မာတိကာသို့ ခုန်သွားရန်

မြန်မာမေဖလားဝါးဘဏ်

ဝီကီပီးဒီးယား မှ
မြန်မာမေဖလားဝါးဘဏ်
Myanmar Mayflower Bank
အမျိုးအစားပုဂ္ဂလိကဘဏ် (ဖျက်သိမ်းပြီး)
လုပ်ငန်းဘဏ်၊ ငွေကြေးဝန်ဆောင်မှု
တည်ထောင်သည့်နှစ်၁၉၉၄ (၁၉၉၄)
ဖျက်သိမ်းမတ် ၃၁၊ ၂၀၀၅ (၂၀၀၅-၀၃-၃၁)
ဌာနချုပ်ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
အရေးပါ ပုဂ္ဂိုလ်များဦးကျော်မြင့် (မန်နေဂျင်းဒါရိုက်တာ)
ထုတ်ကုန်ပစ္စည်းဘဏ်လုပ်ငန်းဝန်ဆောင်မှု၊ ATM ဝန်ဆောင်မှု

မြန်မာမေဖလားဝါးဘဏ် (အင်္ဂလိပ်: Myanmar Mayflower Bank) သည် မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်လွန်နှစ်များက ထင်ရှားခဲ့သော ပုဂ္ဂလိကဘဏ်တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး ၂၄ နာရီ အသုံးပြုနိုင်သည့် ATM စက်များကို စတင်မိတ်ဆက်ပေးခဲ့သည့် ဘဏ်ဖြစ်သည်။ယင်းဘဏ်သည် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေကြေးခဝါချမှု အဓိကစိုးရိမ်ရသည့် ငွေကြေးဆိုင်ရာအဖွဲ့အစည်းအဖြစ် သတ်မှတ်ကာ ပိတ်ဆို့ဒဏ်ခတ်ခဲ့ခြင်း ခံခဲ့ရသော ဘဏ်လည်း ဖြစ်သည်။[၁][၂]

နောက်ခံသမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ

[ပြင်ဆင်ရန်]

ဦးကျော်မြင့်သည် မြန်မာမေဖလားဝါးဘဏ် မတည်ထောင်မီ ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက သစ်လုပ်ငန်းဖြင့် ကြီးပွားနေခဲ့ပြီ ဖြစ်သည်။ ၎င်းအား မေဖလားဝါးကျော်မြင့် ဟုလည်း ခေါ်ဆိုကြသည်။ ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ မြန်မာမေဖလားဝါးဘဏ်ကို ၁၉၉၄ ခုနှစ်တွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခဲ့သည်။[၃]

ဦးကျော်မြင့်ပိုင်ဆိုင်သော ဤဘဏ်သည် မြန်မာနိုင်ငံတွင် ပထမဆုံး ၂၄ နာရီ အသုံးပြုနိုင်သည့် အေတီအမ် စက်များကို စတင်မိတ်ဆက်ပေးခဲ့သည်။ ထို့အပြင် ၎င်း၏ စီးပွားရေးလုပ်ငန်းများတွင် ရန်ကုန်လေကြောင်းကုမ္ပဏီ (Yangon Airways) အပါအဝင် အိမ်ခြံမြေ တည်ဆောက်ရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ပါဝင်ခဲ့သည်။[၄]

ပိတ်ဆို့ဒဏ်ခတ်ခံရခြင်းနှင့် ဘဏ်လုပ်ငန်းလိုင်စင် ရုပ်သိမ်းခြင်း

[ပြင်ဆင်ရန်]

ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှုတို့တွင် ပတ်သက်မှုရှိသည်ဟူသော စွပ်စွဲချက်များဖြင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန (FinCEN) က USA PATRIOT Act ပုဒ်မ ၃၁၁ အရ မြန်မာမေဖလားဝါးဘဏ်နှင့် ဦးအိုက်ထွန်း၏ အာရှဓနဘဏ် တို့ကို ပိတ်ဆို့ဒဏ်ခတ်ခဲ့သည်။ယင်းနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ၂၀၀၅ ခုနှစ်၊ ဧပြီလ ၁ ရက်စွဲဖြင့် ယင်းဘဏ်သည် မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ၊ နည်းဥပဒေများကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်ဟုဆိုကာ ၂၀၀၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှစ၍ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အုပ်ချုပ်ရေးမှူးများ ခန့်အပ်၍ ၂၀၀၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှစတင်ကာ အပ်နှံငွေများကို တာဝန်ယူ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။[၅]

