မြန်မာနိုင်ငံ လူထုပညာရေး

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံ လူထုပညာရေး[ပြင်ဆင်ရန်]

ပြည်ထောင်စု မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ တွင် အချုပ် အချာ အာဏာပိုင် လွတ်လပ်သော နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့လေသည်။ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားများသည်လည်း လွတ်လပ်သော နိုင်ငံသားအဖြစ်ကို ရရှိခဲ့ကြသည်။ ထိုအခါ၌ တိုင်းသူပြည်သားတို့သည် နိုင်ငံသားအဖြစ်ရရှိသော အခွင့်အရေးနှင့် တာဝန်ဝတ်တရားများကို သိဖို့လိုလာလေသည်။ လွတ်လပ်သော နိုင်ငံသား တစ်ယောက်အဖြစ်ရရှိသော အခွင့်ရေးများ ပိုလာသည်နှင့်အမျှ တိုင်းပြည်အကျိုးကို ရှေးရှူ၍ ပြုအပ်သော တာဝန်ဝတ်တရားများ ပိုလာကြောင်းကိုလည်း လူတိုင်းသိဖို့ လိုလာသည်။ ထိုသို့အားဖြင့် စည်ပင်ဝပြောသော ပြည်ထောင်စုအဖြစ် တည်တံ့နိုင်မည်ဖြစ်သည်။ ထိုကြောင့် ၁၉၄၈ ခုနှစ်၌ပင် နိုင်ငံတော်အစိုးရက လူထုပညာရေး ကောင်စီ ဥပဒေကြမ်းကို ပါလီမန် လွှတ်တော်၌တင်၍ သဘောတူ အတည်ပြုခဲ့လေသည်။ နိုင်ငံတော် သမ္မတကလည်း ၁၉၄၈ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ထိုဥပဒေ ကြမ်းကို သဘောတူ လက်မှတ်ရေးထိုးသည်။ ၁၉၄၉ ခုနှစ် မတ်လ ၂ဝ ရက်နေ့တွင် ပြန်ကြားရေးဌာန ဝန်ကြီး ဦးထွန်းဖေ ဦးဆောင်သည့် လူထုပညာရေး ကောင်စီကို ပထမဆုံး ဖွဲ့စည်းခဲ့သည်။ ထိုကောင်စီအဖွဲ့သည် လူထုပညာရေး စိမံကိန်းကို စီစဉ်ရေးဆွဲ၍ လက်တွေ့အကောင်အထည်း ဖော်ရမည်ဖြစ်သည်။ သို့သော် လူထုပညာရေး စီမံကိန်းကို ပြည်ထောင်စုအတွင်း၌ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ထိုကောင်စီအဖွဲ့ကို အချိန်အခါ အားလျော်စွာ ပြင်ဆင် ဖြည့်စွက်ဖို့ လိုလာလေသည်။ ထိုကြောင့် ဒေသအလိုက် ကိုယ်စာလှယ်များနှင့် သက်ဆိုင်ရာ အစိုးရဌာနအလိုက် ကိုယ်စားလှယ်များကိုလည်း ပါဝင်လျက် ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် လူမှုဝန်ထမ်းဌာန ဝန်ကြီး ဦးဘစော ဦးဆောင်သည့် ကော်မတီအဖွဲ့သစ်ကို ဖွဲ့စည်းရလေသည်။ လူထုပညာရေး ကောင်စီ၏ လုပ်ငန်းစဉ်များမှာ (၁) ၈ဝ ရာခိုင်နှုန်းရှိသော တောနေလူထု၏ အခြေခံပညာ တိုးတက်ရေး၊ (၂)ကျန်းမာရေး၊ (၃) စီးပွားရေး၊ (၄) စုပေါင်း နေထိုင် လုပ်ကိုင်ရေးတို့ကို ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးရန် ဖြစ်လေသည်။ လူထု ပညာရေး စိမံကိန်းအရ တောလက် ကျေးရွာများတွင် အမှုထမ်းရန် လူထုပညာရေးမှူးများကို ခန့်ရသည်။ လူထု ပညာရေးမှူးအဖြစ် အမှုထမ်းလိုသူများသည် အပြိုင်စာမေးပွဲကို ဝင်ရောက် ဖြေဆိုကြရသည်။ နှုတ်မေးခွန်းများကိုလည်း ဖြေဆိုကြရသည်။ အရွေးချယ်ခံရသူများသည် လူထုပညာရေးနှင့် သက်ဆိုင်သော ပညာရပ်များကို ခြောက်လမျှ သင်ကြား လေ့လာရသည်။ အဋ္ဌမပတ် သင်တန်းမှ အစပြု၍ သင်တန်းအချိန်ကာလကို တစ်နှစ်သို့ တိုးမြှင့်ပြီးလျှင်၊ ထိုအချိန်ကာလအနက် လေးလမှာ တောလက်ကျေးရွာ၌ လက်တွေ့လုပ်ငန်း ဆောင်ရွက်ရန်ဖြစ်သည်။ လူထုနှင့် ပွန်းပွန်းတီးတီး နေထိုင် လုပ်ကိုင်ရသော ရာထူးဖြစ်သောကြောင့် သင်တန်းတက်လိုသူများကို လိုအပ်သော ပညာအရည်အချင်း ရှိ၊ မရှိ စစ်ဆေးရုံမျှမက နယ်သို့ဆင်း၍ လူထုအကျိုးအတွက် ဆောင်ရွက်ရန် စိတ်ထက်သန်းမှု ရှိ၊ မရှိကိုလည်း စစ်ဆေးသည်။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပထမဦးဆုံးသင်တန်းကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ ဂူဂျရတ္တီကျောင်း၌ ဖွင့်လှစ်ခဲ့လေသည်။ ပဉ္စမပတ် သင်တန်းတွင် အမျိုးသမီး လူထုပညာရေးမှူးများအတွက် သင်တန်းကိုလည်း တွဲ၍ ဖွင့်ခဲ့သည်။ သင်တန်းအတွက် အဓိက သင်ရိုး ဘာသာရပ်များမှာ (၁) လူထုပညာရေး သဘောတရား၊ (၂) ဝန်ထမ်း လုပ်ငန်း၊ (၃) မြန်မာမှု၊ (၄)ဒီမိုကရေစီ၊ (၅) သက်ကြီး ပညာရေး၊ (၆) ကျန်းမာရေးနှင့် ကျေးရွာသန့်ရှင်းရေး၊ (၇) ကျေးရွာစီးပွားရေး၊ (၈) ကျေးရွာ ထူထောင်ရေး၊ (၉) ကိုယ်လက်ကြံ့ခိုင်ရေးနှင့် ကစားခုန်စား၊ (၁ဝ) အိမ်တွင်းမှုလုပ်ငန်းများ၊ (၁၁) ကမ္ဘာ့သမိုင်းနှင့် ကမ္ဘာ့ရေးရာ၊ (၁၂) အစိုးရဌာနများအကြောင်း စသည်တို့ ဖြစ်သည်။ အမျိုးသမီးများအတွက်မူ အထက်ပါ ပညာရပ်များအပြင်၊ အိမ်သူ့နီတိနှင့် အိမ်သူ့သိပ္ပံ ပညာရပ်များကိုပါ သန့်ရှင်းစင်ကြယ်ရေးနှင့် စည်းကမ်း သေဝပ်ရေးကို အဓိကထားသည်။ သင်တန်းတက် ကျောင်းသူ ကျောင်းသားများသည် လူထုပညာရေးနှင့် ဆိုင်သည့် သဘောတရား သင်ခဏ်းစာများအပြင်၊ သူနာပြုအတတ်၊ ဟင်းသီး ဟင်းရွက် စိုက်ပျိုးခြင်းအတတ်၊ တိရစ္ဆာန် မွေးမြူခြင်းအတတ်၊ ဇာထိုး အတတ်နှင့် စက်ချုပ်အတတ်၊ ရက်ကန်းအတတ်၊ ကင်းထောင်လုပ်ငန်း၊ မီးသတ်လုပ်ငန်း၊ ကျေးရွာလူထု၏ နေရေး၊ စားသောက်ရေးနှင့် စပ်လျဉ်း၍ အချက်အလက် စုဆောင်းသည့်လုပ်ငန်း စသည်တို့ကိုလည်း လက်တွေ့ လုပ်ကိုင်ကြရသည်။ ထို့ပြင်ကိုယ်လက် ကြံ့ခိုင်ရေးအတွက် လေ့ကျင့်ခြင်း၊ စာပေလေ့လာခြင်း၊ ဆွေးနွေးခြင်း၊ သုခုမအနုပညာရပ်များကို လေ့လာ လိုက်စားခြင်း၊ ဥပုသ် သီတင်း ဆောက်တည်ခြင်းနှင့် သက်ကြီးဝါကြီးတို့အား ပူဇော်ကန်တော့ခြင်း အစရှိသည့် ရှေးရိုး အစဉ်အလာတို့ကို ထိန်းသိမ်းခြင်း စသည်တို့ကိုလည်း သင်ကြားဆည်းပူးရသည်။ ထိုသို့အားဖြင့် လူထုပညာရေးမှူးများသည် ပြည်ထောင်စုအတွင်း ပညာအလင်းရောင်ချည်ကို တောကြို တောင်ကြား မြို့စွန် ရွာဖျားသို့ ရောက်အောင် ပို့ဆောင်ပေး ရမည့်သူများ ဖြစ်လာလေသည်။ ပထမပတ် သင်တန်းမှစ၍ သတ္တမပတ်သင်တန်းအထိ ပြည်မနှင့် ပြည်နယ်များမှ သင်တန်းအောင်မြင်ပြီးသော အမျိုးသား ပြည်နယ်များမှ သင်တန်းအောင်မြင်ပြီးသော အမျိုးသား ၆ဝ၄ ယောက်နှင့် အမျိုးသမီး ၁၁၈ ယောက်ပေါင်း ၇၂၂ ယောက်ရှိလေသည်။ ……လူသစ်တည်၍၊ ပြည်သစ်ဆောက်အံ့ÚÚဟူသော ဆောင်ပုဒ်ဖြင့် သင်တန်းမှဆင်းလာသော လူထုပညာရေးမှူးများသည် မိမိတို့ အသီးအသီးတာဝန်ကျရာ ကျေးရွာများသို့ သွားရောက်၍၊ ကျေးရွာလူထုနှင့် အတူ နေထိုင်လျက် ပညာပေးလုပ်ငန်းကို စတင်ဖော်ထုတ်ကြ ရလေသည်။ ထိုကဲ့သို့အတူနေ အတူစားခြင်းအားဖြင့် ကျေးရွာလူထု၏ ယုံကြည်မှုကိုလည်းကောင်း၊ ကူညီမှုကိုလည်းကောင်း ရရှိနိုင်သည်။ လူထုပညာရေးမှူးများ ကိုယ်တိုင်ကလည်း လူထုက စနမူနာယူနိုင်လောက်အောင် အနေအထိုင် အပြောအဆို ကျစ်လျစ်ပြေပြစ်ရပေမည်။ မကြာမီ ကျေးရွာများတွင် လူထုဌာနများ၊ စာဖတ်ခန်းများနှင့် စာမတတ်သူ ပပျောက်ရေးအတွက် သက်ကြီးသင်တန်းများဟူ၍ ပေါ်ပေါက်လာလေသည်။ ၁၉၅ဝ ပြည့်နှစ် စက်တင်ဘာလတွင် လူထုပညာရေးကောင်စီက ကြီးကြပ်၍၊ လူထုပညာ လစဉ် စာစောင်ကို စတင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ လူထုပညာ တံဆိပ်ကို ကြည့်ခြင်းအားဖြင့် လူထုပညာရေးကို လေးဘက်လေးတန်မှ ပြုပြင်ပေးရန် ရည်ရွယ်ကြောင်း ထင်ရှားသည်။ ထိုတံဆိပ်မှာ စက်ဝိုင်းဖြစ်၍ ကြက်ခြေမျဉ်းဖြင့် လေးစိတ်ပိုင်းထားသည်။ အပေါ်ဆုံးအကွက်တွင် ဖွင့်ထားသော စာအုပ်ပုံ ပါရှိသဖြင့် လူထုအား စာပေတတ်မြောက်အောင် သင်ကြားပေးခြင်းဟူသော