မြန်မာနိုင်ငံမှဒင်္ဂါးများသမိုင်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်မှစ၍ ဒင်္ဂါးများကိုအသုံးပြုကြသည် ဆိုသည်။ မြန်မာတို့သည် ဒင်္ဂါးဟူသောဝေါဟာရကို ပါဠိစကားလုံး ဋင်္က မှ ထုတ်ယူသုံးစွဲဟု အဆိုရှိသည်။ ဘုရင့်တံဆိပ်လက်ရာရှိသောငွေကြေး ဟုအဓိပ္ပာယ်ရသည်။ အချို့ကလည်း မြန်မာအခေါ် ဒင်္ဂါးသည် သက္ကတဘာသာ တင်္က ဟူသောစာလုံးမှ ရွေ့လျားလာသည်ဟုဆိုသည်။ ဒင်္ဂါးဟူသောဝေါဟာရသည် မြန်မာစကား အသုံးအနှုန်းထဲ၌သာမက စာပေ၊ ကဗျာ ၊ လင်္ကာတို့၌ပင် ပါဝင်နေသဖြင့် မြန်မာတို့နားရည်ဝနေသည်မှာ ကြာပြီဖြစ်သည်။ မြန်မာလင်္ကာဆရာကြီး ဖိုးသူတော်ဦးနု၏ အင်္လကာတစ်ခုတွင် ဒင်္ဂါး - ဒင်္ဂါး အရင်းစကားမှာ ဘင်္ဂလားအခေါ် မျက်နှာပွင့်ဆေး သူပါလျှင် ရင်အေးစေတတ်တာမို့ အနုဆေးလို့လဲခေါ်လောက်ပါရဲ့ ဟူ၍တွေ့ရလေသည်။ ထို့ထက်ရှေးကျသော ကဗျာတစ်ပုဒ်မှာ မြန်မာသက္ကရာဇ် ၉၁၂ ခုနှစ်တွင်နန်းတက်သော ဟံသာဝတီ ဆင်ဖြူရှင်မင်းလက်ထက် ရှင်ကုမာရ ရေးသားသော ဓမ္မရာသီပျို့တွင် ဆန်းကြယ်တင့်တယ် တံဆိပ်ခတ်သား ကျပ် - မတ် - မူး - ပဲ သုံးစွဲဖွယ်မူ ဒင်္ဂါးပြ၍ အကုဋေမျှ ရာမကသား ဟုစပ်ဆိုထားသည်ကိုတွေ့ရသည်။ ဒင်္ဂါးနှင့်ပတ်သက်၍ မြန်မာအဘိဓာန်အကျဉ်းချုပ် အတွဲ ၂ (ဆ - န)၌ တံဆိပ်ခတ်နှိပ်၍ အလေးချိန်နှင့်တန်ဖိုးသတ်မှတ်ကာ သွန်းလုပ်ထားသော ရွှေငွေ စသည့် သတ္တုပြား ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။

သက္ကရာဇ် ၁၂၁၄ ခုနှစ်ထုတ် ရတနာပုံနေပြည်တော် ဒင်္ဂါး

ပျူ ဒင်္ဂါးများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင်တွေ့ရှိသော ရှေးကျသော ဒင်္ဂါးမှာ ပျူ မင်းများခေတ်က သုံးစွဲခဲ့သော ပျူ ဒင်္ဂါးများဖြစ်သည်။ ပျူ တို့၏ မြို့တော် ဗိဿနိုးသရေခေတ္တရာ နှင့် ဟန်လင်းကြီးတွင် ငွေဒင်္ဂါးများကိုတွေ့ရှိရသည်။ ၎င်းပျုတို့သုံးစွဲသည့် ရွှေနှင့်ငွေ ဒင်္ဂါးတို့၏ ပုံသဏ္ဌာန်မှာ လခြမ်း သဏ္ဌာန် ရှိသည်ဟု ထန်ခေတ်တွင်ရေးသားထားသော တရုတ်သမိုင်း၌ ဖေါ်ပြပါရှိလေသည်။ ပျူ ဒင်္ဂါးသည် ပျူယဉ်ကျေးမှုခေတ်၏ အလှရတနာတစ်ပါးဖြစ်သည်။ ပျူ ဒင်္ဂါးသည် ယနေ့မြန်မာနိုင်ငံ၌သာမဟုတ် ကမ္ဘာတွင်လည်းတန်ဖိုးကြီးမားသော ရှေးဟောင်း ပစ္စည်းတစ်ခုဖြစ်လေသည်။ ပျူ ဒင်္ဂါး၏ ဝိသေသလက္ခဏာများကို ယနေ့တိုင် မည်သူမှ တိကျတပ်အပ်စွာ မပြောနိုင်သေးပေ။ ပျူယဉ်ကျေးမှုခေတ်ကား များစွာကျယ်ပြန့်လှသည်။ ပျူ နှင့်ခေတ်ပြိုင် ဒွါရာဝတီနှင့် ရခိုင်ယဉ်ကျေးမှု ခေတ်များတွင်လည်း ယဉ်ကျေးမှု များရောနှောနေကြောင်းတွေ့ရှိရသည်။ ပျူ များသည် ငွေဒင်္ဂါးများကို ငွေကြေးလဲလှယ်ရေး မဏ္ဍိုင်အဖြစ် အသုံးမပြုဘဲ အဆောင်အဖွဲ့သဘောမျိုးသာ အသုံးပြုခဲ့ဟန်တူပေသည်။ မြန်မာနိုင်ငံ၌ ပျူ ဒင်္ဂါးနှင့်ပတ်သက်၍ ဗိဿနိုးတွင် ၂ မျိုး၊ ဟန်လင်းတွင် ၃ မျိုး ၊ သရေခေတ္တရာတွင် ၄ မျိုးတွေ့ရလေသည်။ ယင်းမျိုးကွဲများ၏ လက္ခဏာများမှာလည်း များပြားလှပေသည်။ ပျူ ဒင်္ဂါးများတွင် ခရုသင်း ၊ သွတ္တိလာ ၊ ဥကင် ၊ စကြာ ၊ ဝရဇိန် ၊ ယစ်ပလ္လင် ၊ သီရိဝစ္ဆ ၊ နေ ၊ လသ္ဏ္ဍာန် တက်နေဝန်းနှင့် နက္ခတ် ၂၇ လုံးစီပါရှိသည်။ များသောအားဖြင့် အရွယ်အစားမှာ မတ်စေ့မှကျပ်ပြားအရွယ်အစားထိရှိသည်။ ခေတ်အားဖြင့် အေဒီ ၄၀၀ မှ ၅၀၀ အတွင်း အသုံးပြုခဲ့ပုံရသည်။ ပုဂံခေတ်သုံး ဒင်္ဂါးများကိုမူ ယနေ့တိုင်မတွေ့ရသေးပေ။

ရခိုင်ဒင်္ဂါးများ[ပြင်ဆင်ရန်]

ရခိုင်ဘုရင်များ သွန်းလုပ်သုံးစွဲခဲ့ကြသော ရှေးဟောင်းရခိုင်ဒင်္ဂါးများ

မြန်မာနိုင်ငံ၏ ရှေးကျသော ဒင်္ဂါးမှာ ရခိုင်ဒင်္ဂါးများပင်ဖြစ်သည်။ ရခိုင်တွင် ဒင်္ဂါးများကို အသပြာငွေကြေးအဖြစ် အသုံးပြုရန်အတွက်လည်းကောင်း၊ အချုပ်အချာပိုင်ဆိုင်မှုကို ဖော်ညွှန်းရန်လည်းကောင်း ၊ ခရဇ်သက္ကရာဇ် အေဒီ ၄ ရာစုလောက်ကပင် ခတ်နှိပ်သုံးစွဲလာခဲ့ကြသည်။ ရခိုင်ဒင်္ဂါးများကို အကြမ်းအားဖြင့် ၂ မျိုးခွဲခြားနိုင်သည်။ ယင်းတို့မှာ စာတန်းထိုးသော ဒင်္ဂါးနှင့် စာတန်းမထိုးသော ဒင်္ဂါး များပင်ဖြစ်သည်။ ၄ ရာစုလောက်က ခတ်နှိပ်သည်ဟု ယူဆရသော ဒင်္ဂါးများတွင် စာတန်းမထိုးချေ ။ သို့ရာတွင် ယင်းတို့၌ မင်္ဂလာနှင့် ပြည့်စုံသော သရုပ်ဖော်ပုံများ ပါရှိသည်။ ယင်းပုံများသည် ဘုရင်စနစ်နှင့် လျှောက်ပတ်ပြီး တိုင်းပြည်သာယာဝပြော ရေးကို ရည်ညွှန်းသော ပုံများဖြစ်သည်။ ယင်းဒင်္ဂါးများမှာ ငွေဒင်္ဂါးများဖြစ်ပြီး အကြီးအသေးနှစ်မျိုးလုံးတွေ့ရှိရသည်။ အေဒီ ၅ ရာစုမှ ၁၀ ရာစု အထိအသုံးပြုခဲ့သော ရခိုင်ဒင်္ဂါးများတွင် ရှေ့ဖက်၌ မင်းဆက်၏ တံဆိတ်တော်ဖြစ်သော နွားလားဥဿနှင့် ယင်း၏အထက်၌ သွန်းထုတ်လုပ်သော မင်း၏အမည်ပါရှိသည်။ အသုံးပြုခဲ့သော အက္ခရာများမှာ ဗြဟ္မီပွား အက္ခရာများဖြစ်သည်။ ကျောဘက်တွင်မူ ကနဦး ဒင်္ဂါးများတွင် ပါရှိသည့် မင်္ဂလာနှင့်ပြည့်စုံသော သရုပ်ဖော်ပုံများ ပါရှိလေသည်။ ရခိုင်ဒင်္ဂါးများ၏ ရှေ့ဘက် ၊ကျောဘက်များတွင် ပါရှိသည့်ပုံများသည် အေဒီ ၅၀၀ မှ ၁၀၀၀ အထိ နှစ်ပေါင်း ၅၀၀ တိုင်အောင် အသေးအဖွဲ ပြောင်းလဲခြင်းမှအပ ထူးကဲစွာပြောင်းလဲခြင်းမရှိဘဲ တည်တန့်ခဲ့သည်။ ယင်းဒင်္ဂါးများသည် ငွေဒင်္ဂါးများဖြစ်ပြီး တစ်ကျပ် ၊ ငါးမူး ၊ တစ်မတ် ၊ တစ်မူးအရွယ် များအဖြစ်အရွယ်အစား အမျိုးမျိုးထုတ်လုပ်ခဲ့ကြသည်။ ထုတ်လုပ်ခဲ့သော စေတီကိုလိုက်၍ ယင်းဒင်္ဂါးများကို ဝေသာလီခေတ်ဒင်္ဂါးများဟုခေါ်သည်။ ရခိုင်ဒင်္ဂါးများသည် အိန္ဒိယနိုင်ငံထုတ်ဒင်္ဂါးများနှင့် အခြေခံအားဖြင့်တူညီသော်လည်း ကိုယ့်တံဆိပ် ကိုယ့်အမှတ်အသားနှင့်ကိုယ် သွန်းလောင်းထုတ်လုပ်ထားကြောင်းကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ထင်ရှားစွာတွေ့နိုင်သည်။ ရခိုင်ဒင်္ဂါးများတွင် အစောဆုံးတွေ့ရသော ဒင်္ဂါးမှာ မင်္ဂလာ လက္ခဏာပုံများဖြစ်သော ခရုသင်းတစ်ဖက် ၊ သီရိဝစ္ဆလက္ခဏာတစ်ဖက် ပါရှိသော ဒင်္ဂါးဖြစ်သည်။ သုသေတီ ဂျွန်စတင်း (E.H. Johnston) က သူပြုစုခဲ့သော Some Sanstrit Inscriptions of Arakan စာအုပ်တွင်ရေးသားဖေါ်ပြထားသည်။ ထို့အတူ David W.MacDowall ရေးသားသော Eight Coins of Arakan From Sylhet စာအုပ်တွင် ၁၈၇၈ ခုနှစ်၌ Sandoway ခေါ် ဒွါရာဝတီ ( သံတွဲမြို့ ) မှ ရရှိသော ဒင်္ဂါးရှစ်ပြားမှာ အေဒီ ၄ ရာစုတွင်ခန့် ဘုရင်တစ်ပါးထဲမှ သွန်းလုပ်သုံးစွဲထားခြင်းဖြစ်ပြီး ယခုဗြိတိသျှပြတိုက်တွင် ပြသထားကြောင်းဖေါ်ပြထားသည်။

