မြန်မာမင်းများ အုပ်ချုပ်ပုံ

ဝီကီပီးဒီးယား မှ

ရှေးခေတ် မြန်မာအုပ်ချုပ်ပုံမှာ ဇမ္ဗူဒီပ ဥဆောင်ကျမ်း၌ ပါဝင်သော အမိန့်တော်၊ စစ်တမ်း စသည်တို့မှ မြန်မာမင်း အုပ်ချုပ်ပုံကို သိရ၏။ မင်ကြီးစွာ စော်ကဲ၏ အမိန့်တော်၊ သာလွန်မင်း၏ အမိန့်တော်စသည့် အမိန့်တော်တို့တွင်လည်း အရပ်ရပ်အုပ်ချုပ်ရေးဆိုင်ရာ အကြောင်းအရာများနှင့်တကွ အမှုထမ်းအမျိုးမျိုးတို့၏ ဝတ်တရား စသည်တို့ ပါဝင်သည်။ အထက်ပါ အမိန့်တော်၊ စစ်တမ်းများကို အကိုးအကားပြု၍ ရှေးမြန်မာမင်းများ အုပ်ချုပ်ပုံကို ဖော်ပြထားသည်။

မြန်မာမင်းအုပ်ချုပ်ပုံ[ပြင်ဆင်ရန်]

မြန်မာမင်းအုပ်ချုပ်ပုံကို အမိန့်တော်၊ စစ်တမ်း စသည်တို့ပါဝင်သည့် ဇမ္ဗူဒီပ ဥဆောင်းကျမ်း၌ ဖတ်ရှုနိုင်သည်။ မင်းကြီးစွာစော်ကဲ၏ ၇၂၉ ခုထုတ် အမိန့် တော်၊ သာလွန်မင်း၏ ၉၉၉ ခုထုတ် အမိန့်တော်အစရှိသည့် အမိန့်တော်တို့တွင် အရပ်ရပ်အုပ်ချုပ်ရေးဆိုင်ရာ အကြောင်း အရာများနှင့် အမှုထမ်းအမျိုးမျိုးတို့၏ ဝတ်တရား စသည်တို့ကို ဖော်ပြထားသည်။ အခွန် ဘဏ္ဍာဆက်သွင်းရိုး အစဉ်နှင့် အစစ် ခံသော မြို့သူကြီး ရွာသူကြီးတို့၏ အစစ်ခံချက်ဖြစ်သော စစ်တမ်းများ၌ ခွန်မ၊ ခွန်သေး၊ ထုံး၊ အိုင်၊ အင်း၊ ဆိပ်၊ ပွဲကူးတို့ စသည်တို့သာမက မြို့ရွာ၏ ရှေးဟောင်းသမိုင်း၊ မြို့သူမြို့သား ရွာသူရွာသားတို့၏ ထုံးစံဓလေ့၊ အသင်းအစု ဖွဲ့ခြင်း စသည့် အုပ်ချုပ်ရေးဆိုင်ရာ အကြောင်းအရာများလည်း ပါဝင်ကြသည်။ ရွှေပြည်ခေါ် မြန်မာနိုင်ငံကို နယ်မြေအား ဖြင့်၎င်း၊ ဌာနအားဖြင့်၎င်း အုပ်ချုပ်၏။ နယ်မြေအုပ်ချုပ်ပုံတွင် တဖက်၌ ဘုရင့်ကိုယ်စား အမှုထမ်းများ၊ တဖက်၌ ရိုးရာအမှု ထမ်းများ ပါဝင်သော နှစ်ထပ်အစိုးရ ရှိ၏။ နယ်မြေအုပ်ချုပ် ရေးတွင် အုပ်ချုပ်ပုံသုံးမျိုး ရှိ၏။ ယင်းတို့ကား ဤသို့ဖြစ်၏။ မြို့တော်၌ နန်းတော် ပတ်လည် ငါးတိုင်အတွင်း စီရင် ပိုင်ခွင့်ရှိသော မြို့ဝန်နှင့် လက်အောက်ခံများ ရှိ၏။ (၂)မြို့တော် အပြင်ဘက်၌ ဘေးဘိုးစဉ်ဆက် ကြီးစိုး အုပ်ကွပ်တိုင်ဆော်သည့် နယ်မြေအတွင်း ရိုးရာ ကျွန်တော်မျိုးဖြစ်သော တိုင်း သူရင်း တို့ကိုသာ စီရင်ပိုင်ခွင့်ရှိသော မြို့ကွပ်နှင့် အခြားအမှုထမ်း များရှိ၏။ (၃) ယင်းတို့ကို ကျော်၍ စော်ဘွားအစရှိသည့် ရိုးရာအကြီးအကဲတို့ လက်အောက်ရှိ အဝေးမြို့များနှင့် စစ် အစိုးရလက်အောက်၌ ရှိဟန်တူသော စစ်ကဲမြို့များရှိ၏။ မနီးမဝေးသော နယ်မြေများသို့ ခန့်အပ်သည့် အမည်ရ ကျေးစား ရွာစား များနှင့် အဝေးသို့ ခန့်အပ်သော အမှုထမ်း ကြီးများဟူသော ဗဟိုအစိုးရ၏ ကိုယ်စားလှယ်များလည်း ရိုးရာ အကြီးအကဲ များနှင့် ယှဉ်လျက်ရှိကြ၏။ ဤသို့လျှင် နယ်မြေ အုပ်ချုပ်ပုံစံနစ်သည် ရိုးရာအကြီးအကဲအုပ်ချုပ်ရေးကို ဗဟို အစိုးရအမှုထမ်းဖြင့် ကြီးကြပ်ကြည့်ရှုသော သွယ်ဝိုက်အုပ်စိုး ခြင်း ဖြစ်ဟန်တူ၏။ နယ်မြေ အုပ်ချုပ်ရေးနှင့် ယှဉ်ကာ အတွင်းဝန်၊ ဝင်းမှူး၊ ဆင်မှူး၊ ဗိုလ်မှူး၊ သင်းမှူးအစရှိသည်တို့

ပါဝင်သော ဌာနဆိုင်ရာ၊ သို့မဟုတ် စစ်တပ်ဆိုင်ရာ အုပ်ချုပ်ရေး ရှိ၏။ ယင်းတို့မှာ မိမိတို့ လူများနှင့် မိမိတို့ ဌာနဆိုင်ရာ အကြောင်းကိစ္စများကို စီရင်ပိုင်ခွင့် ရှိကြသည်။ လူခပ်သိမ်းသည် မွေးဖွားခြင်းဖြင့်သော်လည်းကောင်း၊ အိမ်ထောင်မှု ဖြင့်သော်လည်းကောင်း တပ်တခုခု အသင်းတစ်ခုခုနှင့် ဆိုင်သည်ဟု ဆို၏။ တစ်ခါတစ်ရံ အသည်ဟူ၍၊ တစ်ခါတစ်ရံ တိုင်ထမ်း ဟူ၍ ခေါ်သော အခွန်တော်ထမ်းသည့် အသည် တိုင်ထမ်းသည် မြန်မာအုပ်ချုပ်ရေး စံနစ်တွင် အလွန်အရေးကြီးသော ဂုဏ်တူစု ဖြစ်သည်။ အသည် တို့မှာ အမှုထမ်းရန် တာဝန်မရှိ။ သူတို့ မှာ စစ်မှုစစ်ရေးသော်လည်းကောင်း၊ မြို့ပြဆိုင်ရာသော်လည်းကောင်း အမှုထမ်းရန် တာဝန်ရှိသော အမှုထမ်းကဲ့သို့ မဟုတ်ဘဲ၊ အခွန်တော်ဆောင် ခြင်းမှတပါး၊ မည်သည့်တာဝန်မျှ မရှိချေ။ စစ်အမှုထမ်းတစ်ဦး သည် ကိုယ်ပိုင်လက်အောက်ခံများကိုသာ အာဏာထားနိုင်၍၊ အခြားအစိုးရ၊ စစ်တပ်၊ အသင်း၊ အသည်၊ အစိုးရမဟုတ်သည့် ဂုဏ်တူစု