မြန်မာကုမ္မာရီအသင်းများ

ဝီကီပီးဒီးယား မှ

မြန်မာကုမ္မာရီအသင်းများ[ပြင်ဆင်ရန်]

မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုတွင် မြန်မာကုမ္မာရီ အသင်းများ၏ ဆောင်ရွက်မှုများကို ချန်ခဲ့၍ မဖြစ်ချေ။ ကုမ္မာရီအသင်းဟူသည်မှာ ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ် ကြီး ကောင်းစားစဉ် ခေတ်က အမျိုးသမီးများ ဝံသာနု လုပ်ငန်းကို ဆောင်ရွက်ရန် ဖွဲ့စည်းကြသော အမျိုးသမီးအသင်းများဖြစ်သည်။

ကမ္ဘာပေါ်ရှိ အမျိုးသမီးများတွင် အလွတ်လပ်ဆုံးနှင့် အခွင့်အရေးအရဆုံးဟု ထင်ရှားသော မြန်မာ အမျိုးသမီးများသည် ပထမကမ္ဘာစစ် အပြီးတွင် အမျိုးသားများနှင့် ဒိုးတူ ပေါင်ဘက် အသင်းအပင်းများ ဖွဲ့စည်းကာ အမျိုး၊ပညာ၊ဘာသာ၊ သာသနာ ဖွံ့ဖြိုးရေအတွက် ဆောင်ရွက် ကြသည်။ ယင်းအသင်းများကို ကုမ္မာရီများဟု ခေါ်ကြသည်။ မြို့ရော နယ်ပါကုမ္မာရီအသင်းပေါင်း မြောက်မြားစွာရှိသည့် အနက် ဗုဒ္ဓဘာသာ ကလျာဏယုဝ ကုမ္မာရီအသင်း၊ မြန်မာ မိန်းမများအသင်း၊ ဒါန သုခအသင်း၊ မြန်မာအမျိုးသမီး နေရှင်နယ် ကောင်စီစသော အသင်းကြီးများသည် ထင်ရှားသော အသင်းကြီးများဖြစ်ကြသည်။

ဗုဒ္ဓဘာသာ ကျာဏယုဝ ကုမ္မာရီအသင်း။ ။ ၁၉၂ဝ ပြည့်နှစ်ခန့်က စတင်တည်ထောင်သည်ဟုဆိုသည်။ အချို့က ယင်းအသင်းကို ပုသိမ်မြို့၌ စတင်တည်ထောင်သည်ဟု ဆို၍ အချို့ကမူ ရန်ကုန်မြို့၌ စတင်တည်ထောင်သည်ဟု ဆိုကြ သည်။ အမျိုး၊ ပညာ၊ ဘာသာ၊ သာသနာ ဖွံ့ဖြိုးရေးကို အဓိကထား၍ ဖွဲ့စည်းခဲ့သည်။ အသင်းဝင်များသည် နိုင်ငံရေးကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်ကြသဖြင့် အခြား အသင်းတစ်ခု ဖွဲ့စည်းကြရာတွင် ယင်းအသင်းသည် မကြာမှီ မှေးမှိန် သွားလေသည်။

မြန်မာ မိန်းမများ အသင်း။ ။ အချို့က မြန်မာမိန်းမများအသင်းသည် အမျိုးသမီးများ၏ ပထမဆုံး တည်ထောင်သော အသင်းဟု ဆို၍ အချို့ကမူ ဗုဒ္ဓဘာသာ ကလျာဏယုဝ ကုမ္မာရီအသင်းသည် နိုင်ငံရေးကို ထိရောက်စွာမဆောင်ရွက်နိုင်သဖြင့် မြန်မာ မိန်များ အသင်းဟူ၍ အသင်း တစ်သင်း တည်ထောင်သည်ဟု ဆိုကြ သည်။ အသင်းတည်ထောင်ခြင်း၏ အကြောင်းရင်းကိုမူ အသင်းစည်းမျဉ်းဥပဒေစာအုပ် နိဒါန်းတွင် အောက်ပါအတိုင်း တွေ့ရှိရသည်။

ဤကမ္ဘာဘဒ္ဒ သတ္တလောကဘုံကြီး၌ ဆုံစည်းနေထိုင်ကြ သော သတ္တဝါဟူသမျှတို့၏ မူလဘူတ ပကတူပလမ်းမှန်ကျမ်းဂန် စာပေတို့၌ ပါရှိသည်မှာ ပုရိသ မိန်းမယောက်ျား နှစ်ပါးသော ပုဂ္ဂိုလ်တို့သည် အဟိုမဆွ ကမ္ဘာပေါ်ဦးစကပင် အကြင်သို့သော မိန်းမတို့မှာ ရှေးဦးစွာ ဖြစ်ထွန်းပေါ်လာရကား၊ အဆိုပါ မိန်းမတို့သည် ဤသတ္တလောကကြီး၏ အရှင် မိခင်အစစ် ဖြစ်ပေသည်တကားဟု စကားနိဒါန်း လူတမ်းမော်ကွန်း ပေါ်ထွန်းခဲ့ပေကြောင်း၊ လည်းကောင်းသတ္တဝါဟူသမျှတို့၏ မူလအပင် မိခင် ဖြစ်ကြသူ မိန်းမတို့သည် ကာလဒေသ သမယအလျှောက်၊ နောက်နောက်လွန်ခဲ့ပြီးသောအခါ လွန်စွာခေတ်ရှိခဲ့ကြသဖြင့်၊ မဇ္ဈိမဒေသဟု ခေါ်ခဲ့ကြသော အိန္ဒိယနိုင်ငံတော်ကြီးမှာ မဟာမာယာဒေဝီ မဟေသီဟု ရွှေညီထွတ်ဖျား တမွတ်ထားရသော အရှင်မိဖုရားကြီး၏ သားတော် အကျော်တစော အဟောဝတ ဂေါတမတည်းဟူသော လောကသင်းကျစ် ဘုရားဖြစ်တော်မူစဉ်အခါ ယသော်ဓရာ ခေမာ ဥပ္ပလဝဏ်စသော အမွန်အချွန် အလွန်မြင့်မြတ်လှသော ဧတဒဂ်ဝင် အရှင် ရဟန္တာမိန်းမမြတ်တို့အပြင်၊ အကြင် ဝိသာခါ ခုဇ္ဇုတ္တရာ နန္ဒမာတာ စသော လူမိန်းမတို့သည်လည်း လောကမှ ထွက်ခွာ၍ လောကုတ္တရာမဏ္ဍိုင် နိဗ္ဗာန်မြိုင်၌ ရှစ်ခိုင်သော မဂ်ပန်း ဖိုလ်ပန်း တို့ကို ဆင်မြန်းတော် မူဘူးကြ ပြီလည်း တကြောင်း၊ ရှေးဟောင်းပုဂံရာဇဝင်နှင့် အင်းဝရာဇဝင်တို့တွင် အလွန်ပင် ထင်ရှားကျော်ကြားခဲ့သည့် မိဖုရားကြီး ဘွားစော ဘို့မယ် အသွယ်သွယ်သော မိန်းမ အပေါင်းတို့မှာ ကန်တော်မင်းကျောင်းမေတ္တာစာ၏ အထောက်အထား 'ယောက်ျား အားနှင့် ယူသော်မရ၊ မိန်းမအားနှင့် ယူသော်ရ၏' ဟု ပြသညွန်ကြားသည်နှင့် အညီ၊ ဤမြန်မာပြည်ကြီး၏ အကျိုးများကို တိုးပွားရာ တိုးပွား ကြောင်း ကောင်းကောင်းကြီး ဆောင်ရွက်သည်ပိုးခဲ့ကြပေ ကြောင်း၊ ထိုအဆိုပါ ဒေသနာ အစူအစဉ်နှင့် ရာဇဝင်ပုံပြင်တို့၌ ဂုဏ်ထင်ကျော်ကြားခဲ့ကြ ဘူးသော မိန်းမထူး မိန်းမမြတို့်၏ အတ္ထုပ္ပတ်ထုံးဟောင်းတို့ကို အကြောင်းအကျိုး ကောင်းနိုးရာရာ လိုက်နာသမှု သတိပြုသည့်ပြင်၊ ယခုအခါ ကမ္ဘာတွင် ပထမတန်းဟု ချီးမွမ်းချီးကျူး အထူးပြောဆိုကြရသော ဥရောပ နိုင်ငံ အင်္ဂလန်ပြည်သူ ပြင်သစ်ပြည်သူ ဂျာမနီပြည်သူ အမေရိကန် ပြည်သူ မိန်းမအချင်းချင်းတို့သည် ပေါင်းသင်းညီညာ ကောင်းစွာ ဆောင်ရွက်ကြသောအားဖြင့် ယောက်ျားများနည်းတူ ပြူမူတွင်ကျယ် ကြသည်များကို မျက်ဝါးထင်ထင်တွေ့မြင် ကြားသိရသည်နှင့်အညီ၊ ဤမြန်မာပြည်၏ မြို့တော်ဖြစ်သော ရန်ကုန်မြို့မတွင် မြန်မာဝေါဟာ ကောဇာသက္ကရာဇ် ၁၂၈ဝ ပြည့်နှစ် ဆန်းသစ်တပေါင်း ချိန်ကောင်းခါ၌ (ဗုဒ္ဓသာသနာတော် သက္ကရာဇ် ၂၄၆၄ ခု) မြန်မာ မိန်းမများ အသင်းကို အရင်မူလ အစစွာဖွဲ့စည်းတည်ထောင် အောင်မြင်ထမြောက်ပါကြောင်း ဟူ၍ ဖြစ်သည်။

