မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံ ပေါ်ပေါက်ခြင်း

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံ ပေါ်ပေါက်ခြင်း[ပြင်ဆင်ရန်]

(၁၉၈၈)ခုနှစ် မတ်လ(၁၃)ရက်နေ့တွင်ဖြစ်ပွားခဲ့သော ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများ၏ ပဋိပက္ခအား မဆလအစိုးရ၏ ရက်စက်စွာ ပစ်ခတ်နှိပ်ကွပ်မှုကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား မောင်ဖုန်းမော် ကျဆုံးခဲ့ရသည်။ ထို့နောက် ကျောင်းသားများ၏ တောင်းဆိုချက်များကို မဆလ အစိုးရက မလိုက်လျောခဲ့သဖြင့် စတင်ခဲ့သော အရေးအခင်းတွင် နိုင်ငံ၏အခြေအနေအရပ်ရပ်အပေါ် မကျေနပ်ဖြစ်နေသော ပြည်သူလူထု ပါဝင်လာခဲ့သည်။ ထို့မှတဆင့် ဇွန်လအရေးအခင်းများ၊ “၈၈၈၈” ရှစ်လေးလုံးအရေးတော်ပုံ စသည့် ပြည်သူလူထုအုံကြွမှုများ နိုင်ငံတဝှမ်းတွင် ဆက်တိုက် ဖြစ်ပေါ်လာခဲ့ပေသည်။

ကျောင်းသားပဋိပက္ခမှ စတင်ခဲ့သည်ဟုဆိုသော်လည်း အမှန်စင်စစ်မှာ (၂၆) နှစ် လုံးလုံး စစ်အာဏာရှင်စနစ်နှင့် တပါတီအာဏာရှင်စနစ်အောက်တွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အပါအဝင် အဘက်ဘက်တွင် နိမ့်ကျလာပြီး တိုင်းပြည်မှာလည်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဘဝသို့ရောက်ခဲ့ရ၍၊ ပြည်သူလူထုကြီးမှာ တပါတီအာဏာရှင်၏ မတရားမှုများအပေါ်တွင် ကြိမ်မီးအုံးသဖွယ် ခံစားခဲ့ကြရာမှ ဖြစ်ပေါ်လာသော ပေါက်ကွဲမှုကြီးပင် ဖြစ်ပေသည်။ ထိုကဲ့သို့ပြည်သူလူထုတရပ်လုံး ခံစားနေရချိန်တွင် မဆလအစိုးရသည် ကျောင်းသားများအရေးအား ပြေလည်အောင်ဖြေရှင်းပေးနိုင်ခြင်းမရှိခဲ့ရာမှ နိုင်ငံတဝှမ်းလုံးရှိ ရဟန်းရှင်လူ ပြည်သူများနှင့်တကွ ကျောင်းသားမျာ၊ တပ်မတော်သားများ၊ နိုင်ငံ့ ဝန်ထမ်းများနှင့် အလွှာအသီးသီးမှ ပြည်သူများသည် တပါတီစနစ်ဖျက်သိမ်းရေး၊ ဒီမိုကရေစီ ရရှိရေး၊ ကြားဖြတ်အစိုးရဖွဲ့စည်းပေးရေး-စသည့်ကြွေးကြော်သံများဖြင့် မဆလအစိုးရ၏ အုပ်စိုးမှုအား ဆန့်ကျင် ဆန္ဒပြခဲ့သော ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပေသည်။

