မောင်သောင်း၊ မြန်မာ့လက်ဝှေ့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မောင်သောင်း၊ မြန်မာ့လက်ဝှေ့[ပြင်ဆင်ရန်]

မောင်သောင်းကို အဖဦးဖိုးခင်၊ အမိဒေါ်စိန်တို့မှ ၁၉၁၇ခုနှစ် ဒီဇင်ဘာ ၁၆ရက်နေ့တွင် မွေးဖွားခဲ့သည်။ ငယ်စဉ်ထဲက အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို စစ် ၃ကြိမ်တိုက်၍ သိမ်းပိုက်သွားခြင်းကို များစွာ ခံပြင်းဒေါသထွက်ခဲ့သည်။ "လက်နက်အင်အားမမျှ၍ ငါတို့လူမျိုး သူများလက်အောက်ရောက်ရပေသည်" ဟုအမြဲအံကြိတ်၍ တောက်ခေါက်ခဲ့သည်။ အသက်၁၀နှစ်မှစ၍ လက်ဝှေ့ထိုးလေ့ကျင့်ခဲ့သည်။ ၉-တန်းနှစ်၌ မြန်မာကျောင်းသားတစ်ယောက်ကို အင်္ဂလိပ် ကပြား၃ယောက်က ဝိုင်းထိုးနေသည်ကို ဝင်ရောက်ကူညီပြီး ထိုကပြား ၃ ယောက်ကို မေ့မြောပြီး သွားတွေကျွတ်ထွက်အောင် လက်သီးစွမ်းပြခဲ့သောကြောင့် ၉တန်းနှင့်ကျောင်းထွက်ခဲ့ရသည်။


ထိုစဉ်က မြန်မာနိုင်ငံတွင် မြန်မာလူမျိုးများ စစ်မှုထမ်းခွင့်၊ လက်ဝှေ့ထိုးသတ်ခွင့်မရှိပေ။ ထို့ကြောင့် အိန္ဒိယသို့သွားရောက်နိုင်ရန် ကြိုးစားရတော့သည်။ ငွေကြေးမတတ်နိုင်သဖြင့် ၁၉၄၁ခုနှစ်တွင် SS BUIMR အမည်ရှိသင်္ဘော၌ မီးထိုးသမား ဘဝဖြင့်အိန္ဒိယနိုင်ငံ ဘုံဘေသို့လိုက်သွားခဲ့သည်။ ဘုံဘေရှိကြေးစားလက်ဝှေ့သမားများကို အနိုင်ထိုးသတ် ခဲ့သည်။ အလဲထိုးသည်သာ များလေသည်။ သို့သော် မောင်သောင်း၏ ရည်ရွယ်ချက်မှာ အင်္ဂလိပ်လူမျိုးများကို အလဲထိုးရန်ဖြစ်သည်။ ထို့ကြောင့် အကွက်ကောင်းကိုရှာနေခဲ့သည်။ လက်သီးပြင်းရန် သဲအိတ်များကို သဲကြီးမဲကြီးထိုးသတ်လေ့ကျင့်ခဲ့သလို၊ အထိုးခံနိုင်ရန် သံတုံးများထည့်ထားသော ပုံးကို ပါးစပ်နှင့်ကိုက်မ၍ ပါးစောင်ရှိ ကြွက်သားများ သန်မာစေရန်လေ့ကျင့်ခဲ့သည်။ နောက်ဆုံးတွင် အိန္ဒိယနိုင်ငံရှိ ကြေးစားအလဲထိုး ချန်ပီယံအင်္ဂလိပ်လူမျိုး ဟယ်ရီဘလူးဖြင့် ထိုးသတ်ခွင့်ရခဲ့သည်။ ၃မိနစ် ၈ချီ ထိုးသတ်ပွဲဖြစ်သည်။ မောင်သောင်းက ဖယ်သာဝိတ် ၁၂၆ပေါင်၊ အင်္ဂလိပ်လက်ဝှေ့သမား ဟယ်ရီဘလူးက လိုက်ဝိတ် ၁၃၂ပေါင်ရှိသည်။ ဒိုင်လူကြီး အင်္ဂလိပ်လူမျိုးများက ဘက်လိုက်ခဲ့သော်လည်း ဆဌမအချီတွင်တော့ ဒိုင်ပွဲရပ်ဖြင့် မောင်သောင်းအနိုင်ရရှိခဲ့သည်။


