မြန်မာကျပ်ငွေ

ဝီကီပီးဒီးယား မှ
(မြန်မာငွေကြေး မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
မြန်မာကျပ်ငွေ
ကျပ်
1 Kyat.jpg Banknote1000-2004.jpg
၁ ကျပ် ၁၀၀၀ ကျပ် (၂၀၀၄)
ISO 4217 MMK
ဗဟိုဘဏ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်
 ဝက်ဘ်ဆိုဒ် cbm.gov.mm
အသုံးပြုသူများ  မြန်မာ
ငွေကြေးဖောင်းပွမှု ၃.၁%
 ရင်းမြစ် The World Factbook၊ ၂၀၁၂ ခန့်မှန်း
ယူနစ်ခွဲ
 1/100 ပြား
ငွေကြေးသင်္ကေတ K
ဒင်္ဂါးပြားများ K1, K5, K10, K50, K100
ငွေစက္ကူများ 50 pyas, K1, K5, K10, K20, K50, K100, K200, K500, K1000, K5000, K10,000

မြန်မာနိုင်ငံ တွင် အသုံးပြုသော ငွေကြေးကို ငွေဟုလည်းကောင်း၊ ပိုက်ဆပ် ဟုလည်းကောင်းခေါ်ကြသည်။ ပိုက်ဆံဟုလည်း အသံထွက်ကြသည်။ ပိုက်ဆပ်ဟူသည်မှာ အိန္ဒိယပြည်မှ အကြွေစေ့ကိုခေါ်သော ဝေါဟာရတစ်မျိုးကို လိုက်လံပြောဆိုရာမှ အသုံးတွင်လာခြင်းဖြစ်သည်။ အဆိုပါငွေကို ရေတွက်တိုင်းတာသော အရေအတွက်ပြ ဝေါဟာရမှာမူကျပ်ဖြစ်သည်။ တစ်ကျပ်လျှင် ပြားတစ်ရာ အထိစိတ်ပိုင်းထားပြီးအသုံးပြုသော စနစ်ဖြစ်သည်။ အသေးဆုံး ရေတွက်သည့် ယူနစ်မှာပြား ဖြစ်သည်။ အသေးငယ်ဆုံး ငွေကြေးမှာ တစ်ပြားစေ့ဖြစ်ပြီး၊ အကြီးဆုံး ငွေစက္ကူမှာ ၁၀,၀၀၀ ကျပ်တန်ဘိုးရှိသည်။

၁၉၆၆-ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့တွင် တော်လှန်ရေးအစိုးရ၊ ဘဏ္ဍာရေးနှင့် အခွန်ဌာနသည် (၅၀)ပြား၊ (၂၅)ပြား၊ (၁၀)ပြား၊ (၁)ပြား စသော ငွေအကြွေသစ်များ ထုတ်ဝေသည်။ အဆိုပါ ငွေအကြွေများကို ဒန်သတ္တုနှင့် ထုတ်လုပ်၍ ငွေအကြွေစေ့ မျက်နှာစာတွင် ဗိုလ်ချုပ် အောင်ဆန်း ၏ ရုပ်ပုံပါရှိပြီး ကျောဘက်တွင် တန်ဖိုးကို စာဖြင့် ဖော်ပြထားသည်။ [၁]

၁၉၇၁-ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် မြန်မာနိုင်ငံ ကျပ်ငွေလဲလှယ်နှုန်း ပြင်ဆင် သတ်မှတ်သည်။

၁၉၇၂-ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် နိုင်ငံခြားငွေ ဘဏ်လဲလှယ်နှုန်း ပြန်လည်ပြင်ဆင် သတ်မှတ်သည်။

မြန်မာကျပ်ငွေတို့ကို အမေရိကန် တစ်ဒေါ်လာလျှင် ၁,၂၀၀ ကျပ်နှုန်း ဝန်းကျင်ခန့် နှင့် တန်ဖိုးသင့် ဖလှယ်ကြသည်။

မြန်မာကျပ်ငွေကို ၁၉၅၂-ခုနှစ်၊ ဇူလိုင်လ(၁)ရက်တွင် စတင်ခဲ့သည်။ တစ်ကျပ်လျှင် တစ်အိန္နိရူပီး ဈေးတူသတ်မှတ်ခဲ့သည်။ ထိုအချိန်တွင် US$1=4.7619 Kyat = 4.7619 Indian Rupees ပေါက်ဈေးရှိသည်။ အနီးစပ်ဆုံး US$1.00 ပေါက်ဈေးများကို မြန်မာ့နိုင်ငံရေးဖြစ်ရပ်များနှင့် အမှတ်တရလေ့လာနိုင်ပါသည်။ အမေရိကန်တစ်ဒေါ်လာပေါက်ဈေးမှာ ၂၀၁၁ တွင် အိန္နိယရူပီး ၄၉.၅ သာရှိသော်လည်း၊ မြန်မာကျပ် ၇၅၀ ဖြစ်ခြင်းမှာ မြန်မာငွေကြေးမတည်ငြိမ်မှုကို ပြသပါသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပျူခေတ်၊ ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာခေတ်တို့တွင် ဟန်လင်းဒင်္ဂါးများကို ကျပ်စေ့၊ ငါးမူးစေ့၊ မတ်စေ့၊ မူးစေ့ဟူ၍၎င်း၊ နွားလားဥဿဘ၊ သပြေညွှန့်နှင့် မင်းအမည်ခပ်နှိပ်ထားသော ရခိုင်ဒင်္ဂါးများနှင့် ဟင်္သာရုပ်ပါ ရှိသည့် မွန်ဒင်္ဂါးများကို၎င်း ငွေကြေးအဖြစ် ထုတ်ဝေသုံးစွဲခဲ့သည်ကို အထောက်အထားများ တွေ့ရှိရပြီး ပုဂံခေတ်၊ အင်းဝခေတ်တို့တွင် ငွေတုံးငွေခဲများကိုသာ အစိတ်သား၊ နှစ်ဆယ်သား၊ တဆယ်သား စသည်ဖြင့် ပြုလုပ်သုံးစွဲခဲ့ကြောင်း သိရသည်။ ကုန်းဘောင်ခေတ်၏ ဘိုးတော်ဘုရားလက်ထက်တွင် ခေတ်မီ မြန်မာ့ဒင်္ဂါးများကို ကာလကတ္တားမြို့တွင် သွန်းလုပ်သုံးစွဲခဲ့သည်။ ၎င်းတို့မှာ မြန်မာဒင်္ဂါး၊ ရခိုင်ဒင်္ဂါး၊ ဝေသာလီဒင်္ဂါး၊ ကုလားဒင်္ဂါးတို့ ဖြစ်သည်။ ဘကြီးတော် သာယာဝတီနှင့် ပုဂံမင်းတို့လက်ထက်တွင်လည်း ထိုလေးမျိုးကိုပင် သုံးစွဲခဲ့ကြသည်။

ပထမဆုံးကျပ်ငွေ (၁၈၅၂-၁၈၈၉ ခုနှစ်)[ပြင်ဆင်ရန်]

မင်းတုန်းမင်းလက်ထက်တွင် ဒင်္ဂါးသွန်းစက်ကို အင်္ဂလန်နိုင်ငံမှ ဝယ်ယူခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂၂၇-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ရ-ရက်နေ့တွင် မန္တလေးနေပြည်တော်၌ မြန်မာဒေါင်းဒင်္ဂါးများကို စတင် သွန်းလုပ်ခဲ့သည်။ ဒေါင်းဒင်္ဂါးများကို ရွှေဖြင့် တမတ်စေ့၊ တပဲစေ့များ ထုတ်လုပ်ပြီး ငွေဖြင့် တကျပ်စေ့၊ ငါးမူးစေ့၊ တမတ်စေ့၊ တမူးစေ့နှင့် တပဲစေ့ဟူ၍ ငါးမျိုး သွန်းလုပ်ခဲ့သည်။ ထိုစဉ်က ငွေလဲလှယ်နှုန်းမှာ မြန်မာဒင်္ဂါး ၁၅-ကျပ်ခန့်ကို အင်္ဂလိပ်ရွှေဒင်္ဂါး စတာလင်တပေါင်ဖြစ်သည်။

