မာတိကာသို့ ခုန်သွားရန်

မျိုးမြင့် (ဒေါက်တာ)

ဝီကီပီးဒီးယား မှ
ဒေါက်တာမျိုးမြင့်
အမျိုးသားပညာရေးမူဝါဒကော်မရှင်
ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၈ စက်တင်ဘာ ၂၀၁၆  ၂၀ ဇူလိုင် ၂၀၁၇
ယခင်လူရာထူးစတင်
ဆက်ခံသူဒေါက်တာမျိုးကြွယ်[]
ပညာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၉ ဇူလိုင် ၂၀၁၂ []  ၁၈ ဇွန် ၂၀၁၄
ဝန်ကြီး
ယခင်လူဦးအေးကြူ၊ဦးဘရွှေ တို့နှင့်အတူ
ဆက်ခံသူဦးသန့်ရှင်း
နိုင်ငံခြားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁  ၉ ဇူလိုင် ၂၀၁၂
ဝန်ကြီးဦးဝဏ္ဏမောင်လွင်
ယခင်လူဦးမောင်မြင့် နှင့်အတူ
ဆက်ခံသူ
  • ဦးသန့်ကျော်
  • ဦးဇင်ယော် []
နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)
ပါမောက္ခချုပ်
တာဝန်သက်တမ်း
၂၁ အောက်တိုဘာ ၂၀၀၅  ၃၀ မတ် ၂၀၁၁
ယခင်လူဒေါက်တာစိုးဝင်း
ဆက်ခံသူဒေါက်တာလွင်လွင်စိုး
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1953-07-23)ဇူလိုင် ၂၃၊ ၁၉၅၃
ရန်ကုန်မြို့
ကွယ်လွန်ဇူလိုင် ၂၀၊ ၂၀၁၇(2017-07-20) (အသက် ၆၃)
ရန်ကုန်မြို့
လူမျိုးမြန်မာ
ကြင်ဖော်ဒေါ်ဝင့်ဝင့်ကြီး
သားသမီးမရှိ
မိဘဦးတက်စ + ဒေါ်ခင်မြင့်
မိခင်ကျောင်း
အလုပ်အကိုင်ပညာရေးဝန်ထမ်း
ဆုတံဆိပ်များ
  • နိုင်ငံတော်အေးချမ်းသာယာရေး နှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်(၁၉၈၉)
  • ပြည်သူ့ဝန်ထမ်းတံဆိပ် (၂၀၀၀)
  • ငြိမ်ဝပ်ပိပြားရေး နှင့်         တရားဥပဒေစိုးမိုးရေးတံဆိပ် (၂၀၀၅)
  • ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် (၂၀၀၆)
  • စီမံထူးချွန် (ပထမဆင့်)(၂၀၀၉)

ဒေါက်တာမျိုးမြင့် (၂၃ ဇူလိုင် ၁၉၅၃ - ၂၀ ဇူလိုင် ၂၀၁၇)သည် အငြိမ်းစား တက္ကသိုလ်ပါမောက္ခချုပ် ဖြစ်သည်။သူသည် အမျိုးသားပညာရပ်ဆိုင်ရာ မူဝါဒများရေးဆွဲချမှတ်သည့် အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ၏ ပထမဦးဆုံးဥက္ကဋ္ဌလည်း ဖြစ်သည်။ယင်းမတိုင်မီက ပညာရေးဝန်ကြီးဌာန နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန တို့တွင် ဒုတိယဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

၁၉၅၃  ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် အဖ ဦးတက်စ ၊အမိ ဒေါ်ခင်မြင့်တို့က ၎င်းအား ရန်ကုန်မြို့တွင်  မွေးဖွားခဲ့သည်။ မွေးချင်းလေးဦးအနက် အငယ်ဆုံးသား ဖြစ်သည်။

ဖခင်ဖြစ်သူသည် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဒုတိယညွန်ကြားရေးမှူးအထိ အမြင့်ဆုံး တာဝန်ထမ်းဆောင်ခဲ့သည့် သံတမန်ရေးရာဝန်ထမ်းတစ်ဦးဖြစ်သည်။ထို့ကြောင့်  ဖခင်တာဝန်ထမ်းဆောင်ရာသို့ နိုင်ငံခြားအရပ်ဒေသများသို့ သူသည် လိုက်ပါရင်း ငယ်ဘဝကိုဖြတ်သန်းခဲ့သည်။