ဟယ်ရီဘလူးဆေးရုံ၌ ရက် ၂၀ခန့်ကုသမှုခံယူခဲ့ရသည်။ မောင်သောင်း ပထမအဆင့်အောင်မြင်ခဲ့ပါပြီ။ ဒုတိယအဆင့်အနဖြေင့် အင်္ဂလန်မြေ၌ အင်္ဂလိပ်ချန်ပီယံကို ထိုးသတ်ရပါဦးမည်။ မောင်သောင်း အမေရိကန်၊ စကော့တလန်၊ ထိုင်း၊ ကနေဒါ၊ အင်္ဂလန်၊ စင်္ကာပူ၊အိန္ဒိယတို့မှ ကြေးစားလက်ဝှေ့သမားများကို အနိုင်ယူခဲ့သည်။ ထိုအချိန်တုန်းက အင်္ဂလန်မှာ ကမ္ဘာကျော်ကြေးစား လက်ဝှေ့သမားတစ်ဦးပေါ်ထွန်းနေပါသည်။ သူ့နာမည်က ဒေါက်ဂလပ်စမင်ဖြစ်သည်။ ပွဲ ၄၀ထိုး ရှုံးပွဲလုံးဝမရှိပဲ ပွဲ ၃၀ အလဲထိုးထားသူ အင်္ဂလန်ရဲ့သူရဲကောင်းဖြစ်သည်။ ၁၉၄၇-ခုနှစ် မှာတော့ ကမ္ဘာကျော် အင်္ဂလန် လက်ဝှေ့သမား ဒေါက်ဂလပ်စမင်ကို မောင်သောင်းက လန်ဒန်သို့ သွားရောက် စိမ်ခေါ်ခဲ့လေသည်။ အင်္ဂလန်မြေမှာ အင်္ဂလိပ်လူမျိုး ဒေါက်ဂလပ်စမင်သာ အသာလေးနိုင်သွားမည်ဟု ကမ္ဘာ့မီဒီယာများက ရေးသားနကြေသည်။ ဧပြီလ ၁၇ရက်နေ့တွင် လက်ဝှေ့သမားနှစ်ယောက် ကိုယ်အလေးချိန်စစ်၊ ဆေးစစ်လက်မှတ်ထိုးပြီးနောက် ပြဿနာတက်ကြလေသည်။ ကိစ္စအားလုံးပြီး၍ လက်ဝှေ့သမားနှစ်ယောက် လက်ဆွဲနှုတ်ဆက်သောအခါ ဒေါက်ဂလပ်စမင်က ကျွန်လူမျိုး မြန်မာတစ်ယောက်ကို လက်ဆွဲနှုတ်မဆက်နိုင်ဘူး။ ငါက အင်္ဂလိပ်သခင်လူမျိုးဖြစ်တယ်ဆိုပြီး မောင်သောင်းလက်ကို ပုတ်ချခဲ့ပါသည်။ မြန်မာမောင်သောင်းလည်း အံကိုကြိတ်ပြီး ငါကလည်း လက်နက်မမျှလို့ စစ်ရှုံးခဲ့ရတဲ့ ငါ့လူမျိုးတွေကိုယ်စား အင်္ဂလန်မြေမှာ အင်္ဂလိပ်ချန်ပီယံကို အသေသတ်ဖို့ ငယ်ငယ်ထဲက လေ့ကျင့်ခဲ့တာပဲ။အင်္ဂလိပ်ကောင် ကြိုးဝိုင်းထဲမှာ မင်းသေပေတော့ လို့ တစ်ခွန်းချင်းပြန်ပြောခဲ့ပါသည်။