ဗြိတိသျှခေတ်[ပြင်ဆင်ရန်]

ခရစ်နှစ် ၁၈၈၅-ခုနှစ်တွင် မြန်မာနို်င်ငံကို ဗြိတိသျှနယ်ချဲ့များ သိမ်းပိုက်ခဲ့ပြီး ငွေကြေးအဖြစ် အိန္ဒိယငွေဒင်္ဂါးများကို သွင်းယူလာခဲ့သည်။ မင်းတုန်းမင်း ထုတ်ဝေခဲ့သည့် မြန်မာ့ဒင်္ဂါးများနှင့် အိန္ဒိယဒင်္ဂါး နှစ်မျိုးလုံးကိုပင် မြန်မာနိုင်ငံတွင် တရားဝင်လက်ခံသုံးစွဲကြသည်။ ခရစ်နှစ် ၁၈၉၇-ခုနှစ်တွင် မြန်မာနိုင်ငံအား အိန္ဒိယအင်ပါယာ၏ ပြည်နယ်တခုအဖြစ် အဆင့်သတ်မှတ်ခဲ့သည်။ အိန္ဒိယအစိုးရသည် ၁၈၆၁-ခုနှစ် ဥပဒေအရ ငွေဒင်္ဂါးများသာမက ငွေစက္ကူများကိုပါ ထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံတွင် ထိုငွေစက္ကူများကို သုံးစွဲခွင့်ပြုခဲ့သည်။

၁၉၃၅-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေသစ်ပြဋ္ဌာန်းပြီး မြန်မာနိုင်ငံအား အိန္ဒိယမှ ခွဲထွက်ခွင့်ပြုခဲ့ပြီး ၁၉၃၇-ခုနှစ် ဧပြီလ ၁-ရက်နေ့တွင် ၉၁-ဌာန အုပ်ချုပ်ရေးကို ပေးအပ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံအတွက် ငွေစက္ကူထုတ်ဝေခွင့်ကို ၁၉၃၅-ခုနှစ်က တည်ထောင်ခဲ့သော အိန္ဒိယရီဇတ်ဘဏ် (Reserve Bank of India) အား ဆက်လက်အပ်နှင်းထားခဲ့သည်။ အစပိုင်းတွင် မြန်မာနိုင်ငံအတွက် သုံးစွဲရန် ငွေစက္ကူများအဖြစ် အိန္ဒိယအစိုးရက ရိုက်နှိပ်သော ငွေစက္ကူများပေါ်တွင် မြန်မာပြည်၌သာ တရားဝင်သည် (Legal Tender in Burma Only) ဟူသော ငွေစက္ကူများကို ထုတ်ဝေခဲ့သည်။ ၁၉၃၈-ခုနှစ်တွင် အိန္ဒိယရီဇတ်ဘဏ်က မြန်မာနိုင်ငံအတွက် ၅-ရူပီးတန်၊ ၁၀-ရူပီးတန်၊ ၁၀၀-ရူပီးတန်နှင့် ၁၀,၀၀၀-ရူပီးတန် ငွေစက္ကူများကို သီးသန့်ပုံစံဖြင့် ထုတ်ဝေခဲ့သည်။ ၁၉၃၉-ခုနှစ်တွင် ၁,၀၀၀-ရူပီးတန်နှင့် ၁-ရူပီးတန်များကို ထုတ်ဝေခဲ့သည်။

ဂျပန်ခေတ်[ပြင်ဆင်ရန်]

