ ပိုင်းမျှ ရှည်ပြီးလျှင် ရုံတင်ပြသရာတွင် အောင်မြင်ခဲ့လေသည်။ ရုပ်ရှင်ပေါ်စ သုံးနှစ်အတွင်းတွင် ဇာတ်ကားများ၏ အမည်များကို အင်္ဂလိပ်အမည်များနှင့် တွဲ၍ ပေးလေ့ ရှိခဲ့ကြသည်။ ပြသရာတွင်လည်း မြန်မာစာတမ်းကိုသာ မပြဘဲ အင်္ဂလိပ်စာနှင့်သာ တွဲ၍ နှစ်ဘာသာဖြင့် ပူးတွဲပြသ ခဲ့သည်။ အင်္ဂလိပ်ဘာသာသို့ ပိုက်ဆံကြီး (ပီမိုးနင်း)က ပြန်ဆို ပေးသည်။ ဘားမားဖလင်းကုမ္ပဏီမှ ပထမ ဇာတ်ကားဖြစ်သော မေတ္တာ နှင့် သူရာအပြီးတွင် ဆက်လက်၍ ရိုက်ကူး သောရုပ်ရှင်ဇာတ် ကားများ ကျေးတောသူမနု ဇာတ်ကားဖြစ်သည်။ နာမည်ကျော် ရုပ်ရှင်မင်းသားကြီး ခင်ခင်နုသည် ထိုကား စ၍ ပွဲဦးထွက် ပါဝင်ခဲ့လေသည်။

တတိယဇာတ်ကားမှာ ရွှေပေးလို့ မရ ဖြစ်သည်။ ထိုဇာတ်ကား တွင် ဦးဆင်၊ ဒေါ်ဌေး၏သား ဦးမောင်မောင်က ဇာတ်လိုက်မင်းသား အဖြစ် ပါဝင်လေသည်၊ ထိုခေတ်က လူကုံထံများသည် မြန်မာ ရုပ်ရှင်ကို အားပေးသည့်အနေဖြင့် အပျော်ထမ်း ပါဝင်လေ့ ရှိ၏။ ဦးမောင်မောင်သည် မိတ်ဆွေများနှင့် စုပေါင်းပြီးလျှင် ဒဂုန်ရုပ်ရှင်ကုမ္ပဏီဟု တည်ထောင် ခဲ့သေးသည်။ သို့သော် တေဘုမ္မာဇာတ်ကားနှင့်ပင် ပျက်သွားခဲ့သည်။ စတုတ္ထ ဇာတ်ကားမှာ တိမ်တလုံးဖြစ်၍ ပဉ္စမဇာတ်ကား မှာ စိတ်အာရုံဖြစ်သည်။ ဆဋ္ဌမဇာတ်ကားမှာ ခင်ခင့်မှား တော်ပုံ ဖြစ်သည်။ ထို ဆဋ္ဌမဇာတ်ကားတွင် ဦးအုန်းမောင် သည် သူ၏ရုပ်ရှင်ပညာစွမ်းကို ပြသခဲ့လေသည်။ ကင်မရာတွင် ကရိယာ မစုံလင်ဘဲနှင့် လူတစ်ကိုယ်ကို နှစ်ကိုယ်ခွဲသော ဇာတ်ကားဖြစ်သည်။ ထိုဇာတ်ကားတွင် ဒဂုဏ်ဦးဘတင်သည် မောင်မောင်တင်နှင့်မောင်မောင်လွင် အမွှာပူးညီအစ်ကိုအဖြစ် ပါဝင်ခဲ့လေသည်။ သတ္တမ ဇာတ်ကားမှာ တစ်သက်လုံး ဖုံးသမျှ ကုန်းတော့မှာပေါ် ဖြစ်သည်။ ထိုကားမှ စ၍ နာမည် ကျော်ရုပ်ရှင်မင်းသား မောင်ဘတင့်သည် ခင်ခင်နုနှင့် တွဲဖက် ပါဝင်ခဲ့လေသည်။ သူ၏ နာမည်ရင်းမှာ မောင်ကျင်ဖြစ်သည်။ ( ဘတင့်-။)

ထို့နောက်တွင် ဦးအုန်းမောင်သည် အစုစပ် လုပ်ရာတွင် စိတ်ရှုပ်သဖြင့် မခံနိုင်၍ ဘားမားဖလင်ကို ၁၉၂၃ ခုနှစ်တွင် မြန်မာအဆွေလက်သို့ လွှဲပြောင်း ပေးလိုက်လေသည်။ ဦးအုန်း မောင်သည် ရှစ်လမျှ အနားယူပြီးလျှင် လန်ဒန်အတ်ကုမ္ပဏီကို သူတဦးတည်း တည်ထောင်ကာ ရတနာပုံဇာတ်ကားကို ရိုက်ကူးလေသည်။ ထိုကားတွင် ဘတင့်နှင့် ခင်ခင်နုတို့က မင်းသားနှင့် မင်းသမီးအဖြစ် ပါဝင်ကြ၍ တုတ်ကြီးက ဒါရိုက်တာအဖြစ် ဆောင်ရွက်လေသည်။ ဤကားတွင် ပါဝင် သော ဘတင့်၊ ခင်ခင်နုနှင့် ဒါရိုက်တာတုတ်ကြီးတို့၏ အကူအညီဖြင့် ဇာတ်ကားကောင်း မြောက်မြားစွာကို ရိုက်ကူး ပြသနိုင်သဖြင့် ဦးအုန်းမောင်၏ စီးပွားရေးသည်လည်း ဒီရေ တက်သကဲ့သို့ တက်ခဲ့လေသည်။ ထို့ကြောင့်လည်း ရုပ်ရှင် သဌေး ဦးအုန်းမောင်ဟူ၍ပင် အခေါ်ခံရလေသည်။ ဦးအုန်းမောင်၏အောင်မြင်မှုကို တွေ့မြင်ရသဖြင့် ၁၉၂ဝ-၂၉ ခုနှစ်များအတွင်း မြန်မာရုပ်ရှင်ကုမ္ပဏီပေါင်း လေးဆယ်ကျော် ပေါ်ပေါက်ခဲ့လေသည်။ ထိုနှစ်များအတွင်း အသံတိတ် ရုပ်ရှင် ဇာတ်ကား တနှစ်လျှင် ပျမ်းမျှ ကား ၂ဝ မျှ ရိုက်ကူးပြသ နိုင်ခဲ့၏။ သို့သော် နှစ်ကြာစွာ တည်တံ့နိုင်သော ကုမ္ပဏီကြီး များမှာ မြန်မာအဆွေ ရုပ်ရှင်ကုမ္ပဏီ (ဘားမားဖလင်းကုမ္ပဏီ နှင့်ဦးအုန်းမောင်ပိုင် လန်ဒန်အတ်ကုမ္ပဏီတို့ ဖြစ်သည်။ ထို ကုမ္ပဏီကြီးများမှလွဲ၍ ကျန်ရုပ်ရှင်ကုမ္မဏီများသည် တစ်ကားစ နှစ်ကားစ ရိုက်ကူးယင်း တိမ်မြုပ်သွားကြလေသည်။ စီးပွား ပျက်ကပ် နှစ်များအတွင်း ဦးအုန်းမောင် ကြိုးစားငြားသော် လည်း လန်ဒန်အတ်ကုမ္ပဏီလည်း ပျက်သွား ရပြန်သည်။ မြန်မာအဆွေ ရုပ်ရှင်ကုမ္ပဏီသည် ၁၉၃၃ ခုနှစ်မှ စ၍ အေဝမ်းရုပ်ရှင်ကုမ္ပဏီဟု အမည်သစ် ပြောင်းလိုက်လေသည်။ ထိုအခါက ရုပ်ရှင်လုပ်ငန်းသက် မရင့်သေးသည့်အလျောက် မြန်မာရုပ်ရှင်ကားများသည်လည်း အဆင့်အတန်း မမြင့်လှ သေးချေ၊။ ထိုးခန်းကြိတ်ခန်းများသော စတန့်ခေါ် အကြမ်း ဇာတ်ကားမျိုးကို ဗြိတိသျှ ဘားမား၏ ရွှေသခင်ဇာတ်ကားမှ စတင်ခဲ့၏။ ခမ်းနားသော သိုက်သမိုင်း ဇာတ်ကားများ၊ ရာဇဝင်သမိုင်း ဇာတ်ကားများ၊ တန်ခိုးဣဒ္ဓိပါဒ်ရှင်တို့၏ မြေလျှိုးမိုးပျံခန်းများပါသည့် ကင်မရာလှည့်စားမှုကို အသား ပေးသော ဇာတ်ကားများကို မြန်မာရုပ်ရှင်သမိုင်းတလျှောက်လုံး မရိုးနိုင်အောင် ရိုက်ကူးကြသည်။ ခမ်းခမ်းနားနား ရိုက်ကူးရာ၌ မြန်မာအဆွေ (အေဝမ်း)ကုမ္ပဏီမှာ ထိတ်တန်း ဖြစ်သည်။ ထိုပြင် အပိုင်းရှည် ဇာတ်ကားကြီးများကိုလည်း ရိုက်ကူးပြသ ကြ၏။ လန်ဒန်အတ်မှ ရတနာပုံ(၁၉၂၃) နှင့်မြန်မာအဆွေမှ မှိုင်းဝေဝေ (၁၉၂၅)ဇာတ်ကားကြီးများသည် အပိုင်းအရှည်ဆုံး ဇာတ်ကားများ ဖြစ်သည်။ ထိုမှတပါး လူ့ဘဝ ဖြစ်စဉ်နှင့် နီးကပ်စွာ ရိုက်ကူးတင်ပြသော ဇာတ်ကားများလည်း ပေါ်ပေါက်ခဲ့၏။ ၁၉၂၈ ခုနှစ်တွင် ကာတွန်းရွှေတလေး အမည်ခံ ဦးဘ ကလေးသည် ကြင်စဦးနှင် ၁၉၂၉ ခုနှစ်တွင် ဝေလွင် လွင်ဇာတ်ကားများကို ကိုယ်တိုင်ခေါင်းဆောင်ကာ ပါဝင် ရိုက်ကူးခဲ့သည်။ ဇာတ်ပေါင်းလျှင် ပျော်ရွှင်စွာ အဆုံးသတ် ချက်ချင်းကိုသာ နှစ်ခြိုက်သော မြန်မာရုပ်ရှင် ပရိသတ်၏ လိုလားချက်ကို ဆန့်ကျင်ကာ ရိုက်ကူးခဲ့သော်လည်း သဘာဝ ကျ၍ အဆင့်အတန်းမြင့်သဖြင့် အောင်မြင်ကျော်ကြားခဲ့ လေသည်။ ဦးဘလေးသည် မြန်မာအဆွေ ရုပ်ရှင်ကုမ္ပဏီ၏ ပထမ ဇာတ်ကားဖြစ်သော တောမြိုင်စွန်းက လွမ်းအောင်ဖန်(၁၉၂၁) ဇာတ်ကားတွင် အဖိုးကြီးဦးရွှေရိုးအဖြစ် ပါဝင်ခဲရာမှ နာမည် ကျော်လာသည်။ ရုပ်ပြောင်း ရုပ်လွှဲ အလွန်ကောင်း၍ အလွမ်း အသော စွယ်စုံနိုင်သည့် အနုပညာသည်တစ်ဦး ဖြစ်သည်။ သို့သော် လူရွှင်တော် ဇာတ်လိုက်အဖြစ် ပို၍ လူကြိုက်များ သည်။ ( ဘကလေး။ ဦး (ရွှေတလေး)။)

ဟာသဇာတ်ကား များကို ခေါင်းဆောင်ရိုက်ကူးခဲ့ရာ တောသားလေး ရွှေရိုး ဇာတ်ကားတွင် သရုပ်ဆောင်ပုံမှာ ဗမာချာလီချက်ပလင် ဟု ခေါ်လောက်ပေ၏။ ဦးရွှေရိုးအပြင် မြန်မာရုပ်ရှင်လောက၌ ဆားဘထွန်း၊ ထိတ်ပိတ်၊ မှတ်ကြီး၊ ဖူးကြီး၊ စံပ၊ စိုင်တမော့၊ သာဂေါင်၊ ရွှဲ့ကြီး၊ ဖိုးပါကြီး၊ ဖိုးပါလေး၊ ကျွန်တော်ချစ်မောင်၊ ကြယ်နီ၊ ဂျော်လီဆွေ၊ မြင့်ဖေ စသော လူရွှင်တော် ဇာတ်လိုက် များ ပေါ်ထွက်ခေတ်စားလာခဲ့၏။ ၁၉၃ဝ ပြည့်နှစ်မှ ၁၉၄၁ ခုနှစ်အထိ အသံတိတ် ရုပ်ရှင် ဇာတ်ကား တနှစ်လျှင် ပျမ်းမျှ ၃၅ ကားနှင့် အသံထွက်ကား နှစ်ကားမျှ ပြသနိုင်ခဲ့၏။ ထိုနှစ်များအတွင်း အေဝမ်း၊ ဗြိတိသျှ ဘားမား၊ ရန်ကုန်ရုပ်ရှင်၊ ပဲရောံ၊ ရွှေပြည်စိုး၊ သက်နှင်းဘရား သား၊ မောင်မောင်စိုးရုပ်ရှင်၊ ရွှေမြင့်မိုရ် စသည်တို့မှ လွဲ၍ အခြားရုပ်ရှင်ကုမ္ပဏီများ တိမ်မြုပ်သွားကြ၏။ မြန်မာအဆွေရုပ်ရှင်ကုမ္ပဏီမှ ဒါရိုက်တာဦးညီပုကိုယ်တိုင် ပါဝင်၍ ခင်ခင်နုနှင့်တွဲဖက်ရိုက်ကူးခဲ့သော ဆုထူးပန် (၁၉၂၈) ဇာတ်ကားကို ၁၉၃၁ ခုနှစ်တွင် အင်္ဂလန်ပြည်သို့ ပို့ပြီးလျှင် အင်္ဂလိပ်ဘာသာဖြင့် ဇာတ်လမ်းကို ဖော်ပြ၍ ဂီတသံစုံသွင်းကာ ပြခဲဘူးသည်။ ၁၉၃၇ ခုနှစ်တွင် အေဝမ်းရုပ်ရှင်ကုမ္ပဏီမှ ဇာတ်လိုက်ညွှန့်မောင်နှင့် မေမြင့်တို့ ပါဝင်၍ မြန်မာတာဇံ ဇာတ်ကားဟု ဆိုလောက်သည့် မြိုင်ယံဘွား ဇာတ်ကားကို အိန္ဒိယနိုင်ငံ မဒရပ်မြို့သို့ တင်ပို့ ပြသခဲ့ဘူးသည်၊ မြန်မာရုပ်ရှင်သမိုင်း တလျှောက်လုံး၌ သိုက်သမိုင်း ရာဇဝင် ဇာတ်ကားများ၊ စတန့်ကားများကို ရိုက်ကူး ပြသခဲ့သော်လည်း တခါတရံ မြန်မာရုပ်ရှင်တွင် အမျိုးသားရေးလှုပ်ရှားမှုများသည် အနည်းငယ် အရိပ်ထင် ခဲ့သည်။ ဗြိတိသျှဘားမားမှ ဒါရိုက်တာ ဦးဉာဏ၏ကုမ္မရီ ဇာတ်ကားသည် အမျိုးသားစိတ် နိုးကြားရေး ကို လှုံ့ဆော်ပေးလေသည်။ ပဲရောံရုပ်ရှင်၏ အလံတောင် ဇာတ်ကားတွင် ဂဠုန်သူပုန်အရေး အရိပ်ထင်ခဲ့၏။ ဒုတိယ ကျောင်းသားသပိတ် ခေါင်းဆောင်တဦးဖြစ်သူ ကိုနု (ဝန်ကြီး ချုပ်ဟောင်း ဦးနု)သည် ကျောင်းသား သပိတ်အရေးကို ဘွိုင် ကောက်တားဇာတ်ကားတွင် တင်ပြရိုက်ကူးခဲ့သည်။ အေဝမ်း ရုပ်ရှင်မှ ဒါရိုက်တာ ကိုတင်မောင်၏ အောင်သပြေ(၁၉၃၇) အသံထွက် ဇာတ်ကားတွင် သီပေါဘုရင် ပါတော်မူခန်းမှာ အမျိုးသား စိတ်ဓာတ် လှုံ့ဆော်ပေးရာကျသည်ဟု ယူဆသဖြင့် ပြသနေဆဲမှာပင် မြန်မာဘုရင်ခံ၏အမိန့်ဖြင့် အပိတ်ပင် ခံရလေသည်။ ဒါရိုက်တာဦးဉာဏသည်လည်း ပရိသတ် အလိုသို့ မလိုက်ဘဲ အဆင့်အတန်းမြင့်၍ သဘာဝကျသော ဇာတ်ကားကောင်းများကို ရိုက်ကူးခဲ့သည်။ တကယ့် ဇာတ် လိုက်များကို အသားအပေးဘဲ ဇာတ်ရံကို ဇာတ်ဆောင်သူအဖြစ် အသားမပေးဘဲ ဇာတ်ရံကို ဇာတ်ဆောင်သူအဖြစ် အသားပေး ရိုက်ကူးသော မေမေ ဇာတ်ကားသည်၎င်း၊ လူတိုင် အော့နှလုံး နာကြသော မင်းသားကြမ်းလှမေကြီးကို အလွမ်းမင်းသားကြီး ဖြစ်စေ သော ကုမ္မရီ ဇာတ်ကားသည်၎င်း ထင်ရှားသော သာဓကများ ဖြစ်သည်။ ရုပ်ရှင်လောကတွင် ကာတွန်း ဇာတ်ကားများလည်း ပေါ် ထွက်ခဲ့သည်။ စာရေးဆရာ ဇဝနနှင့် ကာတွန်း ဦးဟိန်းစွန်းတို့ သည် လာမယ်လာမယ် မကြည်ရဲ့သီချင်းကို ကာတွန်းရုပ်ရှင် ရိုက်ကူးခဲ့သည်။ သို့သော် ကာတွန်းဦးဘဂျမ်းနှင့်ဦးဟိန်စွန်း တို့၏ ကြက်တောင်ကွ ဇာတ်ကားမှာမူ ဇာတ်လမ်း ပါရှိသဖြင့် ပထမဆုံး ကာတွန်းဇာတ်ကားဟု ခေါ်ဆိုရပေမည်။ ပထမဆုံး မြန်မာအသံထွက် ဇာတ်ကားမှာ ငွေပေးလို့ မရဖြစ်သည်။ ထိုကားကို ၁၉၃၂ ခုနှစ်တွင် ပြသ ခဲ့သည်။ သို့သော် မြန်မာ အသံထွက်ကားပင် ဖြစ်သော်လည်း ထိုကားကို အိန္ဒိယလူမျိုးပိုင် အင်ပီးရီးယယ် ကုမ္ပဏီမှ ဘုံဘိုင်မြို့တွင် သွား ရောက်ရိုက်ကူးသည်။ ဇာတ်လိုက်များအဖြစ် မောင်မောင်ခင်၊ အေးကို၊ ခင်မေကြီး၊ ခင်မေလေး၊ ယူနီဗာစီတီမြသန်းကြည်၊ (အငြိမ့်မင်းသမီး)တို့ ပါဝင်သည်။ သို့သော် အသံများ မပီမသ ဖြစ်နေသည်။ ၁၉၃၄ ခုနှစ်တွင် ဗြိတိသျှဘားမား ကုမ္ပဏီမှ ရန်ကုန်မြို့၌ပင် ပဋိက္ခရားနှင့်ရွှေအိမ်သည် အပိုင်းတို ဇာတ်ကား ကို ရိုက်ကူးရာ အောင်မြင်ခဲ့သည်။ ထိုဇာတ်ကားတွင် အဆို အကနိုင်သူ မင်းသားကိုလှဖေ နှင့် ခင်ခင်ရီတို့ ပါဝင်သည်။ ထိုနောက် ဗြိတိသျှဘားမားမှ ဒါရိုက်တာဦးမောင်ကြီးက ဇာတ်လမ်းပါ အသံထွက်ကားအဖြစ် လောကနိဗ္ဗာန်ဇာတ်ကားကို ဘတင့်နှင့် ခင်ခင်ကြည်တို့ကို ခေါင်းဆောင်စေကာ ရိုက်ကူး ခဲ့သည်။ အေဝမ်းရုပ်ရှင် ကုမ္ပဏီမှ ကိုညီပုနှင့် ကိုတင်ဖေ (ဇာတ် လိုက်မင်းသား မောင်မောင်စိုး)တို့သည် ထိုခေတ်က အရှေ့နိုင်ငံ များတွင် ရုပ်ရှင်လုပ်ငန်း၌ ထိပ်တန်းဖြစ်နေသော ဂျပန်နိုင်ငံသို့ သွားရောက်၍ အသံထွက်ရုပ်ရှင် ပစ္စည်းများ ဝယ်ယူလေ့လာ ယင်း ဂျပန်နိုင်ငံ၌ပင် လေးလရာသီ ဂျပန်ပြည်သတင်းကားနှင့် ဇာတ်လမ်းပါရှိ သော ဂျပန့်ရင်သွေး ဇာတ်ကားများကို ရိုက်ကူး ခဲ့၏။ ဂျပန့်ရင်သွေး ဇာတ်ကားတွင် ကိုညီပု၊ မောင်မောင်စိုး နှင့် ဂျပန်ဇာတ်လိုက်မင်းသမီး ဧမိစံတို့ ပါဝင်ကြသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီခေတ်တွင် မြန်မာရုပ်ရှင်ကြည့် ပရိသတ်တို့ အဆင့်အတန်း တိုးတက်လာသည့် အလျောက် ရံဖန်ရံခါ ဇာတ်ကားကောင်းများ ပေါ်ပေါက်ခဲ့သည်။ အသံထွက် သောခေတ် ရောက်လာသဖြင့် ဇာတ်လမ်းများမှာ အတီးအမှုတ် အဆိုအကစသော သဘင်ပညာများ တွဲဖက်ပါသော ဇာတ်လမ်း များကို ထွင်ကြရသည်။ လူကြိုက်များသော ဇာတ်ကားများမှာ ဣဋ္ဌာရုံ (ဗြိတိသျှဘားမား)၊ ဣတ္ထိယ(ဗြိတိသျှဘားမား)၊ အပျိုစင်(ဗြိတိသျှဘားမား)၊ ပန်းစေတီ (ဗြိတိသျှဘားမား)၊ အချစ်ဆုံး(ဗြိတိသျှဘားမား)၊ သူဇာ(ဗြိတိသျှ ဘားမား)၊ ဗိုလ်အောင်ဒင်(ဗြိတိသျှဘားမား)၊ ချစ်စနိုး(အေဝမ်း)၊ မြှားနတ်မောင်(အေဝမ်း)၊ ချစ်အမျှ (အေဝမ်း)၊ ချစ်ရေစင် (အေဝမ်း)စသည်တို့ ဖြစ်၏။ ဗြိတိသျှဘားမားမှ ဒါရိုက်တာ ရွှေဒုံးဦးဘီအောင်၏ ဗိုလ်အောင်ဒင်ဇာတ်ကားသည် စစ်ကြို ခေတ်၌၎င်း၊ စစ်ပြီးခေတ်၌၎င်း အကြိမ်ကြိမ် အဖန်ဖန် ပြန်၍ ပြတိုင်း လူကြိုက်များကာ ဝင်ငွေကောင်းခဲ့လေသည်။ ရုပ်ရှင်ဒါရိုက်တာများအနက် ဦးအုန်းမောင်၊ ဦးတုတ်ကြီး၊ ဒဂုဏ်ဦးဘတင်၊ ဆရာခန့်၊ ဦးမောင်ကြီး၊ ဦးတင်နွယ်၊ ဦးဉာဏ၊ ဦးညီပု၊ ဦးလွန်းဖေ၊ ဆရာရွှေ၊ ဦးဘရှင် စသူတို့ သည် လက်ဟောင်းနာမည်ကျော် ဒါရိုက်တာကြီးများ ဖြစ်ကြ သည်။ ဒုတိယကမ္ဘာစစ်ကြိုခေတ်နှင့် စစ်ပြီးခေတ်တွင် ထင်ရှားလာသော ဒါရိုက်တာများမှာ အေဝမ်းဦးတင်မောင်၊ ဗြိတိသျှဘားမားဦးချန်ထွန်း၊ ဦးတင်ယု၊ ရွှေဒုံးဦးဘီအောင်၊ ရွှေညာမောင် အမည်ခံ ဦးချင်းစိန်၊ ဦးသုခ၊ ဦးမြအောင်၊ တက္ကသိုလ်ဦးဝင်းဖေ၊ ဦးချစ်ခင်၊ ဦးရွှေဘော်၊ ဦးသာဓု စသူတို့ ဖြစ်ကြလေသည်။ ဇာတ်လိုက်များတွင် ကိုဘတင့်နှင့် ခင်ခင်နုစုံတွဲ၊ မောင် မောင်အေးနှင့် ခင်ခင်ကြည်တို့ စုံတွဲမှာ ရုပ်ရှင် လောက၌ နှစ်ပေါင်းများစွာ ခေတ်မတိမ်ဘဲ ထင်ရှားခဲ့ကြသည်။ ကိုဘမြင့် နှင့် ခင်မေလေးတို့ စုံတွဲကိုလည်း လူကြိုက်များခဲ့သည်။ ထိုအတူ မြန်မာအဆွေ (အေဝမ်း)ရုပ်ရှင်မှ မောင်မောင်လေး၊ ခင်ခင်အေးတို့သည်လည်း ကျော်ကြားသည့် ရုပ်ရှင်စုံတွဲများ ဖြစ်သည်။ ကိုဘချစ်၊ ကိုအေးကိုတို့သည် ကိုဘတင့်နှင့် မရှေးမနှောင်း ပေါ်ထွက် နာမည်ရခဲ့သည်။ ကိုဘချစ်သည် စစ်ပြီးခေတ်တွင် ကွယ်လွန်သည်အထိ လူကြီးဇာတ်လိုက်အဖြစ် ရုပ်ရှင်လောက တွင် ခေတ်စားခဲ့သေးသည်။ ကိုအေးကိုသည် အိန္ဒိယနိုင်ငံသို့ သွားရောက်ရိုက်ကူးသော ပထမဆုံး မြန်မာအသံထွက် ဇာတ် ကားဖြစ်သည့် ငွေပေးလို့ မရ တွင် ပါဝင်ခဲ့သည်။ ရုပ်ရှင်မင်းသမီးခင်ခင်နု၊ ခင်ခင်ကြည်ကဲ့သို့ပင် ထင်ရှားခဲ့ သော ရုပ်ရှင်မင်းသမီးများမှာ ခင်မေကြီး၊ ခင်မေလေး၊ ခင်ခင်ဥ၊ ခင်ခင်အေး၊ ခင်မြရင်၊ ခင်ခင်မြင့်တို့ ဖြစ်ကြသည်။ ခင်မေကြီးသည် ဒါရိုက်တာ ရွှေရိုး၏ ကြင်စဦး၊ ဝေလွင်လွင် စသော ဇာတ်ကားများတွင် ရွှေရိုးနှင့်တွဲဖက် ပါဝင်ခဲ့ရာမှ နာမည် ရလာသည်။ အဝတ်အစား ဆန်းဆန်းပြားပြား ဝတ်ဆင်ရာ၌ ကျော်ကြားသည်။ ခင်မေလေးသည် ခင်မေကြီး ကဲ့သို့ပင် ပထမဆုံး မြန်မာအသံထွက် မင်းသမီးဖြစ်သည်။ မင်းသားချော ကိုဘမြင့်နှင့်တွဲဖက်၍ နာမည်ကျော်ကြားသည်။ ခင်ခင်ဥသည် သိုက်သမိုင်း ဇာတ်ကားများတွင် အလွမ်း မင်းသမီးအဖြစ် ကျော်ကြားသည်။ နောက်ပိုင်းခေတ်တွင် ကျော်ကြားလာသူများမှာ အေဝမ်းမှ ကိုတင်မောင်(ဒါရိုက်တာမင်းသား)၊ ခင်နှင်းရီ၊ မေရှင်၊ မေမြင့်၊ ဗြိတိသျှဘားမားမှ အဆိုကျော်မင်းသားခင်မောင်ရင်၊ မေမေဝင်း၊ ခင်ခင်ရီတို့ ဖြစ်ကြလေသည်။ ဒါရိုက်တာဦးတင်နွယ်နှင့်ကိုတင်မောင်တို့ ပူးပေါင်းရိုက်ကူး သော အေဝမ်းရုပ်ရှင်၏ချစ်စနိုး (၁၉၃၈) ဇာတ်ကားတွင် ဇာတ်ကောင်များ၏ အမူအရာမှာ သဘာဝကျလှ၍ လူကြိုက် အများဆုံး ဇာတ်ကားတကား ဖြစ်ခဲ့၏။ ထိုဇာတ်ကားတွင် ဇာတ်ဆောင်မင်းသမီး ခင်နှင်းရီ၏ ကလေးဆန်ဆန် ဟန် အမူအရာကို ပရိသတ် အသဲစွဲကြသည်။ ထိုတင်မောင် ပထမဆုံးဇာတ်လိုက်အဖြစ် ပါဝင်၍သဘာဝကျသော အမူ အရာကြောင့် ပထမတန်းဇာတ်လိုက်ကျော် ဖြစ်လာသည်။ ထိုနောက် အေဝမ်းရုပ်ရှင်၏ မြှားနတ်မောင် ဇာတ်ကားတွင် ကိုတင်မောင်သည် မေရှင်နှင့်တွဲဖက် ပါဝင်ခဲ့ရာ၊ တင်မောင် မေရှင်စုံတွဲသည်လည်း ဖက်ညီ၍ ပရိသတ် အသဲစွဲရုပ်ရှင်စုံတွဲ ဖြစ်လာခဲ့လေသည်။ မေရှင်သည် တည်တည်ခန့်ခန့်နှင့် သဘာဝ ကျကျသရုပ်ဆောင်ရာတွင် ပရိသတ်သဘောကျသည်။ အေဝမ်း ရုပ်ရှင်၏ ချစ်အမျှ (၁၉၄ဝ) ဇာတ်ကားတွင်၎င်း၊ ချစ်ရေစင် (၁၉၄၁) ဇာတ်ကားတွင်၎င်း သူ၏ဟန်အမူအရာကို အထူး နှစ်ခြိုက်ကြသည်။ သူ၏သီချင်းသံများကိုလည်း အများကပင် နှစ်သက် စွဲလမ်းကြလေသည်။ ဗြိတိသျှဘားမား၏ ဗိုလ်အောင်ဒင်(၁၉၄၁)အသံထွက် ဇာတ်ကားတွင် အဆိုကျော် ဇာတ်လိုက်ခင်မောင်ရင်၏ သဘာဝကျသော အမူအရာကို ရုပ်ရှင်ပရိသတ်များ အထူး စွဲလမ်းခဲ့ကြသည်။ ရုပ်ရှင်မင်းသမီး မေမေဝင်း သည် မူလက စတန့်ခေါ်အကြမ်းမင်းသားများတွင် ပါဝင်ခဲ့ရာမှ အသံထွက် ဇာတ်ကားများတွင် ပါဝင်လာရသောအခါ ကျော်ကြားလာသည်။ ခင်ခင်ရီသည် ဗြိတိသျှဘားမား၏ ဣတ္ထိယ အသံထွက် ဇာတ်ကားမှ အစပြု ၍ နာမည်ကျော်ကြားလာသည်။ စတန့်ခေါ် အကြမ်း ဇာတ်ကားများတွင် ကျော်စိုး၊ ကျော်မိုး၊ ကျော်ဟိုး၊ တင်ငွေ၊ တင်ဖေ၊ တင်ဆွေ၊ ကျော်အေး၊ ချစ်ဆွေ၊ ကျော်ညွှန့်နှင့်မြမြ (နောက် မေမေဝင်း)၊ ခင်စန်းနှင့် မေသန်း တို့မှာ အခုန်အပျံ အကျော်အလွှားတို့ဖြင့် နာမည်ကျော်သူများ ဖြစ်ကြလေသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက စစ်ရေးကြောင့်၎င်း၊ ဖလင် လိပ်နှင့် ရုပ်ရှင်ကရိယာ ရှားပါးမှုတို့ကြောင့်၎င်း ရုပ်ရှင်ရိုက်ကူး ခြင်း လုံးဝ မပြုနိုင်ခဲ့ပေ။ ပြဇာတ်များသာ ခေတ်စားခဲ့သည်။ စစ်ပြီးခေတ်၌ပင် မြန်မာရုပ်ရှင် လုပ်ငန်းကို ရုတ်တရက် ပြန်လည်မထူထောင်နိုင်ခဲ့ချေ။ ၁၉၄၆ ခုနှစ်တွင် စစ်ကျန် ဖလင်များနှင့် အေဝမ်းနှင့် ဗြိတိသျှဘားမားရုပ်ရှင် ကုမ္ပဏီ တို့သည် အသံတိတ်ကားများ ပြန်လည်စတင် ရိုက်ကူးခဲ့၏။ နောက်တစ်နှစ် တွင် ပဲရောံ၊ နယူးဘားမား (အသစ်)စသော ကုမ္ပဏီများပါ အသံတိတ်ကားများ ရိုက်ကူးလာကြသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဖက်ဆစ်ဂျပန်ကို