မာတိကာသို့ ခုန်သွားရန်

မဟာမောဂ္ဂလာန်ထေရ်

ဝီကီပီးဒီးယား မှ
(မောဂ္ဂလာန်၊ အရှင် မှ ပြန်ညွှန်းထားသည်)
ရှင်မောဂ္ဂလာန်ထေရ်
အရှင်မဟာမောဂ္ဂလာန်ကို ခိုးသားများ ရိုက်နှက်နေပုံ သရုပ်ဖော်။

အရှင်မောဂ္ဂလာန် သည် ဗုဒ္ဓ မြတ်စွာဘုရားရှင်တော်မြတ် မှတပါး တန်ခိုးကြီးသည့်အဖြစ်၌ အရှင်မဟာမောဂ္ဂလာန်ထက် သာလွန်သောသာဝက ဟူ၍မရှိ ဟူသော ထူးကဲသည့်ဂုဏ်နှင့်ပြည့်စုံသည့်ရဟန္တာ၊ သူမတူအောင်တန်ခိုးကြီးထူးချွန်သဖြင့် တန်ခိုးအရာ၌ အဂ္ဂဣဒ္ဓိမန္တဘွဲ့ တံဆိပ်ရရဟန္တာဖြစ်သည်။ ရှင်မဟာမောဂ္ဂလာန်သည် ဂေါတမဗုဒ္ဓဘုရားရှင်၏ လက်ဝဲတော်ရံ အဂ္ဂမဟာသာဝက ကြီး ဖြစ်တော်မူသည်။ မဟာမောဂ္ဂလာန်မထေရ်သည် ဂေါတမမြတ်စွာဘုရား၏ လက်ဝဲရံ အဂ္ဂသာဝကအဖြစ် ချီးမြှောက်ခြင်းခံရသော ရဟန္တာတစ်ပါးဖြစ်သည်။ ရာဇဂြိုဟ်ပြည် ကောလိတရွာ ဗြဟ္မဏမဟာသာလ မျိုးဖြစ်သော ကောလိတရွာသူကြီးနှင့် မောဂ္ဂလိပုဏ္ဏေးမ၏သားဖြစ်၍ မျိုးရိုးမှာ ကောလိတဟု အမည်တွင်သည်။

ဘုရားရှင်၏ ဗျာဒိတ်

[ပြင်ဆင်ရန်]

လွန်ခဲ့သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်ကာလ အနောမဒဿီဘုရား ပွင့်တော်မူသည့် အချိန် တွင် ဖြစ်၏။ သရဒနှင့် သီရိဝဍ္ဎန နှစ်ယောက်တို့သည် သူငယ်ချင်းဖြစ်သည်။ သရဒသည် ရှင်သာရိပုတ္တရာ အလောင်းအလျာဖြစ်ပြီး၊ သီရိဝဍ္ဎနသည် ရှင်မောဂ္ဂလန် အလောင်းအလျာဖြစ်သည်။ သီရိဝဍ္ဎန ၏ မျိုးရိုးသည် ကုန်သည်မျိုး ဖြစ်၏။

