မြန်မာကာလပေါ် ဝတ္ထုများ

ဝီကီပီးဒီးယား မှ

မြန်မာကာလပေါ် ဝတ္ထုများ[ပြင်ဆင်ရန်]

မြန်မာစာပေသမိုင်းတွင် မြန်မာ့ကာလပေါ် ဝတ္ထုဟု ခေါ်ဆိုသော စာပေမျိုးသည် လွန်ခဲ့သော အနှစ်ငါးဆယ် ကျော်ခန့်ကစ၍ ပေါ်ထွန်းလာသည်ဟု ဆိုကြသည်။ ရှေးအခါက မြန်မာနိုင်ငံတွင် ဇာတ်ဝတ္ထုများ ရှိခဲ့သည်။ ကာလပေါ်ဝတ္ထုသည် လူ့အကြောင်း လောကအကြောင်းကို ဇာတ်လမ်း ဇာတ်ကွက်ဆင်၍ စကားပြေဖြင့် ဖွဲ့ဆိုသော စာပေမျိုးဖြစ်သည်။

တစ်ဆဲ့ကိုးရာစုနှစ် အလယ်ပိုင်းလောက်မှစ၍ အောက်မြန်မာပြည်၌ စီးပွားရေးဘက်တွင် ပြောင်းလဲတိုးတက်မှုများ ရှိလာသည်။ မြန်မာ့ဆန်ကို နိုင်ငံခြားသို့ ရောင်းချရသဖြင့် စီးပွားရေး တိုးတက်လာသည်။ ပညာရေးတွင် ခေတ်ကာလအလျောက် လောကဓာတ်ကျောင်းဟု ခေါ်ကြသော စာသင်ကျောင်းများ ပေါ်လာကြသည်။

စာပေယဉ်ကျေးမှု ဘက်တွင် ပုံနှိပ်စက်များ အတော်အသင့် ရှိလာ၍ ပျို့၊ ရတု၊ ဧချင်း၊ မော်ကွန်းတို့ကို ပြန်၍ ပုံနှိပ်ထုတ်ဝေလာကြသည်။ အနောက်တိုင်း စာပေယဉ်ကျေးမှုသည် တစ်စတစ်စ ရောက်လာရာ အနောက်တိုင်းစာပေတို့ကို ဖတ်ရှု့လေ့လာသူများလည်း တစ်စတစ်စ များလာသည်။ ထိုမျှသာ မကသေး၊ ၁၈၇၃ ခုနှစ်မတိုင်မိီကပင် ဒဗျူ ရွှေတူးဆန်ဒီ ဆိုသူသည် အီစွပ်ပုံပြင်(ဤစွပ်၏ ဒဏ္ဍာရီစာ)ကို ဂရိဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုရေးသား၍ ပုံနှိပ်ထုတ်ဝေခဲ့သည်။

၁၈၈၉ ခုနှစ်၌မူ ဟမ္မက်ရှံရှူဒင်ခေါ် မောင်ဘိုးခင်သည် ဟာတင်တာယီ ဝတ္ထုတော်ကြီးကိုလည်းကောင်း၊ ၁၈၉၆ ခုနှစ်တွင် ဦးဘိုးဇော်က အင်္ဂလိပ်ကာလပေါ်ဝတ္ထု ရော်ဗင်ဆန် ကရူးဆိုးကိုလည်းကောင်း၊ အသီးသီး ဘာသာပြန်ဆို ထုတ်ဝေခဲ့ ကြသည်။ ယင်းသို့သော အခြေ အနေများသည် မြန်မာ့ကာလပေါ် ဝတ္ထုများ ပေါ်ပေါက်ရေးသို့ ပို့်ဆောင်ပေး ကြသကဲ့သို့ဖြစ်သည်။ ထိုနောက် ရှေ့နေတစ်ဦး ဖြစ်သူ ဂျိမ်းလှကျော်သည် ပြင်သစ်ဝတ္ထုရေး ဆရာကြီး အယ်လက်ဇန္ဒာ ဒျူးမား၏ အင်္ဂလိပ်ဘာသာပြန် ပြင်သစ်ဝတ္ထုတစ်ပုဒ် ဖြစ်သော ကောင့်အော့မွန်တီခရစ္စတို ဝတ္ထုကို မှီး၍ မြန်မာ့ ထုံးတမ်းဓလေ့နှင့် စီလျော်အောင် ပြုပြင်ရေးသားသော မောင်ရင်မောင်-မမယ်မ ဝတ္ထုကို ၁၉ဝ၄ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေ ခဲ့သည်။ ထိုအခါမှစ၍ မြန်မာကလပေါ် ဝတ္ထု စတင်ပေါ်ပေါက်ခဲ့သည်ဟု ယူဆကြသည်။