တော်လှန် ပြီးစ ဖြစ်၍ လူထု၏စိတ်ဓာတ်တွင် မတရား လုပ်သူကို တော်လှန်ရန် ထကြွနေသောအခါ ဖြစ်သဖြင့် ရိုက်ကူးပြသကြ သည်။ လုယက်တိုက်ခိုက်သတ်ဖြတ် သူတို့ကို သတိရလေ အောင် ဖန်တီးပြသသော ဇာတ်ကားများ ဖြစ်သည်။ ထိုအထဲ တွင် သစ်ဆန်းရုပ်ရှင်မှ စာရေးဆရာ ဦးသုခ၏ ချစ်အဏုမြူ ဇာတ်ကားဖြစ်၍ ကားကောင်းတစ်ခု ဖြစ်သည်။ ထိုအထဲတွင် သစ်ဆန်း ရုပ်ရှင်မှ စာရေးဆရာ ဦးသုခ၏ ချစ်အဏုမြူ ဇာတ် ကားသည် ထိုးခန်း နှိပ်စက်ခန်း မပါ၊ သဘာဝကျသော အချစ်ဇာတ်ကား ဖြစ်၍ ကားကောင်းတစ်ခုဖြစ်သည်။ ဇာတ်မြူး များဟူ၍ ရန်ကုန်ရုပ်ရှင်မှ ဖိုးပါကြီးကို အသားပေးရိုက်ထား သော ဇာတ်ကားများ ထွက်လာခဲ့လေသည်။ အေဝမ်းရုပ်ရှင်နှင့်ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီတို့သည် အသံထွက်ကားများကို ကြိုးစားရိုက်ကူး လာသော်လည်း ပစ္စည်းကရိယာ မစုံလင်သောကြောင့် အသံပီသခြင်း၊ ရုပ်ရှင် ကား ကြည်လင် ပြတ်သားခြင်း မရှိလှသေးပေ။ ထိုကြောင့် လည်း စစ်ပြီးခေတ်တွင် မြန်မာရုပ်ရှင်ကားများ အဆင့်အတန်း လျော့ကျသွားသည် ဟု ဆိုနိုင်လေသည်။ စစ်ပြီးခေတ်တွင် ကျော်ကြားလာသူများမှာ ကိုခင်မောင်၊ ကိုမျိုးချစ်၊ ကိုကျော်ဝင်း၊ ကိုဇေယျ၊ မောင်မောင်တာ၊ ကျော် ဆွေ၊ မြင့်အောင်၊ ဖိုးပါကြီး၊ ထွန်းဝေ၊ ရွှေဘ၊ တာညွန့်၊ မြတ်လေး၊ ကောလိပ်ဂျင်နေဝင်း၊ ဝင်းဦး၊ ကြည်စိုး၊ ဝင်းညွှန့်၊ ညွှန့်ဝင်း၊ မောင်ယဉ်ထွေး၊ တင်တင်မူ၊ ကြည်ကြည်ဌေး၊ မေသစ်၊ မြင့်မြင့်ခင်၊ မြင့်မြင့်ဌေး၊ မေလွင်၊ မေရီမြင့်၊ မေမြ၊ ရှယ်လီမြ၊ မေရီမြ၊ ဝါဝါဝင်းရွှေ၊ ခင်ယုမေ၊ သီသီ၊ ခင်သန်းနု၊ စံရှားတင်၊ တင်တင်အေး၊ သင်းသင်းလဲ့၊ မြတ်မွန်၊ စမ်းစမ်း အေး စသူတို့ ဖြစ်ကြသည်။ အငြိမ့်မင်းသမီးများ ဖြစ်ကြသော နွဲ့နွဲ့စန်း၊ အမာစိန်၊ ရွှေမန်းရီ၊ ကျင်ကျင်မြိုင်တို့ ရုပ်ရှင်မင်းသမီး ဖြစ်လာကြသည်။ ရုပ်ရှင်မင်းသားမင်းသမီး ဖြစ်လာကြသော အဆိုတော်များမှာ မြင့်မြင့်ရှိန်၊ ဒဂုန်ခင်၊ ဘေဘီနွဲ့၊ ကြည်ရွှင်၊ ခင်ယုမေ၊ သန်း သန်းဆင့်၊ မြကြီး၊ စိန်စိန်၊ မြင့်သီတာ၊ ချိုပြုံး၊ သန်းဖေလေး၊ အကော်ဒီယန်အုန်းကျော်၊ မာသီ၊ မောင်ကြည်တိုး၊ တွံတေး သိန်းတန်၊ မျိုးမြင့်လေး၊ ပျဉ်းမနားကိုမြင့်သူ စသူတို့ ဖြစ်ကြ လေသည်။ မြန်မာနိုင်ငံ၌ ၁၆ မီလီမီတာ ဆေးရောင်စုံ ဇာတ်ကား ချစ်သွေးညီ (၁၉၄၈) ကို ရန်ကုန်ရုပ်ရှင်မှ ပထမဆုံး ရိုက်ကူး ပြသခဲ့၏။ ဒါရိုက်တာ ရွှေဘော်ဖြစ်သည်။ ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီမှလည်း ၁၉၅ဝ ပြည့်နှစ်တွင် ၁၆ မီလီမီတာ ဆေးရောင်စုံ ဇာတ်ကား မာမရှိန်းကို ဒါရိုက်တာ ဆရာခန့် ရိုက်ကူးပြသခဲ့၏။ မြန်မာနိုင်ငံတွင် ၁၉၅၂ ခုနှစ်မှ စတင်၍ ရုပ်ရှင်အကယ်ဒမီ ရွှေစင်ရုပ်ဆုများ ချီးမြှင့်ခဲ့ရာ၊ ထိုနှစ်တွင် အေဝမ်းရုပ်ရှင်မှ ဦးတင်မောင်၏ တင်မောင်၊ ကြည်ကြည်ဌေး၊ သိန်းဇော်၊ မေလွင်တို့ ပါဝင်သော ချစ်သက်ဝေအသံထွက် ဇာတ်ကားက အကယ်ဒမီ ရွှေစင်ရုပ် ပထမဆု ရရှိခဲ့သည်။ ပထမဆုံး အမျိုး သားပညာသည် အကယ်ဒမီ ရွှေတံဆိပ်ဆုကို ဗြိတိသျှဘားမား ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ မာလာရီဇာတ်ကားမှ မင်းသား ကျော်ဝင်းက ရရှိသည်။ အမျိုးသမီး ပညာသည် အကယ်ဒမီဆု