၁၉၄၂-မှ ၁၉၄၅-ခုနှစ်အထိ ဖက်ဆစ်ဂျပန်တို့ မြန်မာနိုင်ငံသို့ ဝင်ရောက်လာပြီးနောက် အိန္ဒိယငွေစက္ကူ များကို တရားဝင်အဖြစ်မှ ဖျက်သိမ်းခဲ့သည်။ ထို့နောက် ကျောထောက်နောက်ခံမရှိဘဲ ထောင်မလဲသဲကော် ဂျပန်ငွေစက္ကူများကို အတိုင်းအဆမရှိ အမြောက်အမြား ရိုက်နှိပ်သုံးစွဲခဲ့သည်။

စစ်ပြီးခေတ်[ပြင်ဆင်ရန်]

၁၉၄၅-ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပြီး ဂျပန်ငွေစက္ကူများကို တရားမဝင်ဟု ဗြိတိသှျစစ်အုပ်ချုပ်ရေး (British Military Administration) က ကြေညာခဲ့သည်။ အိန္ဒိယငွေစက္ကူပေါ်တွင် ဗြိတိသျှစစ်အုပ်ချုပ်ရေး၊ မြန်မာပြည်၌သာ တရားဝင်သည်-ဟူသော စာတမ်းကို ထပ်ဆင့်ရိုက်နှိပ်ပြီး မြန်မာနိုင်ငံအတွက် သီးသန့်ငွေစက္ကူများ ထုတ်ဝေခဲ့သည်။ ထိုစဉ်က စစ်အုပ်ချုပ်ရေး ငွေစက္ကူများ၊ အိန္ဒိယရီဇတ်ဘဏ်က မြန်မာပြည်အတွက် ထုတ်ဝေခဲ့သော ငွေစက္ကူများနှင့် အိန္ဒိယငွေစက္ကူအားလုံး မြန်မာပြည်တွင် တရားဝင်သုံးစွဲခွင့် ရှိသည်။

၁၉၄၆-ခုနှစ်၊ ဒီဇင်္ဘာလ ၃၁-ရက်နေ့တွင် ရူပီး ၁,၀၀၀-တန်နှင့် ၁၀,၀၀၀-တန် ငွေစက္ကူများကို တရားဝင်အဖြစ်မှ ရပ်စဲခဲ့သည်။ ၁၉၄၇-ခုနှစ် မတ်လ ၃၁-ရက်နေ့တွင် အိန္ဒိယရီဇတ်ဘဏ်နှင့် ဆက်သွယ်မှုကို ရပ်စဲပြီး မြန်မာငွေစက္ကူ ဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဝင်များအဖြစ်- (၁) ဘုရင်ခံက ခန့်အပ်သည့် သဘာပတိတဦး။ (၂) မြန်မာနိုင်ငံတွင် မွေးဖွားသူ အဖွဲ့ဝင် ၂-ဦး။ (၃) မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှအဖွဲ့ ဝန်ကြီးက ခန့်အပ်သည့်အဖွဲ့ဝင်တဦး။ (၄) အင်္ဂလန်ဘဏ်ဥက္ကဋ္ဌ (Governor) က ခန့်အပ်သည့်အဖွဲ့ဝင်တဦးတို့ ပါဝင်သည်။

ယနေ့ခေတ်ကျပ်ငွေ[ပြင်ဆင်ရန်]

ယနေ့ခေတ်၌ အသုံးပြုနေသော ကျပ်ငွေကို ၁ ရက် ဇူလိုင် ၁၉၅၂ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး တစ်ကျပ်တွင် ပြား ၁၀၀ ရှိသည်။[၂]

ငွေစက္ကူ[ပြင်ဆင်ရန်]

ငွေစက္ကူ ဆိုသည်မှာ ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကား ရာတွင် ကြားခံအဖြစ် အသုံးပြုကာ စက္ကူဖြင့် ပြုလုပ်ထား၍ တန်ဘိုးသတ်မှတ်ထားသော အရာဖြစ်သည်။ ကမ္ဘာတွင် နိုင်ငံအသီးသီး၌ ငွေစက္ကူကို အသုံးပြုကြသည်။ နိုင်ငံတိုင်း လိုလိုပင် ကိုယ်ပိုင် သတ်မှတ်ထားသည့် ငွေစက္ကူများ ရှိကြသည်။ မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်မှစ၍ ငွေစက္ကူများကို သုံးစွဲခဲ့ကြသည်။