ဖခင်တာဝန်ကျရာ လိုက်ပါရသည့် ဒေါက်တာမျိုးမြင့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ  St. Mary School  တွင်  မူကြိုမှ ပထမတန်းအထိလည်းကောင်း၊ အိန္ဒိယနိုင်ငံ Frank Anthony Public School တွင် ဒုတိယတန်းမှ ပဉ္စမတန်းအထိလည်းကောင်း၊ဆဋ္ဌမတန်းမှ နဝမတန်းအထိ သီရိလင်္ကာနိုင်ငံ Royal College တွင် အသီးသီး ပညာသင်ကြားခဲ့သည်။

ယင်းနောက် တက္ကသိုလ်ဝင်တန်းကို ရန်ကုန်မြို့၊ အထက(၂) တာမွေမှ ဖြေဆိုအောင်မြင်ခဲ့သည်။

၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်ဝိဇ္ဇာ နှင့် သိပ္ပံတက္ကသိုလ်တွင်  ပထဝီဝင်အထူးပြုဖြင့် ပထမနှစ် တက်ရောက်ခဲ့သည်။

ပထဝီဝင်ဘာသာရပ်အား စိတ်ဝင်စားမှုမရှိသည့်အတွက် အင်္ဂလိပ်စာအထူးပြုဖြင့်  ရန်ကုန်ပညာရေး  တက္ကသိုလ် သို့ ဒုတိယနှစ်မှစတင်၍ ၁၉၇၁ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ပြောင်းရွှေ့တက်ရောက်ခဲ့သည်။

ရန်ကုန်ပညာရေးတက္ကသိုလ်မှနေ၍ ၁၉၇၇ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။

ရန်ကုန်ပညာရေးတက္ကသိုလ် တွင်  နည်းပြတာဝန်   တာဝန်ထမ်းဆောင်နေဆဲကာလအတွင်း University   of Edinburgh, United Kingdom သို့ ပါရဂူဘွဲ့အတွက် ပညာတော်သင်  စေလွှတ်ခံရပြီး၊၁၉၈၃ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ  သင်ကြားပြီးနောက်  Ph.D (Edinburgh) Applied Linguistics  (English Language and Literary Stylistics)  ဘွဲ့ကို ရရှိခဲ့သည်။

ဝန်ထမ်းဘဝဖြတ်သန်းမှု

[ပြင်ဆင်ရန်]

၁၉၇၆ ခုနှစ်၊မတ်လ ၁၉ရက်မှစ၍ လုပ်သားများကောလိပ်၊အင်္ဂလိပ်စာဌာန  တွင် နည်းပြ အဖြစ်   စတင်တာဝန်ထမ်းဆောင်ခြင်းဖြင့် တက္ကသိုလ်ကျောင်းဆရာဘဝကို စတင်ခဲ့သည်။ ထို့နောက်

  • ၁၉၈၂  ခုနှစ်မှ ၁၉၈၇  ခုနှစ်အထိ - ရန်ကုန်ပညာရေးတက္ကသိုလ် ၌  နည်းပြ၊လက်ထောက်ကထိက၊   
  • ၁၉၈၇  ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ- ရန်ကုန်တက္ကသိုလ်   အင်္ဂလိပ်စာဌာန၌  လက်ထောက် ကထိက၊    ကထိက၊   တွဲဖက်ပါမောက္ခ၊  
  • ၁၉၉၅  ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ-   ရန်ကုန်ပညာရေးတက္ကသိုလ်၌ ပါမောက္ခ/ဌာနမှူး၊
  • ၁၉၉၉ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ- ရန်ကုန်တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်၊အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)၏ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် ပူးတွဲ၊
  • ၂၀၀၁ ခုနှစ် မှ ၂၀၀၅ခုနှစ်အထိ- ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ၏ ဒုတိယပါမောက္ခချုပ်၊
  • ၂၀၀၅  ခုနှစ် မှ ၂၀၁၁ ခုနှစ်အထိ- ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၏ ပါမောက္ခချုပ်။

နိုင်ငံရေးဘဝဖြတ်သန်းမှု

[ပြင်ဆင်ရန်]

၂၀၁၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲပြီးနောက် မြန်မာနိုင်ငံတွင် လူထုရွေးချယ်သည့်နည်းလမ်းဖြင့် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရတစ်ရပ် ၂၀၁၁ ခုနှစ်၊မတ်လ ၃၀ ရက်တွင် စတင်ပေါ်ပေါက်လာခဲ့သည်။ထိုအစိုးရအဖွဲ့တွင် ဒေါက်တာမျိုးမြင့်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ဦးမောင်မြင့် နှင့်အတူ ခန့်အပ်ခံခဲ့ရသည်။[]သူသည် နိုင်ငံခြားဘာသာတက္ကသိုလ်၏ ပါမောက္ခချုပ်တာဝန်ထမ်းဆောင်နေရင်း ခန့်အပ်ခံရခြင်းဖြစ်သည်။[]