ဝေသာလီဒင်္ဂါးများနောက်၌ အစောဆုံတွေ့ရသော ရခိုင်ဒင်္ဂါးမှာ စူလမဟာရာဇာ ဒင်္ဂါးပင်ဖြစ်သည်။ ဤဒင်္ဂါးမှစ၍ မင်္ဂလာအမှတ်အသား လက္ခဏာများ မပါတော့ချေ။ ရခိုင်ရာဇဝင်တွင် ဤအမည်ခံသောမင်းကို ရှာဖွေရာ၌ ဝေသာလီနှောင်းခေတ် နောက်ဆုံးမင်း၏ အမည်ကိုသာ တွေ့ရသည်။ ယင်းမင်းမှာ ရာဇဝင်အလိုအရ စူလစန္ဒြားမင်းပင်ဖြစ်သည်။ သက္ကရာဇ် ၉၅၇ အေဒီတွင် တကောင်း ၊ ပြည် ၊ သင်းတွဲမြို့မှအပြန် မော်တင်စွန်း - နဂါးရစ်အငူတွင် သင်္ဘောပျက်၍ နတ်ရွာစံခဲ့သည်။ အဆိုပါ ဒင်္ဂါး၏ ရှေ့ဘက်တွင် စူလမဟာရာဇာဟူ၍ မြန်မာအက္ခရာဖြင့်ရေးထိုးထားပြီး ကျောဘက်တွင် နာဂရီ အက္ခရာဖြင့်ရေးထိုးထားသည်။ သက္ကရာဇ် ရေးထိုးမထားချေ။ ယင်းနောက်သွန်းလုပ်သည်ဟု မှန်းဆရသော ဒင်္ဂါးမှာ လောင်းကြက်ခေတ် ( ၁၂၅၀ - ၁၄၀၄ ) မင်းထီးဘုရင် လက်ထက်က ယင်းမင်း၏ဦးရီးတော် အမည်ဖြင့် သက္ကရာဇ်ပါရေးထိုး ထုတ်ဝေထားသော ဒင်္ဂါးဖြစ်သည်။ ရှေ့ဘက်၌ မြန်မာအက္ခရာဖြင့် ၆၆၀ နရာဓိပတိဦးရီးတော် မဟာနန္တဘယ ဟူ၍ခတ်နှိပ်ထားပြီး ကျောဘက်တွင် မဂရီအက္ခရာဖြင့် စာခတ်နှိပ်ထားသည်။ လောင်းကြက်ခေတ်တွင် နာမည်အကျော်ကြားဆုံးမင်းမှာ မင်းထီးဘုရင်ပင်ဖြစ်သည်။ လောင်းကြက်ခေတ်၏ နောက်ဆုံးမင်းမှာ နရမိတ်လှခေါ် မင်းစောမွန်ဖြစ်သည်။ ယင်းမင်းသည် မင်းထီးဘုရင်၏ မြစ်ပင်ဖြစ်သည်။ မင်းစောမွန်သည် မြောက်ဦးခေတ်မင်းဆက်၏ ပထမဆုံးမင်းလည်းဖြစ်သည်။ မြောက်ဦးမင်းဆက်သည် ခရစ်သက္ကရာဇ် ၁၄၃၀ မှ ၁၇၈၄ ( AD 1430 to 1784) ခုနှစ်အထိ နှစ်ပေါင်း ၂၅၄ နှစ် ရှည်ကြာခဲ့ပြီး မြောက်ဦးမင်းဆက်ပေါင်း ၄၈ ဆက် ရှိသည်။ မြောက်ဦးမင်းဆက်၏ နောက်ဆုံးမင်းမှာ မဟာသမ္မတရာဇာ ခေါ် အက်ဂေါပုညဇောရာဇာ ဖြစ်သည်။ မြောက်ဦးခေတ် ဒင်္ဂါးများတွင် သက္ကရာဇ်ရေးထိုးထားသော်လည်း ဖတ်ရှုနိုင်ရန် ယင်းခေတ်သုံး ဂဏန်းများကိုသိရန်လိုအပ်သည်။ မြောက်ဦးခေတ်ဒင်္ဂါးများမှာ အရွယ်အားဖြင့် ၂ ဒသမ ၈ စင်တီမီတာ မှ ၃ စင်တီမီတာ အချင်းထိရှိ၍ အလေးချိန်အားဖြင့် ၁၀ ဂရမ်ဝန်းကျင်တွင် တစ်မျိုးနှင့် ၇ ဒသမ ၅ ဂရမ်ဝန်းကျင်တွင် တစ်မျိုးတွေ့ရသည်။ ကျပ်ပြည့်ဒင်္ဂါးများမှာ အရွယ်အားဖြင့်အချင်း ၃ စင်တီမီတာ နှင့် အလေးချိန် ၁၀ ဂ၇မ်ရှိသည်။ ရှေးခေတ်ရခိုင်ဒင်္ဂါးများသည် ကျောက်စာပါ မင်းများ၏ အမည်များကို အတည်ပြုပေးသည်သာမက ပံ့ပိုးမှုလည်းပေးသည်။ ရခိုင်သမိုင်းအတွက် အဖိုးမဖြတ်နိုင်သော အထောက်အထားများကိုလည်းပေးပေသည်။