မောင်ရင်မောင်-မမယ်မ ဝတ္တုသည် ဥရောပဝတ္တုကို မှီး၍ထားသောကြောင့် ဇာတ်လမ်း ဇာတ်ကွက်များသည် အနောက်တိုင်းပုံစံဝင်သော်လည်း အရေးအသားမှာလည်း ကုန်းဘောင်ခေတ် အရေးအသားမျိုးဖြစ်သည်။ ထိုခေတ်က မြန်မာစာဖတ် ပရိသတ်သည် ထိုဝတ္တုကို တစ်ကယ့်အဖြစ်အပျက်တစ်ခုဟု မှတ်ယူကြကာ မောင်ရင်မောင်နှင့် မမယ်မတို့၏ ထူးခြားသော ချစ်ဇာတ်လမ်းကို စွဲစွဲလမ်းလမ်းဖြစ်ခဲ့ကြသည်။

မောင်ရင်မောင်-မမယ်မ ဝတ္တုစာဖတ်ပရိသတ်က လက်ခံအားပေးလာသော အခါ မူလ ပထမဟံသာဝတီ ပုံနှိပ်တိုက်ရှင်မစ္စတာ ရစ်ပလီသည် ဝန်စာရေးဟောင် ဦးကြီးအား ကာလပေါ်ဝတ္တုမျိုးကို ရေးသား စေခဲ့ရာ ၁၉ဝ၄ ခုနှစ် အတွင်း၌ပင် ချဉ်ပေါင်ရွက်သည် မောင်မှိူင်း ဝတ္တု ပေါ်ပေါက် လာခဲ့သည်။

မောင်မှိုင်း ဝတ္တုသည် မောင်ရင်မောင်-မမယ်မ ဝတ္တုကဲ့သို့ နိုင်ငံခြား ဝတ္တုကို မမှီးပဲကိုယ်ပိုင်ညဏ်ဖြင့် ရေးသားသော ဝတ္တုဖြစ်သဖြင့် ပထမဆုံး မြန်မာကာလပေါ်ဝတ္တုဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် ဝတ္တု အဆင့် အတန်းအားဖြင့် မမြင့်လှသေးဟု ယူဆကြသည်။ အရေးအသားမှာ ထိုခေတ်က အပြောအဟော ကွက်စိတ်သဘော မျိုးလည်းပါသည်။

ဇာတ်လမ်းသည် ဤသို့ဖြစ်သည်။ ချဉ်ပေါင်ရွက်သည် မောင်မှိုင်းသည် မြို့တကာ ရွာတကာသို့ လှည့်လည် လိမ်ကောက် ပုံကို ဝတ္ထုဇာတ်ကြောင်းခံထားသည်။ ဦးကြီးသည် ထိုဝတ္ထုကို ခတ်ပေါ့ပေါ့ဖတ်၍ ပျော်ရရွှင်ရယုံသာ သဘောထားကာ ရေးသားထားသလောဟု စဉ်းစားဖွယ်ရာ ရှိသည်။ သို့သော် လူလိမ် လူကောက် လူချွဲ လူပလီတို၏ ကိုယ်နှုတ် နှလုံး အမူအရာတို့ကိုမူ တင်ပြနိုင်ခဲ့သည်။

ထိုဝတ္ထုသည် ထိုခေတ်က အလွန်လူကြိုက်များသော ဝတ္ထုတစ်ပုဒ် ဖြစ်ခဲ့သည်။ ထိုကြောင့် အခြားသူများကလည်း မောင်မှိုင်းဝတ္ထုဆံဆံ ကာလပေါ် ဝတ္ထုများကို ရေးသားလာ ကြသည်။ ဦးကြီးကိုယ်တိုင်လည်း မောင်မှိုင်းဝတ္ထုအပြင် စိန်ကလေး၊ မြကလေး စသော ဝတ္ထုများကိုလည်း ရေးသားခဲ့သည်။

မောင်မှိုင်းဝတ္ထုပေါ်ထွက်ပြီးနောက် ကာလပေါ်ဝတ္ထုအမြောက်အမြား ရေးသားထုတ်ဝေကြ သည့်အနက် ထူးခြားသော ဝတ္ထုတစ်ပုဒ်သည် ၁၉ဝ၇ ခုနှစ်တွင် မောင်ဘသင်ဆိုသူ ရေးသားသော မောင်တာနော ဝတ္ထုဖြစ်သည်။ ပထမတွဲ၊ ဒုတိယတွဲ ဟူ၍ နှစ်ပိုင်း ရေးသားထုတ်ဝေခဲ့သည်။ မောင်မှိုင်းဝတ္ထုနှင့် မတူသော ထူးခြားချက်မှာ ထိုဝတ္ထုတွင် ရာဇဝင် ဗဟုသုတ၊ အမျိုးသမီး အမျိုးသားတို့ သိရှိမှတ်သားအပ်သော အချက်အလက်များ၊ သုမင်္ဂလာ၊ ဒုမင်္ဂလာ ကျင်းပပုံ စသော လောကီရေးရာ အချက်အလက်များကိုပါ ထည့်သွင်းထားရာ ဗဟုသုတ ဟင်းလေးအိုးကြီးသဖွယ် ဖြစ်သည်။ ထိုဝတ္ထု သည်လည်း လူကြိုက်များ၍ခေတ်စားခဲ့လေသည်။

