မောင်မောင်ညွန့် (မန်းတက္ကသိုလ်)
မောင်မောင်ညွန့် (မန်းတက္ကသိုလ်) | |
---|---|
မွေးဖွား | မောင်မောင်ညွန့် ဒီဇင်ဘာ ၂၄၊ ၁၉၂၉ ယခင်အခေါ် နွားတဲရွာ(ယခုနန်းတည်းရွာ)၊တောင်သာမြို့နယ် |
ကွယ်လွန် | ဇူလိုင် ၂၈၊ ၂၀၂၁ ဗဟိုလမ်း၊၃၅ရပ်ကွက်၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ရန်ကုန်မြို့ ။ | (အသက် ၉၁)
အလုပ်အကိုင် | အဘိဓာန်စာပြု နှင့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ပေ၊ပုရပိုက်ဌာနစိတ် စာကြည့်တိုက်မှူး(၂) |
နိုင်ငံလူမျိုး | မြန်မာ |
လူမျိုး | ဗမာ |
ပညာရေး | ဝိဇ္ဇာဘွဲ့ (မြန်မာစာ)မန္တလေးတက္ကသိုလ်(၁၉၇၀) |
စာပေအမျိုးအစား | ကျမ်းပြုစာဆို |
ရရှိသည့်ဆုများ | (၁)ပခုက္ကူဦးအုံးဖေစာပေဆု၊ သုတေသနစာပေ ပထမဆု(၁၉၉၉) (၂)ပခုက္ကူဦးအုံးဖေ စာပေဆု၊ ကျမ်းစာပေပထမဆု(၂၀၀၁) (၃)ပခုက္ကူ ဦးအုံးဖေစာပေဆု၊ကျမ်းစာပေပထမဆု(၂၀၀၇) (၄)ထွန်းဖောင်ဒေးရှင်း စာမူဆုများ(၂၀၀၈) (၅)အမျိုးသားစာပေ တစ်သက်တာဆု(၂၀၁၉) |
အိမ်ထောင်ဖက် | ဒေါ်ခင်ဝင်း |
သားသမီး | သားသမီး ၂ဦး |
မိဘ | ဦးဖိုး၊ဒေါ်ဂေါက် |
မောင်မောင်ညွန့် (မန်းတက္ကသိုလ်) (၂၄ ဒီဇင်ဘာ ၂၉၂၉-၂၈ ဇူလိုင် ၂၀၂၁) သည် တိမ်မြုပ်နေသည့် မြန်မာ့ရှေးဟောင်းစာပေများကို သုတေသနပြု ဖော်ထုတ်ရေးသားခဲ့သည့် စာရေးဆရာဖြစ်သည်။တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ပေ၊ပုရပိုက်ဌာနစိတ် တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပေ၊ ပုရပိုက်လက်ရေးစာ အများဆုံး ကိုင်တွယ်ဖတ်ရှုစာရင်းပြုစုသူ အဖြစ် ထင်ရှားသည်။
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]အဖဦးဖိုး၊အမိဒေါ်ဂေါက် တို့က တောင်သာမြို့နယ်၊နန်းတည်းရွာ (ယခင် နွားတဲရွာ) ၌ ၁၉၂၉ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် မွေးဖွားသည်။အသက် ၆နှစ် အရွယ် ၁၉၃၅ ခုနှစ် က စပြီး နွားတဲရွာ ဘုန်းကြီးကျောင်း တွင် လည်းကောင်း၊ ဇဂျမ်းရွာအလယ်တန်းကျောင်း နှင့် တောင်သာမြို့ အထက်တန်းကျောင်းများတွင် ပညာသင်ကြားခဲ့သည်။ပညာသင်ကြားစဥ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်၊ကဗျာစာဆို တင်မိုး တို့နှင့်ကျောင်းနေဖက်သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။သူ သတ္တမတန်း အောင်မြင်ပြီးချိန် ၁၉၄၂ခုနှစ် အရောက်တွင် ဒုတိယကမ္ဘာစစ် ကြောင့် ကျောင်းများပိတ်သွားရာ မွေးရပ်ရွာ ရှိ မင်္ဂလာမှန်ကျောင်းဆရာတော် ဦးနန္ဒဝံသ ထံတွင် ရှင်သာမဏေဝတ်ခဲ့သည်။နောက် ရဟန်းဘဝခံယူရင်း ၁၉၆၆ ခုနှစ် တွင် လူဝတ်လဲသည်။ ရှင်သာမဏေဘဝ နှင့် ရဟန်းဘဝ တို့တွင် အစိုးရပထမပြန် အငယ်တန်းနှင့် အလယ်တန်း၊ပထမကြီးတန်း(၁၉၅၀)၊အစိုးရဓမ္မာစရိယဘွဲ့(၁၉၅၄)၊သကျသီဟ ဓမ္မာစရိယဘွဲ့(၁၉၅၉) များ ရရှိခဲ့သည်။သူသည် ရဟန်းဝတ်ဖြင့် မန္တလေးမိုးကောင်းတိုက်၊ ဘုရားကြီးတိုက်၊ တောင်သမန်တိုက်နှင့် မြ၀တီတိုက်များတွင် ပိဋကတ်စာပေများ ကို ဆည်းပူးခဲ့သည်။ရဟန်းဘဝဖြင့်လည်း မန္တလေးမြို့ လှသိပ္ပံ အထက်တန်းကျောင်းမှ ဆယ်တန်း အောင်မြင်ခဲ့သည်။ဆယ်တန်းအောင်ပြီးနောက် လူဝတ်လဲပြီး မန္တလေးတက္ကသိုလ် တွင် ပညာသင်ကာ ၁၉၇၀ ပြည့်နှစ်တွင် မြန်မာစာအထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ ရခဲ့သည်။ယင်းနောက် ရန်ကုန်မြို့ ကမ္ဘာအေး၊ဗုဒ္ဓသာသနအဖွဲ့၊ ( တိပိဋက မြန်မာအဘိဓာန်ဌာနတို့တွင် အဘိဓာန်စာပြုအဖြစ် ၁၉၆၉ခုနှစ် မှ ၁၉၇၀ ပြည့်နှစ်အထိ အမှုထမ်းသည်။၁၉၇၀ ပြည့်နှစ်မှ ၁၉၇၅ ခုနှစ်အထိ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် တွင် အချိန်ပိုင်း ဘွဲ့ လွန်စာကြည့်တိုက် ဒီပလိုမာသင်တန်းတက်ခဲ့ပြီး တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ၌ အလုပ်ဝင်သည်။တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ပေ၊ပုရပိုက်ဌာနစိတ် တွင် နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး စာကြည့်တိုက်မှူး (၂)ရာထူးဖြင့် ၁၉၉၂ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။အငြိမ်းစားယူပြီးနောက်လည်း သမိုင်းသုတေသန ဦးစီးဌာန ကျွမ်းကျင်ပညာရှင်၊ ရွှေတိဂုံပိဋကတ်တိုက်အကြံပေး၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် သုတပညာဌာန အချိန်ပိုင်းကထိက၊ ပြင်ပစာစစ်တာဝန်များ ထမ်းဆောင်ခဲ့သည်။
ထင်ရှားဖြစ်ရပ်
[ပြင်ဆင်ရန်]တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ပေ၊ပုရပိုက်ဌာနစိတ် စတင်ဖွင့်လှစ်သည့် ၁၉၆၄ ခုနှစ်မှ ၁၉၇၁ ခုနှစ် ကာလအတွင်း ပေစာ ၁၀၀၀ နီးပါးမျှသာ ရှိခဲ့ရာမှ သူ့လက်ထက်တွင် ၁၆၀၀၀ ခန့်အထိ သူ တစ်ဦးတည်း ကိုင်တွယ်ဖတ်ရှုပြီး တိုက်ပိုင်စာရင်းတင်ခဲ့၍ မြန်မာနိုင်ငံတွင် ပေ၊ ပုရပိုက်လက်ရေးစာ အများဆုံး ကိုင်တွယ်ဖတ်ရှုစာရင်းပြုစုသူ အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
စာပေဘဝဖြတ်သန်းမှု