မွန်ဒင်္ဂါးများ[ပြင်ဆင်ရန်]

ရခိုင်ဒင်္ဂါးများနှင့် မရှေးမနှောင်းမှာပင် ဟံသာဝတီ ဆင်ဖြူ ရှင်လက်ထက် မြန်မာသက္ကရာဇ် ၉၀၀ ကျော် (ခရစ်နှစ် ၁၅၄၀ ခန့်) တွင် မွန်ဒင်္ဂါးများပေါ်ခဲ့သည်။ မွန်ဒင်္ဂါးများကို ဟံသာဝတီဒင်္ဂါးဟုလည်း ခေါ်ဆိုကြသည်။ ယင်းဒင်္ဂါးများတွင် ဟံသာဝတီ၏ အမှတ်အသားဖြစ်သော ဟင်္သာရုပ်ကို ခတ်နှိပ်ထားသည်။ ဆာအာသာပီဖယ်ယာ၏ Coins of Arakan, Pegu ,and Burma ( ရခိုင် ၊ ပဲခူး နှင့် မြန်မာပြည်မှဒင်္ဂါးများအကြောင်း စာအုပ်၌ ပဲခူးအနီး စစ်တောင်းအရပ်မှ ခရုသင်းနှင့် ဥကင်ပုံ ၊ သို့မဟုတ် ဘီးတပ်ရထားပုံပါသော ဒင်္ဂါးဟောင်းများတွေ့ရှိရကြောင်း ပုံနှင့်တကွဖေါ်ပြထားသည်။ ယင်းအပြင် တနင်္သာရီနယ်ဘက်မှလည်း သံဖြူနှင့်ခဲ စပ်၍ပြုလုပ်ထားသော ထိုးတံဆိပ် ဒင်္ဂါးဟောင်းများတွေ့ရသည်ဟုဖော်ပြထားသည်။ ထို ထိုးတံဆိပ် ဒင်္ဂါး၏ ကျောဘက်တွင် ( ဟောသူခံတာဂရံ) ဟူသော ပါဠိဘာသာပါရှိသည်။ ပါဠိကို ဆာအာသာပီဖယ်ယာ က ငြိမ်းချမ်း၍ သုခအပေါင်းနှင့်ပြည့်စုံသော ဌာန ဟုအဓိပ္ပာယ် ပြန်ဆိုထားသည်။ညောင်ရမ်းမင်းဆက်များလက်ထက်တွင် ဒင်္ဂါးသုံးစွဲကြောင်းမှတ်သားရသော်လည်း ပုံသဏ္ဌာန်အနေအထားကိုမူ အမှတ်အသား မရှိချေ။

ဗမာဒင်္ဂါးများ[ပြင်ဆင်ရန်]