ကာလပေါ် ဝတ္ထုအနေဖြင့် အဆင့်အတန်း ကောင်းသော ဝတ္ထုသည် ချဉ်ပေါင်ရွက်သည် မောင်မှိုင်းပေါ်ပြီး၍ ၁ဝ နှစ်ခန့် အကြာတွင် ပေါ်ထွက်လာသည်။ ထိုဝတ္ထုသည် ၁၉၁၄ ခုနှစ်၌ ပထမအကြိမ် ထုတ်ဝေသော ရွှေပြည်စိုး ဝတ္ထုဖြစ်၍ ရာဇဝတ် ဝန်ထောက် တစ်ဦးဖြစ်သူ ဦးလတ်က ရေးသားသည်။

ဦးလတ်သည် အင်္ဂလိပ်မြန်မာ နှစ်ဘာသာလုံး၌ ကျွမ်းကျင်သူဖြစ်သည်။ အင်္ဂလိပ် ဝတ္ထုကောင်းများနှင့် အကျွမ်းတဝင် ရှိခဲ့သူဖြစ်သည်။ ထိုကြောင့် အင်္ဂလိပ်ဝတ္ထု ကောင်းတို့၏ သဘောသည် အားသစ်အင်သစ်အဖြစ်ဖြင့် ဦးလတ်၏ ကလောင်မှတစ်ဆင့် မျက်မှောက်ခေတ် မြန်မာစာပေနယ်ထဲသို့ ဝင်လာခဲ့သည်ဟု ယူဆဖွယ်ဖြစ်သည်။

သို့ရာတွင် ဦးလတ်သည် အင်္ဂလိ်ပ်ဝတ္ထုများကို ပုံတူကူး၍ ပေးခဲ့ခြင်းမဟုတ်ပေ။ ဦးလတ် နှစ်သက်သော အင်္ဂလိပ် ဝတ္ထု ရေးဆရာကြီး ဆာဝေါ်လတာ စကော့နှင့်လောလစ်တန်တို့သည် အင်္ဂလိပ်ဘဝကို လေ့လာ၍ အင်္ဂလိပ်ဘဝကို သတိပြုသကဲ့သို့ ဦးလတ်သည်လည်း မြန်မာ့ဘဝကို လေ့လာ၍ မြန်မာဘဝကို သတိပြုပြီးလျှင် ရေးသားခဲ့သည်။ လိုရင်းဆိုရလျှင် ဦးလတ်သည် အင်္ဂလိပ် ဝတ္ထုသဘောကိုသာ ယူ၍မြန်မာတို့ လက်ခံနိုင်အောင် မြန်မာ့ပုံ သဏ္ဌာန်ကို ဖန်တီးခဲ့သူဖြစ်သည်။

ဦးလတ်၏ အဆင့်အတန်းကောင်းသော အခြား ဝတ္ထုတပုဒ်မှာ စပယ်ပင် ဝတ္ထုဖြစ်သည်။ ရွှေပြည်စိုး ဝတ္ထု၌ မောင်မောင်စိုးနှင့် ခင်ခင်ထားတို့၏ အကြောင်းသည် ပင်မဇာတ်လမ်းဖြစ်၍ ဗိလတ်ပြန် ဝတ်လုံ မောင်သောင်းဖေနှင့် ရှေ့နေ မောင်ကိတ္တိတို့ အကြောင်းသည် ဇာတ်လမ်း လက်တက်ဖြစ်သည်။ စိုးနှင့် ထားတို့အကြောင်းသည် နှစ်သက်စရာ၊ လွမ်းစရာ သက်သက်မျှသာဖြစ်သည်။