ဂေါတမဘုရားရှင်၏ လက်ယာရံအဂ္ဂသာဝကအဖြစ် ဗျာဒိတ်ပေးခြင်းခံရသည် သရဒရသေ့သည် မိမိ၏ သူငယ်ချင်းဖြစ်သူ သီရိဝဍ္ဎနအား လက်ဝဲရံအဂ္ဂသာဝကဆုကိုတောင်းရန် အကြံပေး၏။ သီရိဝဍ္ဎန လည်း ဘုရားအမှူးရှိသည့် သံဃာတော်အရှင်မြတ်တို့ကို တိစီဝရိတ်သင်္ကန်းတို့ဖြင် ဆက်ကပ်လှူဒါန်းပူဇော်၏။ အနောမဒဿီဘုရားရှင်အား "အရှင်ဘုရား၊ တပည့်တော်၏သူငယ်ချင်း သရဒရသေ့သည် နောင်ပွင့်တော်မူမည့် ဂေါတမဘုရားရှင်လက်ထက်တွင် လက်ယာရံအဂ္ဂသာဝကဆုကို တောင်းပါ၏။ အကျွန်ုပ်လည်း ယခုပြုရသော ကောင်းမှုကုသိုလ်တို့ကြောင့် လက်ဝဲရံအဂ္ဂသာဝကဆုကို ရရပါလို၏။" ဟုဆုတောင်း၏။ ထိုအခါ ဘုရားရှင်က "သင်သည်လည်း မဟာမောဂ္ဂလန်အမည်ဖြင့် ဂေါတမဘုရားရှင်၏ လက်ဝဲရံအဂ္ဂသာဝကဖြစ်လတ္တံ့" ဟု ဗျာဒိတ် မြွက်ကြားတော်မူသည်။[]

ငယ်စဉ်ကသူငယ်ချင်းဖြစ်သော ဥပတိဿပုဏ္ဏားမျိုးနှင့်အတူ တောင်ထွတ်သဘင်ပွဲကို ကြည့်ကြရင်း သတိသံဝေဂရ၍ နှစ်ဦးသဘောတူ တရားအားထုတ်ရန် ရာဇဂြိုဟ်ပြည်ရှိ သိဉ္စည်းပရိဗိုဇ်ထံသို့သွားကြသည်။

ထိုပရိဗိုဇ်ထံ၌ ရဟန်းပြု၍ တရားရှာကြသော်လည်း တရားစစ် တရားမှန်ကို မရနိုင်မှန်း သိကြသောအခါ သူငယ်ချင်းနှစ်ဦးသည် တစ်ဦးတရားရလျှင် တစ်ဦးကို ပြန်ကြားပြောဆိုစတမ်းဟု ကတိကဝတ်ပြုလျက် တရားမှန်ရှာရန် တကွဲတပြားစီ ခွဲထွက်သွားကြသည်။

ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ရောက်၍ ဝေဠုဝန်ကျောင်းတော်တွင် စံပယ်သီတင်းသုံးနေတော်မူခိုက်ဖြစ်သည်။ သူငယ်ချင်းဖြစ်သော ဥပတိဿပရိဗိုဇ်သည် မြတ်စွာဘုရား၏ တပည့် ပဉ္စဝဂ္ဂီတို့တွင် အငယ်ဆုံးနှင့် နောက်ဆုံးမှ ရဟန္တာဖြစ်သော အဿဇိထေရ်နှင့်တွေ့၍ မြတ်စွာဘုရား၏တရားတော်ကို အဿဇိထေရ်မှ တစ်ဆင့် နာကြားရကာ သောတာပတ္တိဖိုလ်သို့ဦးစွာရောက်နှင့်သည်။

သောတာပတ္တိဖိုလ်တည်ခြင်း

[ပြင်ဆင်ရန်]

ဥပတိဿပသည် ကတိကဝတ်အတိုင်း ပြန်လာပြီးလျှင် ကောလိတပရိဗိုဇ်အား မိမိကြားနာခဲ့ရသော "ယေဓမ္မာ ဟေတုပ္ပဘဝါ" အစချီသောတရားကို ပြန်ကြားဟောပြောရာ ဂါထာအဆုံး၌ ကောလိတပရိဗိုဇ်သည်လည်း သောတာပတ္တိဖိုလ်သို့ရောက်လေသည်။

ရဟန္တာအဖြစ်သို့ ရောက်ရှိခြင်း

[ပြင်ဆင်ရန်]