အထက်ပါမြန်မာမိန်းမများ အသင်းကိုနောင် မြေအရေးပိုင်ကတော်ဖြစ်သော ဒေါ်စု၊ နောင် တရားလွှတ်တော်ချုပ် တရားဝန်ကြီးချုပ်ကတော်ဖြစ်သော ဒေါ်စောတင်၊ ရှူးဖိနပ် ကုမ္ပနီပိုင်ရှင် ဦးဘကြွယ်ကတော် ဒေါ်စောခင်၊ ကုန်သည်ဒေါ်ဖွားသစ်၊ ဒီးဒုတ် ဦးဘချိုဇနီး ဒေါ်လှမေ၊ ဦးသင်းမောင်ဇနီး၊ ဒေါ်တင်၊ ဆရာဦးဘသိန်းဇနီး ဒေါ်ဌေး၊ ဒေါ်ငွေရင်၊ ဒေါ်ငွေရှင်နှင့် မော်တင်ဈေးမှ ဒေါ်မြမေစသော အမျိုးသမီးကြီးများက ဦးစီး၍ ကော်မီတီ ၂ဝ ကျော်ဖြင့် တည်ထောင်ကြသည်။ အသင်း၏ ပထမဆုံး ဥက္ကဋ္ဌမှာ ဒေါ်စုဖြစ်၍ အတွင်းရေးမှူးမှာ ဒေါ်ဖွားသစ်ဖြစ်သည်။ ထိုအချိန်က အသင်းဝင် ဦးရေမှာ ၃ဝဝ ခန့်ရှိသည်။

နယ်များ၌လည်း အလားတူ သီးခြားအသင်းများရှိသည်။ အသင်း၏ ရည်ရွယ်ချက်မှာ (၁) မြန်မာ မိန်းမများ၏ အကျိုးကို သည်ပိုးရွက်ဆောင် ကာကွယ်စောင့်ရှောက်ရန်၊ အထူးသဖြင့် အသင်းသူတို့အတွက် ဆောင်ရွက်ခြင်း၊ ပညာဗဟုသုတ အပြုအမူ အခြေအနေများ တစ်နေ့တခြား ကြီးပွားတိုးမြှင့်လာရန် အားပေးဆောင်ရွက်ရန်၊ (၂) မြန်မာလူမျိုးအားလုံးတို့နှင့် သက်ဆိုင်သောအကြောင်း ကိစ္စတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့လျှင် အသင်းက ကူညီအားပေးသင့်က အားပေးရန်တို့ ဖြစ်သည်။