မောင်သောင်းဖေနှင့် မောင်ကိတ္တိတို့အကြောင်းတွင် ဦးလတ်၏ ဘဝသုံးသပ်မှု၊ ဘဝသိမြင်မှုတို့ကို တွေ့ရသည်။ စပယ်ပင် ဝတ္ထုတွင် ရွှေဖီနှင့် သီသီတို့အကြောင်းကို ပင်မဇာတ်လမ်း၌ ထည့်ကာ သနားစရာ၊ လွမ်းစရာဖြစ်အောင် ဖွဲ့နွဲ့ထားသည်။ ဇာတ်လမ်းလက်တက်တွင် ပါသော ဦးလောစံ၊ ကိုစံဖဲနှင့် ကိုချိန်တို့အ ကြောင်း၌ ဦးလတ်သည် သူ့ခေတ်က ရန်ကုန်ပတ်ဝန်းကျင်ကို လေ့လာသုံးသပ်၍ ရေးထားခဲ့လေသလောဟု တွေးဆဖွယ်ရှိသည်။ ဦးလတ်သည် ဖော်ပြပါ ဝတ္ထုနှစ်ပုဒ်အပြင် တစ်နန်းပျော် ရင်သွေးတော်၊ သုံးဘုံအမည်ရှိသော ဝတ္ထုများကိုလည်း ရေးသားခဲ့သေးသည်ဟု သိရသည်။

ရွှေပြည်စိုးနှင့် စပယ်ပင်ဝတ္ထုတို့အပြင် အခြားအဆင့်အတန်းကောင်းသော ကာလပေါ် ဝတ္ထုတစ်ပုဒ်မှာ ၁၉၁၅ ခုနှစ်တွင် ထုတ်ဝေသော မစ္စတာ မောင်မှိုင်း အမည်ခံ ဆရာကြီး ဦးလွန်း၏ မှာတော်ပုံ ဝတ္ထုဖြစ်သည်။

မှာတော်ပုံ ဝတ္ထုသည်လည်း လူ့သဘာဝနှင့် ပတ်ဝန်းကျင်ကို လေ့လာသုံးသပ်၍ ရေးထားသောဝတ္ထုဖြစ်သည်။ ထိုဝတ္ထုတွင် ဇာတ်လိုက်များ ဖြစ်ကြသော ကိုပေါ၊ ခင်အုံ၊ ဦးကျော်ဒွေး၊ ဆရာအေးတို့သည် ဆရာကြီး၏ မေတ္တာ ကရုဏာ၊ ဟာသတို့မှ ပေါက်ဖွားလာသော အဖွဲ့များဖြစ်သည်။ ဆရာကြီးသည် အထက်အညာဒေသ၌ မိမိတွေ့ဘူးခဲ့သော လူတစ်စုကို မှတ်သားလေ့လာ ရေးသားထားလေသလောဟု တွေးစရာဖြစ်ပေသည်။

ကာလပေါ် ဝတ္ထုခေတ်ဦးပိုင်းတွင် ရွှေပြည်စိုး၊ စပယ်ပင်၊ မှာတော်ပုံဝတ္ထုတို့သည် စံမှီဝတ္ထုများ ဖြစ်ကြသည်။ နောက်အခါ ကာလပေါ်ဝတ္ထုအမြောက်အမြားကို ရေးသာထုတ်ဝေလာကြရာ အရေးအသားစကားလုံး အသုံးအနှုန်း စကားလုံး လှပယဉ်နုသော အဖွဲနွဲ့ကို အသားပေးသော ဝတ္ထုများ၊ ချစ်ခန်း ကြိုက်ခန်းတို့ကိုသာ အလေးထားသော စိတ်ကူးယဉ်ဝတ္ထုများ၏ အရေအတွက်က ပိုမိုများပြားလေသည်။ သို့ရာတွင် ထိုခေတ်ဦး၌ ထူးခြားသော ဝတ္ထုများသည် မန္တလေး မောင်ခင်မောင် အမည်ကို ခံယူ၍ ရေးသားလေ့ရှိသော လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ ဇာတိသွေး ဇာတိမာန်ကို လှုံဆော်ပေးသည့် တပင်ရွှေxD; ဝတ္ထုနှင့် နတ်ရှင်နောင် ဝတ္ထုများ ဖြစ်ကြလေသည်။

ပထမ ကမ္ဘာစစ်ကြီး (၁၉၁၄-၁၉၁၈) အပြီးလောက်တွင် လုံးထပ် နဘေ သုံးခြင်း၊ ရှုမြှော်ခင်းများကို အကျယ်ချဲ့ရေးခြင်း၊ ကဗျာများ ရေးဆပ်၍ ထည့်ခြင်းတို့ပါဝင်သော ထိုခေတ်၏ ဝတ္ထုအရေးအသားစနစ်ကို တစ်ခေတ်ပြောင်းခဲ့သော ဝတ္ထုရေးဆရာကြီး ပီမိုးနှင်း ပေါပေါက်ခဲ့သည်။

ဆရာကြီးသည်စကားအဖွဲအနွဲ့မများစေဘဲ၊ တိုနှင့် လိုရင်းရောက်အောင် ရှင်းလင်းပြတ်သားသော စကားပြေအရေးအသားမျိုးကို ရေးသည်။ နေရီရီ ဝတ္ထု၊ နေညိုညိုဝတ္ထု၊ ပွဲစားကြီး သားအဖနှင့် မြမြဝတ္ထု၊ သနားစရာဝတ္ထုတို့သည် ဇာတ်လမ်း ဇာတ်ကွက် အချိတ်အဆက် ကောင်းသော ဝတ္ထုများဖြစ်သည်။ ဆုံးမစာထက် လူ့သဘာဝကို သရုပ်ဖော်ပြသော စနစ်ဘက်သို့ လိုက်ခဲ့သည်။

ပထမ ကမ္ဘာစစ်အတွင်း မြန်မာကျောင်းဆရာကြီး ဦးမောင်မောင်ထုတ်ဝေသော မြန်မာ့ မဂ္ဂဇိန်နှင့် ဦးရွှေကြူး ထုတ်ဝေသော မြန်မာ့အလင်း မဂ္ဂဇင်းတို့အပြင် စစ်ပြီးခေတ်တွင် သူရိယ မဂ္ဂဇင်း၊ ပညာ့အလင်းမဂ္ဂဇင်း၊ ဒဂုန် မဂ်ဂဇင်း၊ ကဝိမျက်မှန် မဂ္ဂဇင်းကြီးများ အထင်းအရှားပေါ်ထွက်လာကြရာ ဝတ္ထုရှည်၊ ဝတ္ထုတိုများ ရေးသားရသော ဆရာကြီး ဆရာငယ်တို့လည်း အမြောက်အမြားပေါ်ပေါက်လာကြသည် ယခင်က များသောအားဖြင့် ဝတ္ထုတစ်ပုဒ်ကို စာတစ်အုပ်ဖြင့် အဆုံးမသတ်ဘဲ၊ ပထမတွဲ၊ ဒုတိယတွဲ စသည်ဖြင့် ပိုင်းခြား၍ ထုတ်ဝေလေ့ ရှိသည်။ ထိုခေတ်မဂ္ဂဇင်းများတွင်မူ ဝတ္ထုအရှည်၊ ဝတ္ထုအတိုများကို အစအဆုံး ထည့်သွင်းဖော်ပြကြသည်။

ဝတ္ထုအမျိုးအစားများမှာလည်း နန်းတွင်းရေးရာ ရာဇဝင်ဝတ္ထု၊ ပင်ကိုရေးဝတ္ထုနှင့် နိုင်ငံခြားဝတ္ထုများကို မှီးသော ဝတ္ထုမျိုးတို့ဖြစ်ကြသည်။ ထိုမဂ္ဂဇင်းကြီးများတွင် ရေးသားခဲ့ ကြ၍ ယနေ့အထိ ထင်ရှားကြသော စာရေးဆရာကြီးများမှာ ရွှေဥဒေါင်း၊ ဇေယျ၊ ညာဏ၊ ဒဂုန်နတ်ရှင်၊ ဒဂုန်ရွှေမျှား၊ ဒဂုန်ခင်ခင်လေးတို့ဖြစ်ကြသည်။

နိုင်ငံခြားဝတ္ထုများကို မှီ၍ လည်းကောင်း၊ ဘာသာပြန်၍လည်းကောင်း ကာလပေါ်ဝတ္ထုစာပေ၌ တိုင်းပြည်က စိတ်ဝင်စားလာကြအောင် ရေးသားရာ၌ ဆရာကြီး ရွှေဥဒေါင်း၏ လက်ရာသည် ပိရိသတ်ရပ်၍ ရှင်းလင်းပြတ်သားသည်။ ဆာအာသာ ကိုနင်ဒွိုင်း၏ ရှားလော့ဟုမ်း စုံထာက်ဝတ္ထုကြီးသည် မြန်မာစုံထောက်ဝိဇ္ဇာ ဦးစံရှား ဝတ္ထုဖြင့် အလွန်ကျော်ကြားလူကြိုက်များခဲ့သည်။ ထို့အပြင် ရူပနန္ဒီနှင့် ရတနာပုံတို့သည်။ ကျော်ဇော်ကြပေသည်။ ဇေယ၊ ညာဏ ဒဂုန်နတ်ရှင်တို့သည် နောင်အခါ ဝတ္ထုအရေးအသား ဘက်မှ သုတပဒေသာ၊ စာပဒေသာ ဆောင်ပါးများ အရေးအသားဘက်သို့ ပြောင်းသွားကြသည်။ ဒဂုန်ခင်ခင်လေးသည် ဒုတိယကမ္ဘာ စစ်ပြီးခေတ်အထိ ဝတ္ထုများ ဆောင်းပါးများကို ရေးသားခဲ့ရာ ထိုခေတ်တွင် ပေါ်ထွက်ခဲ့သော စာဆိုတော် နန်းတွင်း ဝတ္ထုကြီးသည် ကျော် ကြားသော ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်လေသည်။

