မောင်မောင်ညို (ဒေါက်တာ)

ဝီကီပီးဒီးယား မှ
ဒေါက်တာ မောင်မောင်ညို (၁၉၃၉) နှင့် မိသားစု။

ဒေါက်တာမောင်မောင်ညို (၁၉၃၉)[ပြင်ဆင်ရန်]

၁။ အမည်ရင်း - ဒေါက်တာ မောင်မောင်ညို
၂။ မိဘအမည် - ဦးလှမောင် + ဒေါ်အေးစိန်
၃။ မွေးသက္ကရာဇ် - ၂၁၊ ၇၊ ၁၉၃၉
၄။ မွေးဖွားရာဒေသ - မုံရွာမြို့
၅။ ကလောင် အမည်ခွဲများ - မောင်မောင်ညို (မုံရွာ)၊ မောင်ငညို (မုံရွာ)၊ ချစ်သိန်းသန်း၊ ဟန်မင်းကျော်၊ ညိုမြင့် (သလ္လာ)

ကိုယ်ရေးဖြစ်စဉ်[ပြင်ဆင်ရန်]

ဒေါက်တာ မောင်မောင်ညိုကို အဘ ဦးလှမောင်နှင့် အမိ ဒေါ်အေးစိန်တို့က ၁၉၃၉ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် မုံရွာမြို့၌ ဖွားမြင်သည်။ ၁၉၄၆ ခုနှစ်တွင် မုံရွာမြို့၊ ကူးတိုမြောက်ရပ်၊ ဦးသာကြင် မူလတန်းကျောင်း၌ စတင် ပညာ သင်ကြားခဲ့သည်။ ထို့နောက် မုံရွာမြို့ ဗုဒ္ဓဘာသာကျောင်း၊ ယခု အမှတ် (၁) အစိုးရ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ကြားသည်။ ထိုမှတဖန် မန္တလေး အထက (၁) တွင် တွဲဖက် ဖွင့်လှစ်သည့် ဆေးအကြို တက္ကသိုလ်ဝင် နှစ်နှစ်သင်တန်းသို့ လည်းကောင်း၊ ရန်ကုန် တက္ကသိုလ်ရှိ ဆေးအကြို ဥပစာ တနှစ် သင်တန်းသို့ လည်းကောင်း တက်ရောက် ပညာ သင်ကြားသည်။


၁၉၅၅-၅၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၊ မန္တလေးဆောင်၌ နေ၍ ပညာ သင်ကြားသည်။ တက္ကသိုလ်တွင် နေစဉ် အားကစား ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်ရာ ဆုများ ရရှိသည်။


၁၉၅၆ မှ ၁၉၅၉ ခုနှစ် အထိ မန္တလေးရှိ ဆေးပညာ မဟာဌာနခွဲတွင် နေ့စဉ် ကျောင်းသားရေးရာများ၌ တက့်ကစွာ ပါဝင်ခဲ့သည်။ သဟာယနှင့် စာဖတ် အသင်း အတွင်းရေးမှူး၊ နံရံကပ် စာစောင် တာဝန်ခံ၊ နှစ်ပတ်လည် မဂ္ဂဇင်းကော်မတီ ဥက္ကဋ္ဌနှင့် ဗုဒ္ဓဘာသာ အသင်း စတင် တည်ထောင်သူ အဖြစ် ဆောင်ရွက်ခဲ့သည်။


ကြေးမုံ သတင်းစာတွင် ဆေးလောကနှင့် ပတ်သက်၍ ခေတ်ပြင် ဆောင်းပါးများ ရေးသားခဲ့သည်။ ကလောင် အမည်မှာ 'မောင်မောင်ညို (မုံရွာ)' ဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ညီလာခံကို ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပခဲ့ရာ မန္တလေး ဆေးပညာ မဟာဌာနခွဲ၏ ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ရန်ကုန် ဆေးကောလိပ်သို့ ပြောင်းရွှေ့ ပညာ သင်ကြားခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ရန်ကုန် ဆေးကောလိပ်မှ M.B.B.S. ဆေးပညာ သိပ္ပံဘွဲ့ ရရှိခဲ့သည်။