ရတနာပုံခေတ် ဒေါင်းဒင်္ဂါးများ

ကုန်းဘောင်မင်းဆက်ဖြစ်သော ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၄၀ ကျော်တွင် မြန်မာဒင်္ဂါးများပေါ်ပေါက်ခဲ့သည်။ ဘိုးတော်ဘုရားသည် ဗြိတိသျှအရှေ့ အိန္ဒိယကုမ္မဏီ၏ ကိုယ်စားလှယ် ကပ္ပတိန်ကော့ ယူဆောင်လာသော ဒင်္ဂါးများကို သွန်းလုပ်စေသည်။ ထို့နောက် အင်္ဂလန်ပြည်မှဆက်သသော ဒင်္ဂါးသွန်းစက်ဖြင့် မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ် နယုန်လဆုတ် ၁ ရက်နေ့မှစ၍ အမရပူရ ရွှေမြို့တော်၌ စတင်၍ သွန်းလုပ်သည်။ ဘိုးတော်ဘုရားလက်ထက်၌ သွန်းလုပ်သော ဒင်္ဂါးများအနက် ငွေဖြင့်သွန်းသော ဒင်္ဂါးမှာ တစ်ဖက်တွင် ဘိုးတော်ဘုရားနံတော်သင့် တနင်္လာကျားရုပ သဏ္ဌာန် ပါရှိ၍ တစ်ဖက်တွင် ၁၁၄၆ ခု အမရပူရ ဆင်ဖြူများရှင်နိုင်ငံဟု စာတမ်းထိုးထားသည်။ ကြေးဖြင့်သွန်းသော ဒင်္ဂါးများမှာ တစ်ဖက်တွင် နံတော်သင့် တနင်္လာကဝတ်အဆုံး ၆ အနားပတ်လည်ကို ထူ၍ ငါးရုပ်ဖိုမနှစ်ကောင် သဏ္ဌာန်ပါရှိပြီး အနားပတ်လည်၌ ဗိန္ဓုပြောက်များနှင့် တကွ တစ်ဖက်တွင် ဘိုးတော်ဘုရားနန်းတက်သော နှစ်ကိုအစွဲပြု၍ ၁၁၄၃ တပို့တွဲလပြည့်ကျော် ၁၄ ရက်ဟူသောစာတမ်းပါရှိသည်။ ထိုကြေးဒင်္ဂါးများကို ၁၁၇၄ ခုနှစ်တွင် ပြန်လည်ရုပ်သိမ်းလိုက်သဖြင့် နှစ်ပေါင်း ၂၈ နှစ်သာ သုံးစွဲခဲ့သည်။ ယင်းဒင်္ဂါးနှစ်မျိုးကို အမရပူရခေတ် ဒင်္ဂါးဟုခေါ်သည်။ ယင်းဒင်္ဂါးနှစ်မျိုးအပြင် ရွှေပြည်စိုးတံဆိပ်တော် ငွေ နှင့် ကြေး ဒင်္ဂါးများလည်း သုံးစွဲခဲ့သေးသည်။ ဘိုးတော်ဘုရားလက်ထက် ဒင်္ဂါးများမှာ တစ်ကျပ်သုံး ၊ ငါးမူးသုံး ၊ တစ်မတ်သုံး ၊ တစ်မူးသုံး ဟူ၍ ရှိလေသည်။ ဘိုးတော်ဘုရားလက်ထက်တွင် ဗမာဒင်္ဂါး ၊ ရခိုင်ဒင်္ဂါး ၊ ဝေသာလီဒင်္ဂါး ၊ ကုလားဒင်္ဂါးဟူ၍ ဒင်္ဂါး ၄ မျိုးရှိသည်။ရွှေဘိုမင်းတရားလက်ထက်တွင် သွန်းလုပ်သောဒင်္ဂါးများမှာ တစ်ဖက်က လဝန်းနှင့်ယုန်ရုပ် ၊တစ်ဖက်က ပဒုမ္မာကြာပန်းပုံကို ရိုက်နှိပ်ထားသည်။ ပုဂံမင်းလက်ထက်ထုတ် ဒင်္ဂါးများမှာ တစ်ဖက်တွင် ရွှေပြည်စိုးတံဆိပ် နှင့် တစ်ဖက်တွင် သာသနာနှစ် ၂၃၉၀ ဟုရေးထိုးထားသည်။ မင်းတုန်းမင်းလက်ထက်တွင် ဒင်္ဂါးသွန်းစက်ရုံကို မန္တလေးနေပြည်တော် နန်းမြို့တော်အတွင်းတွင် ဗဟိုရ်စင် မြောက်ဘက်၌ ဆောက်လုပ်၍ မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၉ ရက် နေ့တွင် ဒင်္ဂါး စက်ရုံကိုဖွင့်လှစ်ကာ ရတနာပုံ ဒေါင်းဒင်္ဂါးများကို စတင်သွန်းလုပ်လေသည်။

၁၂၂၇ ခုနှစ် တန်ဆောင်မုန်းလ က ဖွင့်လှစ်ခဲ့သော ဒင်္ဂါးစက်ရုံတော်

ယင်းဒင်္ဂါးစက်ရုံမှ ရွှေ ၊ ငွေ ၊ ကြေးနီ ၊ သံဖြု နှင့် ခဲ ဒင်္ဂါးများထုတ်လုပ်ခဲ့ရာ ဒေါင်းတံဆိပ်ကျပ်သုံး ငွေဒင်္ဂါးများကို မင်းတုန်းမင်း နန်းတက် သက္ကရာဇ် ၁၂၁၄ ခုနှစ်၌ ခတ်နှိပ်၍ ထုတ်လုပ်ခဲ့သည်။ မင်းတုန်းမင်း နှင့်သီပေါမင်းလက်ထက် ယင်းစက်ရုံမှ ထုတ်လုပ်ခဲ့သော ဒင်္ဂါးများတန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့် ၂၈ သန်းကျော် ခန့်ရှိလေသည်။မင်းတုန်းမင်းလက်ထက်က ငွေသားဖြင့်သွန်းလုပ်ခဲ့သော ဒင်္ဂါးများမှ တစ်ကျပ် ၊ ငါးမူး ၊ တစ်မတ် ၊ တစ်မူး ၊ တစ်ပဲ ပေါင်း ၅ မျိုးရှိသည်။ ငွေဒင်္ဂါးများတွင် တစ်ဖက်၌ တံဆိပ်တော်ဟူသော စာတမ်းနှင့် ဒေါင်းရုပ်ပါရှိပြီး တစ်ဖက်တွင် ရတနာပုံနေပြည်တော် ဟူသောစာတမ်းကို ပန်းခွေနှင့် အနားပတ်လည်ခွေထားသည်။ ပန်းခွေအကြားတွင် ၁ သုံးဒင်္ဂါး ၁၂၁၄ ဟူသော စာတမ်းထည့်သွင်းထားသည်။ ဒေါင်းတံဆိပ်ကြေးဒင်္ဂါးမှာ ဒေါင်းရုပ်အောက်မှ သွန်းသော သက္ကရာဇ် ၁၂၂၇ နှင့် တစ်ဖက်တွင် ရတနာပုံနေပြည်တော် နှင့် ၁ ပဲသုံး ဒင်္ဂါး၏ လေးပုံတစ်ပုံ ဟူသောစာတမ်းပါရှိသည်။ ထိုဒင်္ဂါးများအပြင် ၁၂၂၈ ခုနှစ် ပန်းခွေနှင့် ရတနာပုံနေပြည်တော် စာတမ်းပါရှိသော ခြင်္သေ့ဒင်္ဂါးများ ၊ ယုန်ရုပ်သဏ္ဌာန်အောက်မှ သက္ကရာဇ် ၁၂၃၁ ၊ တစ်ဖက်က ကြေးနီဒင်္ဂါးစပ် လေးပုံ တစ်ပုံဟူသောစာနှင့်ပန်းပါသော ယုန်ဒင်္ဂါး ၊ ထိုးနယားရုပ်နှင့် ထိုးနယားရုပ်တော်ဟူသော စာတမ်းနှင့် တစ်ဖက်က တစ်မူးသုံး၏ ရှစ်ပုံတစ်ပုံစာတမ်း ၊ ယင်းစာတမ်းအောက်မှ ပန်းခွေနှင့် ယင်းပန်းခွေအောက်မှ ၁၂၄၀ စာတမ်းပါသော ထိုးနယား ဒင်္ဂါးများကိုလည်း သွန်းလုပ်သေးသည်။မင်းတုန်းမင်းသည် ဒင်္ဂါးအတတ်ပညာသင်ရန် ပညာတော်သင်များ ကိုလည်း ပြင်သစ်နိုင်ငံသို့စေလွှတ်သေးသည်။