အရပ် ၅ပေ ၆လက်မပဲရှိတဲ့ လူပုလေးမြန်မာ မောင်သောင်းက အရပ် ၆ပေရှိတဲ့ အင်္ဂလန် လိုက်ဝိတ်တန်းချန်ပီယံကို အသေသတ်မယ်ဆိုတော့ ၁၉၄၇-ခု၊ ဧပြီ ၁၇ရက်နေ့မှာ လန်ဒန်မြို့ တိုရန်တိုလက်ဝှေ့ရုံကြီးလူ ၃၀၀၀၀(သုံးသောင်း)ကျော်ဖြင့် ပြည့်ညက်ပြီး လန်ဒန်မြို့သားတွေ အလုပ်တွေပစ် လက်ဝှေ့ရုံထဲ စိတ်ရောက်နကြေပါသည်။ ကြိုးဝိုင်းဆီ ဒေါက်ကလပ်စမင်လမ်းလျှောက်ဝင်လာတာနှင့် အင်္ဂလိပ်ပရိတ်သတ် ၃၀၀၀၀၏ အားပေးသံက ကွင်းပွင့်လုမတတ် ဖြစ်နေသည်။ ဆလိုက်မီးတွေကလည်း လမ်းတလျှောက် ထိုးပေးနေပါသည်။ မောင်းသောင်းလည်း ဝင်လာရော အားနာပါးနာ လက်ခုပ်တီးသူတောင် မရှိခဲ့ပါဘူး။ "ဒီမြန်မာကောင်ကို အသေထိုး အလောင်းကို မြန်မာပြည်ပြန်ပို့လိုက်" ဆိုသည့် အသံတွေဟိန်းနေပါသည်။ မောင်သောင်းက ကြက်သွေးရောင် ကတ္တီပါဝတ်ရုံကြီးခြုံပြီး ဝင်လာပါသည်။ ဝတ်ရုံပေါ်မှာ မြန်မာမောင်သောင်းဟု အင်္ဂလိပ်လိုရေးထိုးပြီး မြန်မာ့ဒေါင်းအလံကို အစိမ်းရင့်ရောင် အဝါရောင်တို့ဖြင့်ပုံဖော်ထားပါသည်။


ဒေါက်ကလပ်စမင်က"မင်းကိုငါအသေသတ်မယ်"ဟု ပွဲမစခင်ပြောခဲ့ပါသည်။ မောင်သောင်းကတော့ အံကို ကြိတ်ထားပါသည်။ ပွဲစသည်နှင့် အရပ်ရှည်သော ဒေါက်ဂလပ်စမင်၏ ထောက်လက်သီးတွေကို ရှောင်ရင်း မောင်သောင်း အတင်းဝင်လုံး ဒေါက်ဂလပ်၏ အသဲနေရာကို ဖိထိုးပါသည်။ ဒုတိယအချီတွင် ဒေါက်ဂလပ်၏ အသဲနေရာကို ညာပင့်လက်သီးတစ်လုံး မောင်သောင်းက ထိုးလိုက်ရာ ဒေါက်ဂလပ် လဲကျသွားသည်။ အမှတ်စဉ်၈မှ ပြန်ထလာပါသည်။ ပုံမှန်ဆို ဒေါက်ကလပ် အရှုံးပေးပါပြီ။ နံရိုးတွေ ကျိုးမတတ်ဖြစ်နေပါပြီ။ ဒါပေမယ့် လူပုလေးကျွန်လူမျိုး မြန်မာမောင်သောင်းကို အင်္ဂလန်မြေ၊ ကိုယ့်လူမျိုး အင်္ဂလိပ်တွေရှေ့မှာ အရှုံးမပေးဘူးဆိုပြီး ရအောင် အားတင်းဆက်ထိုးပါသည်။ မောင်သောင်းလည်း ဘယ်လောက်အရှောင်ကောင်းကောင်း လူသန်ကြီးဒေါက်ကလပ်၏ ထိုးချက်တစ်ချို့ကို ပြင်းပြင်းထန်ထန်ထိထားတော့ မျက်နှာတစ်ခုလုံး သွေးအလိမ်းလိမ်းနဲ့ပါ။ စတုတ္ထအချီနှင့် ပဉ္စမအချီမှာတော့ ဒေါက်ကလပ်က နံကြားနှင့် အသဲနေရာကို တံတောင်နှင့် ကာထားတော့ လွတ်နေသည့် မျက်နှာနှင့် နားထင်ကို မောင်သောင်း အတင်းဝင်လုံးပြီး ထိုးတာ ဒေါက်ကလပ် နားထင်ကွဲပြီး သွေးတွေယိုစီးကျလာပါသည်။ အဲဒီအချိန်မှာပဲ အင်္ဂလိပ်ဒိုင်တွေက သူတို့လူနာလို့ ၃မိနစ်မပြည့်ပဲ ၂မိနစ်နှင့် ဆဉ္စမအချီပွဲပြီး ခေါင်းလောင်းတီးပြီး သူတို့လူဒေါက်ကလပ် မရှုံးအောင် နားရအောင် ဝိုင်းညစ်ကြပါသည်။ မောင်သောင်းလည်း မျက်နှာတစ်ခုလုံး သွေးအလိမ်းလိမ်းနှင့် ဖူးယောင်မူးဝေနေပါပြီ။ ဒါပေမယ့် အားတင်းထားပါသည်။ သူငယ်ငယ်ထဲက လက်ဝှေ့လေ့ကျင့်လာတာ အင်္ဂလိပ်တွေကို အလဲထိုးဖို့မှတ်လား။ နဝမအချီတွင်တော့ ဒေါက်ကလပ်၏ လက်သီးနှစ်ချက်ကို အနာခံတိုးဝင်ပြီး လွတ်သွားသော ဒေါက်ကလပ်၏ နံဘေးနှစ်ဖက်ကို အားကုန်သုံး ဘယ်ညာဆင့်ထိုးလိုက်ရာ ဒေါက်ကလပ် ပြန်မထလာတော့ပါဘူး။ ပရိတ်သတ် အင်္ဂလိပ်တွေအကုန် ဟာခနဲဖြစ်သွားပါသည်။ အမှတ်စဉ် ၁၀ အထိ ဖြည်းဖြည်းချင်းရေလည်း ထမလာတော့ပါဘူး။ အဲဒီမှာ ပရိတ်သတ်တွေက မောင်သောင်းကို သတ်မယ်ဆိုပြီး လက်ဝှေ့စင်ပေါ်တက်ဖို့ ကြိုးစားကြလို့ ရဲတွေက လက်ချင်းချိတ်တားထားရပါတယ်။ မောင်သောင်းကတော့ အောင်နိုင်သူအပြုံးနဲ့ အင်္ဂလိပ်တွေကို ကြည့်နေလိုက်ပါတယ်။ အင်္ဂလိပ် သူရဲကောင်းကြီး မြန်မာမောင်သောင်းရှေ့ဒူးထောက်ခဲ့ရပြီ မဟုတ်ပါလား။