၁၉၅၉ ခုနှစ်၊ နောက်ဆုံးနှစ် အပိုင်း (က) တွင် တပ်မတော် ဆေးတပ်ဖွဲ့တွင် ဗိုလ်လောင်း အဖြစ် ဝင်ရောက်ခဲ့သည်။ တပ်မတော် ဆေးတပ်ဖွဲ့တွင် ဗိုလ်မှူး အဆင့် အထိ ၁၂ နှစ် အမှုထမ်း ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဗိုလ်မှူး အဆင့်ဖြင့် အငြိမ်းစား ယူခဲ့သည်။


၁၉၆၆ ခုနှစ်မှ ၁၉၆၉ ခုနှစ် အထိ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ တော်ဝင် အခမဲ့ဆေးရုံ ဆေးကောလိပ်တွင် သုံးနှစ်ခွဲခန့် Ph.D. ပါရဂူဘွဲ့ အတွက် ပညာ သင်ကြားခဲ့သည်။ ဆေးပညာ၊ အာရုံကြောဗေဒ၊ ဆေးလက်တွေ့ လေ့လာမှု၊ ဓာတ်ခွဲ စမ်းသပ်မှုများကို လေ့လာပြီး ခန္ဓာဗေဒ၊ ဇီဝဗေဒ၊ ဆေးဝါးဗေဒ၊ ရောဂါဗေဒနှင့် လက်တွေ့ ဆေးပညာတို့ကို ပေါင်းစပ်ကာ ပါရဂူကျမ်း ရေးသား တင်သွားခဲ့သည်။ ထို့နောက် ဒေါက်တာ မောင်မောင်ညိုသည် ဗြိတိန်နိုင်ငံနှင့် အိုင်ယာလန်နိုင်ငံ ခန္ဓဗေဒ အသင်းကြီး၏ ဥက္ကဋ္ဌ ဖြစ်ဖူးသူ အောက်စဖို့ တက္ကသိုလ်တွင် အာရုံကြော ဆေးပညာ ပါရဂူ၊ လန်ဒန် တက္ကသိုလ်မှ ခန္ဓဗေဒ ပါမောက္ခဘွဲ့ရသူ၏ ကြီးကြပ်မှုဖြင့် ပါရဂူဘွဲ့ ရရှိခဲ့သည်။


၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန် ဆေးတက္ကသိုလ် (၂) ၌ ခန္ဓဗေဒ ဌာနမှူး အဖြစ် ဗိုလ်မှူး ဘဝနှင့်ပင် ထမ်းဆောင်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် အရပ်ဘက် ပြောင်းရွှေ့၍ ပါမောက္ခနှင့် ဌာနမှူး အဖြစ် တာဝန် ထမ်းဆောင်သည်။ ၁၉၈၁ ခုနှစ်တွင် ဆေးတက္ကသိုလ် (၂) ၏ ယာယီ ပါမောက္ခချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။


၁၉၇၅ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ ဖူးဘရိုက်ဟေစ်း စကောလားရှစ် ဆုဖြင့် ဆေးပညာ လေ့လာရေးနှင့် သုတေသန ပြုစုရေး အတွက် သွားရောက်ခဲ့ပြီး မီရှီကန်ပြည်နယ် တက္ကသိုလ်မှ မဟာဝိဇ္ဇာ (ဆေးပညာ)၊ ဆေးပညာ သင်ကြားရေး အဖွဲ့ဝင် လူကြီးနှင့် ဆေးပညာ ပါရဂူဘွဲ့များ အပ်နှင်းခြင်း ခံရသည်။


ဆရာသည် ၁၉၇၄ ခုနှစ် အတွက် အမျိုးသား စာပေ ဝတ္ထုတိုဆုကို လည်းကောင်း၊ ၁၉၇၅ ခုနှစ် အတွက် အမျိုးသားစာပေ သုတသိပ္ပံ (အသုံးချ ပညာ) ဆု (ဤဆုကို ဒေါက်တာ နန်းဥမ္မာနှင့် တွဲဖက်) ၍ လည်းကောင်း ချီးမြှင့်ခြင်း ခံရသည်။


ဆရာသည် စာပေဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်သည့် မင်္ဂလာဒုံမြို့နယ် မြန်မာစာ အဖွဲ့၊ ဆေးတက္ကသိုလ် (၂) နှစ်ပတ်လည် မဂ္ဂဇင်း ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်၊ ဆေးတက္ကသိုလ် (၂) စာပေ လှုပ်ရှားမှု ကော်မတီ၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဗဟို အမှုဆောင် ကော်မတီဝင်၊ အမျိုးသား စာပေဆု ရွေးချယ်ရေး အဖွဲ့ဝင်၊ မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် တည်းဖြတ်ရေး အဖွဲ့ဝင် စသည်တို့တွင် ပါဝင် ဆောင်ရွက်ခဲ့သည်။