တစ်ခုခုနှင့်ဆိုင်သော နေထိုင်သူများအား အာဏာ မထားနိုင်။ အသည်ကို အနှောင်အဖွဲ့ ကင်းသည့် လွတ်လပ်သူ နှင့်၎င်း၊ အမှုထမ်းကို နှောင်ဖွဲ့ထားသူနှင့်၎င်း နှိုင်းရှည့်အပ် ၏။ အမှုထမ်းသည် အသည်အောက် ယုတ်ညံ့သည်ဟု မယူဆ အပ်။ အသည်သက်သက်နှင့် ဖက်စပ်သူတို့သည် ကပ္ပားဖြစ်ကြ ၏။ ဤသူတို့သည် အခြား အရပ်ရှိ အသည် ဂုဏ်တူစုမှလာ၍ နေထိုင်ခွင့် ရသူများ ဖြစ်ကြ၏။ ဤသူတို့သည် အခြားအရပ်ရှိ အသည် ဂုဏ်တူစု မှလာ၍ နေထိုင်ခွင့်ရသူများ ဖြစ်ကြသည်။ အသည်နှင့် ကပ္ပားမှ မွေးဖွားသူကို အလာဟု ခေါ်သည်။ ရွာတွင် မြေလုပ်ခွင့်ရသော ကပ္ပားကို ကြိတ်စုတွင် ထည့်သွင်း သည်ဟု အသိအမှတ်ပြုကြသည်။ အစိုးရ၊ သို့မဟုတ် ဝန်ထမ်း အစု တခုခုတွင် ထည့်သွင်းအပ်သော အပြင်လူတို့ကိုလည်း ကြိတ်စုအသည် ဟုခေါ်ကြသည်။ အသည်တို့သည် လုပ်သား မျှသာဖြစ်၍ အစိုးရအမှုထမ်း တို့၏ ဂုဏ်အခွင့်အရေးများကို မခံစားကြရချေ။ အသည်တို့သည် မြန်မာထက် ဦးသော တိုင်းရင်းသားတို့၏ အဆက်အနွယ် ဖြစ်ဟန်တူ၏။ ထိုနောက် အစိုးရ အမှုထမ်းခြင်း၏ အခွင့်အရေးထက် တာဝန်က ကြီးမား လာသောအခါများ၌ အမှုထမ်းများသည် အသည် ဂုဏ်တူစုသို့ မျှောဝင်လိုကြ၏။ စစ်သော်လည်းကောင်း ပုန်ကန်မှုသော်လည်းကောင်း ဖြစ်သော အခါ အသည်တို့ပင် အမှုထမ်းရန် တာဝန်ရှိ၏။ အစိုးရဝန်ထမ်းဖြစ်သော အမှုထမ်းတို့ကို အသင်း၊ အစု၊ အစို့ဖွဲ့၍ ထား၏။ ဤသည်တို့သည် များသောအားဖြင့် စစ်တပ်ဖြစ်၍၊ တစ်ပါးတို့မှာ မြို့ပြနှင့်ဆိုင်ကြ၏။ များသော အားဖြင့် တပ်တို့သည် သူရဲ ၁၂ တပ်၌ ပါဝင်ကြဟန်တူ၏။ မြင်း၊ ဒိုင်း၊ ဆင်၊ သေနပ်၊ ကာ၊ လွှား၊ လှံရှည်တို့သည် ထင်ရှားသော စစ်မှုထမ်း ဌာနခွဲများ ဖြစ်ကြ၏။ စစ်ဖက် မဟုတ်သော အသင်းတို့အနက် ရိုးရာလယ်သမားတော်ဖြစ်သော လမိုင်းသည် အရေးကြီး၏။ သူတောင်းစားနှင့် စက်ဆုပ်ဖွယ် ဂုဏ်တူစုတို့ကိုပင် အစုဖွဲ့၏။ အရွတ်စို့၊ စဏ္ဍာလ ငါးစို့၊ နာရီအစို့တို့ကိုလည်း တွေ့ရ၏။ အသည်တို့မှာ နေထိုင်ရာ နယ်မြေအတွင်း မြေလုပ်ကိုင်ရန် အခွင့်ရှိ၏။ အမှုထမ်းတို့ကိုကား လုပ်မြေ၊ နေမြေ၊ စားမြေ ခွဲဝေချပေး၏။ အမှုထမ်းတို့ကို ဝန်၊ သို့မဟုတ် မှူးက အုပ်ချုပ်၏။ ဤသို့လျှင် မြင်းဝန်၊ ဒိုင်းဝန်၊ ဒိုင်းမှူးဟူ၍ တွေ့ရ၏။ ယင်းတို့အောက်၌ အခြားသူများထက် သာ၍ ကျယ်သော မြေရသော သွေးသောက်၊ အဝှန်း၊ ခေါင်း၊ အိုးစား ကြီးတို့ ပါဝင်သည့် ဒေသန္တရအမှုထမ်းများ ရှိကြ၏။ ဝန်ထမ်းသည် ဖြစ်စေ၊ ဝန်မထမ်းသည် ဖြစ်စေ လူထုကို ဆင်းရဲသား၊ သို့မဟုတ် ကျွန်တော်မျိုးဟု ခေါ်၏။ ကျေးရွာနေ၊ အမှတ်၊ ငယ်သားဟူသော ဝေါဟာရများလည်း ရှိသေး၏။ ကျေးရွာနေသည် ကျေးလက်အတွင်း နေထိုင်သူကို ဆိုသည်။ လူတို့သည် မည်သည့်တပ်၊ မည်သည့်အသင်းနှင့် ဆိုင်သည်ကို ပြသသော သီးသန့်ထိုးကွင်းကို အမှတ်ဟု ခေါ်ဟန်တူ၏။ ငယ်သားသည် နောက်လိုက်ကိုဆို၍ ဝန်ထမ်း သမားနှင့်သာ သက်ဆိုင်၏။ အရာထမ်းများအနက် အတွင်းဝန်သည် အတွင်းမှု စီရင် ပိုင်ခွင့်နှင့်တကွ အတွင်းသားတို့ကို အာဏာထား နိုင်သည်။ အတွင်းသည် ပြည်ထဲကိစ္စကို ဆို၍ အတွင်းသားမှာ အရပ် ဒေသမဟုတ်ဘဲ၊ ဂုဏ်တူစုကို ဆိုသည် ဖြစ်နိုင်သည်။ အတွင်းဝန်တို့ကို ဗြဲတိုက် အရာထမ်းမှူးများဟုလည်း ခေါ် ကြသည်။ နန်းတော်နောက်ပိုင်း မိန်းမဆောင်ဖြစ်သော အနောက်ရုံးကို အုပ်ထိန်းသော အရာထမ်းကို အနောက်ဝန် ဟုရေးသည်။ ပုဂံခေတ် တွင် ထင်ရှားသော ကလန်၊ သံပျင်၊ စာချီတို့ကိုလည်း တွေ့ရ၏။ ကလန်ဟူသည်မှာ ရွာကို အုပ်ချုပ်သော ရွာသူကြီးနှင့်အလားတူ၏။ သံပျင်ကား ဘုရင့် အမိန့်တော်ကို ချသူ ဖြစ်၏။ စာချီမှာ စာရေးတော်တို့၏ အချုပ် ဖြစ်၏။ အခွန်တော်နှင့်စပ်လျဉ်း၍ မြေခွန်၊ ရေခွန်၊ ယာခွန်၊ ကိုင်း ခွန်၊ တောခွန် အစရှိသူတို့ကို တွေ့ရ၏။ ခွန်မ၊ ခွန်သေးသည် ယေဘုယျ အခွန်ကို ဆိုသည်။ နှစ်စဉ် တစ်လုံးတည်း ပေးရ သော ငွေကို ခွန်သေဟု ခေါ်၍၊ တစ်နှစ်မှ တစ်နှစ် ပြောင်းလဲ သည့် အခွန်ကို ခွန်ရှင်ဟုခေါ်သည်။ ရွှေနန်းရိုး ရွှေခွန်၊ ငွေခွန် သည် မြို့တော်ရှိ အရာထမ်းတို့ကို ထမ်းဆောင်ရသော အခွန် ဖြစ်သည်။ အချို့ရွာတို့သည် ရွှေငွေ အစား သစ်ခွပန်း၊ သို့မဟုတ် အခြားပန်းတော်တို့ကို ဆက်ကြသည်။ တမာစေး၊ လျှော်၊ အုံတုံခေါက်၊ ဥသျှစ်၊ တင်လဲ၊ မုရိုမီးသွေး၊ စာရေးရန် ထန်းဖူး၊ မန်ကျည်းမှည့်၊ ရေနံ၊ အင်တွဲ၊ လဲဝါ၊ ကျွဲကော် ဟူသော ဆဲ့နှစ်မှုထမ်းသည် တရပ် တဒေသရှိ သာမန် သစ်တောထွက် ပစ္စည်းမှတပါး မည်သည်ကိုမျှ အခွန်အဖြစ် မပေးကြဟန်တူ၏။ ခိုင်ကြေးပွဲခကို ဆိုလိုဟန် တူသော အပိုအကဲခေါ်သော ရေးစား၊ တိုင်စားကဲ့သို့သော အခွန် အတုပ်ငယ် အမျိုးမျိုးလည်း ရှိ၏။ တရားကွမ်းဖိုး၊ ကွမ်းဖိုး၊ တရားစကားဟု ခေါ်သော တရားစီရင်မှု အခငွေများလည်း ရှိ၏။ ကျွဲသေ နွားသေ၏ အနံတင်ပါးသည်လည်း ဆုလပ်တခု ဖြစ်၏။ ဒေသန္တရ အကြီးအကဲ တို့သည် အသေကောင်၏ အပိုင်းကို ရမြဲဖြစ်၏။ ကျွဲနွားဖြစ်စေ၊ ကျွန်ဖြစ်စေ ရောင်းလျှင် အကောက်ပေးရ၏။ လေလွင့်သော ကျွဲ၊ နွား မြီးရေးအားဖြင့် ရေတွက်၏။ ပွဲဟူသောစကားသည် ပွဲစားကို၎င်း၊ ပွဲခကို၎င်း ဆိုလို၏။ တောင်းပလုံးဖြင့် ခြင်တွယ်သည့် ကုန်စည်ပွဲခ၊ သို့မဟုတ် ဤကိစ္စမျိုးကို ကြီးကြပ်သူကို တည် ဟုခေါ်၏။ အလေးချိန်ရသော ကုန်စည်ပွဲခကို ရာဇူဟုခေါ်သည်။ အလေးချိန်သော ချိန်ခွင်ကိုလည်း ရာဇူဟုခေါ်သည်။ ချိန်ခွင် ကိုင်ကို ရာဇူကိုင် ဟုခေါ်၏။ ကင်းစောင့်၊ချောပို့၊ ကူးတို့ခ တို့သည် အများကုန်ကျစရိတ်များ ဖြစ်ကြ၏။ နိုင်ငံရေး ပထဝီဝင်နှင့် စပ်လျဉ်း၍ သုံးသောဝေါဟာရ များအနက်၊ တိုင်းသည် လူမျိုးတမျိုး ပေါင်းစု၍ နေသော အရပ်ကိုဆိုသည်။ ဇမ္ဗူဒီပကျွန်းကို တိုင်းကြီး ၁၆ တိုင်းအား ဖြင့် ပိုင်းခြားသကဲ့သို့၊ မြန်မာနိုင်ငံကို လည်း သုနာပနန္တ၊ တမ္ပဒီပ၊ သီရိခေတ္တရာ၊ ဇေယျဝဎ္0x046ဏ၊ ရာမည၊ သုဝဏ္ဏဘုမ္မိ၊ ကမ္ဘောဇ၊ စိန့်ဟူသော တိုင်းငယ် ရှစ်တိုင်းအားဖြင့် ပိုင်းခြား ၏။ များသောအားဖြင့် ပြည်သည် တိုင်းကြီးလောက် မနှံ့ပြား သောနေရာကို ဆိုသည်။ မြန်မာနိုင်ငံပတ်လည်ရှိ ကျော်ကသည်း ပြည်၊ ဂျွမ်းပြည် အစရှိသည်တို့ကိုလည်း ပြည်ဟု ခေါ်သည်။ အောက်မြန်မာပြည်ကို အောက်မြစ်စဉ် တလျှောက်ဟူ၍လည်းကောင်း၊ ရာမည၊ သို့မဟုတ် မုတ္တမ၊ ဥပါယ်ခို၊ ပုသိမ် ပါဝင်သော တလိုင်း(မွန်)သုံးရပ်ဟူ၍လည်းကောင်း ခေါ်၏။ မြန်မာပြည် မြောက် ပိုင်းကို အထက်မြစ်စဉ်တလျှောက်ဟူ၍လည်း ခေါ်သည်။ ရှမ်းဒေသကို ကိုးကျိုင်း၊ ကိုးမှိုင်း၊ ကိုးထား၊ ကိုးမော ဟု များသောအားဖြင့် ခေါ်သည်။ ကျောက်ဆည် ကိုးခရိုင်၊ သို့မဟုတ် လယ်တွင်းကိုးခရိုင်၊ ဇင်းမယ် ၅၇ ခရိုင်၊ ပုသိမ် ၃၂ မြို့ခရိုင်ဟူ၍ ခရိုင် သုံးသည်။ တစ်ခါတစ်ရံ ခရိုင်တို့ကို စု၍ နယ်၊ မြို့နယ်ဟု ခေါ်၏။ ဇင်းမယ် ၅၇ ခရိုင်ကို ဇင်းမယ် ၅၇ မြို့နယ်ဟူ၍လည်း ခေါ်၏။ တောင်ဘက်တိုက်၊ မြောက်ဘက်တိုက်၊ အရှေ့ဘက်တိုက်၊ အနောက်ဘက် တိုက်၊ ဆင်ကျည်တိုက်၊ တွင်းသင်းတိုက်၊ မဟာဒါန်တိုက်ဟူ၍ အရပ်ရပ်ဆိုင်ရာ အုပ်ချုပ်ရေးဌာန ခုနစ် ဌာနရှိ၏။ ပထမ လေးဌာန၏ အမည်တို့သည် နယ်မြေ အပိုင်းအခြားနှင့်စပ်ဆိုင်ကြောင်း ညွှန်ပြ၏။ အဝေးမြို့သည် အရေးကြီးသော အုပ်ချုပ်မှုလက္ခဏာ ဖြစ်သည်။ အတွင်း၊ သို့မဟုတ် ပြည်ထဲနယ်မြေနှင့် ဆန့်ကျင် ဖက် ဖြစ်ဟန်တူ၏။ အဝေးမြို့တွင် ရှမ်းပြည်နှင့်မြို့စားများအား ခွဲဝေချထားအပ်သော အခြားမြို့များ ပါဝင်ကြသည်။ ဧရိယာ အားဖြင့် တိုက်၊ ခရိုင်တို့အောက်ငယ်၍၊ အုပ်ချုပ်ရေး စံနစ်တွင် အရေးအကြီးဆုံး သော ဧကမူကား မြို့ဖြစ်သည်။ ဌာနချုပ်မြို့ ကို မြို့မဟူ၍လည်းကောင်း၊ လက်အောက်ခံမြို့ကို မြို့ရံဟူ၍လည်းကောင်း ခေါ်၏။ မြို့နှင့်နယ် ပေါင်း၍ခေါ်သော မြို့နယ်ကိုလည်း တွေ့ရှိရ၏။ အထက်မြန်မာပြည်၌သုံးသော မြို့အစား အောက် မြန်မာပြည်၌ သန်လျှင် (သံလျင်)သုံးတိုက်၊ ဟံသာဝတီ ခုနစ်တိုက်ကဲ့သို့ တိုက်ကို သုံးကြသည်။ မြို့အတွင်းရှိ ရွာသူကြီး အရေ အတွက်သည် ရွာအရေအတွက်လောက် မများချေ။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)