၂၀၀၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့စွဲဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်- [၆]

၁၉၉ဝ ပြည့်နှစ်၊ မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ မြန်မာမေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်တို့အား ၁၉၉၄ ခုနှစ်နှင့် ၁၉၉၅ ခုနှစ်တို့တွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို အသီးသီးထုတ်ပေး၍ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ပါသည်။

ယခုအခါ ယင်းဘဏ်နှစ်ဘဏ်တို့သည် မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ နည်းဥပဒေ များကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ ရှိရသဖြင့် ၂ဝဝ၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှစ၍ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်မပြုတော့ဘဲ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ပြန်လည်ရုပ်သိမ်းလိုက်ပါသည်။

ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းပြီးနောက် ယင်းဘဏ်နှစ်ဘဏ်နှင့် ၎င်းတို့၏ ဘဏ်ခွဲများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အုပ်ချုပ်ရေးမှူးများ ခန့်အပ်တာဝန်ပေး၍ ယင်းဘဏ်နှစ်ဘဏ်နှင့် ဘဏ်ခွဲများတွင် အပ်နှံ ထားသောအပ်ငွေများ (Deposits)ကို တာဝန်ယူထုတ်ပေးသွားမည်ဖြစ်ပါသည်။ အပ်ငွေများ ပြန်လည်ထုတ်ပေးရာတွင် မိမိတို့အပ်နှံထားသော သက်ဆိုင်ရာ ဘဏ်များ/ဘဏ်ခွဲများတွင် ထုတ်ပေးသွားမည် ဖြစ်ပါသည်။ ငွေများပြန်လည် ထုတ်ပေးရာတွင်လွယ်ကူစွာနှင့် နှောင့်နှေးကြန့်ကြာမှုမရှိစေရန် မိမိအပ်နှံထားသော ဘဏ်/ဘဏ်ခွဲများ၌ ဘဏ်စာရင်း နံပါတ်များ/ငွေထုတ်ယူရမည့်နေ့ရက်များကို ကြေညာထားရှိမည် ဖြစ်ပါသည်။ အပ်နှံငွေများကို ၂၀၀၅ခုနှစ် ဧပြီလ ၄ ရက် (တနင်္လာနေ့)မှစ၍ ထုတ်ပေးသွားမည်ဖြစ်ပါသည်။

မြန်မာမေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်များမှ ချေးယူငွေ၊ အကြွေးဝယ်ကတ် ကြွေးကျန်ငွေနှင့် အခြား ရန်တာဝန်ရှိသူများသည် သက်ဆိုင်ရာဘဏ်/ဘဏ်ခွဲများတွင် အမြန်ဆက်သွယ်ပေးဆပ်ကြရန် ဖြစ်ပါသည်။ ချေးငွေများ၊ အကြွေးဝယ်ကတ် ကြွေးကျန်ငွေများနှင့် အခြားပေးရန် တာဝန်ရှိသူများသည် အချိန်မီပေးဆပ်ခြင်းမပြုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မြန်မာမေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်တို့ကိုသာ မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့ အစည်းများဥပဒေအရ အထက်ပါအတိုင်း အရေးယူဆောင်ရွက်ခြင်းဖြစ်ပြီး ဘဏ်လုပ်ငန်းများဆောင်ရွက်လျက်ရှိသောအခြားပုဂ္ဂလိကဘဏ်များနှင့် သက်ဆိုင်ခြင်းမရှိပါ။

နိုင်ငံတော်ဘဏ်များနှင့် အခြားပုဂ္ဂလိကဘဏ်များအနေဖြင့် ဘဏ်လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်နေမည်ဖြစ်ပါသည်။

