မာတိကာသို့ ခုန်သွားရန်

မောင်းမြို့

ဝီကီပီးဒီးယား မှ
မောင်းမြို့
မဟူမြို့
တပ်မြို့
ဒေါက်တာအမ်ဘီကယ်နာဂါမြို့
ဒေါက်တာဘင်ရောင်းရမ်ဂျီအမ်ဘီကယ် ဂုဏ်ပြုဗိမာန်
မောင်းမြို့ သည် အိန္ဒိယနိုင်ငံ တွင် တည်ရှိသည်
မောင်းမြို့
မောင်းမြို့
အိန္ဒိယနိုင်ငံ၊ မဇ္ဈပဒေသပြည်နယ်အတွင်း မောင်းမြို့၏တည်နေရာပြ မြေပုံ
ကိုဩဒိနိတ်: 22°33′N 75°46′E / 22.55°N 75.76°E / 22.55; 75.76ကိုဩဒိနိတ်: 22°33′N 75°46′E / 22.55°N 75.76°E / 22.55; 75.76
နိုင်ငံ အိန္ဒိယ
ပြည်နယ်မဇ္ဈပဒေသပြည်နယ်
ခရိုင်အင်ဒိုးခရိုင်
အမည်ပေးဘင်ရောင်းရမ်ဂျီအမ်ဘီကယ်
အစိုးရ
  အမျိုးအစားတပ်မြို့စည်ပင်သာယာရေးကော်မတီ
  အစိုးရအဖွဲ့အင်ဒိုးမြို့ပြဒေသ
ပင်လယ်ရေ မျက်နှာပြင်အမြင့်၅၅၆ မီတာ (၁၈၂၄ ပေ)
လူဦးရေ (၂၀၁၁)
  စုစုပေါင်း၈၅၀၂၃
ဘာသာစကား
  ရုံးသုံးဟင်ဒီ[]
အချိန်ဇုန်အိန္ဒိယစံတော်ချိန် (IST) (UTC+5:30)
စာတိုက်ကုတ်နံပါတ် (PIN)၄၅၃၄၄၁
တယ်လီဖုန်းကုတ်နံပါတ်၀၇၃၂၄

မောင်းမြို့ (Mhow) သည် အိန္ဒိယနိုင်ငံ၊ မဇ္ဈပဒေသပြည်နယ်၊ အင်ဒိုး ခရိုင် တွင် တည်ရှိသော တပ်မြို့တစ်မြို့ဖြစ်သည်။ တရားဝင်အမည်မှာ ဒေါက်တာအမ်ဘီကယ်နဂ္ဂါမြို့ဖြစ်သည်။ မောင်းမြို့သည် အင်ဒိုးမြို့နှင့် မွမ်ဘိုင်းမြို့ကို ဆက်သွယ်ထားသော အဂ္ဂရာ မွမ်ဘိုင်းလမ်းဟောင်း၏ အနောက်-တောင်ဘက် ၁၄ မိုင် (၂၃ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။ အိန္ဒိယ၏ လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး ကဏ္ဍများတွင် အဓိကကျသည့် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ပေးခဲ့သူ တစ်ဦးဖြစ်သော ဘင်ရောင်း ရမ်ဂျီ အမ်ဘီကယ်သည် မောင်းမြို့ ဇာတိဖြစ်သည်။[]

မောင်းမြို့သမိုင်း

[ပြင်ဆင်ရန်]

မောင်းမြို့သည် အင်ဒိုးနယ်၏ မာရာသာ အင်ပါယာကို အုပ်စိုးသော မဟာရာဂျာ ဟော်ကာများ နှင့် အင်္ဂလိပ်အစိုးရတို့အကြား သဘောတူချုပ်ဆိုခဲ့သော မန္ဒစော်ရာစာချုပ် (Treaty of Mandsaur) အရ ဂျွန်မဲလ်ကွန် (John Malcolm) ဆိုသူမှ ၁၈၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သော တပ်မြို့ဖြစ်သည်။ ဂျွန်မဲလ်ကွန်၏တပ်များသည် ၁၈၁၇ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မဟဒ်ပူရတိုက်ပွဲတွင် မာရာသာအင်ပါယာ၏ ဟော်ကာများအား အနိုင်ရခဲ့သည်။ ဤတိုက်ပွဲအပြီးတွင် ဟော်ကာများ၏မြို့တော်သည် မက်ဟစ်ရှဝါမြို့မှ နာမဒ္ဒါမြစ်ကမ်းရှိ အင်ဒိုးမြို့သို့ ပြောင်းရွှေ့ခဲ့ရသည်။

ဗြိတိသျှတို့ အုပ်စိုးစဉ်အချိန်က မောင်းမြို့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ်(၅)တပ်မဌာနချုပ် အခြေစိုက်ခဲ့၏။ ယနေ့ ခေတ် မောင်းမြို့သည်လည်း အိန္ဒိယစစ်တပ်၏ စစ်ဘက်ဆိုင်ရာ အကယ်ဒမီများ၊ တက္ကသိုလ်များ၊ သင်တန်းကျောင်းများ တည်ရှိရာ တပ်မြို့ဖြစ်၏။