ဆရာသည် ဦးစိုးညွန့် (ဆရာ ထီလာစစ်သူ) ခေါင်းဆောင်သော မြန်မာ စာရေးဆရာ ကိုယ်စားလှယ် အဖွဲ့ အတွင်းရေးမှူး အဖြစ် ပါဝင်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်သို့ သွားရောက်ခဲ့သည်။ ထို့ပြင် ဆရာသည် အိန္ဒိယ၊ ပါကစ္စတန်နိုင်ငံ၊ တရုတ်၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာမနီ၊ အင်္ဂလန်၊ စကော့တလန်၊ အမေရိကန် စသည့် နိုင်ငံပေါင်း ၁၆ နိုင်ငံသို့ သွားရောက် လေ့လာ ခဲ့ဖူးသည်။


ယခုအခါ ဒေါက်တာ မောင်မောင်ညိုသည် မလေးရှားနိုင်ငံ ဆရာဝပ်ပြည်နယ် တက္ကသိုလ် (UN/MAS) တွင် ခန္ဓဗေဒ ပါမောက္ခနှင့် ဆေးပညာ သင်ကြားရေး အပိုင်း (၁) ညှိနှိုင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ရင်း စာပေများကို ရေးသားလျက် ရှိသည်။


ထို့အပြင် Saya Nyo's Poems [mmnyo.blogspot.com] အမည်ဖြင့် ဘလော့ တခုကိုလည်း ကိုယ်ပိုင် ဖန်တီး ရေးသား ထုတ်လွှင့်လျက် ရှိသည်။