သူသည် နိုင်ငံခြားရေးဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၁ ခုနှစ်၊ဒီဇင်ဘာ ၁ရက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ၏ နေပြည်တော်ခရီးစဉ်အား ကြိုဆိုသူနှင့်စီစဉ်သူအဖြစ် ဆောင်ရွက်ခဲ့သည်။[]

ယင်းအပြင် ၂၀၁၃ ခုနှစ်၊မေ ၂၀ရက် သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်အတွင်းတွင်လည်း သူသည် ပညာရေးဒုတိယဝန်ကြီးတာဝန်ဖြင့် အတူလိုက်ပါရင်း မြန်မာပညာရေးမြှင့်တင်နိုင်မည့်နည်းလမ်းများအား ကြိုးစားရှာဖွေသူဖြစ်ခဲ့သည်။[] []

ဒေါက်တာမျိုးမြင့်သည် ပညာရေးဝန်ကြီး ဦးမြအေး ကျန်းမာရေးဆိုးရွားနေချိန် ပညာရေးဝန်ကြီးဌာနအား ခေတ္တဝန်ကြီးအဖြစ် ကိုင်တွယ်ခဲ့သည်။

၂၀၁၄ ခုနှစ်၊ဇွန်လ ၁၈ ရက် တွင် ပညာရေးဒုတိယဝန်ကြီး အဖြစ် ဆန္ဒအလျောက်နုတ်ထွက်ခဲ့သည်။[]

အစိုးရအပြောင်းအလဲအပြီး ပညာရေးတာဝန်

[ပြင်ဆင်ရန်]

၂၀၁၆ ခုနှစ်၊မတ်လ ၃၀ ရက် တွင် သမ္မတဦးသိန်းစိန်သည် ၂၀၁၅ရွေးကောက်ပွဲအနိုင်ရ ဦးထင်ကျော်အစိုးရအဖွဲ့ကို အာဏာလွှဲပြောင်းပေးခဲ့သည်။

နိုင်ငံ၌ အစိုးရအဖွဲ့ အပြောင်းအလဲနှင့်အတူ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၅)  အခန်း ၄၊ ပုဒ်မ-၅(က)အရ ပြည်ထောင်စုအစိုးရအဖွဲ့သည် အမျိုးသားပညာရပ်ဆိုင်ရာ မူဝါဒများရေးဆွဲချမှတ်မည့် “အမျိုးသားပညာရေးမူဝါဒ ကော်မရှင်”အဖွဲ့ဝင်အမည်စာရင်းကို ၂၀၁၆ ခုနှစ်၊စက်တင်ဘာလတွင် လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ထိုသို့တင်သွင်းရာတွင် အစိုးရအဖွဲ့မှတင်သွင်းလာသည့် အဖွဲ့ဝင်များထဲမှ ဒေါက်တာမျိုးမြင့်သည် ၂၀၁၆ ခုနှစ်၊စက်တင်ဘာ ၁၆ ရက်တွင် အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ကန့်ကွက်သူမရှိ အတည်ပြုပေးခံရသည်။ဤသို့ဖြင့် သူသည် ၂၀၁၆ခုနှစ်၊စက်တင်ဘာ ၂၈ ရက်တွင် အဖွဲ့ဝင် ၂၁ ဦးပါ အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ကို ဦးဆောင်ခဲ့သည်။[၁၀]

ဘဝနိဂုံး

[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ်၊ဇွန်လ ၂၀ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်ပေါ်တွင် ကွယ်လွန်ခဲ့သည်။ကွယ်လွန်ချိန်တွင် အသက် ၆၃ နှစ်ဖြစ်သည်။အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေရင်း ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ [၁၁]

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

ဒေါက်တာမျိုးမြင့်သည် အိမ်ထောင်သည်တစ်ဦးဖြစ်သည်။ဇနီးဖြစ်သူမှာ ဆေးတက္ကသိုလ်(၂) ရုက္ခဗေဒဌာနမှ  လက်ထောက်ကထိက ဒေါ်ဝင့်ဝင့်ကြီး ဖြစ်ပြီး၊ ၁၉၈၇ ခုနှစ်၊နိုဝင်ဘာ ၁၉ ရက် တွင် အိမ်ထောင်ပြုခဲ့ကြသည်။ ၁၉၉၇ ခုနှစ် မတ်လ ၂ရက် တွင် ဇနီးဖြစ်သူ ဆုံးပါးခဲ့သည်။သားသမီး မထွန်းကားခဲ့ပေ။