၁၉၃ဝ ပြည့်နှစ် ပတ်ဝန်းကျင်တဝိုက်တွင် စာပေလောက၌ ထူးခြားချက် နှစ်ရပ်ရှိလာသည်။ ထိုထူးခြားချက်နှစ်ရပ်မှာ ၁။ စာဖတ် ပရိသတ် တိုးတက်များပြားလာ၍ ဝတ္ထုရေးသူ ဦးရေလည်းတိုးပွားလာခြင်း ၂။ မြန်မာ့ဘဝ၊ လူ့ဘဝ ဝေဖန်ချက်များ ပါဝင်သော ဝတ္ထုမျိုး ထွက်ပေါ်လာခြင်းဖြစ်သည်။ ၁၉၃၁ခုနှစ် အလွန်လောက်တွင် ရန်ကုန်တက္ကသိုလ် လောက၌ ခေတ်စမ်းစာပေ ကြိုပမ်းမှု တစ်ရပ် ပြုလာကြသည်။ ခေတ်စမ်းစာပေ ပြုစုသူ လူငယ်တစ်စုသည် ပုဂံခေတ်ကျောက်စာများ၌ ရေးသားသော ရိုးရိုးလွယ်လွယ်နှင့် အဓိပ္ပာယ် ရှင်းလင်းပြတ်သားသည့် စာပေအရေးအသားမျိုးဖြင့် ဂန္ဓလောက မဂ္ဂဇင်းတွင် အစပြု ဝတ္ထုဆောင်းပါးများကို ရေးသားလာကြသည်။ ထိုခေတ်စမ်း စာပေအုပ်စုတွင် သိပ္ပံမောင်ဝ (အိုင်စီအက် ဦးစိန်တင်) သည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

သိပ္ပံမောင်ဝ၏ ဝတ္ထုတိုများတွင် ဇာတ်လမ်းဟူ၍ ပေါ်ပေါ်လွင်လွင် ရှိသည်ဟု မဆိုနိုင်သော်လည်း လူ့အရေး၊ လူ့ကိစ္စတစ်ခု၌ ဇာတ်လိုက်သည် မည်သို့မည်ပုံ တွေးကြံပြောဆို ပြုမူသည်တို့ကို တင်ပြရာ၌ သဘာဝကျ၍ နှစ်လိုဖွယ်ရာကောင်းပေသည်။

ဂန္ဓလောက မဂ္ဂဇင်း၌ ဘာသာပြန် ဝတ္ထုများ၊ ပြဇာတ်များကို ရေးသား၍ နာမည်ကျော်ကြားလာသူ တစ်ဦးမှာ သခင်ဘသောင်းဖြစ်သည်။ အင်္ဂလိပ် ဝတ္ထုရေး ဆရာကြီး တောမတ် ဟာဒီ၏ ဂန္ဓဝင် ဝတ္ထုကြီးတစ်ပုဒ် ဖြစ်သော တက်(စ)ကို မှီး၍ ရေးသားသည့် ပန်းသာ မစာဥ ဝတ္ထု ကြီးသည် သခင်ဘသောင်း၏ အပြောင်မြောက်ဆုံးသော လက်ရာတစ်ပုဒ်ဖြစ်လေသည်။

ထိုခေတ်တွင် ပေါ်ပေါက်လာခဲ့သော ကာလပေါ်ဝတ္ထုများအနက် ဇဝန၏ ဟာသဝတ္ထုဖြစ်သော ကောလိပ် ကျောင်းသားဝတ္ထုသည် အထူးထင်ရှားသည်။ ဇဝနသည် ရန်ကုန်ကောလိပ်ကျောင်းသား ကျောင်းသူတို့၏ ဘဝနှင့် ရွှင်မြူးဖွယ်ရာ အတွေ့အကြုံတို့ကို ပိုင်ပိုင်နိုင်နိုင် တင်ပြနိုင်သဖြင့် တစ်ဟုန်ထိုး နာမည်တက်ခဲ့လေသည်။

ထိုခေတ်အတွင်း၌ပင် နောင်အခါ ဦးသိန်းဖေမြင့် အမည်တွင်လာသော စာရေးဆရာ ဦးသိန်းဖေသည် အမျိုးသားပြဿနာများ၊ လူမှုရေး ပြဿနာများကို တင်ပြသော ဝတ္ထုများကို ရေးသားသည်။ ကျော်စောသော ဝတ္ထုများမှာ တက်ဘုန်းကြီး ဝတ္ထု၊ ထိုခေတ်က မင်းတိုင်ပင် အမတ်များကို ဝေဖန်သော မင်းတိုင်ပင်ဝတ္ထု၊ ကာလသား ရောဂါ ပြဿနာကို တင်ပြဝေဖန်သည့် တက်ခေတ်နတ်ဆိုး ဝတ္ထုကြီးများ ဖြစ်ကြ၍ ထိုခေတ်က အလွန်ကျော်ကြားခဲ့ပေသည်။