ရေးသား ထုတ်ဝေခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

၁။ ပျိုပျိုအိုအို ၁၉၈၀

၂။ မောင်မောင့် ပြဿနာနှင့် အခြားဝတ္ထုတိုများ ၁၉၈၄

၃။ သမားတို့ အာဘော် ၁၉၈၄

၄။ အသက်ရှည်ဆေး ကျန်းမာရေး ၁၉၈၇

၅။ သီရိဂေဟာနှင့် အိမ်ထောင် ပြိုကွဲခြင်း အကြောင်းအရင်း ၁၉၈၇

၆။ ရောဂါထိုထို ၁၉၈၇

၇။ ယောက်ျား မိန်းမ သဘာဝ ၁၉၈၈

၈။ မိသားစု ကျန်းမာရေး အမေး အဖြေ ၁၉၈၈

၉။ အတိုင်ပင်ခံ ဆရာဝန် ၁၉၈၈

၁၀။ မိမိဘာသာ ရောဂါ ကာကွယ် ကုသနည်းများ ၁၉၈၉

၁၁။ စိတ်လက်ကျမ်းမာ (စိတ်လက်ကျန်းမာ) ကိုယ်ချမ်းသာ ၁၉၈၉

၁၂။ သိပ္ပံနည်းကျ ခေတ်သစ် အိပ်မက်ဋီကာ ၁၉၉၀

၁၃။ စာပေနှင့် ဆေး ၁၉၉၀

၁၄။ ဆေးဝါးနှင့် အန္တရာယ် အသွယ်သွယ် ၁၉၉၁

၁၅။ ကမ္ဘာ့ အနောက်ခြမ်းက လူ့စရိုက် ၁၉၉၁

၁၆။ သိပ္ပံနည်းကျ မိနှင့် ဖ ၁၉၉၁

၁၇။ အချစ်နတ်ရောဂါများ ၁၉၉၁

၁၈။ ဆေးဝါးမပါ ကုသနည်းများ ၁၉၉၁

၁၉။ လူနာများနှင့် တိုင်ပင် ဆွေးနွေးခြင်း ၁၉၉၂

၂၀။ ယောက်ျား ၁၉၉၂

၂၁။ ကလေး ၁၉၉၂

၂၂။ ရောဂါမျိုးစုံ အပ်စိုက်ကုပုံ ၁၉၉၂

၂၃။ ဆယ်နှစ်မြောက် မင်္ဂလာနှင့် ဝတ္ထုတိုများ ၁၉၉၂

၂၄။ တရုတ်ပြည်သွား မှတ်တမ်း ၁၉၉၂

၂၅။ ဆရာဝန်နှင့် ဆေးပညာပေး ၁၉၉၂

၂၆။ ဆယ်ကျော်သက်တို့ ကျန်းမာရေး ၁၉၉၂

၂၇။ ထူးဆန်းထွေလာ စားစရာနှင့် အာဟာရဗေဒ ၁၉၉၂

၂၈။ ဆေးပညာ ဝေါဟာရ အဘိဓာန် ၁၉၉၂

၂၉။ သိပ္ပံနည်းကျ အိမ်ထောင်သည်ဘဝ ၁၉၉၃

၃၀။ ဖိုမ သဘာဝနှင့် ဆေးပညာ ၁၉၉၃

၃၁။ ကျွန်တော့ လူနာနှင့် ကျွန်တော့ လူနာကုထုံးများ ၁၉၉၃

၃၂။ ပခုံးလက်နှစ်သစ် လူဖြစ်ရလေအောင် ၁၉၉၃

၃၃။ လူတိုင်းအတွက် ခေတ်သစ် ဆေးလမ်းညွှန် ၁၉၉၃

၃၄။ ရောဂါဇစ်မြစ် စိစစ်ရှာဖွေ ၁၉၉၃

၃၅။ ယောက်ျားရောဂါနှင့် ကျန်းမာရေး ပြဿနာ ၁၉၉၃

၃၆။ ယဉ်ကျေးပျူငှာ ကိုယ်နှုတ်မှုရာ ၁၉၉၃

၃၇။ နိုင်ငံတကာ သားသတ်လွတ် စားဖွယ်စုံ ၁၉၉၃

၃၈။ အပျိုပေါက် လူပျိုပေါက် ၁၉၉၃

၃၉။ အဆင့်မြင့် ရသစာပေ ဝတ္ထုရှည် ၁၉၉၃

၄၀။ တရုတ်ပြည် အကြောင်း တစေ့တစောင်း ၁၉၉၃

၄၁။ ကမ္ဘာ့ ဆေးပညာ နောက်ဆုံး တိုးတက်မှုများ ၁၉၉၃

၄၂။ လူအမျိုးမျိုး ရောဂါအထွေထွေ ၁၉၉၄

၄၃။ မိန်းမ ၁၉၉၄

၄၄။ လူ့နှလုံး ၁၉၉၄

၄၅။ စိတ်ရောကိုယ်ပါ ဝေဒနာစုံ ၁၉၉၄

၄၆။ အင်္ဂလန်၊ အမေရိကန်နှင့် မြန်မာပြည်သား ၁၉၉၄

၄၇။ ဂျူး ဝတ္ထုတိုများ ၁၉၉၄

၄၈။ ဝတ္ထုတိုရေးနည်း အတတ်ပညာ ၁၉၉၄

၄၉။ ယောက်ျားများ သားခြားနည်း ၁၉၉၅

၅၀။ မိန်းမရောဂါများနှင့် နောက်ဆုံးပေါ် ဆေးများ ၁၉၉၅

၅၁။ သက်ရှည်ကျန်းမာ ယနေ့ သိပ္ပံနှင့် ဆေးပညာ ၁၉၉၅

၅၂။ လင်နှင့်မယား ၁၉၉၅

၅၃။ အမေရိကန်ရောက် မြန်မာ စာအုပ်များနှင့် ရသစာပေ ခံစားမှု ၁၉၉၅

၅၄။ ဆရာဝန် ဖြစ်လိုသော် ၁၉၉၆

၅၅။ ပြည်သူ့ ကျန်းမာရေးနှင့် ဆေးပညာ ၁၉၉၇

၅၆။ ဆရာဝန် သုံးယောက်နှင့် ဆေးလောက အတွေ့အကြုံများ ၁၉၉၈

၅၇။ လူတို့၏ အတွင်းရေး ၁၉၉၈

၅၈။ အသက်နှင့်နီးသော ရောဂါများ ၁၉၉၈

၅၉။ လူတိုင်းအတွက် အားကစား ဆေးပညာ ၂၀၀၀

၆၀။ ဖိုမသဘာဝနှင့် လောကလူ့ဘုံ ၂၀၀၀

၆၁။ အိမ်ထောင်ရှင်တိုင်း အတွင်းရေး (၁) (၂) ၂၀၀၁ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၆ နိုဝင်ဘာမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (ဒုတိယတွဲ)'