မြန်မာ မိန်းမများအသင်း၏ အဓိကဆောင်ရွက်ချက်များမှာ အသင်းတိုက်၌ အသင်းသူတို့ အသုံးပြု ဖတ်ရှုကြရန် စာဖတ်ရုံတစ်ခု ဖွင့်လှစ်ထားခြင်း၊ မြန်မာအမျိုးသမီးများ လူမျိုးခြား ယောက်ျားများကို လက်မထပ်ဘဲ ဗုဒ္ဓဘာသာ မြန်မာအချင်းချင်းသာ လက်ထပ်ရန် နှိုးဆော်ခြင်း၊ ဗုဒ္ဓဘာသာ မြန်မာအချင်းချင်း ကူညီယိုင်းပင်းရန် ဟောပြေားခြင်း၊ ဗုဒ္ဓဘာသာ စာပေပရိယတ္တိပြန့်ပွား ထွန်းကားရန် ရွက်ဆောင်ခြင်း၊ အမျိုးသားပညာရေး ကျောင်းကိစ္စများ ကူညီဆောင်ရွက် ပေးခြင်း၊ မြန်မာပြည်ဖြစ်အထည်များကို ဝတ်ဆင်ရန် တိုက်တွန်းခြင်းများ ပြုကြသည်။ အသင်း၏ ရှေးဦးရည်ရွယ်ချက်မှာ ကုသိုလ်ရေးနှင့် ချွေတာရေး ဖြစ်သော်လည်း မကင်းရာ မကင်းကြောင်း ဖြစ်သည်ကတ ကြောင်း၊ အလားတူ အမျိုးသားများ၏ ဝိုင်အမ်ဘီအေ အသင်းကလည်း နိုင်ငံရေးကို ကိုယ်ထိလက်ရောက် ဆောင်ရွက်နေကြသည် ဖြစ်သည်က တကြောင်း၊ မြန်မာ အမျိုးသမီးများကိုယ်တိုင်ကလည်း ဝံသာနုနှင့် နိုင်ငံရေးစိတ် ဝင်လာသည်က တကြောင်းတို့ကြောင့် နိုင်ငံရေးကိုပါ ဝင်ရောက်စွပ်ဘက်လုပ်ကိုင်ကြသည်။ ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီးနှင့် ဆက်သွယ်ထားပြီး ဖြစ်သဖြင့်လည်း ဂျီစီဘီအေ အသင်းကြီးက ချမှတ်သော လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်လျက်ရှိကြသည်။ ဂျီစီဘီအေ အသင်းကြီး၏ မြန်မာပြည်လုံးဆိုင်ရာ ကွန်ဖရင့်များ ကျင့်ပသည့်အခါ မြန်မာ မိန်းမများအသင်းမှ ကိုယ်စာလှယ် လွှတ်ခွင့်ရ၍ အမျိုးသမီးများနှင့် သက်ဆိုင်သော အဆိုများ တင်သွင်းကြ သည်။ ပဲခူးမြို့၌ ကျင်းပသော ဂျီစီဘီအေ ကွန်ဖရင့်သို့ မြန်မာမိန်းမများ ကိုယ်စာလှယ်တော်အဖြစ် ဒေါ်စောတင် တက်ရောက်၍ မြန်မာ အမျိုးသမီးများသည် မျူနီစီပယ်လူကြီး၊ ဥပဒေပြုမင်းတိုင်ပင်အမတ် စသည်တို့ အဖြစ် ပါဝင်သင့် ကြောင်း အဆိုတင်သွင်းရာမှအစ အမျိုးသမီးများ မျူနီစီပယ်နှင့် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲသို့ ပါဝင်ယှဉ်ပြိုင်အရွေးခံခွင့် ရကြသည်။ ထို့ပြင် မြန်မာ မိန်းမများအသင်း၏ ဆောင်ရွက်မှုကြောင့် ဓာတ်ရထား မီးရထားစသည့်တို့၌ မိန်းမများချည်း သန့်သန့်စီးနိုင်ရန် မိန်းမခန်း သီးသန့် ထားပေးသည်အထိ အခွင့်အရေးရခဲ့သည်။ ( ဂျီစီဘီအေ။)

မြန်မာ အမျိုးသမီးများသည် မြန်မာပြည်ဖြစ် အထည်များကိုသာ ဝတ်ဆင်အားပေးကြရန် အသင်းကြီးက လှုံ့ဆော်ခဲ့ရုံမက အသင်းဝင်တိုင်သည် အသင်း အစည်းအဝေးတက်သည့်အခါ၊ ဂျီ စီ ဘီ အေ ကွန်ဖရင့် တက်သည့်အခါ ပင်နီ အင်္ကျီ၊ ယောထမီနှင့် ဒေါင်းပုဝါကို ဝတ်ဆင်ခြုံလွှမ်းကြသည်။