ရည်ရွယ်ချက်ကို သိနိုင်သည်။ အလယ် နှစ်ကွက်တွင် တစ်ဖက်၌ သူနာပြုကြက်ခြေအမှတ် ရှိ၍၊ အခြားတစ်ဖက်တွင် အားကစား ကွင်းဆက်အမှတ်ရှိသည်။ ထိုကြောင့် လူထု၏ကျန်းမာရေးနှင့် ကိုယ်လက်ကြံ့ခိုင်ရေးကိုလည်း မြှင့်တင်ပေးရန် ရည်ရွယ်ကြောင်းထင်ရှားသည်။ အောက်ဆုံး အကွက်တွင် ထယ်ပုံပါရှိသဖြင့် ကျေးရွာလူထု၏ အဓိက အသက်မွေးဝမ်းကျောင်း လုင်ငန်းဖြစ်သော လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း၌ ကူညီအားပေးရန် ဟူသော ရည်ရွယ်ချက်ကို သိသာနိုင်သည်။ အထက်ပါ ရည်ရွယ်ချက်များ ပေါက်မြောက်အောင် လူထုအား ပညာရေးရာ၌ ခေတ်မီနည်းအမျိုးမျိုးကို သုံးသည်။ ပညာပေးနည်း တစ်နည်းမှာ ကျေးရွာများ၌ ပညာရေး ရုပ်ရှင်ကားများ ပြသခြင်းဖြစ်သည်။ ကျေးရွာ လူထုနှင့် ဆီလျော် သင့်တော်သော ရုပ်ရှင်ကားများကို အထူးစီစဉ်ရိုက်ကူး၍ ပြသရသည်။ ထိုသို့အားဖြင့် ကျေးရွာလူထု အဖို့ အပျင်းလည်းပြေ၊ ဗဟုသုတစ်လည်း ရစေရန် ရည်ရွယ်သည်။ အခြားနည်းတစ်နည်းမှာ လူထုပညာ သင်တန်းသားများက လစဉ် တင်ဆက်သော ရေဒီယို ပြဇာတ်များအားဖြင့် ပညာပေးခြင်းဖြစ်သည်။ ပြပွဲများ၌ လူထုပညာပြခန်း ခင်းကျင်းပြသခြင်း၊ လူထုပညာယာဉ်ဖြင့် ကျေးရွာများသို့ လှည့်လယ်၍ စာအုပ်စာတမ်းဝေငှခြင်း၊ ဆေးဝါးကုသဖြင်း၊ ကျေးရွာအုပ်စုတိုင်းသို့ နယ်လှည့် စာအုပ်သေတ္တာ ပို့လျက် စာဖတ်ဝါသနာပါလာအောင် အားပေးခြင်း၊ စာကြည့်တိုက် ဖွင့်ခြင်း၊ စကားရည်လုပွဲနှင့် စာမေးပွဲများ ကျင်းပခြင်း စသည်တို့အားဖြင့် ကျေးရွာလူထု ပညာဗဟုသုတ တိုးတက်အောင် ကူညီ ဆောင်ရွက်ရလေသည်။ လူထုကျန်းမာရေးအတွက် ဆောင်ရွက်ရာ၌ ရောဂါကာကွယ်ရေးနှင့် ကုသရေးဟူ၍ နှစ်ပိုင်းခွဲခြားဆောင်ရွက်ရသည်။ ရပ်ရွာကို သန့်ရှင်းအောင် ထားခြင်းခြင့် ရောဂါကို ကာကွယ်နိုင်ကြောင်း သဘောပေါက် နားလည်လာသော ကျေးရွာ လူထုသည် မိမိတို့ နေထိုင်ရာ အရပ်တွင် အမှိုက်သရိုက်ကို စုပေါင်း၍ ရှင်းလင်း သုတ်သင်ကြ သည်။ လူထုပညာ ဆေးသေတ္တာများကို ကျေးရွာလူထု ဆေးခန်းသို့ ပို့ထားပြီးလျှင် ရိုးရိုးအနာရောဂါတို့ကို ကြပ်မကုသပေးသည်။ ရွာလမ်းများ ကိုလည်း စနစ်တကျ ဖောက်လုပ်၍ နေအိမ်များကို သပ်ယပ်စွာ ပြန်လည် ဆောက်လုပ်ခြင်းဖြင့် ကျေးရွာ သာယာမှု ရှိလာရုံမျှမက ကျန်းမာရေးနှင့်လည်း ညီညွတ်လာလေသည်။ အချို့အရပ်ရှိ ကျေးရွာတို့တွင် သောက်သုံးရန်ရေအတွက် အခက်အခဲရှိ၏။ ရေမသန့်သောကြောင့် ငှက်ဖျားရောဂါ၊ ဝမ်းရောဂါ အစရှိသည့် ရောဂါတို့ဖြစ်ပွားနိုင်သဖြင့် ရွာသူရွာသားတို့ သောက်သုံးရန် သန့်ရှင်းစင်ကြယ်သော ရေရရှိရေးမှာ အရေးကြီးသည်။ ထိုကြောင့် လူထုပညာဌာနသည် သက်ဆိုင်ရာ အစိုးရဌာနနှင့် ပူးပေါင်း၍ ရေတွင်း ရေကန်များကို တူးခြင်း၊ ဆည်ခြင်း၊ ဖို့ခြင်း၊ အဝီစိတွင်းများတူးခြင်း ကျေးရွာလူထု သောက်သုံးရန် အတွက် ရေကောင်ရေသန့် ရရှိရေး ပြသာနာကို ဖြေရှင်းပေးသည်။ အားလပ်ချိန်ကို အကျိုးရှိအောင် အသုံးချတတ်စေရန် ခြင်းလုံး ကစားခြင်း၊ ဘောလုံးကစားခြင်း၊ ဘော်လီဘော ကစားခြင်း၊ ဗတ်စကက်ဘော ကစားခြင်း စသော အသင်းအဖွဲ့ဖြင့် စုပေါင်း ကစားခြင်းများကိုလည်းကောင်း၊ တန်းမြင့် ခုန်ခြင်း၊ အပြေးပြိုင်ခြင်း ကဲ့သို့ တစ်ဦးချင်း ပြုလုပ်ရသော ပြေးခုန်ကစားခြင်းများကို လည်းကောင်း စီစဉ်ပေးလေသည်။ ကျေးရွာတစ်ခုနှင့် တစ်ခုပြေးခုန် ကစားခြင်း၌ ပြိုင်ဆိုင်စေခြင်းအားဖြင့် ကျေးရွာအချင်းချင်း ဆက်ဆံရေးမှာ ပိုမိုကောင်းမွန် ပြေပြစ်လာသည်။ အမျိုးသားများ အတွက် ပြေးခုန်ကစားရန် အခွင့်အရေးကို စီစဉ်ပေးသည့်အနည်းတူ အမျိုးသမီးများ အတွက်လည်း စီစဉ်ပေးသည်။ ထိုသို့အားဖြင့် ကျေးရွာလူထု၏ ကျန်းမားရေးမှာ တိုးတက်ကောင်းမွန်လာလေသည်။ ကျေးရွာလူထုတွင် ဝင်ငွေတိုးလာသည်နှင့်အမျှ နေမှုထိုင်မှု အဆင် ့အတန်းလည်း တိုးတက်လာမည်ပင်ဖြစ်သည်။ ထိုကြောင့် လူထုပညာရေး စီမံကိန်းအရ ခေတ်မီနည်းစနစ်များဖြင့် ထွန်ယက် စိုက်ပျိုးခြင်း၊ ကြက်ငှက် တိရစ္ဆာန်မွေးမြူခြင်း စသည်တို့အပြင် အိမ်တွင်းမှူး လုပ်ငန်းများ ဖြစ်သော ဆပ်ပြာ ချက်လုပ်ခြင်း အတတ်၊ ကစားစရာ လုပ်ခြင်းအတတ်၊ အိုးခွက်လုပ်ခြင်းအတတ်၊ လက်သမားအတတ်၊ ပန်းဘဲ အတတ်တို့ကို အားလပ်ချိန်များ၌ သင်ကြားလုပ်ကိုင်၍ ဝင်ငွေတိုးလာစေ၏။ မြန်မာတို့၏ ဓလေ့ထုံးစံနှင့် ရိုးရာ အစဉ်အလာများကိုလည်း မပျောက်ကွယ်စေရန် ရည်ရွယ်၍ …ဗုဒ္ဓဝေယျာဝစ္စအသင်းများဖွဲ့လျက် သီတင်းနေ့များ၌ ဥပုသ်ဆောက်တည်ခြင်း၊ ဆွမ်းလောင်းခြင်းတို့ကို ပြုလုပ်နိုင်သည်။ မင်္ဂလသုတ် စာမေးပွဲများ ကျင်းပခြင်း၊ ဓမ္မစကြာသုတ်ကို ရွတ်ခြင်း စသော တရားရေးဆိုင်ရာ အားထုတ်မှုကိုလည်း ဦးဆောင်ပြု လုပ်ကြသည်။ အယူဝါဒရေးဆိုင်ရာ နေ့ကြီးရက်ကြီးများ၌ တစ်ရွာလုံး စုပေါင်း၍ သက်ကြီးဝါကြီးတို့အား ပူဇော်ခြင်း၊ ညောင်ရေ သွန်းလောင်းခြင်း၊ ဆီမီးထွန်းခြင်း အစရှိသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြသည်။ အမျိုးသားရေးနှင့် ဆိုင်သော လွတ်လပ်ရေးနေ့၊ ပညာတံခွန်နေ့၊ အမျိုးသားနေ့ စသည်တို့၌လည်း ကျေးရွာလူထု တစ်ရပ်လုံး ပါဝင်ဆင်နွှဲ ကြလေသည်။ လူမှုဝန်ထမ်း လုပ်ငန်းများဖြစ်သော စေတနာ့ဝန်ထမ်း မီးသတ်အဖွဲ့ များကို ဖွဲ့စည်းခြင်း၊ ရေတွင်း ရေကန်တူးခြင်း၊ တံတားဆောက်ခြင်း လမ်းဖောက်ခြင်း၊ အိမ်ဆောက်ခြင်းတို့ကို တစ်ယောက်တစ်လက် ကူညီ၍ ဆောင်ရွက် ပြီးမြောက်စေ ကြသည်။ လူထုပညာရေးလုပ်ငန်း တတိယနှစ်ဖြစ်သော ၁၉၅၂ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့တွင် လုပ်ငန်းဗဟုသုတ နှီးနှော ဖလှယ်မှု သဘင်ကို ရန်ကုန်မြို့၊ မြို့မအထက်တန်းကျောင်း၌ ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။ ထိုဗဟုသုတ နှီးနှေားဖလှယ် သဘင်သို့ လူထုပညာရေးနှင့် သက်ဆိုင်သူများသာမက အခြားသော လူမှုဝန်ထမ်းအဖွဲ့ အသီးအသီးမှ ကိုယ်စားလှယ်များ၊ အကဲခတ် ပုဂ္ဂိုလ်မျာလည်း တက်ရောက်ကြလေသည်။ လူထုပညာရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ မိမိတို့၏ အတွေ့အကြုံများကို တစ်ဆဲ့တစ်ရက်ကြာမျှ တင်ပြဆွေးနွေးကြရာ၌ မြန်မာနိုင်ငံ တောင်တန်းဒေသ တိုးတက်ရေးအတွက် သီးသန့်ဆွေးနွေးပွဲများ ကျင်းပခဲ့လေသည်။ လူထု၏ စီးပွားရေးနှင့် လူနေမှု အဆင့်အတန်း တိုးတက်မှုသည် စာတတ်မှုပေါ်တွင် အခြေခံလျက် ရှိခြင်း ကြောင့် သင့်တော်သော စာအုပ်စာတမ်းများကို ထုတ်ဝေရန် အမြဲတမ်းစာပေအဖွဲ့ငယ်တစ်ခုကို ဖွဲ့စည်းထားသည်။ ထိုအဖွဲ့ငယ်သည် ……သက်ကြီး စာပေ၊၊ ……ကျန်းမာရေးသည် လွတ်လပ်မှု ……ခြင်းကြားကြီးနဲ့ ငွေကိုသယ်၊ ……ဥစ္စာဖြို စားဖိုက အစရှိသော ပညာပေး စာအုပ်များကို ရေးသား ဖြန့်ချိခဲ့လေသည်။ ထို့ပြင် ပြည်ထောင်စုသားတိုင်း ညီမျှသော အခွင့်အရေးရရှိစေရန် မဖွံ့ဖြိုးသေးသော ပြည်နယ်များသို့ ……ဘဝသစ်အဖွဲ့များကို ၁၉၅၂ ခုနှစ် နိုဝင်ဘာလမှစ၍ စေလွှတ်ခဲ့လေသည်။ ဘဝသစ်အဖွဲ့ လုပ်ငန်းရည်ရွယ်ချက်မှာ ပြည်နယ်နှင့် တောင်တန်းဒေသနေ ပြည်ထောင်စုသားအားလုံးကို လူနေမှုအဆင့်အတန်း တူညီရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပေါင်းသင်းဆက်ဆံရေးတို့တွင် တိုးတက်ဖွံ့ဖြိုးလာစေရန် ကူညီဖို့ဖြစ်လေသည်။ ၁၉၅၂ ခုနှစ်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ တနင်္သာရီ၊ ရခိုင်၊ နာဂနှင့် ရှမ်းပြည်နယ်များတို့သို့ ဘဝသစ် အဖွဲ့ရှစ်ဖွဲ့ စေလွှတ်ခဲ့သည်၊ ၁၉၅၃ ခုနှစ်တွင် မူလအဖွဲ့အပြင် ကချင်၊ ချင်း၊ နာဂ၊ မြိတ်ကျွန်းစု၊ ကယား၊ ဂန့်ဂေါနှင့် ကျောက်ဆည် ရေလွှဲပေါက် စခန်းမှ ပလက်ဝစခန်းသို့ အဖွဲ့ခုနှစ်ဖွဲ့ နောက်ထပ် တိုးချဲ့ စေလွှတ်ခဲ့လေသည်။ ရှေးအခါက ဘုန်းတော်ကြီး ကျောင်းများသည် မြန်မာနိုင်ငံ ပညာရေးအတွက် ရေသောက်မြစ်များ ဖြစ်ခဲ့ကြ သည်။ သို့ရာတွင် နိုင်ငံခြားသားတို့၏ လက်အောက်၌ ဘုန်းတော်ကြီးကျောင်းများသည် အားပေးမှု မရရှိခဲ့ကြချေ။ ထိုကြောင့် နိုင်ငံအစိုးရက ၁၉၅၂ ခုနှစ် ပြည်တော်သာ ညီလာခံကြီးတွင် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေး စီမံကိန်းကို ချမှတ်ပြီးလျှင်၊ လူထုပညာရေးဌာန အကူအညီဖြင့် ထိုနှစ်၌ပင် ဘုန်းတော်ကြီးကျောင်းပေါင်း ၅ဝဝဝ ဖွင့်လှစ်၍ ထောက်ပံ့ရန် စီစဉ် ဆောင်ရွက်ခဲ့လေသည်။ ဤကဲ့သို့ဆောင်ရွက်ခဲ့ရာမှ ၁၉၅၈ ခုနှစ် လူထုပညာရေးကောင်စီ ရုပ်သိမ်းရေးအက်ဥပဒေ အမှတ်(၆) အရ ထိုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ အစပြုကာ လူထုပညာရေး ကောင်စီကို လူမှုဝန်ထမ်းဌာနနှင့် ပူးပေါင်းပြီးလျှင် နိုင်ငံတော်အစိုးရ ဌာနအဖြစ် သတ်မှတ်၍ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်စေခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှအစပြု၍ဘုန်းတော် ကြီးကျောင်း ပညာသင်ကြားရေး လုပ်ငန်းကို ပညာရေးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။

နိုင်ငံ၏ ကျောရိုး[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးမှုကို အမှီပြုရသော နိုင်ငံတစ်ခုဖြစ်၏။ စက်မှုလက်မှု ထွန်းကားသော နိုင်ငံတစ်နိုင်ငံပင် ဖြစ်လင့်ကစား လယ်ယာစိုက်ပျိုးမ ှုကိုလည်း ဦးစားပေး၍ လုပ်ကိုင်ရသည်သာ ဖြစ်၏။ စက်မှုလက်မှု လုံးဝအားမကိုးနိုင်သေးသော မြန်မာနိုင်ငံတွင် လယ်ယာ စိုက်ပျိုးရေးကို အားကိုးအားထားပြု၍ ရှေ့သို့ တိုးချဲ့ စိုက်ပျိုးလုပ်ကိုင်ရပေဦးမည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)