မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇)
ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) (အင်္ဂလိပ်: 1947 Constitution of Burma) သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန်အတွက် အခြေခံအုတ်မြစ်အဖြစ် ရေးဆွဲခဲ့သော နိုင်ငံ၏ ပထမဆုံးသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်သည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလအဖွဲ့ချုပ် နှင့် တိုင်းပြုပြည်ပြုလွှတ်တော် တို့က လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတော်တစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဤဥပဒေကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည်နှင့်အမျှ တရားဝင် အာဏာသက်ဝင်ခဲ့သည်။ ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသမိုင်းတွင် အရေးပါဆုံးသော ဥပဒေပြုရေးမှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။[၂]
ရည်ရွယ်ချက်
[ပြင်ဆင်ရန်]ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်လျက် တစ်နှစ်အတွင်း လွတ်လပ်ရေး ရရှိစေရမည်ဟူသော ဦးတည်ချက်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ ပေါ်ပေါက်လာလျှင် ကျင့်သုံးရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေးမှာ အဓိကကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ခဲ့သည်။[၃]
၁၉၄၇ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲများကို ကျင်းပခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အခြေခံဥပဒေရေးဆွဲရေးနှင့် အတည်ပြုရေးလုပ်ငန်းများကို ၁၉၄၇ ခုနှစ် ဩဂုတ်လ သို့မဟုတ် စက်တင်ဘာလကုန်ခန့်တွင် ပြီးစီးနိုင်ရန် မျှော်မှန်းခဲ့သည်။ ၁၉၄၇ ခုနှစ် မေလတွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပသော ဖဆပလအဖွဲ့ချုပ်၏ ပဏာမညီလာခံက အဖွဲ့ဝင် ၁၁၁ ဦးပါ ကော်မတီကို ဖွဲ့စည်းကာ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေး တာဝန်ကို ပေးအပ်ခဲ့သည်။ ထိုစဉ် ဝတ်လုံတော်ရ ဦးချန်ထွန်းအား အကြံပေးအရာရှိအဖြစ် ခန့်အပ်ခဲ့သည်။ ဦးချန်ထွန်းသည် အိန္ဒိယ အခြေခံဥပဒေရေးဆွဲရေး အကြံပေးပုဂ္ဂိုလ် ဆာဘီအင်ရောင်းနှင့် အိန္ဒိယသို့ သွားရောက်တွေ့ဆုံဆွေးနွေးကာ မြန်မာနိုင်ငံအတွက် အခြေခံဥပဒေမူကြမ်းကို ရေးဆွဲခဲ့သည်။[၄]
ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်း
[ပြင်ဆင်ရန်]တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံကို ၁၉၄၇ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။ ဇွန်လ ၁၁ ရက်နေ့တွင် သခင်နုအား လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။ ဇွန်လ ၁၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတွက် အခြေပြုရမည့် အချက်ကြီး ၇ ချက်ပါဝင်သော ရည်ညွှန်းပြဋ္ဌာန်းချက်အဆိုတစ်ရပ်ကို တင်သွင်းခဲ့သည်။ဇွန်လ ၁၈ ရက်နေ့တွင် ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော် ညီလာခံက အဖွဲ့ဝင် ၇၅ ဦးပါဝင်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီကြီးနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းခဲ့သည်။ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဝန်ကြီးများ လုပ်ကြံခံခဲ့ရသဖြင့် တိုင်းပြည်အုပ်ချုပ်ရေး တာဝန်ကို သခင်နုက ခေါင်းဆောင်ယူခဲ့သည်။[၅]
ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပသော ဒုတိယညီလာခံ၌ အခြေခံဥပဒေကြမ်းကို တင်ပြဆွေးနွေးခဲ့ပြီး အခြေခံမူများကို လက်ခံအတည်ပြုခဲ့သည်။ ထို့နောက် တတိယညီလာခံတွင် အပြီးသတ်ရေးဆွဲတင်ပြရန် အခြေခံဥပဒေကြမ်း အချောရေးဆွဲရေး ကော်မတီသို့ လွှဲအပ်ခဲ့သည်။[၆]
အတည်ပြုခြင်း
[ပြင်ဆင်ရန်]တိုင်းပြုပြည်ပြုလွှတ်တော် တတိယညီလာခံကို ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။ ထိုညီလာခံတွင် ကရင်နီကိုယ်စားလှယ်တော်များ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ကြသည်။ စက်တင်ဘာလ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီ ၂၉ မိနစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြမ်းကို တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ဥပဒေနိဒါန်း ၁၄ ခန်း၊ ပုဒ်မ ၂၃၄ ခုနှင့် ဇယား ၄ ခု ပါရှိသည်။[၇]
ကိုးကားစာရင်း
[ပြင်ဆင်ရန်]- မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း၊ မြန်မာစွယ်စုံကျမ်း - အတွဲ ၅၊ တူ-နိ။
- တင်နိုင်တိုး၊ တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံမှတ်တမ်းများ။
- သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း။
- မြန်မာနိုင်ငံတော်အစိုးရပုံနှိပ်တိုက် (၁၉၄၇)၊ မြန်မာနိုင်ငံတော် တိုင်းပြုပြည်ပြုလွှတ်တော် ညီလာခံမှတ်တမ်း။
ကိုးကား
[ပြင်ဆင်ရန်]- ↑ news၊ Burma Myanmar (2011-12-02)။ THE CONSTITUTION OF THE UNION OF BURMA (1947) (in en)။ 2026-07-19 တွင် ပြန်စစ်ပြီး။
- ↑ Constitution of 1947 - Myanmar Law Library။ 2026-07-19 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ Rau, Benegal (1948-08-01). "The Constitution of the Union of Burma". Washington Law Review 23 (3): 288.
- ↑ Coffey, Donal K. (2023-05). "The Drafting of the Constitution of the Union of Burma in 1947: Dominion Status, Indo–Burmese Relations, and the Irish Example" (in en). Law and History Review 41 (2): 253–272. doi:. ISSN 0738-2480.
- ↑ ပျော်ဘွယ်ဦးမြ၊ ဗိုလ်ချုပ်ယောက်ဖနဲ့ လုပ်ကြံမှုက လွတ်ခဲ့သူ (in my) (2019-07-17)။ 2026-07-19 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Law Library။ 2026-07-19 တွင် ပြန်စစ်ပြီး။
- ↑ 1947 Constitution Of Burma (original).pdf။ 2026-07-19 တွင် ပြန်စစ်ပြီး။