ထို့နောက် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲသည် ၁၈၈၅ ခုနှစ်တွင် ဖြစ်ပွား၍ အင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက် ဒင်္ဂါးစက်ရုံရှိ ငွေဒင်္ဂါးခုနှစ်ပုံများကို လိုချင်သူတို့ကောက်ငင်ကာ ဆွဲယူသွားကြသဖြင့် ကစဉ့်ကလျှားဖြစ်သွားလေသည်။ ထို့နောက် ဒေါင်းဒင်္ဂါးများကို တရားဝင်ငွေအဖြစ် ၁၈၉၂ ခုနှစ်အထိ ဆက်လက်ခွင့်ပြုထားသောအခါမှ မဟာဝန်ရှင်တော်မင်းကြီးသည် ဒေါင်းဒင်္ဂါးညှပ်ပုံများကို သတိရ၍ စစ်ကြောသိမ်းဆည်းရန် သက်ဆိုင်ရာတို့သို့ဆင့်ဆိုလေသည်။ စစ်သုံပန်းပစ္စည်းများ ထုခွဲရောင်းချရေးတာဝန်ခံ လက်ဖနင် ကာနယ်ဒဗလျုဘီ ဘတ်ဂျင်၏ အစီရင်ခံစာအရသော် ဒေါင်းဒင်္ဂါးကျပ်သုံးနှင့် ငါးမူးသုံးညှပ်ပုံပေါင်း (၇၆) ခုကို အခြားသိမ်းဆည်းရ ပစ္စည်းများနှင့်အတူ နန်းတော်တွင်းတွင်ပင် လေလံတင်ရောင်းချလိုက်ကြောင်း ၊ ကျပ်သုံးဒင်္ဂါး ညှပ်ပုံပေါင်း ၁၀ ခုစီပါရှိသော သေတ္တာ ၁၅ လုံးကို ဗြိတိသျှစစ်တပ်မှ အရာရှိကြီးများက ဝယ်ယူသွားကြောင်း ၊ ထို့ပြင် သရက်မြို့ရှိ အရာရှိကြီးများထံသို့လည်း ညှပ်ပုံသေတ္တာ ရောင်းလိုက်ကြောင်းသိရပါသည်။ ယင်းသို့ အများသူတကာလက်သို့ ပျံ့နှံ့ရောက်ရှိသွားသော ညှပ်ပုံတို့မှာ မည်၍မည်မျှ ရှိလေသည်ကို သိရှိနိုင်ရန်လည်းကောင်း ပြန်လည်သိမ်းဆဲရန် လည်းကောင်း ၊ မဖြစ်နိုင်တော့ကြောင်း မဟာဝန်ရှင်တော်မင်းကြီးက မှတ်ချက်ရေးသားထားပါသည်။ ယင်းနောက် ဒင်္ဂါးစက်ရုံကို နန်းမြို့တွင်းရှိ သေနတ်စက်ရုံနှင့်အတူ စတာလင်ပေါင် ၂၄၀ တန်ဖိုးဖြတ်၍ အဖိုးငွေ ၁၀၀၀ ကျပ်နှင့် ရောင်းရန်ကြေငြာလေသည်။ မည်သို့မည်ပုံ ထုခွဲလိုက်သည်ကို အတိအကျမသိရပေ။ ဗြိတိသျှခေတ် မြန်မာဒင်္ဂါးများကို မူကား အင်္ဂလန်ပြည်တွင် သွန်းလုပ်လေသည်။ မြန်မာနိုင်ငံအား အိန္ဒိယပြည်၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်အုပ်ချူပ်စဉ်က မြန်မာနိုင်ငံသုံး ဒင်္ဂါးများသည် အိန္ဒိယနိုင်ငံသုံး ဒင်္ဂါးများသာဖြစ်သည်။ ဗြိတိသျှတို့ထုတ်ဝေသော ဒင်္ဂါးများတွင် တဖက်၌ ဗြိတိသျှအင်ပါယာ အရှင်ဘုရင်၊ဘုရင်မများ၏ပုံများနှင့် ထိုပုံများအောက်တွင် ဒင်္ဂါးထုတ်ဝေသောနှစ်ပါရှိ၍ အခြားတစ်ဖက်တွင် ဒင်္ဂါး၏ တန်ဖိုးကိုအင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်။ နိုင်ငံတိုင်းလိုလို၌ပင် သက်ဆိုင်ရာ တံဆိပ်များ ခပ်နှိပ်၍ ကြေး၊ငွေ၊ရွှေ၊နစ်ကယ်စသော သတ္ထုများဖြင့် ဒင်္ဂါးများ သွန်းလုပ်အသုံးပြုကြသည်။ လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံသုံး ဒင်္ဂါးများတွင် တစ်ဖက်၌ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဟူသော စာတမ်းနှင့် ခြင်္သေ့ထိုင်နေဟန် ပါရှိ၏။ ယင်ခေတ်မှ ဒင်္ဂါးထုပ်ဝေသော နှစ်ကိုရေး ထိုးထား၏။ အခြားတစ်ဘက်တွင် ကနုတ်ပန်းခွေနှင့် ပန်းခွေအကြားတွင် ဒင်္ဂါး၏တန်ဖိုးကိုရေးထိုးထား၏ မြန်မာနိုင်ငံ၏ငွေကြေးစနစ်ကိုလည်း ကျပ်၊ပဲ၊ပိုင်စနစ်မှ ကျပ်ပြားစနစ်သို့ ပြောင်းလဲလိုက်ရာ ကျပ်ဒင်္ဂါးမှာ မပြောင်းလဲသော်လည်း ပဲပိုင်စေ့များကို မသုံးတော့ဘဲ ပြား၅၀၊ပြား အစိတ်၊ဆယ်ပြား၊ငါးပြားနှင့် တစ်ပြားစေ့များကို ခြင်္သေ့ရုပ်များဖြင့် ပင်သွန်းလုပ် ခဲ့ပေသည်။

