မာတိကာသို့ ခုန်သွားရန်

မောင်ခင် (ဆာ)

ဝီကီပီးဒီးယား မှ
ဆာမောင်ခင်
မွေးဖွားမောင်ခင်
၁၈၇၂
ပုဇွန်တောင်ရပ်၊ ရန်ကုန်မြို့
ကွယ်လွန်အောက်တိုဘာ ၂၂၊ ၁၉၂၄(1924-10-22) (အသက် ၅၁–၅၂)
ရန်ကုန်မြို့
အလုပ်အကိုင်
  • ဟိုက်ကုတ်တရားဝန်ကြီး
  • ပြည်ထဲရေးဝန်ကြီး
ကျော်ကြားမှုအရင်းခံ
  • ဟိုက်ကုတ်တရားဝန်ကြီး
  • အဂတိလိုက်စားခြင်းမှ ကင်းရှင်းသော တရားသူကြီးကောင်း
အိမ်ထောင်ဖက်(များ)ခင်သန်းမေ
သားသမီးသား ဝတ်လုံတော်ရ မျိုးခင်၊ သမီး ခင်ခင်အေး
မိဘ(များ)ဘိုးကျော်၊ကြာနှင်း
ရရှိသည့်ဆုများကေ၊ စီ၊ အိုင်၊ အီး၊ ခေါ် ဆာဘွဲ့ (၁၉၂၄)

ဆာမောင်ခင် (၁၈၇၂- ၂၂ အောက်တိုဘာ ၁၉၂၄) သည် ကိုလိုနီခေတ်ဦးတွင် မြန်မာနိုင်ငံ၏ ဥပဒေရေးရာ၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးကဏ္ဍတို့တွင် အမြင့်ဆုံးရာထူးများ ထမ်းဆောင်ခဲ့သည့် မြန်မာလူမျိုး အစိုးရအရာရှိကြီး တစ်ဦး ဖြစ်သည်။ ဗြိတိသျှအစိုးရလက်ထက်တွင် မြန်မာလူမျိုးများထဲမှ ပထမဆုံးအကြိမ်အဖြစ် ချိကုတ်တရားလွှတ်တော် တရားဝန်ကြီးချုပ်၊ ဟိုက်ကုတ်တရားဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး စသည့် ရာထူးများကို တာဝန်ယူခဲ့ရုံသာမက မြန်မာနိုင်ငံလူမျိုးအစိုးရအရာရှိများအနက် ပထမဆုံးအကြိမ်အဖြစ် ၁၉၂၄ ခုနှစ် တွင် "ဆာ(Sir)'' ဘွဲ့ ခေါ် သူကောင်းပြုဘွဲ့ရသူလည်း ဖြစ်ခဲ့သည်။

ငယ်ဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

ဆာမောင်ခင်ကို ရန်ကုန်မြို့၊ ပုဇွန်တောင်ရပ် မြေပိုင်ရှင် အမှုထမ်းကောင်းတံဆိပ်တော်ရမင်း ဦးဘိုးကျော်နှင့် ဒေါ်ကြာနှင်းတို့မှ ခရစ် ၁၈၇၂ ခုနှစ်တွင် ဖွားမြင်သည်။ ငယ်စဉ်က ရန်ကုန်မြို့ စိန်ပေါကျောင်းတွင် ပညာသင်ပြီးနောက် ရန်ကုန်ကောလိပ်၌ ဆက်လက် ပညာသင်ယူခဲ့ရာ အက်(ဖ) အေ စာမေးပွဲကို အောင်မြင်ခဲ့လေသည်။ ထို့နောက် အင်္ဂလန်ပြည်သို့ သွားရောက်၍ ဝတ်လုံ အတတ်ကို ဆည်းပူးလေ့လာသည်။ ၁၈၉၈ ခုနှစ်တွင် မစ်ဒဲတင်ပယ်မှ ဝတ်လုံစာမေးပွဲကို အောင်မြင်ခဲ့သည်။

ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် နှစ်ပေါင်း အတော်ကြာအောင် ဝတ်လုံဘဝနှင့် အသက် မွေးခဲ့သည်။ ထို အတောအတွင်း၌ ရန်ကုန်ကောလိပ်တွင် ဥပဒေကထိက ဆရာ အဖြစ်ဖြင့် ဆောင်ရွက်ခဲ့ဘူးသည်။ ထို့နောက် အစိုးရ ရှေ့နေချုပ်၏ လက်ထောက်အဖြစ်ဖြင့် ခန့်ထားခြင်းခံရသည်။ ထိုမှတစ်ဆင့် ရန်ကုန်မြို့ စမော်ကော်ရုံးကြီးတွင် တရားသူကြီး အဖြစ်မှ ခန့်အပ်ခြင်းခံရသူ ဖြစ်လေသည်။ ဆာမောင်ခင်မှာ မြန်မာထဲမှ ထိုရာထူးကို ပထမဆုံး ခန့်အပ်ခြင်းခံရသူ ဖြစ်ခဲ့သည်။

တရားသူကြီးနှင့် ရှေ့နေဘဝ

[ပြင်ဆင်ရန်]

ထို့နောက် များမကြာမီ တရားသူကြီးအဖြစ်မှ နုတ်ထွက်၍ ဒုတိယအစိုးရရှေ့နေချုပ်အဖြစ် ဆောင်ရွက်နေစဉ် ချိကုတ်ခေါ် တရားလွှတ်တော်တွင် မြန်မာထဲမှ ပထမဆုံး တရားဝန်ကြီး အဖြစ် ခန့်အပ်ခြင်း ခံရလေသည်။ ခရစ် ၁၉၂၁ ခုနှစ်တွင် ချိကုတ်တရားလွှတ်တော်တွင် တရားဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၂၂ ခုနှစ်တွင် မြန်မာပြည်ချိကုတ်ကို ဟိုက်ကုတ်အဖြစ်သို့ တိုးမြှင့်လိုက်ရာ ဦးခင်မှာ ဟိုက်ကုတ်တရားဝန်ကြီးတစ်ဦး ဖြစ်လာခဲ့သည်။

၁၉၂၃ ခုနှစ်၌ မြန်မာနိုင်ငံကို ဒိုင်အာခီအုပ်ချုပ်ရေးစနစ် ပေးအပ်လိုက်သောအခါ ဦးခင်အား ပြည်ထဲရေး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့လေသည်။ ၁၉၂၄ ခုနှစ်တွင် ကေ၊ စီ၊ အိုင်၊ အီး၊ ခေါ် ဆာဘွဲ့ကို မြန်မာအစိုးရအရာရှိများ ထဲမှ ပထမဆုံး ချီးမြှင့်ခြင်းခံရသည်။မှတ်တမ်းများအရ ကိုလိုနီခေတ် မြန်မာပြည် တွင် ၁၉၀၈ ခုနှစ် ၌ ဆာဘွဲ့ (သို့) သူကောင်းပြုဘွဲ့ ပထမဆုံးရသူမှာ ညောင်ရွှေစော်ဘွား စောမောင် ဖြစ်သည်။[၁]ပြီးလျှင် ၁၉၂၀ ပြည့်နှစ် တွင် ဆီစက် ဝါစက်သူဌေး အေကေဂျမား သည် ဒုတိယမြောက် ဆာဘွဲ့ ရရှိခဲ့သည်။ထို့နောက် ဆာမောင်ခင် သည် ၁၉၂၄ ခုနှစ်တွင် ဆာဘွဲ့ရကာ ထိုသို့ရရှိမှုမှာ "မြန်မာလူမျိုး အစိုးရအရာရှိများအနက် (သို့မဟုတ် တရားရေးဝန်ထမ်းများအနက်) ပထမဆုံး ဆာဘွဲ့ရရှိသူ" သို့မဟုတ် "ဗမာလူမျိုးများအနက် ပထမဆုံး ဆာဘွဲ့ရသူ" ဟူ၍ သမိုင်းမှတ်တမ်းဝင်ခဲ့သည်။[၂]