ကောလိတသည် တရားရပြီးနောက် ဥပတိဿနှင့်အတူ မြတ်စွာဘုရားထံသို့လိုက်ပါသွားရောက်သည်။ မြတ်စွာဘုရားက တရားတော်ကို ဟောကြားသဖြင့် မဟာသက္ကရာဇ် ၁ဝ၃ ခု တပို့တွဲလဆန်း ၇ ရက်နေ့တွင် ရဟန္တာအဖြစ်သို့ ရောက်သည်။ ထိုနေ့၌ပင် မြတ်စွာဘုရားက မဟာမောဂ္ဂလာန် ဟူ၍ အမိ၏ အမည်ကိုစွဲ၍ သမုတ်လျက် လက်ဝဲရံအဂ္ဂသာဝက အရာ၌ ချီးမြှောက်တော်မူသည်။ ထို့နောက် တန်ခိုးတော်အရာ၌ ထူးချွန်သဖြင့် ဧတဒဂ်ဘွဲ့ဖြင့် ချီးမြှောက်တော်မူပြန်သည်။

ပရိနိဗ္ဗာန် စံတော်မူခြင်း

[ပြင်ဆင်ရန်]

မဟာမောဂ္ဂလာန်ထေရ်သည် မြတ်စွာဘုရားထံတွင် နှစ်ရှည်လများ အလုပ်အကျွေးပြုသည်။ ထို့နောက် သိဂိလိတောင် နံဘေး၌ ဝဋ်ကြမ္မာအလျောက် ခိုးသား ငါးရာတို့၏ ရိုက်နှက်ခြင်းကို ခံရသဖြင့် ပရိနိဗ္ဗာန် စံတော်မူသည်။ မဟာမောဂ္ဂလာန်ထေရ်၏ ဓာတ်တော်များကို မြတ်စွာဘုရားကိုယ်တော်တိုင် ကြပ်မတ်၍ ဝေဠုဝန်ကျောင်းတော် တံခါးမုခ်ဝ၌ စေတီတည်တော်မူသည်။

ရှင်ဘုရင်တို့၏ သာသနာထိန်းသိမ်းပုံ

[ပြင်ဆင်ရန်]

နောင်သောအခါ သီရိဓမ္မာသောကမင်း ကြီးသည် ဓာတ်တော်များကို မူလနေရာမှ တူးဖော်ဆောင်ယူ၍ အဝန္တိတိုင်း ဥဇ္ဇေနီပြည်အနီး ဝေဒိဿသတောင်ရံ၌ စေတီကြီး ၃ ဆူတည်၍ တစ်ဆူတွင် မဟာမောဂ္ဂလာန်ထေရ်၏ ဓာတ်တော်ကို ဌာပနာသည်။

ထိုဓာတ်တော်များကို ၁၉ ရာစုနှစ်အတွင်း၌ စေတီတော် ပြိုပျက်ရာတွင် တူးဖော်တွေ့ရှိရ၍ အင်္ဂလန်နိုင်ငံ ပြတိုက်သို့ပင့်ဆောင်ပူဇော်ထားရာမှ အိန္ဒိယနိုင်ငံ မဟာဗောဓိ အသင်းမှ ကြီးမှူး၍ ပြန်လည်ပင့်ဆောင်ကာ ထိုဝေဒိဿကတော် (ယခုအခါ ဆန်ချီ) အရပ်ရှိ စေတီတော်၌ပင် ဌာပနာခြင်းပြုသည်။ ဓာတ်တော်များကို ဌာပနာခြင်းမပြုမီ မြန်မာနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ပင့်ဆောင်ကာ မြို့ရွာများစွာတွင် လှည့်လည် အပူဇော်ခံ တော်မူသည်။ ဓာတ်တော်ဌာပနာပွဲကို ၁၉၅၂ ခုနှစ်တွင် အိန္ဒိယ၌ ကျင်းပရာလွန်စွာ စည်ကားလှသည်။ ထိုပွဲတော်သို့မြန်မာနိုင်ငံမှ ဝန်ကြီးချုပ်ဦးနုနှင့် ဗုဒ္ဓဝါဒီ အများလည်း တက်ရောက်ပူဇော်ကြပါတယ်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ဒဂုန်ဦးစန်းငွေ။ ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့ရသော မေးခွန်းနှင့် ပြဿနာများ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)