ဒီမိုကရေစီအရေးတော်ပုံကြီးသည် ပေါ်ပေါက်လာခဲ့ခြင်းသည် မည်သည့်ပါတီ၊ မည်သည့်လူ တစု၊ တဖွဲ့၏ ဦးဆောင်မှုကြောင့်မဟုတ်၊ ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့သည့် လူနေမှုဘဝ အနိဋ္ဌာရုံများကို အကြောင်းခံ၍လည်းကောင်း၊ မခံမရပ်နိုင်ကြသော ဒီမိုကရေစီလိုလားသူများက အမျိုးသားရေးအတွက် နိုးကြားတက်ကြွစွာ ပါဝင်ဆန္ဒပြခြင်း မှလည်းကောင်း ပေါက်ဖွားလာခဲ့သည်ကို အထင်အရှားတွေ့ကြရပေသည်။ ထိုကဲ့သို့ပြည်သူလူထုတရပ်လုံး၏ ဆန္ဒပြတောင်းဆိုမှုများသည် မြန်မာတွင်သာမက ကမ္ဘာတဝှမ်းလုံးတွင် ကဗ္ဗည်းတင်သော အရေးတော်ပုံကြီးဖြစ်ပြီး မြန်မာ့သမိုင်းတွင် ထာဝစဉ်မော်ကွန်းတင် ကျန်ရစ်မည့် သမိုင်းမှတ်တိုင်ကြီးတခုဖြစ်သကဲ့သို့မြန်မာနိုင်ငံ၏ သမိုင်း အချိုးအကွေ့တခုလည်း ဖြစ်ပေသည်။

ရွေးကောက်ပွဲကော်မရှင်အား ဖွဲ့စည်းခြင်း[ပြင်ဆင်ရန်]

ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းသည် ပြည်သူတို့၏ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ရာ ဇူလိုင်လ (၂၃) ရက်နေ့တွင် မဆလပါတီဥက္ကဋ္ဌဦီးနေဝင်း နုတ်ထွက်သွားရပြီးနောက် နိုင်ငံတော်သမတရာထူးကိုယူခဲ့သူ ဦးစိန်လွင်က မဆလအစိုးရ အာဏာတည်မြဲရေးအတွက် ဆန္ဒပြသူ ပြည်သူလူထုကြီးအား ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်သည့်နည်းကို အသုံးပြုခဲ့သည်။ သို့သော် ပြည်သူ လူထုကြီးမှာ အသက်သွေးချွေးတို့ အဆုံးအရှုံးခံ၍ တပါတီစနစ်ဖျက်သိမ်းပေးရန်နှင့် ဒီမိုကရေစီကိုသာ ဆက်လက် တောင်းဆိုသောကြောင့် ဦးစိန်လွင် ရာထူးမှနုတ်ထွက်ရပြီး၊ ဒေါက်တာမောင်မောင်က သမတအဖြစ် ဆက်လက် တာဝန်ယူပြန်သည်။ ဒေါက်တာမောင်မောင် အစိုးရလက်ထက်တွင် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ပေးမည်။ ရွေးကောက်ပွဲများကျင်းပပေးမည်ဟု ကြေညာခဲ့ပြီး (၁၉၈၈)ခုနှစ် စက်တင်္ဘာလ(၁၁)ရက် နေ့တွင် စတုထ္တအကြိမ် ပြည်သူ့လွှတ်တော်အရေးပေါ်အစည်းအဝေးက လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကြီးမှူးကျင်းပနိုင်ရေးအတွက်ဟုဆိုကာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်အား ဖွဲ့စည်းခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်ကို အောက်ပါ ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းခဲ့သည်။ • ဦးဘဌေး ဥက္ကဋ္ဌ • ဆရာချယ် အဖွဲ့ဝင် • စောကြာဒိုး အဖွဲ့ဝင် • ဦးကျော်ညွန့် အဖွဲ့ဝင် • ဦးစန်းမောင် အဖွဲ့ဝင် • ဦးအေးမောင် (အတွင်းရေးမှူး)တို့ ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁၉၉၀ ရွေးကောက်ပွဲ: မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံ ပေါ်ပေါက်ခြင်း၊ ရွေးကောက်ပွဲကော်မရှင်အား ဖွဲ့စည်းခြင်း။။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 February 2012 တွင် ပြန်စစ်ပြီး။