၁၉၃၂ ခုနှစ်ခန့်တွင် မြန်မာနိုင်ငံရေး လောက၌ တွဲရေးခွဲရေး ပြဿနာများပေါ်ပေါက် လာသောအခါ ခွဲရေးလိုလားသူက ခွဲရေးဘက်မှ ဆောင်ရွက်၍ တွဲရေးလိုလားသူက တွဲရေးဘက်မှ ဆောင်ရွက်ကြရာမှအစ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးကို ထထကြွကြွ စည်းစည်းလုံးလုံး ဆောင်ရွက်ခဲ့သော မြန်မာမိန်းမများ အသင်း၏ လုပ်ငန်းစဉ်လည်း ခေတ္တရပ်ဆိုင်းသွားရာမှ တဖြည်းဖြည်း လုံးဝ ကွယ်ပျောက်သွားခဲ့ရလေသည်။ ဒါနသုခအသင်း။ ။ ဤအသင်းသည် ကုသိုလ်ရေးကို အဓိကထား၍ ဆောင်ရွက်သောအသင်းဖြစ်သော်လည်း မကြာမီ နိုင်ငံရေးတွင် ဝင်ရောက်ဆောင်ရွက်သည်။ ဒါနသုခအသင်း၏ ဥက္ကဋ္ဌမှာ ဒေါ်ကြင်အိမ်ဖြစ်၍ အကျိုးဆောင် ဒေါ်လှခင်ဖြစ်သည်။ ယင်းအသင်းကို မကြာမီ ဝံသာနု ကုမ္မာရီအသင်းဟု မှည့်ခေါ်၍ ဝံသာနုအသင်းများနှင့် တွဲဘက်ဆောင်ရွက်သည်။ ရန်ကုန်မြို့ပေါ်တွင် ဝံသာနုကုမ္မာရီအသင်း ကိုးသင်း ရှိ၍ ယင်းတို့ကို ပထမယူနီယံ၊ ဒုတိယ ယူနီယံစသည်ဖြင့် ခေါ်ကြ သည်။ ရန်ကုန်မြို့ပေါ်မှ ကုမ္မာရီအသင်းများ ကုမ္မာရီ အသင်းများအပြင် နယ်အသီးသီးတွင်လည်း အနှံ့အပြား ရှိလေသည်။

ကုမ္မာရီများသည် နိုင်ငံရေးကို ရွက်ဆောင်ရာတွင် အထူး စိတ်အားထက်သန်ကြသည်။ အင်္ဂလိပ် လက်အောက်ခံကျွန်ဘဝကို စက်ဆုပ်ကြောင်းပြရန် ခေါင်း၌ ပတ်ထားသော လိပ်ခွံဘီးများကိုပင် ဂျီ စီ ဘီ အေ ပေါင်းတည်းကွန်ဖရင့်၌ ချိုးပစ်ကြသည်။ ကုမ္မာရီများသည် ထိုအချိန်က နိုင်ငံရေး လှုပ်ရှားမှုမှန်သမျှတွင် ပါဝင်ကူညီ တတ်ကြသည်။ ဦးဥတ္တမ အဖမ်းခံရသဖြင့် ဘုရင်မ ပန်းခြံ(ယခု ဗန္ဓုလပန်းခြံ)တွင် လူထုစည်းဝေးပွဲကျင်းပရာ ကုမ္မာရီများ တက်ရောက်ကြသည်။ ပုလိပ်မင်းကြီးက စည်းဝေးပွဲ မလုပ်ရန် တားမြစ်သော်လည်း လူစုမခွဲဘဲ အစည်းအဝေး တက်မြဲ တက်ကာ အာဏာ ဖီဆန်နေကြသဖြင့် မြင်းတပ်နှင့် အတင်းတိုက်၍ လူစုခွဲရသည်။ ထိုစဉ်အခါက ကုမ္မာရီများသည် ရဟန်းတော်များနှင့် ယောက်ျားများ ထွက်ပြေးကြသော်လည်း မပြေးဘဲ တောင့်ခံနေသောကြောင့် မြင်းနင်းမိ၍ ခြေပြတ် သူပြတ်၊ ဒဏ်ရာရသူနှင့် အမျိုးမျိုး အနာတရ ဖြစ်ကုန်ကြ သည်။ ကုမ္မာရီများသည် အထူးစိတ်ဓာတ် ထက်သန်ကြ၍ အလွန်စွန့်စားသူများ အဖြစ်ထင်းရှားသည်။ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ကိစ္စဟူသမျှကို ဆောင်ရွက်ကြသဖြင့် နိုင်ငံတဝန်းလုံးတွင် ထင်ရှားသည်။ သို့ရာတွင် မကြာမီ တွဲရေး ခွဲရေး ပြဿနာကြောင့် နိုင်ငံရေးအသင်းအဖွဲ့များ ကွဲကြရာတွင် ကုမ္မာရီအသင်းများလည်း ကွဲကြ၍ တဖြည်းဖြည်း မှေးမှိန်လာခဲ့ရသည်။