နောက်တစ်နေ့ လန်ဒန်မြို့ The Evening News နဲ့ Sports News သတင်းစာတွေမှာ မြန်မာလက်ဝှေ့သမား မောင်သောင်းသတ်လို့ ချန်ပီယံ ဒေါက်ဂလပ်စမင် သေတဲ့သတင်းပါလာပါသည်။ ဒေါက်ဂလပ်စမင်ကို လန်ဒန်ဆေးရုံက အရေးပေါ် ခွဲစိတ်ကုသခဲ့သော်လည်း နံရိုးနှစ်ချောင်း ကျွံဝင်သွားပြီး အဆုတ်ကွဲသွားသဖြင့် ည ၁၀နာရီ ၄၅ မိနစ်မှာ ဆုံးသွားကြောင်း ပါလာသဖြင့် အင်္ဂလန်တစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေးခဲ့ရလေသည်။ မြန်မာမောင်သောင်းကတော့ သတင်းထောက်တွေ၏ အင်တာဗျူးမှာ ဒီလိုဖြေခဲ့ပါသည်။ " နယ်ချဲ့အင်္ဂလိပ်ကို တို့မြန်မာတွေ လက်နက်ချင်းမတူမျှလို့ စစ်ရှုံးခဲ့ရပေမယ့် နယ်ချဲ့အင်္ဂလိပ်နှင့် ငါ တစ်ယောက်ချင်း တူညီတဲ့ လက်အိတ်ကို စွပ်ပြီး ပေ ၂၀ ကြိုးဝိုင်းစစ်တလင်းမှာ စစ်ခင်းရာမှာတော့ အင်္ဂလိပ်တွေ ငါ့ကိုဒူးထောက်စမြဲပါ။ ငါ့ လူမျိုးနဲ့ ငါ့တိုင်းပြည်ကို ကျွန်လုပ်ထားတဲ့ အင်္ဂလိပ်တွေနဲ့ ကြိုးဝိုင်းထဲမှာတွေ့ရလေတိုင်း ငါ့အရိုးတွေကွဲကွဲ၊ ငါ့အသားတွေကြွေလို့ ငါအသက်ပင်သေပါစေ တစ်လက်မမှ မဆုတ်တမ်း ငါတိုက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားတယ်။ အဲဒီဆုံးဖြတ်ချက်ကို သေသည်အထိငါမပြင်" (မောင်သောင်း)


မြန်မာလက်ဝှေ့သမား မောင်သောင်းဟာ အာရှနဲ့အနောက်တိုင်းတစ်ခွင် ပွဲပေါင်း ၂၀၀ကျော်ထိုးသတ်ခဲ့ရာဝယ် ၁၈၈ပွဲ အနိုင်ရခဲ့ပြီး အနားယူခဲ့လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. (တိမ်မြုပ်နေတဲ့ မြန်မာသူရဲကောင်းတွေကို ဖော်ထုတ်အတုယူပြီး နိုင်ငံ့ဂုဏ်ဆောင်ပါ)