လွတ်လပ်ရေးရပြီးချိန်မှ ၁၉၆၅ မေလ ၂၄ ရက်နေ့အထိ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း လည်ပတ်သုံးစွဲရန် ထုတ်ဝေထားသော ငွေဒင်္ဂါးနှင့်ငွေအကြွေများ၏တန်ဖိုးမှာ ကျပ်ငွေ ၇ ဒသမ ၄ ကုဋေ တန်ဖိုးခန့်ရှိသည်။ သို့သော် မသမာသူများ၏စုဆောင်းမှုကြောင့် လုပ်သားပြည်သူများမှ ငွေဒင်္ဂါးနှင့် ငွေအကြွေရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်ခဲ့ရသည်။ထို့နောက် တော်လှန်ရေးအစိုးရသည် ပြည်သူတို့အတွက်ပြဿနာပြေလည်စေရန် ၁၉၆၆ ခု၊အောက်တိုဘာ၊ ၁၅ ရက်နေ့မှစတင်၍ တစ်ပြား၊ငါးပြား၊၁၀ပြား၊၂၅ပြား၊၅၀ပြား တန်ငွေ အကြွေဒင်္ဂါး ငါးမျိုးကို ပုံစံသစ်ဖြင့် ထပ်မံထုတ်ဝေပေးခဲ့သည်။မူလငွေဒင်္ဂါးများကိုလည်း မူလတန်ဖိုးအတိုင်း ဆက်လက်သုံးစွဲခွင့်ပြုထားသည်။ ကျပ်ဒင်္ဂါးပြားကိုမူ ထပ်မံထုတ်ဝေခြင်း မပြု တော့ပေ။ တော်လှန်ရေးအစိုးရ ထုတ်ဝေသော ငွေအကြွေသစ်များမှာ ယခင်ကဲ့သို့ သံသတ္တု ဖြင့်ပြု လုပ်ထားခြင်းမပြု ဘဲ ပေါ့ပါးသည့်သတ္တု တစ်မျိုးဖြင့်ပြု လုပ်ထားသည်။ အလွန်ပေါ့ပါးပြီး အဖြူ ရောင်ရှိသည်။ ထို့ကြောင့် ယခင်အကြွေများကို အလေးစေ့ ၊ ယခုအကြွေများကို အပေါ့စေ့ ဟုသတ်မှတ်ကြသည်။အရွယ်အစားအားဖြင့် မူလအကြွေများထက် ယောင်ယောင်သေး၍ အနည်းငယ်ပိုပါးသည်။ပုံသဏ္ဌာန်မှာ ရုပ်ပုံနှင့်စာလုံးမှအပ ယခင်အတိုင်း ငါးမူးပြားဆိုလျှင် အဝိုင်းထောင့်စိတ်များဖြင့် လည်းကောင်း ၊ မတ်စေ့ဆိုလျှင် ၆ ထောင့်၊ ဆယ်ပြားစေ့ဆိုလျှင် ၄ ထောင့် ၊ ငါးပြားစေ့ဆိုလျှင် ၁၂ ထောင့် နှင့် တစ်ပြားစေ့ဆိုလျှင် အဝိုင်းသဏ္ဌာန်ရှိသည်။ယင်းဒင်္ဂါးများတွင် ထည့်သွင်းခတ်နှိပ်ထားသော ရုပ်ပုံမှာ ယခင်ကငွေအကြွေဒင်္ဂါးများကဲ့သို့ ခြင်္သေ့ထိုင်လျှက်ပုံမဟုတ်တော့ဘဲ ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တစ်ပိုင်းပုံဖြစ်သည်။ ဗိုလ်ချုပ်ပုံကိုဝိုက်လျှက် အထက်ဘက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်သူ့ဘဏ် ဟူသော မြန်မာစာလုံး စာဝိုက်နှင့် အောက်ဘက်တွင် ဒင်္ဂါးပြားများထုတ်ဝေသည့်နှစ်ကို မြန်မာသက္ကရာဇ်ဖြင့် သက္ကရာဇ် ၁၃၂၈ ခုနှစ် ဟူသော စာကော့စာဝိုက်များပါရှိသည်။ အပေါ်စာကုံးနှင့် အောက်စာကော့တို့ အကြားတွင် နှစ်ဖက်လုံးမှာပင် ငါးထောင့်ကြယ်တစ်လုံးစီခံ၍ ခြားထားသည်။