ကိုလိုနီခေတ်တွင် အိန္ဒိယ၏ ပြည်နယ်တစ်ခုအနေနဲ့ ရှိနေသော်လည်း မြန်မာနိုင်ငံအတွက် ငွေစက္ကူသီးသန့် ထုတ်လုပ်ခဲ့သည်။ “ဗမာပြည်တွင် သုံးနိုင်သည်”ဟုရေးပြီး ထုတ်သည်။ ထိုခေတ်တွင် ရူပီး (Rupee) အသုံးဖြစ်သည်။ ၁ရူပီး (Rupee)တွင် ၁၀ဝ စန့် (Cent) ရှိသည်။ ၁ရူပီး (Rupee) တွင် ၁၆- ပဲ (Anna) ရှိသည်။

၁၉၄၄ ခုနစ်တွင် “ဂျပန်နိုင်ငံတော်အစိုးရ” ဆိုသည့်နာမည်နှင့် ငွေစက္ကူများ၊ “ဗမာနိုင်ငံတော်ဘဏ်” ဆိုသောနာမည်နှင့် ထုတ်ထားသော ငွေစက္ကူများ တွေ့ရသည်။ ဂျပန်ခေတ်တွင်လည်း ရူပီး (Rupee) သာသုံးသည်။

နောက်ပိုင်းတွင် ကျပ် (Kyat) အသုံးပြုလာသည်။ ၁ကျပ်တွင် ပြား၁၀ဝ ရှိသည်။

၁၉၄၈ ခုနစ်မှာ တစ်ကျပ်တန်ကို “ဗမာနိုင်ငံအစိုးရ” ဆိုတဲ့နာမည်နဲ့ထုတ်ပြီး ၁၉၅၃ ခုနစ်မှာ ထိုဒီဇိုင်းကို မပြောင်းဘဲ “ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်”ဟုဆိုသော နာမည်နှင့် ပြောင်းထုတ်သည်။

နောက်ထူးခြားချက်တစ်ခုကတော့ ၁၉၉၄ ခုနစ်က ထုတ်ခဲ့သော ၅၀ဝကျပ်တန် နှင့် ၁၉၉၈ ခုနစ်မှာ ထုတ်ခဲ့သည့် ၁၀၀ဝကျပ်တန် ငွေစက္ကူများကို ၂၀၀၄ ခုနစ်မှာ ဒီဇိုင်းလုံးဝမပြောင်းဘဲ အရွယ်အစားသေးပြီး ထပ်မံထုတ်ခဲ့တာဖြစ်သည်။

၁၉၃၇ ခုနစ်မှ ၁၉၄၅ ခုနစ်အထိ ထုတ်ဝေခဲ့သော ငွေစက္ကူပုံများ[ပြင်ဆင်ရန်]

ဂျပန်ခေတ် ငွေစက္ကူပုံများ[ပြင်ဆင်ရန်]

၁၉၄၈ ခုနစ်မှ ၁၉၈၇ ခုနစ်အထိ ထုတ်ဝေခဲ့သော ငွေစက္ကူပုံများ[ပြင်ဆင်ရန်]

FEC: Foreign Exchange Certificate[ပြင်ဆင်ရန်]

ဖျက်သိမ်းခဲ့သော ငွေစက္ကူပုံများ[ပြင်ဆင်ရန်]

၁၉၉ဝ ခုနစ်မှ ယခုအချိန်ထိ ထုတ်ဝေခဲ့သော ငွေစက္ကူပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ရှေ့သို့စာစောင် အတွဲ(၉)အမှတ်(၉)၁.၁၀.၆၆၊ စာ-၄
  2. ဦးမြင့်စော (သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်) (မင်္ဂလာမောင်မယ်-၂၀၁၀-ခု ဇူလိုင်လ)