ဟိန္ဒူ ဘာသာရေးဆိုင်ရာ စာပေကျမ်းဂန်များအရ မောင်းမြို့အနီးရှိ ဂျာနာပါ့ဗ်တောင်တန်းသည် ဗိဿနိုးနတ်ဘုရား၏ ခြောက်ယောက်မြောက်ကိုယ်ပွားဖြစ်သူ ပါရှုရာမ ၏ မွေးရပ်မြေဟု ဆိုသည်။

တပ်မြို့ဖြစ်ပေါ်လာပုံ

[ပြင်ဆင်ရန်]
ခြေလျင်တပ်ဖွဲ့သုတေသနဌာနနှင့်စစ်သမိုင်းပြတိုက် - မောင်းမြို့

၁၈၁၈ ခုနှစ်အစောပိုင်းကာလကတည်းက အိန္ဒိယစစ်တပ်သည် မောင်းမြို့တွင်တည်ရှိခဲ့သည်။ မြို့သည် ဒုတိယကမ္ဘာစစ်မတိုင်မီအထိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၅)တပ်မဌာနချုပ်ရုံးစိုက်ရာမြို့ဖြစ်သည်။ ဒေသခံများ၏ ပါးစပ်ရာဇဝင်အရ ဝင်စတန် ချာချီသည် အရာရှိငယ်ဘဝဖြင့် ၎င်း၏တပ်ရင်းနှင့်အတူ အိန္ဒိယတွင် အမှုထမ်းစဉ် မောင်းမြို့တွင် လပေါင်းအတော်ကြာ နေထိုင်ခဲ့ဖူးသည်ဟုဆိုသည်။ သူနေထိုင်ခဲ့ဖူးသည့် အိမ်နေရာတွင် ခြေလျင်သင်တန်းကျောင်းက ပန်းခြံအဖြစ် ပြောင်းလဲလိုက်ပြီဖြစ်သည်။

အိန္ဒိယတပ်မတော်၏ ထိပ်တန်းလေ့ကျင့်ရေးကျောင်းကြီး (၃)ကျောင်းဖြစ်သော ခြေလျင်တပ်ဖွဲ့သင်တန်းကျောင်း၊ တပ်မတော်ဆက်သွယ်ရေးအင်ဂျင်နီယာကောလိပ် နှင့် ကြည်းတပ်မတော်စစ်ပညာကောလိပ် တို့သည် မောင်းမြို့တွင် တည်ရှိသည်။

ခြေလျင်တပ်ဖွဲ့သင်တန်းကျောင်း

[ပြင်ဆင်ရန်]

ခြေလျင်တပ်ဖွဲ့သင်တန်းကျောင်း (Infantry School) သည် အိန္ဒိယကြည်းတပ်၏ လေ့ကျင့်ရေးကျောင်းတစ်ကျောင်းဖြစ်ပြီး အရာရှိများနှင့် ခြေလျင်စစ်သည်များကို လေ့ကျင့်သင်ကြားပေးသည်။ ဤကျောင်း၏ ကွန်မန်ဒိုလေ့ကျင့်ရေးဝင်းသည် ကရဏာဋကပြည်နယ်၊ ဘဲလ်ဂွမ်မြို့တွင် တည်ရှိသည်။ ကြည်းတပ် လက်ဖြောင့်တပ်ဖွဲ့ (AMU) သည် ခြေလျင်တပ်ဖွဲ့သင်တန်းကျောင်း၏ အစိတ်အပိုင်းဖြစ်ပြီး ဆုတံဆိပ်များစွာရရှိခဲ့သည့် လက်ဖြောင့်သေနတ်သမားများစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သည်။

တပ်မတော်ဆက်သွယ်ရေးအင်ဂျင်နီယာကောလိပ် (MCTE)

[ပြင်ဆင်ရန်]

မောင်းမြို့တွင် ပထမဆုံးဖွင့်လှစ်ခဲ့သည် စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးကျောင်းမှာ တပ်မတော်ဆက်သွယ်ရေးအင်ဂျင်နီယာကောလိပ် (Military College of Telecommunication Engineering)ဖြစ်သည်။ ၁၉၆၇ ခုနှစ်အထိ ဆက်သွယ်ရေးတပ်ဖွဲ့သင်တန်းကျောင်း (School of Signals) ဟုခေါ်တွင်ခဲ့သည်။ ၎င်းသည် ဆက်သွယ်ရေးတပ်ဖွဲ့၏ အတတ်ပညာပိုင်းသင်ကြားပို့ချပေးသော သင်တန်းကျောင်းဖြစ်သည်။ ကောလိပ်တွင် ပြန်တမ်းဝင် အရာရှိများ၊ ပြန်တမ်းဝင်မဟုတ်သော အရာရှိများ နှင့် ကြည်းတပ် တပ်ဖွဲ့ဝင် စစ်သည်များကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ သင်တန်းများကို သင်ကြားပို့ချပေးသည်။ အခြားနိုင်ငံများမှ နိုင်ငံခြားသား အရာရှိများနှင့် တပ်မတော်သားများသည်လည်း ထိုသင်တန်းများ တက်ရောက်လေ့ရှိသည်။ ထို့ပြင် အင်ဂျင်နီယာဘွဲ့ရရှိပြီးသူများအတွက် ဗိုလ်သင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားပေးပြီး ကျောင်းဆင်းအရာရှိအများစုသည် အိန္ဒိယ ကြည်းတပ် ဆက်သွယ်ရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရပြီး အချို့မှာလည်း အခြားဌာနခွဲများတွင် တာဝန်ပေးအပ်ခြင်းခံရသည်။