ဗိုလ်ချုပ်ရုပ်ပုံမှာ တော်လှန်ရေးခေတ်က ရိုက်ကူထားသော ဆံပင်ရှည်နှင့် ကိုယ်တစ်ပိုင်းဘေးစောင်းပုံဖြစ်ပြီး လက်ဝဲဘက်သို့မျက်နှာမူထားသည်။ ဒင်္ဂါးပြား၏ အခြားမျက်နှာတစ်ဖက်တွင် ကနုတ်ပန်းထောင့် နှစ်ခုကို ဝိုက်ထားပြီး ပန်းခွေအတွင်း၌ ဒင်္ဂါးတန်ဖိုးကိုလည်းကေင်း၊အောက်ဘက်တွင် ထုတ်ဝေသည့်ခုနှစ် ၁၉၆၆ ကိုလည်းကောင်း ရေးထိုးထားပါသည်။ထူးခြားချက်မှာ ဒင်္ဂါး၏တန်ဖိုးကိုဖော်ပြရာ၌ မောက်ချစာလုံးဖြင့် ဖော်ပြမှုမရှိခြင်းပင်ဖြစ်သည်။ပုံစံအားဖြင့် ခြင်္သေ့ရုပ်ပုံပါ အကြွေဒင်္ဂါးများတွင် ဆယ်ပြားစေ့၌ ၁ဝါးပြား ဟုဖေါ်ပြလေ့ရှိသော်လည်း ယခုအကြွေသည် ဒင်္ဂါးများတွင် ၁၀ ပြား ဟုသာ ဖော်ပြထားခြင်းဖြစ်သည်။ထို့နောက် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အစိုးရခေတ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်မှ တစ်ကျပ်တန် ငွေအကြွေပုံစံသစ်ကို ၁၉၇၆ ခု၊ဧပြီ ၁ ရက်နေ့တွင် လည်းကောင်း၊ ပြားငါးဆယ်တန် ငွေအကြွေပုံစံသစ်ကို ၁၉၇၉ ခု ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်လည်းကောင်း ၊ နှစ်ဆယ့်ငါးပြားတန် ငွေအကြွေ (အဝိုင်းပုံစံ) ပုံစံသစ်ကို ၁၉၈၁ ခု၊ ဇူလိုင်လ ၂၁ ရက်နေ့တွင်လည်းကောင်း ၊ ဆယ်ပြားတန်ငွေအကြွေပုံစံသစ်ကို ၁၉၈၃ ခု ၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် လည်းကောင်း ၊ နှစ်ဆယ့် ငါးပြားတန် ငွေအကြွေ ( ၆ထောင့်ပုံစံ ) ပုံစံသစ်ကို ၁၉၈၆ ခု၊ ဒီဇင်ဘာ ၁ ရက်နေ့တွင်လည်းကောင်း ၊ ငါးပြားတန် ငွေအကြွေ ပုံစံသစ်ကို ၁၉၈၇ ခု၊ ဇွန်လ ၃၀ ရက်နေ့တွင်လည်းကောင်း ထုတ်ဝေခဲ့ပြန်သည်။


ကျမ်းကိုး[ပြင်ဆင်ရန်]

  • ၁။ မြန်မာ့စွယ်စုံကျမ်း အတွဲ - ၅ ၊ စာပေဗိမာန်ပုံနှိပ်တိုက ၁၉၆၁။
  • ၂။ရွှေကိုင်းသာ ၊ မြန်မာ့ဒင်္ဂါးရာဇဝင် ၊ လုထုစာစောင် ( လွတ်လပ်ရေးအထူးထုတ်) ၊ မန္တလေးကြီးပွားရေး ပုံနှိပ်တိုက် ၁၉၄၈။
  • ၃။အောင်သော်ဦး၊ ပျူ ဒင်္ဂါးများ ၊ အမျိုးသားယဉ်ကျေးမှုစာစောင် အတွဲ - ၁ ၊ ၁၉၆၂ ။
  • ၄။နတ်ရှင် ၊ ဒဂုန် ၊ ဒင်္ဂါး ၊ ငွေတာရီ မဂ္ဂဇင်း ၊ အမှတ် ၅၄ ၊ ၁၉၆၄ ၊ ဒီဇင်ဘာ ။
  • ၅။ကြန် ၊ ဒေါ် ၊ ရတနာပုံဒင်္ဂါးစက်ရုံ ၊ ငွေတာရီ မဂ္ဂဇင်း ၊ အမှတ် ၅၉ ၊ ၁၉၆၅ ၊ မေ ။
  • ၆။ကိုဦး ၊ သပြေညို ၊ မြန်မာ့ဒင်္ဂါးများ ၊ မဟာသီရိ ပုံနှိပ်တိုက် (စာပေဗိမာန်) ၊ ၁၉၇၄ ။
  • ၇။စံသာအောင်၊ ဦး ၊ ရခိုင်ဒင်္ဂါးများ ၊ ရန်ကုန် ၊ စိတ္တသုခပုံနှိပ်တိုက် ၊ ၁၉၇၉
  • ၈။တင်ဝင်း ၊ ပျူ ဒင်္ဂါး ၊ ငွေတာရီ ၊ မဂ္ဂဇင်း ၊ ၁၉၈၂ ၊ ဒီဇင်ဘာ ။
  • ၉။သန်းဝင်းလှိုင် ၊ မြန်မာ့ဒင်္ဂါးသမိုင်း ။

( မှတ်ချက် ။ ။ အကြောင်းအရာ အများစုသည် သန်းဝင်းလှိုင် ၊ မြန်မာ့ဒင်္ဂါးသမိုင်း မှ ထုတ်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။)