မြန်မာအမျိုးသမီး နေရှင်နယ် ကောင်စီ။ ။ ကုမ္မာရီအသင်းများ မှေးမှိန်သွားပြီးနောက် အမျိုးသမီးအဖွဲ ့ဟူ၍ မည်မည်ရရမရှိသဖြင့် ၁၉၃၁ ခုနှစ်တွင် အင်္ဂလန်ပြည်၌ ကျင်းပသော မျက်နှာစုံညီအစည်းအဝေး မကျင်းပမီ မြန်မာအမျိုးသမီး နေရှင်နယ်ကောင်စီကို ဖွဲ့စည်းလိုက်ကြသည်။ အသင်းဥက္ကဋ္ဌမှာ မင်းကြီးကတော် ဒေါ်မြမေဖြစ်၍ အကျိုးဆောင်မှာ ပညာအုပ် ဒေါ်မြရွှေဖြစ်သည်။ လန်ဒန်မြို့တွင် ကျင်းပသော မျက်နှာစုံညီ အစည်းအဝေးသို့ အမျိုးသမီးကိုယ်စားလှယ် အဖြစ် ပြည်ထဲရေးဝန်ကြီး ဦးမေအောင်၏ သမီး ဒေါ်မြစိန်ကို ယင်းအသင်းမှ ရွေးချယ်စေလွတ်ခဲ့သည်။

အသင်း၏ဆောင်ရွက်ချက်များမှာ နိုင်ငံခြားသတင်းစာများ၌ မြန်မာအမျိုးသမီးများအကြောင်း ထိခိုက်နစ်နာ လောက်အောင်ရေးသားသည်ကို တွေ့ရှိက ကန့်ကွက်ခြင်း၊ အမျိုသမီးများနှင့် သက်ဆိုင်သော ကိစ္စများကို ဝင်ရောက်ဆောင်ရွက်ပေးခြင်းများ ဖြစ်သည်။ အသင်းဝင်များမှာ ဆာပေါ်ထွန်းဇနီး မစ္စက်ပေါ်ထွန်းခေါ် ဒေါ်သန်းတင်၊ ဦးထွန်ညို ဇနီး ဒေါ်မမခင်၊ ဒေါ်မြစိန်၊ဒေါ်စန်း၊ဒေါ်မြရွှေ စသော အစိုးရ အရာရှိဇနီး သားသမီးများ၊ ဥစ္စာပစ္စည်းပြည့်ဝ၍ အစိုးရနှင့် မကင်းသူများဖြစ်ရကား၊ ယင်းအသင်းသည် နိုင်ငံရေးကို အလျင်း မလုပ်ဆောင်ကြချေ။ အရပ်သူများနှင့်လည်း ဆက်ဆံမှုနည်းသည်။ ကလေးပြပွဲ၊ ကျန်းမာရေးပြပွဲ စသည့်မြို့ရွာနှင့် စပ်လျဉ်းသော လုပ်ငန်းများကို ရံဖန်ရံခါ ကူညီလုပ်ဆောင်ကြ၏။ သီးသန့် နေထိုင်လုပ်ကိုင်ကြသဖြင့် ရပ်ရွာရှိ ကုမ္မာရီများက အကူအညီ မပေးဘဲနေခဲ့ရာ၊ ယင်းအသင်းကြီးသည်လည်း ကြီးပွားသင့်သလောက် မကြီးပွားခဲ့ချေ။

[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)