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

ဆာမောင်ခင်သည် ၁၉ဝ၁ ခုနှစ်၌ အိမ်ထောင်ပြုခဲ့သည်။ ဇနီးမှာ ရန်ကုန်မြို့ သမာဓိမြို့ဝန် ဦးဖိုး၊ ဒေါ်ဒေါ်ရွက်တို့၏ သမီးကြီး ဒေါ်ခင်သန်းမေ ဖြစ်သည်။ ဒေါ်ခင်သန်းမေမှာ ကုန်းဘောင်ခေတ် မြန်မာဘုရင်  ဗဒုံမင်း(ခေါ်) ဘိုးတော်ဘုရား ဒလမြို့စား  မွန်လူမျိုးစစ်ကဲကြီးမောင်ထော်လေး (နောင်အခါ မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး)၏ မြစ်ဖြစ်သည်။[၃] ဆာမောင်ခင်နှင့် လေဒီ ခင်တို့တွင် သားတစ်ဦး၊ သမီးတစ်ဦး ထွန်းကားခဲ့ရာ သားမှာ ဝတ်လုံတော်ရ ဦးမျိုးခင်ဖြစ်၍ သမီးမှာ ဒေါ်ခင်⁠ခင်အေး ဖြစ်သည်။

အခြားဆောင်ရွက်ချက်များ

[ပြင်ဆင်ရန်]

ဆာ မောင်ခင်သည် ရန်ကုန်မြို့ ကန်တော်ကြီးစောင့်ရှိ အိုးရီးယင့် ကလပ်ကို စတင်တည်ထောင်ခဲ့သူတစ်ဦး ဖြစ်သည့်အပြင် ထိုကလပ်၌ ပထမဆုံးဥက္ကဋ္ဌလည်း ဖြစ်လေသည်။ယင်းအပြင် ရန်ကုန်မြို့ မြင်းပွဲအသင်းကြီးတွင် စတူးဝပ် လူကြီးအဖြစ်ဖြင့် လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ်ဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ သည်။ မြန်မာနိုင်ငံ သုတေသနအသင်းကြီး၌လည်း ထိရောက်စွာ ပါဝင်ဆောင်ရွက် ကူညီခဲ့သည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ဆာမောင်ခင်သည် အသားညို၍ အရပ်အမောင်း ကောင်းပြီးလျှင် ခန့်ညားသော ဥပဓိရုပ်ရှိသည်။ အားလပ်ချိန်တွင် မြင်းစီးခြင်း၊ ပန်းပင်စိုက်ခြင်းများကို ပြုလုပ်လေ့ရှိသည်။ မြင်းပြပွဲ၊ ခွေးပြပွဲနှင့် ပန်းပင်ပြပွဲ ပြိုင်ပွဲများကို ဦးစီးကျင်းပလေ့ ရှိသည်။ ဆာခင်မောင်မှာ နိုင်ငံရေးသမားတစ်ဦး မဟုတ်ခဲ့သော်လည်း အုပ်ချုပ်ရေးဖက်တွင် တတ်သိကျွမ်းကျင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။ အဂတိလိုက်စားခြင်းမှ ကင်းရှင်းသဖြင့် တရားသူကြီးကောင်းတစ်ဦးအဖြစ် ကြည်ညိုလေးစားခြင်း ခံရလေသည်။ပြည်ထဲရေးဝန်ကြီးအဖြစ် ဆောင်ရွက်နေစဉ် ၁၉၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။[၄]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ ညောင်ရွှေ (သို့မဟုတ်) မိုင်းယောင်ဝေမြို့ဟောင်း (in my)။ 2026-07-24 တွင် ပြန်စစ်ပြီး။
  2. ↑ "ဆာစောမောင်ကနေ ဆာဘဦး၊ ဗြိတိသျှမြန်မာပြည်က ဆာဘွဲ့ရသူများ" (in my)၊ BBC News မြန်မာ။
  3. ↑ Oung, Kin Thida (2007). A Twentieth Century Burmese Matriarch. Lulu. p. 200. ISBN 9780557102297.
  4. ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)