မောင်မောင်လတ် (တေးရေး)

ဝီကီပီးဒီးယား မှ

မောင်မောင်လတ်[ပြင်ဆင်ရန်]

အမည်ရင်း မောင်မောင်လတ်၊ အဘဦးထွန်းစိန်၊ အမိဒေါ်မမလေးတို့မှ ၁၉၃၃ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ဖွားမြင်သည်။ မကွေးတိုင်း၊ စလင်းမြို့ ဇာတိဖြစ်သည်။ ၁၉၅၁ ခုနှစ်မှစတင်၍ ဂီတနယ်ပယ်သို့ တေးရေးတေးဆိုအဖြစ် ဝင်ရောက်သည်။ ၁၉၅၁ ခုနှစ်တွင် တက္ကသိုလ်တေးယဉ်ယဉ် အပျော်တမ်းတူရိယာအဖွဲ့၊ ထိုနောက် ၁၉၅၂ ခုနှစ်တွင် ဂီတဉ္စလီတူရိယာအဖွဲ့ ကို ဦးဆောင်ပြီး မြန်မာ့အသံမှ တေးသီချင်းများ အသံလွှင့် ဖျော်ဖြေခဲ့သည်။


၁၉၅၂ ခုနှစ်မှစ၍ အေဝမ်း၊ လျှပ်စစ်၊ မောင်တင်ဦး၊ မြဇော် စသည့် ရုပ်ရှင်တို့တွင် ရုပ်ရှင်သီချင်း အများအပြား ရေးသားခဲ့သည်။ ကိုယ်တိုင်သီဆိုသော သီချင်းများအနက် ချိုပြုံး၊ ပန်းကောက်လှည့်ပါ၊ ကိုယ်သာ၊ ချစ်သူတို့နားနေရာ၊ အလွမ်းပြေအမေ့စာ၊ လှိုင်းပုတ်သံကြောင့် ဗျိုင်းလန့်ပျံသည် သီချင်းများ ထင်ရှားသည်။ အခြား အဆိုတော်များ သီဆိုသော သီချင်းများအနက် တင်တင်မြ၏ အချစ်ဆိုသောအရာ၊ မာမာအေး၏ သူနဲ့တွေ့ရင်၊ မဉ္ဇူမြင့်၏ ချစ်ဦးမောင်၊ လွမ်းအောင်သူချွဲ၊ လာမချော့နဲ့မောင်၊ အေဝမ်းတင်တင်လှပြုံးယောင်ပြုံးတုံ့၊ တင်တင်အောင်၏ မေတ္တာရွှေရည်၊ ကြည်ကြည်ဝင်း၏ ချစ်မြားရှင်၊ မြင့်မြင့်စိန်၏ ရွက်ကြမ်းရေချို၊ သောင်းသောင်းနု၏ အညာမိသူလေး၊ ကိုစိန်လင်း၏ လန်းလန်းလှလှ ကြူကြူလွင်လွင်၊ ကိုတင်ထွတ်၏ ပြစ်မျိုးမှဲ့မထင်၊ စန္ဒရားလှထွတ်၏ တိမ်တမန်သီချင်းများ ထင်ရှားသည်။

ထိုပြင် စာပေလောကတွင်လည်း ၁၉၅၀ ခုနှစ်မှစ၍ ယနေ့အထိ ကလောင်အမည် နောင် ဖြင့် ကဗျာများ ရေးသားလျက်ရှိသည်။ ၁၉၉၃ ခုနှစ်တွင် မနက်ဖန်အတွက် လှသက်လက်ဆောင် ကဗျာစာအုပ်ဖြင့် အမျိုးသားစာပေဆုရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် လူမှုထူးချွန် (ပထမဆင့်) ချီးမြှင့်ခြင်း ခံရသည်။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရပြီး မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့ လုပ်ငန်းတွင် တာဝန်ထမ်းဆောင်ခဲ့၍ ၁၉၉၃ ခုနှစ်တွင် ဒုအထွေထွေမန်နေဂျာ (စီမံခန့်ခွဲရေး)/ညွှန်ကြားရေးမှူး (ပြန်ကြားရေး) ရာထူးများမှ အငြိမ်းစားယူခဲ့သည်။


ဇနီးဖြစ်သူ ဒေါ်သိင်္ဂီအေးသည်လည်း ရေဒီယိုအဆိုတော်တစ်ဦးဖြစ်သည်။ သားသမီး ၄ ယောက် ရှိသည်။ လက်ရှိ မြန်မာ့အသံ ခေတ်ပေါ်တေးဂီတ စိစစ်ရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ စာပေဗိမာန် စာပေဆုရွေးချယ်ရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိသည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]