၁၉၃၅-၃၆ ခုနှစ်များတွင် စာရေးဆရာ မောင်ထင်သည် ကိုဒေါင်းဝတ္ထုတိုများတွင် မြန်မာကျေးရွာ၏ အသွင်အပြင်နှင့် မြန်မာကျေးရွာ၏ ဓလေ့ထုံးစံတို့ကို နောက်ခံထား၍ မြန်မာရွာသားတစ်ဦး၏ သဘာဝကို ဖွဲ့ခဲ့သည်။ လူ့ဘဝ၊ မြန်မာ့ဘဝကို ဝေဖန်သုံးသပ်သော ဝတ္ထုများ ပေါ်ထွက်နေစဉ် နိုင်ငံရေးနှင့် အချစ်ရေးကို ပူးပေါင်း၍ ဇာတ်လမ်း ဇတ်ကွက် ဆင်ပြီးလျှင် မျိုးချစ်စိတ်ကို လှုံ့ဆော်ပေးသော ဝတ္ထုမျိုး၊ မြန်မာအမျိုးသားများ၏ ချို့ယွင်းချက်များ ပြုပြင်ရေး ဝတ္ထုမျိုးကို စာရေးဆရာကြီး မဟာဆွေသည် အများဆုံးရေးသားခဲ့သည်။

သူပုန်ကြီး၊ သူပုန့်အိမ်နှင့် ဒို့မေမေဝတ္ထု ကြီးများသည် အလွန်ကျော်ကြားခဲ့သည်။ ဆရာမကြီး မဟာဆွေ၏ စာပေလက်ရာ အသွင်မြောက်ဆုံး ဝတ္ထုကြီးမှာ စာဆိုတော် နဝဒေးကြီး၏ အတ္ထုပ္ပတ္တိဖြစ်သော စစ်ထွက်သူဖြစ်လေသည်။ မဟာဆွေအပြင် ထိုခေတ်က ကျော်စောခဲ့သော ဆရာကြီးနှစ်ဦးမှာ မြမျိုးလွင်နှင့် ရွှေစကြာတို့ ဖြစ်ကြသည်။ မြမျိုးလွင်၏ ဝတ္ထုများသည် စကားအချီအချပြောဆိုကြပုံကို ရေးပြရာတွင် ချီးကျူးဘွယ် ဖြစ်သည်။ ရွှေစကြာ၏ ဝတ္ထုများသည် နန်းတွင်းရေးများကို ဇာတ်ကြောင်းခံသော ရာဇဝင် အချစ်ဝတ္ထုများဖြစ်သည်။ ထို့ပြင် စာရေးဆရာ ရန်အောင်သည်လည်း မြန်မာဆံဆံ အတွေးအခေါ် တို့ဖြင့် အညာသား ဝတ္ထုများကို ရေးသားခဲ့လေသည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင်၊ ဝတ္ထု ဆောင်းပါး၊ စာအုပ်စာတမ်းများ အထွက်နည်းပါးခဲ့သည်။ စစ်ပြီးခေတ်တွင်မူ စစ်အတွေ့အကြုံ ဝတ္ထုများ အတော်များများ ပေါ်ထွက်ခဲ့ရာ စစ်မတိုင်မီခေတ်က ကိုဒေါင်းဝတ္ထုတိုများဖြင့် ကျော်ကြား ခဲ့သော မောင်ထင်သည် စစ်၏ဒဏ်ကို အလူးအလဲခံရသော မြန်မာတောင်သူလယ်သမားတို့၏ ဘဝသရုပ်ဖော် ငဘဝတ္ထုကြီး ကို ရေးခဲ့သည်။ ထိုဝတ္ထုသည် ဂျပန်ခေတ်၏ ခေတ်ကြေးမုံ ဝတ္ထုတစ်ပုဒ်လည်းဖြစ်ပေသည်။ မောင်ထင်သည် လောကကြီး၏ အမြီးအမောက် မတည့်သော သဘော၊ ချီးမွမ်းခြေကျောက် သဘောတို့ကို ရေးရာ၌ အာဝဇ္ဇန်း ရွှင်ရွှင်ဖြင့် ပြောင်မြောက်စွာ ရေးစွမ်းနိုင်လေသည်။