[ပြင်ဆင်ရန်]၁၉၆၇ ခုနှစ် ဇူလိုင်လ ၂၆ ရက်ထုတ် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာ တွင် အမှန်ဖြစ်စေချင်သော ဖြင့် နှစ်မျိုး ဆောင်းပါးဖြင့် စာပေလောကထဲသို့ စတင်ဝင်ရောက်ခဲ့သည်။ရွှေတိဂုံသမိုင်းပျို့၊နန်းတွင်းရာမပြဇာတ်တော်ကြီး ၃တွဲ၊ ကျီးသဲလေးထပ်ဆရာတော်၏ ဓမ္မဒေသနာတရားစာ၊ဦးယံ၏ ပိဋကတ်သုံးပုံခေါ် ပိဋကတ်သမိုင်း စာတမ်း၊ ရှင်ဝိနန္ဒာသဘ၏ သီလဝိသောဓနီကျမ်း၊ မြင်းခြံမြို့ ကိုးဆောင်တိုက်ဆရာတော် ဦးဝေပုလ္လ ရေးသားတော်မူသော မေတ္တာစာအမျိုးမျိုးနှင့် အထွေထွေစာများ၊ မဟာသမ္ပုဏ္ဏ (သင်ပုန်းကြီး) အဋ္ဌကထာပါဋ္ဌိအနက်နှင့် ကျမ်း ၆ တွဲများကို တည်းဖြတ်ထုတ်ဝေခဲ့သည်။[၁]
ထုတ်ဝေခဲ့သောစာအုပ်များ
[ပြင်ဆင်ရန်]- သုတရိပ်မြုံ စာရဂုံ (ဆောင်းပါးပေါင်းချုပ်) (၂၀၀၉)[၂]
- မြန်မာစာသင်ပုန်းကြီး အခြေပြ
- စူဠဂန္ထဝံသမြန်မာပြန်
- သုတရိပ်မြိုင်စာဂနိုင်
ရရှိခဲ့သောဆု
[ပြင်ဆင်ရန်]- မြန်မာတို့၏ အမျိုးသား ယဉ်ကျေးမှုအမွေပေစာ၊ ပုရပိုက် ပခုက္ကူဦးအုံးဖေစာပေဆု(၁၉၉၈)
- မန်ကျည်းစေ့ ကမ္မဝါပန်းအက္ခရာ ပခုက္ကူဦးအုံးဖေစာပေဆု(၁၉၉၉)
- ပါဠိနှင့် ပိဋကတ် စာပေသမိုင်းသစ် ပခုက္ကူဦးအုံးဖေစာပေဆု(၂၀၀၀)၊
- ရှေးခေတ်မြန်မာစာပေ ဆိုင်ရာကျမ်းများ လေ့လာမှု ပခုက္ကူဦးအုံးဖေစာပေဆု(၂၀၀၇)
- မြင်းခြံမြို့ ဆရာကြီး ဦးဧနှင့် တိမ်မြုပ်နေသော သူ့စာပေများစာမူဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆု(၂၀၀၈)
- အမျိုးသားစာပေ တစ်သက်တာဆု (ပညာရှင်)(၂၀၁၉)[၃]
ဘဝနိဂုံး
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဇူလိုင် ၈ ရက် နေ့ မြန်မာနိုင်ငံတွင် ဖြစ်ပွားသော ကိုဗစ် တတိယလှိုင်းတွင် ကွယ်လွန်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အမျိုးသားစာပေတစ်သက်တာဆုရကျမ်းပြုစာဆို မောင်မောင်ညွန့်။ Myanmar Digital News။ ၂၈ သြဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မောင်မောင်ညွန့် (မန်းတက္ကသိုလ်)၏ စာအုပ်များ။ myanmarbookshop။ ၂၈ သြဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ အမျိုးသားစာပေတစ်သက်တာဆုကို စာရေးဆရာကြီး ဦးအံ့မောင်(အံ့မောင်)နှင့် စာပေပညာရှင် ဆရာကြီး ဦးညွန့်မောင်(မောင်မောင်ညွန့်-မန်းတက္ကသိုလ်)တို့ရရှိ။ MOI M (၅ ဒီဇင်ဘာ ၂၀၂၀)။ ၂၈ သြဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။