ကြည်းတပ်မတော်စစ်ပညာကောလိပ်

[ပြင်ဆင်ရန်]

ကြည်းတပ်မတော်စစ်ပညာကောလိပ် (Army War College) သည် အိန္ဒိယ ကြည်းတပ်၏ စစ်ပညာနှင် သေနင်္ဂဗျူဟာများကို လေ့ကျင့်သင်ကြားပေးသည့် ကျောင်းဖြစ်ရုံသာမက စစ်ဘက်ရေးရာသုတေသနအဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။ စစ်နည်းဗျူဟာနှင့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ အယူအဆများနှင့် အယူဝါဒများကို တီထွင်ပြီး စစ်ဆင်ရေး သုံးသပ်မှုများ၊ အကဲဖြတ်ဆန်းစစ်ခြင်းများပြုလုပ်သည်။ သင်တန်းကျောင်းကြီးသည် တစ်နှစ်လျှင် အရာရှိ ၁၂၀၀ ခန့်ကို လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး အခြားအရန်တပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးသည်။

ခရီးသွားလုပ်ငန်း

[ပြင်ဆင်ရန်]
နာမည်ကျော် ရှေးဟောင်း 'ဂျမ်'တံခါးဂိတ်ပေါက်
သမိုင်းဝင် မောင်းမြို့ ခရစ်ယာန်ဘုရားကျောင်း တနင်္ဂနွေနေ့ဘုရားဝတ်ပြုပွဲ မြင်ကွင်း

မောင်းမြို့ပတ်ဝန်းကျင်ရှိ ကမ္ဘာလှည့်ခရီးသွား စွဲဆောင်မှုနေရာများ –

  • ဘင်ရောင်းရမ်ဂျီအမ်ဘီကယ် အထိမ်းအမှတ်အဆောက်အဦ
  • ပါတဲပါနိ ရေတံခွန်
  • ဂျနာပါဗ်တောင်ပေါ် ဘုရားကျောင်း
  • မောင်းမြို့ ခရစ်ယာန်ဘုရားကျောင်း
  • ရှေးဟောင်း ဂျမ် တံခါးဂိတ်ပေါက်

တက္ကသိုလ် နှင့် ကောလိပ်များ

[ပြင်ဆင်ရန်]
  • ဒေါက်တာ ဘီ.အာ.အမ်ဘီကယ် လူမှုရေးသိပ္ပံပညာတက္ကသိုလ်
  • ကြည်းတပ်မတော်စစ်ပညာကောလိပ်၊ မောင်းမြို့
  • တပ်မတော်ဆက်သွယ်ရေးအင်ဂျင်နီယာကောလိပ်
  • တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးကောလိပ်၊ မောင်းမြို့

ကိုးကား

[ပြင်ဆင်ရန်]
  1. 52nd Report of the Commissioner for Linguistic Minorities in India en:Ministry of Minority Affairs 25 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 July 2019 တွင် ပြန်စစ်ပြီး။
  2. "Mhow town renamed as Dr Ambedkar Nagar"၊ The Times of India၊ 28 June 2003။ Archived from the original on 21 October 2017။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]
  •  Chisholm၊ Hugh, ed. (1911)။ "Mhow" Encyclopædia Britannica (11th ed.)။ Cambridge University Press။ Cite has empty unknown parameters: |HIDE_PARAMETER15=|HIDE_PARAMETER13=|HIDE_PARAMETER14c=|HIDE_PARAMETER14=|HIDE_PARAMETER9=|HIDE_PARAMETER3=|HIDE_PARAMETER1=|HIDE_PARAMETER4=|HIDE_PARAMETER2=|HIDE_PARAMETER8=|HIDE_PARAMETER20=|HIDE_PARAMETER5=|HIDE_PARAMETER7=|HIDE_PARAMETER10=|separator=|HIDE_PARAMETER14b=|HIDE_PARAMETER6=|HIDE_PARAMETER11=, နှင့် |HIDE_PARAMETER12= (အကူအညီ)
  • မောင်းတပ်မြို့
  • Mhow Ki Khabrein - မောင်းမြို့နှင့်ပတ်သက်သော ဘလော့