အခြားထင်ရှားသော ဝတ္ထုကြီးများမှာ စစ်ခေတ်အတွင်း မြန်မာ နိုင်ငံရေးသမိုင်းနှင့် ဖြစ်ရပ်များကို အရေးအသား ပြောင်မြောက်စွာဖြင့် တင်ပြသော ဦးသိန်းဖေမြ၏ လမ်းစပေါ်ပြီ ဝတ္ထု၊ အရှေ့က နေဝန်းထွက်သည့် ပမာ ဝတ္ထုကြီးများ ဖြစ်ကြ သည်။ စစ်ပြီးစခေတ်တွင် စစ်ဝတ္ထုများ ခေတ်စားခဲ့သည်။ ထို့ပြင် နိုင်ငံခြား ဝတ္ထုများကို မှီ၍ ရေးသားသည့် ဝတ္ထုများ၊ ဆီလျော်အောင် ဘာသာပြန်ဆိုထားသော ဝတ္ထုများလည်း အမြောက်အမြား ထွက်ပေါ်ခဲ့လေသည်။ ထိုခေတ်တွင် လူကြိုက် များသော စာရေးဆရာများအနက်၊ စာရေးဆရာ တင့်တယ်သည် ဇာတ်လမ်း အချိတ်အဆက်ကောင်းသော ဝတ္ထုများကို ရေးခဲ့သည်။ ထိုခေတ်၌ပင် အိမ်ထောင်ရေး ပြဿနာကို တင်ပြ၍ ထိမိသော စကားလုံးတို့ဖြင့် အချေအတင် စကားပြောခန်းများကို ထည့်သွင်းရေးသားတတ်သော သာဓု၊ လူမှုရေးကိစ္စတို့ကို မိမိ၏ရှုထောင့်မှ မြင်သည့် အတိုင်း သရုပ်ပါပါ စေ့စပ်သေချာစွာ တင်ပြတတ်သော ဂျာနယ်ကျော် မမလေး၊ မြန်မာတို့၏ ကျေးရွာဘဝနှင့် ပြုပြင်ရေး၌ အာရုံထားသော မင်းအောင်နှင့် ဆင်ဖြူကျွန်း အောင်သိန်း၊ ရှုပ်ထွေးပွေလီသော လောကဇာတ်ခုံကို ကန့်လန့်ကာကြားမှ နေ၍ ကြည့်ရသဖြင့် ဇာတ်ခုံ၏ ရှေ့ပိုင်းနှစ်ရပ်လုံးမှ တွေ့မြင်ရသည်တို့ကို ထိမိစွာ သရုပ်ဖော်နိုင်စွမ်းရှိသော ခင်နှင်းယု၊ မျက်မှောက်ခေတ် လူနေမှု စနစ်နှင့် စပ်လျဉ်း၍ စဉ်းစားဖွယ်ဖြစ်အောင် ရေးတတ်ကြသော ဗန်းမော် တင်အောင်၊ ဒဂုန်တာရာ၊ အောင်လင်း၊ ခင်ဆွေဦး စသူတို့သည်လည်း လူကြိုက်များသော စာရေးဆရာများ ဖြစ်ကြလေသည်။

နောက်ပိုင်း ဟာသဝတ္ထုများဘက်တွင် သော်တာဆွေသည် ထင်ရှားလာသည်။ သော်တာဆွေသည် မူလက ခပ်ပေါ့ပေါ့ ဟာသ ဝတ္ထုများကို ရေးသားခဲ့ရာမှ နောက်ပိုင်းတွင် မိမိ၏ ဘဝအတွေ့အကြုံများကို အကြောင်းပြုပြီးလျှင် လေးနက်သော အတွေးအခေါ်များ ပါရှိသည့် ဝတ္ထုများကို ရေးသားလေသည်။

မျက်မှောက်ခေတ် မြန်မာကာလပေါ် ဝတ္ထုများ၏ အဆင့်အတန်းသည် မြင့်မားနေပြီဟု မဆိုသာသော်လည်း နိုင်ငံခြား ဝတ္ထုများကို ဆီလျော်အောင် ပြုပြင်ရေးသားသည့် အဆင့်မှ လူ့ဘဝ၊ လူ့လောက အတွေ့အကြုံတို့ကို သရုပ်ဖော်နိုင်သော ပင်ကိုရေး ဝတ္ထုအဆင့်အတန်းသို့ တက်လှမ်းလာကြပေပြီဟု ဆိုနိုင်ပေသည်။ ထို့ပြင် မြန်မာကာလပေါ် ဝတ္ထု၏ နှစ်ငါးဆယ် သက်တမ်းတွင် စာရေးဆရာ ဦးရေသည်လည်း အလွန်များပြားလာသည်ကို တွေ့ရလေသည်။

[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)