ထင်ရှားသည့်ပညာရေးရပ်ဆိုင်ရာ ဆောင်ရွက်ချက်များ

[ပြင်ဆင်ရန်]

အင်္ဂလိပ်ဘာသာစကား အမျိုးသားဗဟိုဌာန (NCEL)အား တည်ထောင်ခဲ့ပြီး၊ နှစ်စဉ်နှစ်တိုင်း          အင်္ဂလိပ်စာသင်ကြားရေးညီလာခံ (English Language  Teaching Conference)    ကို   ပြည်တွင်း၊ ပြည်ပ ပညာရှင် များကို ဖိတ်ခေါ်၍  ဦးဆောင်ကျင်းပခဲ့သည်။

ထို့အပြင်  Asia-Pacific Centre of Education for International Understanding နိုင်ငံတကာစာစောင်၌ Thanakha, truly tangible Myanmar cultural heritage for boosting youthfulness and beauty ဆောင်းပါးကိုရေးသားခဲ့ပြီး မြန်မာ့ရိုးရာသနပ်ခါးအကြောင်းကို    ကမ္ဘာကသိအောင် တင်ပြခဲ့သည်။[၁၂]

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့် အား ဂုဏ်ပြုသည့်အနေဖြင့် ၎င်းကွယ်လွန်ပြီး တစ်နှစ်ကျော်အကြာတွင် ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်၌ ၎င်း၏ပုံတူ ရုပ်တုကို ရန်ကုန်တက္ကသိုလ်က ထားရှိဂုဏ်ပြုခဲ့ကြသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. အမျိုးသားပညာရေးမူဝါဒကော်မရှင် ပြင်ဆင်ဖွဲ့စည်းခြင်း ပြည်ထောင်စုအစိုးရအဖွဲ့၊အမိန့်ကြော်ငြာစာအမှတ် ၇၅/၂၀၁၈ (၂၆ ဇွန် ၂၀၁၈)။ ၈ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. ဒုတိယဝန်ကြီးများပြောင်းလဲတာဝန်ပေးခြင်း နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၂ (၉ ဇူလိုင် ၂၀၁၂)။ ၈ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ဒု ဝန်ကြီး ၃ ဦး ထပ်ခန့် The irrawaddy (၂၉ ဩဂုတ် ၂၀၁၂)။ ၈ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ဒုတိယဝန်ကြီးများခန့်အပ်တာဝန်ပေး၊နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၁၃/၂၀၁၁ ၂၀၁၁ ခုနှစ်၊မတ် ၃၁ ရက် နေ့ထုတ်၊မြန်မာ့အလင်းသတင်းစာ၊စာမျက်နှာ (၉) (၃၀ ဇန်နဝါရီ ၂၀၁၁)။ ၈ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. Rectors & Pro-rectors of YUFL ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ၈ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  6. ဟီလာရီ ကလင်တန်နဲ့ ဦးသိန်းစိန် တွေ့ဆုံ RFA (၁ ဒီဇင်ဘာ ၂၀၁၁)။ ၈ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  7. Interview with Deputy Education Minister RFA (၂၂ မေ ၂၀၁၃)။ ၈ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  8. ဦးသိန်းစိန် အမေရိကန်ခရီး အကျိုးရလဒ် VOA (၂၃ မေ ၂၀၁၃)။ ၈ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  9. နိုင်ငံတော်သမ္မတရုံးအမိန့်အမှတ် ၉/၂၀၁၄ မြန်မာနိုင်ငံတော်ပြန်တမ်း (၁၈ ဇွန် ၂၀၁၄)။ ၈ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  10. အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဖွဲ့စည်း The Irrawaddy (၁၆ စက်တင်ဘာ ၂၀၁၆)။ ၈ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  11. အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ကွယ်လွန် 7 Day TV (၂၁ ဇွန် ၂၀၁၇)။ ၈ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  12. အင်္ဂလိပ်စာမိသားစု၏ လမ်းပြကြယ် ဆရာကြီး ဒေါက်တာမျိုးမြင့် MOI Myanmar (၂၆ ဒီဇင်ဘာ ၂၀၂၀)။ ၈ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။