အတွက် ချစ်သက်ဝေမှ မင်းသမီးကြည်ကြည်ဌေးက ရရှိလေ သည်။ ကြည်ကြည်ဌေးသည် မူလက ဇာတ်မင်းသမီး ဖြစ်၍၊ ပြဇာတ်များတွင် ပါဝင်ကပြခဲ့ရာမှ နာမည်ကျော်ကြားလာ ပြီးလျှင် ချစ်သက်ဝေ အသံထွက်တွင် ပဌမဆုံးအကြိမ် ရုပ်ရှင် မင်းသမီး ကြည်ကြည်ဌေးက ရရှိလေသည်။ ကြည်ကြည်ဌေး သည် မူလက ဇာတ်မင်းသမီးဖြစ်၍၊ ပြဇာတ်များတွင် ပါဝင် ကပြခဲ့ရာမှ နာမည်ကျော်ကြားလာပြီးလျှင် ချစ်သက်ဝေ အသံထွက်တွင် ပထမဆုံးအကြိမ် ရုပ်ရှင် မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးခဲ့သည်၌ ထိုပထမဆုံး ရိုက်ကူးသော ဇာတ်ကား ဖြင့်ပင် အကယ်ဒမီ ရွှေတံဆိပ်ဆုကို ပထမဆုံးဆွတ်ခူးခဲ့သူ ဖြစ်၍ ထူးခြားလေသည်။ ၁၉၅၂ ခုနှစ်မှ အစပြု၍ အကယ်ဒမီ ရွှေစင်ရုပ်ဆုရ ရုပ်ရှင်ဇာတ်ကားများမှာ ချစ်သက်ဝေ (အေဝမ်း ၁၉၅၂)၊ ရတနာပုံ (အေဝမ်း ၁၉၅၃)၊ ဖိုးပြုံးချို (ရွှေဝယ်သီရိ ၁၉၅၅)၊ ဘဝသံသရာ (မန္တလေးရုပ်ရှင် ပွဲဦးထွက် အသံထွက်ကား ၁၉၅၆)ဒေါက်တာ အောင်ကျော်ဦး (ဗြိတိသျှဘားမား ၁၉၅၇) စွဲတဲ့မေတ္တာ (မြဇော်ဖလင်း ၁၉၅၉) ချစ်တော့ချစ်တယ် (စန်း သော်တာ ၁၉၅၉)၊ ရေမြေဆုံးတိုင် (မန္တလေးရုပ်ရှင် ၁၉၆ဝ)၊ ကိုယ်ပိုင်မေတ္တာ (မန္တလေးရုပ်ရှင် ၁၉၆၁)တို့ ဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် အကယ်ဒမီရွှေစင်ရုပ်ဆုများ ချီးမြှင့်ခြင်းမရှိဘဲ၊ ၁၉၆၂ ခုနှစ်၊ ၁၉၆၄ ခုနှစ်နှင့် ၁၉၆၅ ခုနှစ်များအတွက် အကယ်ဒမီရွှေစင်ရုပ်ဆုရ ရုပ်ရှင် ဇာတ်ကားများလည်း ထွက်ပေါ်ခြင်း မရှိခဲ့ပေ။ အကယ်ဒမီ ရွှေစဉ်ရုပ်ဆုရ ဒါရိုက်တာ ရုပ်ရှင်မင်းသား မင်းသမီးများ၊ ဓာတ်ပုံဆရာနှင့်ဇာတ်ရံများမှာ ကျော်ဝင်း (မာလာရီ-၁၉၅၂)၊ ကြည်ကြည်ဌေး (ချစ်သက်ဝေ ၁၉၅၂)၊ ကိုတင်မောင် (ရတနာပုံ ၁၉၅၃)၊ မေမြင့် (ပွဲခါညောင်ရေ ၁၉၅၃)၊ ဇာတ်ဆောင်အမေပု(မေမေ ၁၉၅၄)၊ ဒါရိုက်တာဦးသုခ (ဪမိန်းမ ၁၉၅၄)၊ ဒါရိုက်တာ ဦးချင်းစိန် (ကိုယ့်ရင်သွေး ၁၉၅၅)၊ ဖိုးပါကြီး(ဖိုးပြုံးချို ၁၉၅၅)၊ မေလွင် (ချစ်မမ ၁၉၅၅)၊ ခလေးဇာတ်လိုက် ဝင်းမာအထူးဆု (ဖိုးပြုံးချို ၁၉၅၅)၊ ဒါရိုက်တာ ဦးသုခ (ဘဝသံသရာ ၁၉၅၆ ဒုတိယအကြိမ် ရရှိသည်။ ဇေယျ (ဘဝ သံသရာ ၁၉၅၆)၊ ကြည်ကြည်ဌေး (ချစ်ခွင့်မပိုင် ၁၉၅၆၊ ဒုတိယအကြိမ် ရရှိသည်။) ဦးချစ်ဖွယ်၊ ဦးချစ် (ဓာတ်ပုံ အကယ်ဒမီဆု၊ ယမ်းငေဝေဝေ ၁၉၅၆)၊ ဒါရိုက်တာရွှေဒုံးဘီအောင် (ဒေါက်တာအောင်ကျော်ဦး ၁၉၅၇)၊ ထွန်းဝေ (ဗိုလ်မြဒင် ၁၉၅၇) မြင့်မြင့်ခင်(ချစ်ညီမ ၁၉၅၇)၊ ဓာတ်ပုံဦးထွန်းလှိုင် (မြတ်ပန်းဝတ်ရည် ၁၉၅၇)၊ ဒါရိုက်တာ ဦးချစ်ခင် (ဖြေလျော့ခွေ ၁၉၅၈၊ ဒုတိယအကြိမ် ရသည်။) ဓာတ်ပုံ ဦးထွန်းမြင့် (စွဲတဲ့ မေတ္တာ ၁၉၅၈)၊ ဒါရိုက်တာ ဦးသာဓု (ကကြီးရေက ၁၉၅၉)၊ မြတ်မွန် (ကကြီးရေက ၁၉၅၉)၊ ဇာတ်ဆောင် ဒေါ်ခင်ညွန့် (ကကြီးရေက ၁၉၅၉)၊ ထွန်းဝေ(ကကြီးရေက၊ ချစ်တော့ချစ်တယ်၊ ဗိုလ်အောင်နိုင် ၁၉၅၉၊ ဒုတိယအကြိမ်ရရှိသည်။) ဓာတ်ပုံဦးဘကြည် (ဗိုလ် အောင်နိုင် ၁၉၅၉)၊ မောင်သင် (ရေမြေဆုံးတိုင်၊ စိုးပါနဲ့ မေရယ်၊ ချစ်သွေးသစ္စာ ၁၉၆ဝ)၊ မေသစ် (မေတ္တာရွှေရည် ၁၉၆ဝ)၊ ဓာတ်ပုံဦးတင်ယု (မေတ္တာရွှေရည် ၁၉၆ဝ)၊ ဒါရိုက်တာဦးသာဓု (အငိုလွယ်သည် ၁၉၆ဝ၊ ဒုတိယအကြိမ် ရရှိသည်။) ခင်ယုမေ (ကိုယ်ပိုင်မေတ္တာ ၁၉၆၁)၊ မြတ်လေး (အမုန်း၏နောက်ဝယ် ၁၉၆၁)၊ ဒါရိုက်တာ တက္ကသိုလ် ဦးဝင်းဖေ (ပြည်တန်တဲ့ကျည်ဆံ ၁၉၆၁)၊ ဓာတ်ပုံ ဦးမောင် ကလေး (ကိုယ်ပိုင်မေတ္တာ ၁၉၆၁) သီသီ(အတွေ့ ၁၉၆၂)၊ အမျိုးသားဇာတ်ရံ ဦးကျောက်လုံး (အတွေ့ ၁၉၆၂)၊ အမျိုးသမီး ဇာတ်ရံမေနွဲ့ (ရွှေရင်သိမ်းသစ် ၁၉၆၂)၊ အမျိုးသမီး ဇာတ်ရံ မေသစ် (ရွှေရင်သိမ်းသစ် ၁၉၆၂)၊ အမျိုးသားဇာတ်ရံ ဦး ကျောက်လုံး (ရင်ဝယ်တသိမ့်သိမ့် ၁၉၆၄)၊ ဓာတ်ပုံဦးဘကြည် (ချိန်းမိလေသောည ၁၉၆၄)၊ ဝါဝါဝင်းရွှေ (ချစ်သမီး ၁၉၆၅)၊ အမျိုးသမီး ဇာတ်ရံတင်တင်မူ (သဲလွန်စ ၁၉၆၅)၊ အမျိုးသား ဇာတ်ရံ ဦးကျောက်လုံး (ချစ်သမီး ၁၉၆၅)တို့ ဖြစ်ကြလေ သည်။ မြန်မာရုပ်ရှင်လောကတွင် ၁၉၅၆ ခုနှစ်ခန့်မှ အစပြု၍ အသံတိတ်ကားများ ပျောက်သလောက် ခေတ်ကုန် သွား၍ အသံထွက်ကားများသာ ရိုက်ကူးလာကြလေသည်။ ၁၉၅၇ ခုနှစ်၌ မင်္ဂလာညွန်ဖလင်မှ ဒါရိုက်တာ အေဝမ်းညွှန့်မောင်၏ မင်းစန္ဒဂုတ် ဇာတ်ကားကို ရီဂျင့်ရုံ၌ ပြသရာတွင် ယင်းကိုယ် တိုင် စမ်းသပ်တီထွင်လိုက်သော မင်္ဂလာဗီးရှင်းမြင်ကွယ်ကျယ် တစ်ပိုင်း ပူးတွဲပြသလေသည်။ ၁၉၅၈ ခုနှစ်တွင် မန္တလေး ရုပ်ရှင်မှ ယင်းတို့ စမ်းသပ်သော ၁၃၂ဝ ပြည့်နှစ် သင်္ကြန်၏ ရွှေမန်းရေသဘင်သတင်းကား စီနီမာစကုတ် မြင်ကွင်းကျယ်ကို ရိုက်ကူးပြသသည်။ ထိုနှစ် ဇွန်လ ၂၇ ရက်နေ့မှ စ၍ ရန်ကုန် တွင် ရုံတင်ပြသော ဆွေဗမာဖလင်၏ ရွှေတိဂုံသမိုင်း ဇာတ် ကားမှာ ဆွေဗမာ စကုတ် မြင်ကွင်းကျယ် ဖြစ်လေသည်။ ထိုနှစ် ဇူလိုင်လ ၄ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့တွင် ရန်ကုန်ရုပ်ရှင်၏ ၂၅ နှစ်မြောက် ငွေရတုသဘင် အောင်မြင် ချက်ဖြစ်သော ချစ်ခဲ့တာ အမှန်ပါဘဲ ဆေးရောင်စုံ အသံထွက် ဇာတ်ကားနှင့်အတူ ၁၃၂ဝ ပြည့်နှစ် ရန်ကုန်သင်္ကြန်ဆေးရောင်စုံ မြင်ကွင်းကျယ်ကို ပူးတွဲပြသသည်။ ထိုနှစ်တွင်ပင် မင်္ဂလာညွှန့် ဖလင်၏ အိုဘယ့်တဏှာ မင်္ဂလားဗီးရှင်း မြင်ကွင်းကျယ် ဇာတ်ကားကို စတင် ပြသခဲ့၏။ ၁၉၅၈ ခုနှစ် ဒီဇင်ဘာလမှစ၍ ရန်ကုန်တွင် ရုံတင်ခဲ့သော ဤလူ့ဘောင်တွင် ဇာတ်ကားသည် ပထမဆုံး စီနီမာစကုတ် မြင်ကွင်းကျယ် ဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင် ရန်ကုန်မြို့တွင် စတင်ရုံတင်ပြသ ခဲ့သော ရန်ကုန်ရုပ်ရှင်၏ သစ္စာလွင်ပြင် ဇာတ်ကားသည် ပထမဆုံး ဆေးရောင်စုံ မြင်ကွင်းကျယ် စီနီမာ စကုတ် ရန်ကုန်စကုတ် ဖြစ်လေသည်။ ထိုနောက်တွင် စီနီမာစကုတ် မြင်ကွင်းကျယ် ရိုးရိုးများ၊ ဪ လောကကဲ့သို့ တပိုင်းဆေးရောင်စုံညှပ် မြင်ကွင်းကျယ်များ ရိုက်ကူးလာကြ လေသည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးအစိုးရ တက်လာပြီးနောက် ဇူလိုင်လထဲ၌ စုန်းနတ် ကဝေ တစ္ဆေနှင့် လမ်းသရဲဆန်သော ဇာတ်ကားများ မရိုက်ကူးရန် မေတ္တာရပ် ခံလေသည်။ ရှိပြီးသား စုန်းနတ် ကဝေ တစ္ဆေဇာတ်ကားများကို ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား၍ ပြသခွင့်ပြုပြီးလျှင် ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ပိတ်လိုက် လေသည်။ ထိုပြင် ရုပ်ရှင်ရိုက်မည့် ဇာတ်လမ်းများကို ရုပ်ရှင် မြှင့်တင်ရေး (ပြည်သူ့ရုပ်ရှင် အုပ်ချုပ်ရေး)သို့ တင်ပြပြီးလျှင် ခွင့်ပြုချက်ရမှ ရိုက်ခွင့်ပြုလေသည်။ ပြည်သူ့ရုပ်ရှင်(အစိုးရ) ကလည်း ရုပ်ရှင်ဇာတ်ကားများ ရိုက်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)