တားမြစ်ချက် ရုပ်သိမ်းခြင်း

[ပြင်ဆင်ရန်]

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးကွန်ရက် (FinCEN) သည် မြန်မာမေဖလားဝါးဘဏ်အပေါ် ၂၀၀၄ ခုနှစ်က အတည်ပြုခဲ့သည့် အထူးအစီအမံများနှင့် ငွေကြေးခဝါချမှု အဓိကစိုးရိမ်ရသည့် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့မှုများကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။ အစိုးရက ဘဏ်လုပ်ငန်းလိုင်စင်များကို ရုပ်သိမ်းပြီးဖြစ်သဖြင့် အဆိုပါလုပ်ငန်းများသည် ဘဏ္ဍာရေးစနစ်အပေါ် ခြိမ်းခြောက်မှုအဖြစ် ဆက်လက်မရှိတော့သည့်အတွက် ယခုကဲ့သို့ ပိတ်ဆို့မှုကို ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။[၇][၈][၉]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ "Licences of Myanmar May Flower Bank,Asia Wealth Bank withdrawn Refunding of deposits will be commenced beginning 4 April State-owned banks, other private banks conduct banking business as usual"၊ The New Light of Myanmar၊ 2005-04-02၊ စာ- 9။
  2. ↑ အာရှဓနနဲ့ မေဖလားဝါး ဘဏ်တွေပေါ်ပိတ်ပင်မှု အမေရိကန်ပယ်ဖျက် (in my) (2012-09-27)။ 2026-09-11 တွင် ပြန်စစ်ပြီး။
  3. ↑ Treasury Withdraws Actions Against Two Burmese Banks (in en-us) (2012-09-26)။ 2026-09-11 တွင် ပြန်စစ်ပြီး။
  4. ↑ Downing၊ Jared (2016-04-26)။ အဓိက မြန်မာ့လုပ်ငန်းရှင်အချို့အကြောင်း အပိုင်း ၂ (in mm-MM)။ 2026-09-11 တွင် ပြန်စစ်ပြီး။
  5. ↑ ဦးအောင်ခင် (2014-09-04)။ မြန်မာ့ဘဏ်လုပ်ငန်း နှင့် ငွေကြေးခဝါချမှု (in my)။ 2026-09-11 တွင် ပြန်စစ်ပြီး။
  6. ↑ မြန်မာမေဖလားဝါးဘဏ်နှင့် အာရှနဘဏ်တို့အား ဘဏ်လုပ်ငန်းလိုင်စင် ပြန်လည်ရုပ်သိမ်း ယင်းဘဏ်များ၌ အပ်နှံထားသောအပ်ငွေများကို ဧပြီ၄ရက်မှစ၍ ထုတ်ပေးသွားမည် နိုင်ငံတော်ဘဏ်များနှင့် အခြားပုဂ္ဂလိကဘဏ်များ၌ ဘဏ်လုပ်ငန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိ။ ၂၀၀၅ ခုနှစ် ဧပြီ ၂ ရက်နေ့ထုတ်,မြန်မာ့အလင်းသတင်းစာ,စာမျက်နှာ (၇) (၂ ဧပြီ ၂၀၀၅)။ ၁၀ စက်တင်ဘာ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  7. ↑ အာရှဓနနဲ့ မေဖလားဝါး ဘဏ်တွေပေါ်ပိတ်ပင်မှု အမေရိကန်ပယ်ဖျက် (in my) (2012-09-27)။ 2026-03-04 တွင် ပြန်စစ်ပြီး။
  8. ↑ Frontier၊ Myanmar (2016-07-19)။ ဘဏ်များ ဖွံ့ဖြိုးလာသော်လည်း ငွေစက္ကူကသာ အဓိက အရေးပါနေဆဲဖြစ် (in mm-MM)။ 2026-07-25 တွင် ပြန်စစ်ပြီး။
  9. ↑ မ္ဘောဇဘဏ်တွင် ငွေထုတ်သူများကို လိုသလောက် ထုတ်ပေးဟုဆို (in my)။ 2026-07-25 တွင် ပြန်စစ်ပြီး။